Home ဆောင်းပါး စစ်ကိုမုန်းလို့တိုက်နေတဲ့ စစ်ဆန့်ကျင်ရေးသမား အမျိုးသမီးသမဂ္ဂခေါင်းဆောင်

စစ်ကိုမုန်းလို့တိုက်နေတဲ့ စစ်ဆန့်ကျင်ရေးသမား အမျိုးသမီးသမဂ္ဂခေါင်းဆောင်

ခင်ဘုန်းမို့။ ။

လေ့ကျင့်ရေးကွင်းထဲမှာ တပ်သားရဲဘော်တွေရဲ့ လေ့ကျင့်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့ အမျိုးသမီးတစ်ဦး ကို တွေ့ရတယ်။

ဆံပင်ခပ်တိုတိုညှပ်ထားပြီး တိကျပြတ်သားဟန်ရှိတဲ့ အဲ့ဒီအမျိုးသမီးဟာ စစ်ဝတ်စုံယူနီဖောင်းနဲ့ လိုက်ဖက် နေသလို စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ အသားကျနေပုံပေါ်ပါတယ်။

သူကတော့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)မှာ ဒုစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မရိုး အံ့မင်းပါ။

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာ ပြောက်ကျားဆန္ဒပြပွဲတွေကိုဖော်ဆောင်တာ၊ လူထုသပိတ် တိုက် ပွဲတွေကို ဦးဆောင်တာ၊ နောက်ကွယ်က ထောက်ပို့တာဝန်တွေကို ဆောင်ရွက်တာ လက်နက်ကိုင်ပြီး စစ် မြေပြင်မှာတိုက်ပွဲဝင်တာ၊ ရှေ့တန်းကရဲဘော်တွေအတွက် ဆေးကုပေးတာစတဲ့ နေရာအသီးသီးမှာ အမျိုးသမီး တွေဟာတာဝန် ထမ်းဆောင်နေကြပါတယ်။

စစ်ရေးဆိုင်ရာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာလည်း ခေါင်းဆောင်ပိုင်းတာဝန်တွေကိုထမ်းဆောင်သူတွေထဲမှာ အမျိုးသမီးတွေပါဝင်နေတာကိုလည်းတွေ့ရပါတယ်။

အဲ့ဒီအမျိုးသမီးတွေထဲမှာ မရိုးအံ့မင်း က တော့ သမဂ္ဂကျောင်းသူဘဝကလည်း အမျိုးသမီး သမဂ္ဂဥက္ကဌ အဖြစ် တာဝန်ယူခဲ့သလို လက်ရှိမှာလည်း စစ်ရေးလုပ်ငန်းတွေမှာလည်း အုပ်ချုပ်ရေးဆိုင်ရာတာဝန်တွေကို ထမ်း ဆောင်နေသူပါ။

ဓါတ်ပုံ – မရိုးအံ့မင်း၏ လူမှုကွန်ယက်စာမျက်နှာမှ

ပထမဆုံး အမျိုးသမီးသမဂ္ဂဥက္ကဌ

၂၀၁၂- ၂၀၁၃ပညာသင်နှစ်က နည်းပညာတက္ကသိုလ်(မုံရွာ)မှာ Electronic Engineering Major နဲ့ ကျောင်း တက်ရင်း စာပေနဲ့အနုပညာအသင်းမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်။ စာပေအသင်းမှာ အလုပ်လုပ်ရင်း Student’s Union ဖွဲ့ဖို့ စည်းရုံးမှုတွေပြုလုပ်ခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်က စိတ်တူ အကြံဉာဏ်တူသူတွေနဲ့ ချိတ်ဆက်မိကြကာ ကွန်ရက်ဖွဲ့ပြီးကျောင်းကိုယ်စီမှာသမဂ္ဂတွေ ထောင်ဖို့ကြိုးစားခဲ့ တယ်။

၂၀၁၆ခုနှစ်မှာ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းသားများသမဂ္ဂရဲ့ဥက္ကဌဖြစ်လာခဲ့တယ်။

အမျိုးသားအများစုသာ ဥက္ကဌဖြစ်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)သမိုင်းတစ်လျှောက်မှာ ပထ မဆုံး ရွေးကောက်တင်မြောက်ခံ အမျိုးသမီးဥက္ကဌလည်းဖြစ်ခဲ့တယ်။

“ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး လွတ်လပ်တဲ့ ပညာရေးစနစ်မျိုးကိုရချင်တယ်။ တက္ကသိုလ်ကျောင်းသားဘဝက တည်းက ဗမာလူမျိုးကြီးဝါဒရဲ့ ကျောင်းပညာရေးအပေါ်သက်ရောက်မှုတွေကိုမြင်ပြီး ဗမာမဟုတ်တဲ့တိုင်းရင်း သားတွေရဲ့ အခွင့်အရေးအတွက်တောင်းဆိုခဲ့ကြတယ်။ နောက်ပြီး ပညာရေးအဆောက်အအုံထဲမှာ အမြစ်စွဲ ပျော်ဝင်နေတဲ့ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ဖိနှိပ်မှုတွေကိုလည်းပြုပြင်ပြောင်းလဲချင်ခဲ့ တယ်။ ဒါကြောင့်ပဲ ကျောင်းသားနိုင်ငံရေးမှာ တက်ကြွစွာပါဝင်ဖြစ်ခဲ့တာပါ”လို့ မရိုးအံ့မင်း က ကျောင်းသားသမဂ္ဂ မှာ ပါဝင်ဖြစ်ခဲ့ပုံကိုပြောပါတယ်။

မရိုးအံ့မင်း ဟာ ကျောင်းသားသမဂ္ဂမှာတာဝန်ထမ်းဆောင်ရင်း ကျောင်းသားအခွင့်အရေးတွေအတွက် ကျောင်း အုပ်ချုပ်ရေးအဖွဲ့ကိုတောင်းဆိုတာ၊ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့တိုက်တွန်းတာ၊ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ရာမှာလည်းပါဝင်ခဲ့တယ်။

ပညာရေးစနစ်မှာ အမြစ်တွယ်နေတဲ့ လူမျိုးကြီးဝါဒတွေ၊ ကျောင်းသင်ရိုးညွှန်းတမ်းက သမိုင်းမှားတွေကို ထောက် ပြပြီး ခွင့်တူညီမျှပညာရေးတွေဖြစ်ဖို့ကြိုးပမ်းခဲ့တယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိတွေ၊ အလေ့အထတွေ ကျောင်းသားတွေကြားပြန့်ဝင်အောင် ဆောင်ရွက်တာ၊ လူ့အခွင့်အရေးနဲ့LGBTနဲ့ ပတ်သက်တဲ့ သင်တန်းတွေစီစဉ်ခဲ့တယ်။ ကျောင်းသားအရေး လှုပ်ရှားမှုတွေအပြင် ပရဟိတအလုပ်တွေမှာလည်းပါဝင်လုပ်ကိုင်ခဲ့တယ်။

၂၀၁၅ခုနှစ်က ရေဘေးသင့်ဒေသတွေအတွက် သံချပ်ထိုးအလှူခံကာ ရွာတွေအထိစားနပ်ရိက္ခာတွေကို သွား ရောက် ဝေငှရာမှာလည်းပါဝင်ခဲ့တယ်။ မရိုးအံ့မင်းဟာ ကျောင်းသားဘဝအချိန်တော်တော်များများကို သမဂ္ဂ အတွက်အလုပ်လုပ်ရင်း ကုန်ဆုံးခဲ့စေတယ်။

ဓါတ်ပုံ – မရိုးအံ့မင်း၏ လူမှုကွန်ယက်စာမျက်နှာမှ

လမ်းမပေါ်သပိတ်တိုက်ပွဲမှ စစ်သင်တန်းသို့
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အကြောင်းစတင်သိချိန်က ယူကျုံးမရဖြစ်တဲ့စိတ်နဲ့ တစ်ပြိုင်နက်ထဲ အားလုံး ကို ဖြိုဖျက်ပြီးအစကပြန်စဖို့ အခွင့်အလမ်းတစ်ခုလို ခံစားလိုက်ရတယ်လို့မရိုးအံ့မင်းကဖွင့်ဟပါတယ်။

