သန့်ရှင်းထွန်း။ ။
စစ်တွေမြို့ အာကျိတ်တော်ကုန်းသင်္ချိုင်းရှိ မီးသဂြိုလ်စက်အနီးမှ အမျိုးသမီးများနှင့် ကလေးငယ်တချို့၏ အော်ဟစ်ငိုကြွေးသံများကို ကြားလိုက်ရချိန်တွင် အဆိုပါအသံများက နာရေးတစ်ခုခုမှ ဖြစ်မည်ဟု ပထမအစတွင် ထင်မှတ်ခဲ့သည်ဟု ဒေါ်ခင်လှက ဆိုသည်။
သို့သော် နံနက် ၁၀ နာရီပင် မထိုးသေးသော အချိန်ဖြစ်သည့်အတွက် အသုဘချချိန်ထက် အချိန်စောနေသည်ကို သတိထားမိခဲ့ဟု ဒေါ်ခင်လှက ပြန်ပြောပြသည်။
ဈေးဝယ်၍ အိမ်ပြန်လာသော ဒေါ်ခင်လှမှာ မီးသဂြိုလ်စက်အရှေ့ဘက်လမ်းသို့ ရောက်သည့်အခါ အသုဘချနေသည့် လူတစ်ဦး တစ်ယောက်ကိုမျှ မတွေ့ခဲ့ရဘဲ သူမကြားခဲ့ရသည့် အော်ဟစ်ငိုကြွေးသံများမှာ မီးသဂြိုလ်စက်အနောက်ဘက်ရှိ ကျူးကျော်နေအိမ်ခြံဝင်းအတွင်းက ထွက်ပေါ်လာသော အသံများဖြစ်နေခဲ့သည်။
ထိုနေ့က ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်ဖြစ်ပြီး သင်္ချိုင်းမြေတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ အိမ်အလုံး ၂၀၀ ခန့်ကို စစ်တပ်၊ ရဲ ၊ စည်ပင်နှင့် ထွေ/အုပ် ဝန်ထမ်းများပါဝင်သော အဖွဲ့က ဖြိုခွင်းရှင်းလင်းနေခြင်းဖြစ်သည်။
တာပေါ်လင်စနှင့်ဝါးထရံ ရောနှောတည်ဆောက်ထားသော တဲသာသာအိမ်များသည် တိုင်ငုတ်ပါမကျန်အောင် ဖျက်ချခံခဲ့ရသည်။ အဆိုပါနေရာတွင် နေထိုင်ကြသည့် အရွယ်သုံးပါးသော သူများကတော့ အိုးခွက်၊ ပန်းကန်နှင့်အထည်များထည့်သော အထုပ်နှင့်သေတ္တာများကို မတ်လ၏နေပူဒဏ်အောက်တွင် အလုအယက် ပြောင်းရွေ့နေကြရသည်။
အဆိုပါမြင်ကွင်းကို ဒေါ်ခင်လှတစ်ယောက်မြင်သည့်အခါ လက်ထဲတွင်ပါလာသော ဈေးခြင်းတောင်းကိုတောင် ဂရုမစိုက်နိုင်ဘဲ သူမ၏နေအိမ်သို့ အပြေးအလွှား သွားခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်လှသည်လည်း အခြားသောသူများနည်းတူ ကျောချရမည့်နေရာ ပျောက်ကွယ်သွားခဲ့ရသည်။
အာဏာသိမ်းပြီးသည့်နောက်တွင် မြို့ကြီးများတွင် ကျူးကျော်ရှင်းလင်းရေး စီမံချက်များ တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး ရန်ကုန်၊မန္တလေး အစရှိသည့် မြို့ကြီးများတွင် ထောင်နှင့်သောင်းနှင့်ချီသော ကျူးကျော်အိမ်များ ဖြိုဖျက်ခံခဲ့ရသည်။ ကျူးကျော်ရှင်းလင်းရေး စီမံချက်များက နိုင်ငံအနောက်ပိုင်း စစ်တွေမြို့အထိ ရောက်လာခဲ့သည့်နောက် အာကျိတ်တော်ကုန်းတွင် နေထိုင်သူများလည်း နေစရာပျောက်ခဲ့ရသည်။
