သန့်ရှင်းထွန်း။ ။
မိသားစုသိုက်သိုက်ဝန်းဝန်းရှိသော်လည်း မေးထူးခေါ်ပြောမှလွှဲ၍ တခြားမည်သည့်စကားသံကိုမှ မကြားရဘဲ တိတ်ဆိတ် နေခဲ့သောနေအိမ်မှ ရယ်မောသံကို ကိုအောင်လင်းထွန်း ပြန်ကြားခဲ့ရသည်မှာ ခြောက်နှစ်ကျော် ကာလအတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။
အမေဖြစ်သူ၏ ပြောစကားများက ယခင်ကလို တွေဝေနေသော စကားလုံးများမဟုတ်တော့ဘဲ ပြတ်ပြတ်သားသား လေသံမျိုးဖြစ်ပြီး စကားပြောသည့် ဟန်ပန်အမူအရာမှာလည်း လန်းဆန်းတက်ကြွနေသည်ကို သတိထားမိခဲ့သည်ဟု ကိုအောင်လင်းထွန်းက ပြောသည်။
“ခြောက်နှစ်လုံးလုံး ဖိအားတွေဝင်နေခဲ့တဲ့ အမေက အသက်ဒီလောက်မကြီးသေးဘဲ အဘွားကြီးရုပ်ဖြစ်သွားတယ်” ဟု အမေဖြစ်သူ၏ ရုပ်ရည်ကို ကြည့်၍ပြောသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့ စမုံတဲအုပ်စု၊ မြတ်မချောင်းကျေးရွာမှ ကိုအောင်လင်းထွန်းတို့ မိသားစုသည် နှစ်ပေါင်းများစွာ အေးချမ်းစွာနေထိုင်ခဲ့ကြရာမှ လွန်ခဲ့သည့် ၂၀၁၆ မှစကာ ကိုယ်ရောစိတ်ပါ ဆင်းရဲခဲ့ကြရသည်။ ၎င်းတို့ မိသားစုနေထိုင်ရာ အိမ်နှင့်ခြံသည် လေယာဉ်ကွင်းတိုးချဲ့ဆောက်လုပ်ရန် စီမံကိန်းမြေထဲ ပါသွားခဲ့ပြီး မြေသိမ်းမှုနှင့် လျော်ကြေးရလိုမှုကြား အစိုးရအဆက်ဆက်နှင့် မပြေလည်ဖြစ်ခဲ့ကြသည်။ ဖခင်ဖြစ်သူမှာလည်း မြေယာပြဿနာတွင် ထောင်ချခံခဲ့ရပြီး မိသားစုမှာ ဖိအားများလည်း ရင်ဆိုင်ခဲ့ကြရသည်။
ကာလရှည်ကြာ ပြဿနာကို အဆုံးသတ်နိုင်ဖို့ ယခုတစ်ကြိမ်တွင် စစ်တွေမြို့ အဓိဌာန်ဆရာတော်က ကြားဝင်ဖြေရှင်းပေးရန် ကမ်းလှမ်းချက်ကို ရခဲ့ပြီးနောက် မိသားစုအတွင်း စိတ်ညစ်စရာနေ့ရက်များ အဆုံးသတ်ရန် မျှော်လင့်နေကြသည်။နောက်ထပ် ဖိအားပေးခံရမှုနှင့် တရားစွဲဆိုခံထားရမှုကို အဆုံးသတ်ချင်နေသော ကိုအောင်လင်းထွန်း၏ မိခင်ဒေါ်စိုးရှင်ကလည်း ဆရာတော်၏ ကမ်းလှမ်းချက်ကို လက်ခံရန် ကနဦး သဘောတူထားခဲ့သည်။
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သော ကိုအောင်လင်းထွန်း၏မိခင် ဒေါ်စိုးရှင်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော် မိဘဘိုးဘွားလက်ထက်ကပင် သားစဉ်မြေးဆက်နေထိုင်လာခဲ့သော အိမ်နှင့် မြေနေရာကို ယခုအခါ ခွဲခွာရတော့မည်ဖြစ်သည်။ သို့သော် ဆက်လက်ကြုံတွေ့ရမည့် ဖိအားများကို ထပ်၍မခံချင်တော့သလို အသက်ကြီးနေပြီဖြစ်သော ခင်ပွန်းကိုလည်း နောက်ထပ်တစ်ကြိမ် ထောင်ကျမခံနိုင်တော့ကြောင်း ဆိုသည်။ ဒေါ်စိုးရှင်တို့ နေထိုင်လျက်ရှိသော အိမ်ခြံမြေမှာ အလျား ပေ ၃၀၀ခန့်နှင့် အနံပေ ၁၀၀ ခန့် ကျယ်ဝန်းသည်။