သူဟာ စစ်အာဏာသိမ်းပြီးနောက် လူထုကိုလမ်းပေါ်ထွက်ဖို့လှုံ့ဆော်တဲ့ လက်ကမ်းစာစောင်ကြဲတာတွေကို သမဂ္ဂက မိတ်ဆွေတွေနဲ့အတူ စတင်ဆောင်ရွက်ခဲ့တယ်။ မုံရွာအင်ဂျင်နီယာသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီမှာ အလုပ်လုပ်ခဲ့တယ်။

သပိတ်စစ်ကြောင်းတွေထွက်ရင်း အင်ဂျင်နီယာစစ်ကြောင်းက ဆန္ဒပြသူတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ ခဏအဖမ်းခံရကာ ပြန်လွတ်လာပြီးနောက်မှာ ပြောက်ကျားဆန္ဒပြပွဲတွေမှာပါဝင်တာ၊ ထောက်ပို့အဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။

မရိုးအံ့မင်းကဧပြီလမှာတော့ လက်နက်ကိုင်မှဖြစ်မယ်ဆိုတဲ့ အတွေးတွေးမိခဲ့ပြီး မေလမှာတော့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)မှာ အခြေခံစစ်ပညာသင်တန်းတက်ခဲ့တယ်။

စစ်ကိုအမြဲဆန့်ကျင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ စစ်သားလုပ်ဖို့ဆုံးဖြတ်ချက်ဟာ မရိုးအံ့မင်းအတွက် ခက်ခဲခဲ့ ပါတယ်။

“ ကျွန်မက အကြမ်းဖက်မှုတိုင်းကို ကန့်ကွက်ခဲ့တဲ့သူဖြစ်တယ်။ ဒါကြောင့်လူသတ်ရမယ့်စစ်ကို ကိုယ်တိုင်ဖော် ဆောင်ဖို့ဆိုတာ အင်မတန်မှအပြစ်ရှိသလို ခံစားခဲ့ရတယ်။ စနစ်ကိုဖြိုချဖို့အတွက် မဖြစ်မနေမို့သာ စစ်တိုက်ရ တယ်လို့ မှတ်ယူတယ်”လို့ သူကဖွင့်ဟပါတယ်။

ဒီလမ်းကို ရွေးချယ်လိုက်ကတည်းက မိသားစုအပါအဝင်ပုဂ္ဂိုလ်ရေး ပတ်သက်ဆက်နွယ်မှုတွေကိုလည်း ဖြတ် တောက်ခဲ့တယ်။

စစ်သင်တန်းတက်တဲ့အခါ မရိုးအံ့မင်းအတွက်အခက်ခဲဆုံးက ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုထက် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ပင်ပန်းမှုတွေကပိုခဲ့ပါတယ်။

“ ကျွန်မရဲ့ အရပ်သားအရေခွံကိုချွတ်ချဖို့ ငြင်းဆန်လိုခြင်းပါပဲ။ စစ်သင်တန်းရဲ့သဘောတရားကလည်း အရပ် သားဘဝကိုလုံးဝပစ်ပယ်ပြီး အမိန့်နာခံမှုနဲ့ စည်းကမ်းသေဝပ်မှုကို ပုံသွင်းခြင်းပါ။ ပင်ပန်းမှုဒဏ်က သင်တန်းရဲ့ ရည်ရွယ်ချက်တွေကို ကျော်လွန်မတွေးစေနိုင်တော့ပဲ ကိုယ့်နဂိုပုံစံပျောက်ဆုံးသွားမှာ ကြောက်တဲ့စိတ်က လွှမ်းမိုးပြီး စိတ်အတွင်းပဋိပက္ခတွေဖြစ်ခဲ့တယ်။ ကိုယ်မကြိုက်တဲ့ ကိုယ်ဖြစ်လာမှာကြောက်တယ်” လို့မရိုးအံ့မင်း ကဖွင့်ဟပါတယ်။

