Home ဆောင်းပါး မျှော်လင့်ချက်မဲ့နေတဲ့ ဆီဆိုင်က စစ်ရှောင်တွေ

မျှော်လင့်ချက်မဲ့နေတဲ့ ဆီဆိုင်က စစ်ရှောင်တွေ

သျှန်ကီခမ်း။ ။

ဆီဆိုင်မြို့ကနေ ဆိုင်ကယ်နဲ့ နှစ်နာရီလောက်မောင်းရင် ရောက်နိုင်တဲ့ ကယန်းနဲ့ ပအိုဝ်းတွေ ရောနေတဲ့ ကျေးရွာတစ်ခုမှာ ခန္ဓာကိုယ် ခပ်ပြည့်ပြည့်နဲ့ အသက် ၅၆ နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ ကွမ်းကို တမြုံ့မြုံ့ဝါးနေရင်း ချောင်းနံဘေးမှာ အလေ့ကျပေါက်နေတဲ့ စွယ်တော်ရွက်၊ ဋကောက်ရွက်တို့ကို ဟင်းစားအတွက် ရှာဖွေခူးဆွတ်နေပါတယ်။

ဟင်းတစ်ခွက်ရဖို့ တောထဲဆင်းပြီး စားလို့ရတဲ့ အရွက်တွေကို အကုန်လိုက်ခူးစားနေရတာပါ။ အိမ်နားမှာရှိတဲ့ စွယ်တော် ပင်တွေဟာလည်း အရွက်နုထွက်တာနဲ့ တစ်ပြိုင်နက် ခူးဆွတ်ခံရတာကြောင့် အရွက်လေးတောင် ကောင်းကောင်း မထွက်နိုင်ဘူးလို့ သူကဆိုပါတယ်။

“အရွက်နုထွက်တာနဲ့ ခူးတာပဲ” လို့ ပြုံးပြုံးဆိုဆိုနဲ့ သူကဆိုတယ်။

သူကတော့ စစ်ဘေးဒုက္ခကနေ ရှောင်တိမ်းလာတဲ့ ဒေါ်အားယိန်ပဲ ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်နဲ့အတူ အသက် ၁၆ နှစ်အရွယ် မွေးရာပါ စကားမပြောတတ်၊ လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းသမီးလေးတစ်ဦး ရှိပါတယ်။ သူတို့နေထိုင်တဲ့ ကယားပြည်နယ်မှာ မြို့ပြတိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေါ်အားယိန်တို့က ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကို စစ်ရှောင် လာကြတာပါ။

ဇာတိမြေမှာ ဒေါ်အားယိန်တို့ သားအမိတွေဟာ စားသောက်ဆိုင်အသေးလေး ဖွင့်ပြီး အဆင်ပြေပြေနဲ့ အသက်မွေးဝမ်း ကျောင်း ပြုကြတာပါ။ မိသားစု လေးယောက်လုံး ဈေးရောင်းတဲ့အလုပ်ကို မှီခိုနေရတယ်လို့ ဆိုရမှာပါ။ ဈေးရောင်းလို့ တစ်လတစ်လရတဲ့ ငွေနဲ့ “အသားဟင်းစားချင်လား၊ အရွက်စားချင်လားဝယ်နိုင်တယ်” ဘယ်ချိန်ဖြစ်ဖြစ် စားသောက်နိုင် သလို စုဆောင်းမိလာတဲ့အထိ အဆင်ပြေခဲ့ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒေါ်အားယိန်တို့ဟာ မိမိနေရပ်ကို စွန့်ခွာထွက် ပြေးခဲ့ရပြီး စစ်ရှောင်ဘဝနဲ့ နေထိုင်နေရတာ တစ်နှစ်နီးပါးရှိလာပါပြီ။

စစ်ရှောင်တစ်ချို့ကတော့ မိမိနေအိမ်နဲ့ ပစ္စည်းတွေကို ပြန်လည်ကြည့်ရူဖို့ နေရပ်ပြန်သွားကြတာရှိသလို စစ်ရှောင်ရာ ဒေသမှာ လက်ခံပေးတဲ့ ဒေသခံတွေကို အားနာတာကြောင့် နေရပ်ကိုအရဲစွန့်ပြီး ပြန်သွားကြတာလည်း ရှိပါတယ်။ နေရပ်ပြန်သွားတဲ့သူတွေလည်း လက်နက်သံတွေ နေ့တိုင်းကြားနေရတာကြောင့် လုံခြုံမှုမရှိဘူးလို့ဆိုကာ ပြန်လာကြတဲ့ သူတွေလည်း ရှိပါတယ်။