ကျူးကျော်(သို့မဟုတ်) တရားဝင် နေထိုင်ခွင့်မရှိသည့် နေရာတွင် ခွင့်ပြုချက်မရှိဘဲနေထိုင်သူများအဖို့ ကျူးရှင်းလင်းရေး စီမံချက်က အထိနာစေခဲ့သည်။ သူတို့တွင် တရားဝင်အိမ်နှင့်ခြံနှင့် နေထိုင်နိုင်လောက်အောင် ချမ်းသာကြွယ်ဝကြသူများလည်း မဟုတ်ကြသလို အိမ်ပိုင်မြေပိုင်ရလောက်အောင် ဝင်ငွေကောင်းကြသူများလည်းမဟုတ်ကြ။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများ အတွက်က အိမ်ပိုင်နိုင်လောက်သည့် ဝင်ငွေရသည့် အလုပ်အကိုင်ရရန် ပိုမိုခက်ခဲနိုင်သည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်များထဲတွင် ဒုတိယအဆင်းရဲဆုံး ဒေသလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွေအတွင်း လူမျိုးရေးနှင့်စစ်ရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံများ၏ ဘဝသည်လည်း ခက်ခဲသည်ထက် ခက်ခဲလာခဲ့သည်။
အလုပ်အကိုင်အခွင့်အလမ်း မယ်မယ်ရရ မရှိသလောက်ဖြစ်ခဲ့သည့်အပြင် ပဋိပက္ခများကြောင့် နေအိမ်များ ဆုံးရှုံးခဲ့ကြရ သူများလည်း ရှိကြသည်။ အချို့ကတော့ မငြိမ်မသက်မှုများကြောင့် ကျေးရွာများကို စွန့်ခွာကာ မြို့တက်လာကြပြီး အဆင်ပြေသည့် နေရာတွင် တဲထိုးကာ ကျူးကျော်အဖြစ် နေထိုင်ကြရသည်။
နေစရာမရှိတော့သည့် အာကျိတ်တော်ကုန်းတွင် ကျူးကျော်များ၏ နောက်ကွယ်တွင် ဝမ်းနည်းစရာ ဇာတ်လမ်းများလည်း ရှိသေးသည်။
အာကျိတ်တော်ကုန်းတွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ဒေါ်အေးထွီးယဉ် ဆိုသည့်အမျိုးသမီးသည် သူမနေထိုင်သော ကျူးကျော်မြေမှ ဖယ်ရှားပေးရန် နို့တစ်စာတစ်စောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်က မြန်မာ့မီးရထားတိုင်းခွဲ၊ စစ်တွေဌာနမှ လက်ခံရရှိခဲ့သည်။ နို့တစ်စာအရ ငါးရက်အတွင်း ကျူးကျော်မြေနေရာမှ ထွက်ခွာပေးရန် ဖော်ပြထားသည်။
ထိုစာလက်ခံရရှိခဲ့သည့်အချိန်မှစ၍ နှလုံးရောဂါအခံရှိသော ဒေါ်အေးထွီးယဉ်မှာ ထွက်ပေါက်ရှာမရသည့်အဆုံး မတ်လ ၈ ရက်က မြက်သတ်ဆေးသောက်၍ အဆုံးစီရင်ခဲ့သည်ဟု ခင်ဗွန်းဖြစ်သူ ဦးထွန်းဦးကျော်က ပြောသည်။