ဓါတ်ပုံ – မရိုးအံ့မင်း၏ လူမှုကွန်ယက်စာမျက်နှာမှ

ကျား-မခွဲခြားဆက်ဆံမှုတွေကင်းစေချင်သူ
BPLA အနေနဲ့တပ်တည်ထောင်ခါစဖြစ်တဲ့အတွက် ရာထူးတွေမရှိသေးဘဲ အုပ်ချုပ်ရတာလွယ်ကူစေဖို့ စခန်းမှူး၊ ဒုစခန်းမှူး၊ဌာနမှူး စသဖြင့် တာဝန်ခွဲဝေအုပ်ချုပ်ရတယ်လို့ဆိုပါတယ်။ လေ့ကျင့်ရေး၊တိုက်ခိုက်ရေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ မူဝါဒရေးရာ၊လူသစ်စုဆောင်းရေး၊ ဝါဒဖြန့်ချီရေး စသဖြင့်အသီးသီး ခွဲဝေဆောင်ရွက်ကြရပါတယ်။

ဒုစခန်းမှူးရဲ့တာဝန်တွေကတော့ အုပ်ချုပ်ရေးဖြစ်ပြီး တပ်ရဲ့လုပ်ငန်းဆောင်တာတွေမှာ စခန်းမှူးပြီးရင် ဒုတိယ တာဝန်အရှိဆုံးဖြစ်ပါတယ်။ဒုစခန်းမှူးဟာ စခန်းရဲ့လုံခြုံရေးကစလို့တည်ဆောက်ရေး၊ မဟာမိတ်တွေနဲ့ ပေါင်း သင်းဆက်ဆံရေး၊ ရဲဘော်တွေရဲ့အရည်အချင်းကိုမြှင့်တင်ခြင်းစတဲ့ တာဝန်တွေလည်းဆောင်ရွက်ရပါတယ်။

“ ကျွန်မတို့က နိုင်ငံသားတွေရဲ့လွတ်မြောက်မှု၊ နောက်မျိုးဆက်ရဲ့ လွတ်မြောက်မှုကိုရချင်တဲ့အခါ တစ်ဦးချင်း စီရဲ့လွတ်လပ်မှုကိုစတေးရတယ်။ ကိုယ့်ဆန္ဒတွေကိုလည်းချိုးနှိမ်ရသလို နောက်ဝင်လာတဲ့ရဲဘော်တွေကိုလည်း စစ်ဘောင်ထဲသွတ်သွင်းရတယ်”လို့မရိုးအံ့မင်းကဆိုပါတယ်။

လွတ်လပ်မှုကိုအမြဲရှေ့တန်းတင် ကာကွယ်ခဲ့တဲ့ မရိုးအံ့မင်း အဖို့ စစ်သားဖြစ်ဖို့ကြိုးစားရတာ စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ခဲ့တယ်။

BPLAမှာ ဆင့်ကဲအုပ်ချုပ်မှုပုံစံကိုအခြေခံစစ်ပညာသင်တန်းကတည်းက လေ့ကျင့်ပြီးသားဖြစ်တဲ့အတွက် ရဲဘော် ဖြစ်တဲ့အခါမှာလည်း အပတ်စဉ်တူရင်တောင် တာဝန်ကြီးတဲ့သူကိုလေးစားရတယ်ဆိုတာ ခံယူတတ်သွားအောင် လေ့ကျင့်ပေးပြီး ကျား၊မခွဲခြားဆက်ဆံမှုမရှိတဲ့ စနစ်မျိုးအလေ့အထမျိုးကိုလည်း တည်ဆောက်နေတယ်လို့ မရိုးအံ့မင်းကပြောပါတယ်။

“ တခါတရံ ရဲဘော်တွေက အနစ်နာခံပေးချင်တာ၊ စစ်မေတွေကို အကာအကွယ်ပေးချင်တာ၊ ဦးစားပေးချင်တာ တွေ့ရတယ်။ လုပ်ငန်းတာဝန်ပေးတဲ့အခါ အမျိုးသမီးတွေကို ငဲ့ညှာစဉ်းစားတာမျိုးမရှိအောင်သတိထားတယ်။ သင့်တော်တဲ့သူကို ထိုက်တန်တဲ့တာဝန်ကို ထမ်းဆောင်ရဖို့လိုတယ်။ ကျွန်မတို့စစ်မေတွေက အမှီအခိုကင်းပြီး အရည်အချင်းပြည့်ဝတဲ့သူတွေဖြစ်ရမယ်လေ”လို့ မရိုးအံ့မင်းကဆိုပါတယ်။