ဒေါ်အားယိန်တို့လို နေရပ် မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေဟာလည်း ဒုက္ခအပြည့်နဲ့ပါ။ နွေရာသီရောက်လာတာနဲ့အမျှ၊ အလှူရှင်တွေကလည်း နည်းပါးလာတာကြောင့် ချက်စားစရာ ဟင်းသီး ဟင်းရွက်၊ ဆေးဝါး၊ သောက်သုံး ရေ၊ အစား သောက်များ ရှားပါးလာတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။

ကိုယ်တိုင် စိုက်စားဖို့ စိုက်စရာ မြေနေရာလည်း မရှိသလို ဝယ်ယူစားသောက်ဖို့ ငွေကြေးအလုံလောက် မရှိကြတာကြောင့် ချွေတာစားသောက်ရင်းနဲ့ ငတ်တော့မယ့်အထိ ဖြစ်လာခဲ့ကြပါတယ်။ အသေးသုံးစရိတ်လေးရဖို့ ကျေးရွာဒေသခံတွေဆီ နေ့စားလိုက်ဖို့လည်း နွေရာသီဖြစ်တာကြောင့် ဒေသခံတွေကိုယ်တိုင်မှာ အလုပ်ပါးတာကြောင့် နေ့စားခေါ်မယ့် သူမရှိပါ ဘူး။

“ တတ်နိုင်သလောက်တော့ ချွေတာနေတာပဲ ဘယ်ချိန်ငတ်မှာလဲတော့မသိဘူး” လို့ ဒေါ်အားယိန်က ဆိုပါတယ်။

ဒေါ်အားယိန်တို့နေထိုင်တဲ့ ကယားပြည်နယ် ဒီမော့ဆိုမြို့၊ ရှမ်းကယားနယ်စပ် မိုးဗြဲမြို့၊ ဖယ်ခုံမြို့တို့အပါဝင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်တွေအကြား အပြန်အလှန် ပစ်ခတ် လာကြတာကြောင့် စစ်ရှောင်တစ်သိန်းကျော် နီးပါးအထိ ရှိခဲ့ပါတယ်။

ကယားပြည်နယ်ရှိ ဒေသခံ ပြည်သူအများစုဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ အင်းလေး၊ အောင်ပန်း၊ ညောင်ရွှေမြို့နယ်စတဲ့ နီးစပ်ရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ ထိုစစ်ရှောင်တွေထဲမှာ ဒေါ်အားယိန်တို့ မိသားစုလည်း ပါပါတယ်။

ဒေါ်အားယိန်တို့ မိသားစုဟာ ၂၀၂၁ ခုနှစ်၊ မေလလောက်မှာ အသက်ရှင်ဖို့ မှီခိုအားထားရတဲ့ ဆိုင်ခန်းလေးကို စွန့်လွတ်ပြီး သားနှစ်‌ယောက်နဲ့အတူ မသန်စွမ်းသမီးလေးကို ကျောပိုးပြီး ဖိနပ်မပါဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဆီဆိုင်မြို့၊ နောင်ထောဝ် ကို ထွက်ပြေးလာခဲ့ပါတယ်။ “ဖိနပ်လည်း စီးဖို့ အချိန်မရှိဘူး သမီးလေးအသက်က အရေးကြီးတယ်” လို့ ဒေါ်အားယိန်က သမီးလေးလက်ကို ကိုင်ထားရင်း ဆိုပါတယ်။

နောင်ထောဝ်မှာ စစ်ဘေးရှောင် အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၃၀၀ကျော်နဲ့ အသစ် ထပ်ရောက်လာသူ ၁၄ ဦးလောက် ရှိတယ်လို့ စစ်ရှောင်စခန်းက ကောက်.ူထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ရှောင်တွေဟာ ဘုရားကျောင်းမှာလည်း နေထိုင်ကြသလို ကျေးရွာထဲ အမျိုးတွေနဲ့ တူတူနေထိုင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒေါ်အားယိန်ကတော့ လမ်းအရှေ့ဖက်ရှိ သစ်သားဖြင့် ပြုလုပ်ထားတဲ့ တစ်ထပ်အိမ်လေးထဲမှာ ဒေသခံတစ်ဦး ဆီ ခွင့်တောင်းပြီး နေထိုင်ပါတယ်။