“နို့တစ်စာရတည်းက ကျနော့် မိန်းမက ငါတို့မှာနေစရာမရှိတော့ဘူး။ ငါအဆိပ်သောက်သေတော့မယ်လို့ ခဏခဏ ပြောနေခဲ့တယ်။ ကျနော်ကတော့ အမှန်တကယ်လုပ်မယ်လို့ မထင်ခဲ့ဘူး။ နောက်ဆုံးတော့ သူထွက်ပေါက်ရှာတွေ့ သွားခဲ့တယ်” ဟု ဦးထွန်းဦးကျော်က တုန်ရီနေသည့် လေသံဖြင့်ပြောသည်။
ဒေါ်အေးထွီးယဉ်၏ နောက်ဆုံးခရီးကို သူနေထိုင်ခဲ့သည့် သင်္ချိုင်းကုန်း ကျူးကျော်တဲအိမ်တွင်ပင် တိတ်ဆိတ်ခြောက် ကပ်စွာပြုလုပ်ခဲ့သည်။
အာကျိတ်တော်ကုန်းက ကျူးကျော်များကိုဖျက်သည့်ဂယက်က ရခိုင်ပြည်နယ်အတွင်းက အခြားသော အိမ်ပိုင်ယာပိုင်မရှိသည့် ကျူးကျော်များကိုလည်း ထိတ်လန့်စေခဲ့သည်။
ကျူးကျော်မြေနေရာတွင် ရင်တထိတ်ထိတ်ဖြင့် နေထိုင်နေသော ဒေါ်မျိုးမျိုးသူမှာ စစ်တွေမြို့ အဝေးပြေးကားလမ်းဘေးတွင် ကွမ်းယာဆိုင်တစ်ဆိုင်ဖွင့်၍ ငွေစုဆောင်းနေသည်။ သတ်မှတ်ငွေပမာဏတစ်ခုရပါက သာမန်လူတန်းစား များနေထိုင်သော ရပ်ကွက်တစ်ခုတွင် မြေကွက်တစ်ကွက်ဝယ်ကာ ကျူးကျော်မြေမှ အပြီးအပိုင်ထွက်ခွာရန် ဖြစ်ကြောင်း ဒေါ်မျိုးမျိုးသူက ဆိုသည်။
ဒေါ်မျိုးမျိုးသူ တွေးထားသည့် ငွေပမာဏတစ်ခု စုမိရန်မှာ အချိန်ကာလအားဖြင့် နောက်ထပ် နှစ်နှစ်ခန့် စုရအုံးမည်ဟု သူမက ပြောသည်။
“ကိုဗစ်ကနှိပ်စက်၊ စစ်ကောင်စီကြောင့် ကုန်ဈေးနှုန်းတွေက ထိုးတက်နေတာကြောင့် လူတွေကအရင်လို အဆင်မပြေကြဘူး။ လူတွေအဆင်မပြေရင် ကျမတို့လို့ ရောင်းစားတဲ့သူတွေကလည်း အကျပ်တွေ့တာပေါ့” ဟု ဒေါ်မျိုးမျိုးသူက ပြောပြသည်။
ကျူးရှင်းရသည့် ပြဿနာမှာ တက်လာသမျှ အစိုးရတိုင်း၏ ပြဿနာဖြစ်ပြီး ရွေးကောက်ခံအစိုးရတချို့မှာဖြင့် ကျူးကျော်များထံမှ ကရုဏာရှင်မဲကို ရအောင်ယူသွားတတ်ကြသည်ဟု ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်ဟောင်း တစ်ဦးက ပြောသည်။
“တက်လာတဲ့ အစိုးရတိုင်းက ကျူးပြဿနာကို ဖြေရှင်းတာနည်းတယ်။ သူတို့မှာလည်း ကျူးထက်အရေးကြီးတဲ့ ကိစ္စတွေဖြေ ရှင်းနေရလို့ဖြစ်လိမ့်မယ်”ဟု ၎င်းက သုံးသပ်သည်။
နေစရာနေရာမရှိဘဲ အမှီအခိုကင်းမဲ့နေသာ ကျူးကျော်များကို ဖယ်ရှားလိုက်ခြင်းမှာ ယင်းနေရာတွင် နေထိုင်လျက်ရှိသော အရွယ်မရောက်သေးသည့်အမျိုးသမီးငယ်များ၏ ဘဝလုံခြုံမှုအတွက် စိုးရိမ်စရာ ကောင်းသည်ဟု ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။
“အဲဒီမှာနေတဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးကလေးတွေ၊ အမျိုးသမီးတစ်ရပ်လုံးရဲ့ ဘဝလုံခြုံရေးအတွက် အရမ်းစိုးရိမ်စရာကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့က ကျူးကျော်မိသားစုများသည် ကန့်သတ်ထားသော မြေနေရာတွင် ဝင်ရောက် နေထိုင်ခြင်းကြောင့် ဖယ်ရှားခံရနိုင်သော်လည်း အကာကွယ်မဲ့နေသည့် လူထုကို အင်အားသုံးဖြိုခွင်းခြင်းက လူအခွင့်အရေးရှု့ထောင့်ကကြည့်လျင် လွန်ရာကျသည်ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
ကျူးကျော်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လူ့ဂုဏ်သိက္ခာကိုမထိခိုက်စေဘဲ နှစ်ဘက်အဆင်ပြေမည့် နည်းလမ်းဖြင့် ဖြေရှင်းသင့်သည် ဦးမြတ်ထွန်းက မှတ်ချက်ပြုသည်။
လူဦးရေတိုးပွားလာမှု၊ စီးပွားရေးကျပ်တည်းမှုနှင့် ကျေးလက်ဒေသများတွင် လုံခြုံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခြင်းတို့ကြောင့် မြို့ပြကို မှီခိုလာသူ၊ မြို့ပြများသို့ ပြောင်းရွေ့လာသူ အရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် တိုးလာနေသည်။
မြို့ပြဆီ ဦးတည်လာခဲ့ကြသည့် ရွှေ့ပြောင်းလူထုအတွက် ၎င်းတို့၏ဝင်ငွေနှင့် ကိုက်ညီသည့် တန်ဖိုးနည်းအိမ်ရာ များမရှိခြင်းကလည်း ကျူးကျော်အရေအတွက် တိုးလာသည့် အကြောင်းအရင်းတစ်ခုဖြစ်နေသည်။
မြန်မာသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် လယ်မြေနှင့်မြေလွတ်မြေရိုင်းများကို တရားဝင်လူနေထိုင်ခွင့်အတွက် လျှောက်ထားရာတွင် အဆင့်ပေါင်းများစွာဖြတ်သန်းရပြီး အိမ်ရာလိုအပ်ချက်များကို မဖြည့်ဆည်းပေး နိုင်သည့်အခါ ကျူးကျော်ပြဿနာမှာ ဆက်လက်ရှိနေအုံးမည်ဟု အုပ်ချုပ်ရေးပိုင်းက အရာရှိတစ်ဦးကဆိုသည်။
လတ်တလောတွင်တော့ အာကျိတ်တော်ကုန်းမှ ပူပူနွေးနွေး နေရာဖယ်ရှားခံခဲ့ရသည့် ကျူးကျော်မိသားစု အများစုမှာ လူတကာထံဖုန်းဆက်၍ စားဝတ် နေရေးအတွက် အကူညီတောင်းခံနေရပြီး နေထိုင်စရာနေရာအဖြစ် နီးစပ်၍ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည်။
ပဋိပက္ခတွေနှင့် စီးပွားရေးအကျပ်အတည်းတွေကြောင့် အိမ်မပြန်နိုင်သူများအတွက်ကတော့ မြို့ပြတွင် ကျောခင်းစရာ တစ်နေရာရဖို့အတွက် ဆက်လက်ရုန်းကန်ကြရအုံးမှာ အသေအချာပင် ဖြစ်သည်။