အတူရုန်းကန်ခဲ့ကြတဲ့ ရဲဘော်တွေကျဆုံးချိန်ဟာ မရိုးအံ့မင်းအတွက် စိတ်ဓာတ်အကျဆုံးဖြစ်ခဲ့ပြီး ကျန်သေးတဲ့ ရဲဘော်တွေကိုကြည့်ကာ မာန်ပြန်တင်းရင်းတာဝန်တွေကို အာရုံပြန်စိုက်ပါတယ်။ ဒုစခန်းမှူးဟာ လက်ရှိမှာ တော့ နောက်တန်းကွပ်ကဲရေးတာဝန်တွေကို အဓိကတာဝန်ယူထားရတဲ့အတွက် ရှေ့တန်းမှာတော့တာဝန် မထမ်းဆောင်ရသေးပါဘူး။

“ အမြဲတမ်းကြုံရလေ့ရှိတဲ့ စိန်ခေါ်မှုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ယုံကြည်မှုတစ်ခုရဖို့ ပိုပြီး သက်သေပြရတာပဲ။ ဥပမာ ကားမောင်းကျွမ်းကျင်တာချင်းတူရင်တောင် အမျိုးသားမောင်းတာကိုမှ စိတ်ချ လက်ချစီးချင်တာမျိုးပေါ့”လို့မရိုးအံ့မင်းကဖွင့်ဟပါတယ်။

ဓါတ်ပုံ – မရိုးအံ့မင်း၏ လူမှုကွန်ယက်စာမျက်နှာမှ

စာပေနဲ့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူ
မရိုးအံ့မင်းဟာငယ်ငယ်ကတည်းက ဗန်ဒါပင်တွေ၊တည်ပင်တွေပျိုးတာဝါသနာပါခဲ့ပြီး တက္ကသိုလ်ပြီးတဲ့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာမွေ့လျော်ခဲ့တယ်။ မှိုစိုက်တာ၊တစ်နိုင်တစ်ပိုင် အသီးအနှံတွေစိုက်ရင်း စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အချိန်ကုန်ခဲ့တယ်။

“ ကိုယ့်စားဝတ်နေရေးက စီးပွားရေးကုန်ထုတ်လုပ်ငန်းတစ်ခုခုကို မှီခိုနေတာမျိုးမဖြစ်ဖို့ကြိုးစားချင်ခဲ့တာ။ အခု တော့ အဲ့ဒီအိပ်မက်တွေနှောင့်နှေးသွားရပြီ”လို့မရိုးအံ့မင်းက တိုးညှင်းစွာဆိုပါတယ်။

ငယ်ငယ်ကရသမျှမုန့်ဖိုးနဲ့ တစ်မြို့လုံးကစာအုပ်ဆိုင်တွေကိုမွှေနှောက်ခဲ့တဲ့ မရိုးအံ့မင်းတစ်ယောက် တက္ကသိုလ် တက်တဲ့အခါမှာလည်း ကလောင်ရှင်တစ်ယောက်ဖြစ်ခဲ့ပါသေးတယ်။

ငယ်ဘဝအိပ်မက်က သစ်ပင်တွေစိုက်ပျိုးပြုစုပေးတဲ့သူဖြစ်ချင်ခဲ့ပေမယ့် လက်ရှိမှာတော့ စစ်သားတစ်ယောက် အဖြစ် အသားကျအောင်နေထိုင်းရင်း စစ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်။

“ ဒီတော်လှန်ရေးမှာ ကျွန်မတို့အားလုံးက ပုဂ္ဂလိကဆန္ဒတွေကိုချိုးနှိမ်ပြီး ကိုယ့်အချိန်တွေ လုပ်အားတွေကို ရင်းနှီးမြုပ်နှံထားကြတယ်။ ပြီးမြောက်အောင်မြင်သည်အထိ မမှိတ်မသုန်ဆက်လျှောက်ဖို့ပဲရှိတယ်။ ကျွန်မကိုယ့် ကိုယ်ကိုယ် ထိုက်တန်တဲ့တစ်ခုခုအတွက် စတေးပစ်ဖို့အထိ အသက်ကိုပေးဖို့ ပိုင်းဖြတ်ထားပါတယ်” လို့မရိုးအံ့မင်း ဆုံးဖြတ်ထားပါတော့တယ်။

Author:

Related Articles