အိမ်ရဲ့ထောင့်မှာ ထောင်ထားတဲ့ အိတ်တစ်ဝက်လောက် ကျန်သေးတဲ့ ဆန်အိတ်ကို ကြည့်မိတဲ့အချိန်တိုင်း “ စိတ်ညစ်ရ တယ်” လို့ ဒေါ်အားယိန်ဆိုပါတယ်။

ဟင်းအတွက် တောထဲမှာရှာစားလို့ ရပေမယ့် ဆန်၊ ဆီ၊ ဆားသာ ကုန်သွားရင် တောထဲလည်း သွားရှာလို့ မရတာကြောင့် ဒေါ်အားယိန်တစ်ယောက် သောကပွေနေရပါတယ်။ ညတိုင်း သမီးလေးမျက်နှာကိုကြည့်ပြီး ရှေ့ရေးကို မျှော်တွေးကာ အိပ်မပျော်နိုင်ဘူးလို့ သူကဆိုပါတယ်။

တစ်ဖက်မှာလည်း ဒေါ်အားယိန်ဟာ နှလုံးနဲ့ သွေးတိုးရောဂါရှိတာကြောင့် သူ့အတွက်ဆေးဖိုးနဲ့ သမီးလေး ဆေးဝါး ဖိုးအတွက် စိတ်သောကရောက်နေရပါတယ်။ ယခင်မှာ အလှူရှင်တွေက ဆေးဝါးတွေ လာရောက်လှူဒါန်းတာ‌တွေ ရှိတာ ကြောင့် စိတ်သောက မရောက်ရဘူးဆိုပေမယ့် အလှူရှင်တွေမလာတဲ့ နောက်ပိုင်းမှာ ဒေါ်အားယိန် ဆေးဖိုးအတွက် ရှာဖွေ နေရတာ သုံးလလောက်ထိ ရှိနေပါပြီ။

မနက်နိုးလာလျှင် မုန့်ဟင်းခါးချက်ကာ ကျေးရွာထဲမှာ ခြင်းလေးနဲ့ လှည့်ရောင်းရင်း ဆေးဖိုးဝါးဖိုး ကြိုးစားရုန်းကန် ရှာဖွေ နေပါတယ်။ တစ်နေ့ရောင်းလျှင် အမြတ်လေးထောင် လောက်ကျန်တာကြောင့် ဆေးဖိုးလေး ကာမိတယ်လို့ ဆိုပါတယ်။

ဆန်သာကုန်သွားခဲ့ပြီး အလှူရှင်တွေလည်း မရှိခဲ့ရင်တော့ “သေသေရှင်ရှင် ဆေးဝယ်မသောက်တော့ဘူး” ဆန်ပဲ ဝယ်စားတော့မယ်လို့ ဆိုပါတယ်။

ဒေါ်အားယိန်တို့လို နောင်ထောဝ်ဖက်ကို စစ်ရှောင်လာတဲ့ အသက် ၃၇ နှစ်အရွယ် ဒေါ်ယုကလည်း အစားအသောက် ဟင်းသီးဟင်းရွက် ရှားပါးလာတာကြောင့် ဆန်ပြုတ် ပြုတ်သောက်ရတော့မယ့် အခြေနေရောက်နေပြီလို့ဆိုပါတယ်။ ဆန် တစ်ပုံကို မိသားစု ခြောက်ယောက်လောက်က စားသောက်ရပါတယ်။

“ဆန်ကုန်သွားရင်တော့ မသိတော့ဘူး။ ဘယ်ချိန်ငတ်မှာလဲ မသိဘူး” လို့ ဒေါ်ယုက ဆိုပါတယ်။

ဒါ့အပြင် မွေးဖွားခါနီး ကိုယ်ဝန် ရှစ်လ လွယ်ထားတဲ့ တူမလေးလည်း ဘယ်နားမှာ ပိုက်ဆံယူပြီး မွေးရမလဲဆိုတာ တွေးရင် စိတ်သောက ‌ရောက်ရပါတယ်။ သူတို့အနာဂါတ် ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာလည်း တွေးမပေါက်တော့ဘူးလို့ ဒေါ်ယုက ညည်းတယ်။

စစ်‌ရှောင်တွေကို ဆန်၊ ဆီ၊ ဆား ထောက်ပံ့ကူညီပေးနေတဲ့ အလှူရှင်တစ်ဦးလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီး တာကြောင့် ကိုယ်တိုင်သွားရောက် လှူဒါန်းတာမျိုးတွေ မလုပ်ရဲဘဲ ပစ္စည်းတွေ အများကြီး ဝယ်ရင်လည်း ဘာလုပ်မှာလဲ ဘာလုပ်ဖို့လဲ စတဲ့ မေးခွန်းတွေကို ဆိုင်ရှင်တွေက လိုက်မေးတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ဆိုပါတယ်။

“ကျမတို့ ပေါ်ပေါ်တင်တင် အရင်လို့ လှုပ်ရှားလို့ မရတော့ဘူး”

ပြီးခဲ့တဲ့ မတ်လ ၂၄ ကလည်း ဒီမော့ဆိုး အနီးတစ်ဝိုက်ရှိ ကရင်နီစစ်ရှောင်တွေကို သွားရောက်လှူဒါန်းတဲ့ အာယုပါလ သွေးအလှူရှင် ပရဟိတလူငယ် ခြောက်ဦးကိုလည်း PDF ဆိုကာ စစ်ကောင်စီက ဖမ်းဆီးရိုက်နှက် နှိပ်စက်ခဲ့ပါတယ်။

စစ်‌ရှောင်စခန်းမှာ ဟင်းသီး၊ ဟင်းရွက်၊ ရေရှားပါးမှုကြောင့် အခက်တွေ့နေတဲ့အထဲမှာ ဆီဆိုင်မြို့နယ်၊ ဘုရားဖြူ စစ်‌ ရှောင်စခန်းရှိ စစ်ရှောင်တွေလည်း ပါပါတယ်။ စခန်းမှာ စစ်ရှောင်ဦးရေ လေးရာလောက်ရှိပါတယ်။ အဲဒီထဲမှာ အသက် ၂၅ နှစ် အရွယ် ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ မနော်ဖူးတို့ မိသားစုလည်း ပါပါတယ်။

မနော်ဖူးတို့ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ မိသားစု ရှစ်ယောက်နဲ့အတူ ကယားပြည်နယ်ကနေ ဆီဆိုင်မြို့ ဘုရားဖြူကို ထွက်ပြေးလာခဲ့တာပါ။ ထိုစစ်ရှောင်စခန်းမှာ နေထိုင်လာသည်မှာ ငါးလလောက်ရှိပြီလို့ ဆိုရမှာပါ။ စစ်ရှောင် စခန်းမှာ စစ်ရှောင်တွေ သုံးဖို့ သောက်ဖို့ ရေကို ဝယ်ယူရပါတယ်။

တစ်ရက်လျှင် ရေဖိုးသုံးသောင်း ၊ ငါးသောင်းထိကုန်ကျပြီး ကုန်ကျစရိတ်တွေ အရမ်းများတာကြောင့် ‌ရေကို ချွေတာ သုံးနေကြရပါတယ်။ ကုန်ကျစရိတ် သက်သာအောင် ဆိုပြီး စစ်ရှောင်စခန်းကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရတဲ့ ချောင်းတစ်ခုမှာ မိန်းကလေးတွေနဲ့ ယောင်္ကျာလေးတွေ အကုန်စုပေါင်းပြီး ရေချိုးကြရပါတယ်။

ယောင်္ကျားလေးနဲ့ တူတူချိုးရတာကြောင့် အမျိုးသမီးတွေ ရာသီပေထားတဲ့ ဘောင်းဘီလျှော်ရတဲ့အချိန်မှာ ရှက်တာ၊ အားနာတာကြောင့် ခိုးလျှော်နေကြရပါတယ်။

“ မမြင်အောင် ဖုံးလျှော်ရတော့ တစ်ခါတစ်လေ မပြောင်ဘူးပေါ့”လို့ မနော်ဖူးက စစ်ရှောင်စခန်းမှာရှိတဲ့ အခြေအနေကို ပြောပါတယ်။

“ရေရှားတာ အမျိုးသမီးတွေ ပိုအခက်တွေ့တယ်” လို့ သူက ဆိုပါတယ်။

သောက်ရေအတွက် အနီးနားရှိ ရေသန့်စက်ရုံတစ်ခုက လှူထားတာရှိပေမယ့် မီးပျက်ရင်တော့ သောက်ရေမရပါဘူး။ ထိုနေ့ကတော့ ဝယ်ရင် ဝယ်သောက် မဝယ်‌သောက်နိုင်ရင်တော့ သောက်ရေ ငတ်တဲ့နေ့ပါပဲ။

ဟင်းစားကလည်း ချက်စားစရာ ဟင်းမရှိတော့ လူစုပြီး တောထဲမှာရှိတဲ့ အရွက်တွေ လိုက်ခူးစားကြရတယ်။ တခါမှ မစား ဖူးတဲ့ အရွက်တွေလည်း စားနေကြတာပါပဲလို့ မနော်ဖူးကဆိုတယ်။

အသေးသုံး စရိတ်အတွက်လည်း ဒေသခံတွေဆီ မိုးရာသီကျရင် နေ့စားခေါ်ပေးဖို့ တောင်းဆိုထားရတယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းမှာ နေထိုင်တာဟာ အဆင်မပြေလို့ နေရပ်ကို ပြန်ရင်လည်း ပြန်စရာအိမ်မရှိတော့ပါဘူး။ အသစ် ဆောက်ပြီးခါစ လူတောင်မနေရသေးတဲ့ မနော်ဖူးတို့ အိမ်ဟာ မီးလောင်တဲ့အထဲ ပါသွားတာကြောင့်ပါ။

“အိမ်လည်း မီးလောင်ထဲပါသွားပြီ၊ ကျမတို့မှာ ဘာမှမရှိတော့ဘူး” လို့ မနော်ဖူးက ကျလာတဲ့ မျက်ရည်တွေကိုထိန်းရင်း ခေါင်းကိုမော့ကာ ဆိုပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာနေရတာဟာ “ လမ်းပျောက်တယ် အနာဂတ်မဲ့တယ်”လို့လည်း မနော်ဖူးက အသံခပ်မာမာနဲ့ ဆိုတယ်။

ဆီဆိုင်မြို့နယ်၊ ဘုရားဖြူစစ်ရှောင်စခန်းမှာ ယခင်က စစ်ရှောင်ဦးရေ နှစ်သောင်းကျော်ထိ ရှိခဲ့ပေမယ့် တချို့ဟာ နေရပ်ကို ပြန်သွားကြပြီး လက်ရှိမှာ နေရပ်ကမအေးချမ်းသေးတာ၊ ပြန်စရာနေအိမ်မရှိတော့တာကြောင့် စစ်ရှောင် ၁၆၀ နီးပါး ကျန်ရှိနေပါတယ်။ ကလေး ၄၉ ဦး၊ အမျိုးသမီး ၇၁ ဦး၊ အမျိုးသား ၃၇ ဦး ရှိပါတယ်။ စစ်ရှောင်စခန်းကို အသစ် ရောက်လာတဲ့ သူတွေလည်း ရှိနေပါတယ်။

စစ်ရှောင်စခန်းမှာ အနီးကပ်ကူညီပေးနေသူ တစ်ဦးကလည်း “ ရေ၊ ဆီ၊ ဆန်တွေလည်း အကုန်ဝယ်ရတယ်။ နေ့တိုင်းလိုလို သုံးရေတွေကိုဝယ်ရတော့ ကုန်ကျစရိတ်ပိုကုန်လာတယ်။ တစ်လကိုကိုးသိန်းလောက်ကုန်တော့ အကြာကြီး ရပ်တည်နိုင် မယ်လို့ မထင်ဘူး။ အလွန်ဆုံး နှစ်လလောက်ထိပဲ တောင့်ခံနိုင်မယ်လို့ ထင်တယ်” လို့ စစ်ရှောင်စခန်း အခြေအနေကို ရှင်းပြပါတယ်။

လက်ထဲမှာ ပိုက်ဆံလည်း အလုံလောက်မရှိတာကြောင့် တတ်နိုင်သမျှ အလှူရှင်တွေလည်း လိုက်ချိတ်ဆက်နေပြီး အလှူ ရှင်တွေလည်း မရှိ ငွေလည်းပြတ်ပြီဆို စစ်ရှောင်စခန်းကသူတွေဟာ နေရပ်ကိုပဲ ပြန်ဖို့ ရွေးချယ်စရာရှိတော့တယ်လို့ သူက ဆက်ပြောပါတယ်။

မနော်ဖူးကတော့ “ ငတ်လည်းငတ်ခါနီးနေပြီ၊ ကျွန်မတို့မှာ ဘာတွေထပ်ပေးဆပ်ဖို့လိုသေးလဲ အိမ်လည်းကုန်ပြီ ဘာများကျန်ဦးမှာလဲ”လို့ ဆိုရင်း စီးကျလာတဲ့ မျက်ရည်စတွေကို သုတ်နေပါတော့တယ်။

Author:

Related Articles