ဒေါ်စိုးရှင်တို့နေထိုင်သော နေအိမ်သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လက မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ရာ ဆောက်လုပ်မည့်နေရာတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး နေအိမ်နှင့် ခြံမြေအတွက် လျော်ကြေးငွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သော အစိုးရလက်ထက်က ငွေကျပ်သိန်း ၇၀၀ လျော်ကြေးပေးခဲ့သည်။ ထိုသို့ လျော်ကြေးပေးရာတွင် ကျပ်သိန်း ၇၀၀ ကို တစ်စုတစ်စည်းတည်းမပေးဘဲ ပထမအသုတ် လျော်ကြေး သိန်း ၂၀၀ ပေးပြီး နေရာဖယ် ပေးရမည်ဖြစ်သောကြောင့် လျော်ကြေးငွေကို လက်မခံခဲ့ခြင်းဖြစ်ကြောင်း ဒေါ်စိုးရှင်၏ ခင်ပွန်းဖြစ်သူ ဦးဖြူသီးခိုင် ကပြောသည်။
“အဲဒီအချိန်တုန်းကလည်း လောလောဆယ် ၂၀၀ ပေးပြီးတော့ လက်မှတ်ထိုးပေးရမယ် ပြောတယ်။ ဦးလေးတို့က အပြည့်အဝမရတဲ့အတွက် လက်မခံခဲ့ဘူး။ အဲဒီတုန်းက ငွေအကျေပေးမယ်ဆိုရင်တော့ လက်ခံပါတယ်”ဟု အသက် ၆၁ နှစ်အရွယ် ဦးဖြူသီးခိုင်က ဆိုသည်။
ထိုသို့ လျော်ကြေးပေးခြင်းကို လက်မခံခဲ့သည့်အတွက် ဦးဖြူသီးခိုင်နှင့် တခြားအိမ်ခြံပိုင်ရှင် ဦးသာနီတို့ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီက တရားစွဲဆိုခဲ့သဖြင့် ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ထောင်ဒဏ် ၇ လကျခံခဲ့ရသည်။ ခင်ပွန်းဖြစ်သူ ထောင်ဒဏ်ကျခံနေရသည့်အချိန်တွင် ဇနီးဖြစ်သူ ဒေါ်စိုးရှင်မှာ သားသမီးနှစ်ဦး၏ စားဝတ်နေရေးကိစ္စအဝဝကို တာဝန်ယူခဲ့ရပြီး နေအိမ်တွင် သားရေစာမုန့် လုပ်ငန်းတဖက်နှင့် ကုန်စုံဆိုင်တဖက်ကို ဖွင့်လှစ်၍ ကြုံတွေ့လာရသည့် အခက်ခဲများကို ရင်ဆိုင်ကျော်လွှားခဲ့ရသည်ဟု ဒေါ်စိုးရှင်က ပြန်ပြောပြသည်။
“ခင်ပွန်းထောင်ကျနေတဲ့အချိန်ကဆိုရင် အဒေါ်တစ်ယောက်တည်းပဲ ရုန်းကန်ခဲ့ရတယ်။ မိသားစုစားဝတ်နေရေးကအစ တစ်ယောက်တည်းပဲ ရုန်းကန်ခဲ့ရတာပေါ့။ သားသမီးသုံးဦးမှာ အကြီးဆုံးကတော့ အိမ်ထောင်ကျပြီးတော့ အဒေါ်တို့နဲ့ အတူမနေတော့ဘူး။ ကျန်နှစ်ယောက်အတွက်တော့ အဒေါ်ကပဲ ရုန်းကန်ပေးခဲ့ရတာပေါ့”ဟု ဒေါ်စိုးရှင်က ဆိုသည်။
ထောင်ဒဏ်ကျခံနေရသည့် နေရာမှာလည်း ကျောက်ဖြူအကျဉ်းထောင်တွင် ဖြစ်သည့်အတွက် ဒေါ်စိုးရှင်မှာ ခင်ပွန်းရှိရာ ကျောက်ဖြူအကျဉ်းထောင်သို့ တစ်ကြိမ်တောင် သွားမတွေ့နိုင်ခဲ့ကြောင်း ပြောသည်။ ထိုသို့ သွားမတွေ့နိုင်ခြင်းမှာ မာန်အောင်မြို့မှ ကျောက်ဖြူမြို့သို့ သွားရန်တစ်ကြိမ်လျင် ခရီးစရိတ်နှစ်သိန်းခန့် ကုန်ကျသည့်အတွက်ဖြစ်ပြီး ဦးဖြူသီးခိုင်မှာ နေအိမ်မှလာပို့သည့် ထမင်းထက် ထောင်မှကျွေးသည့် ထမင်းကိုသာ စားသောက်ခဲ့ရသည်ဟု ဦးဖြူသီးခိုင် ကပြောသည်။
“ဦးလေး မိန်းမကတော့ ထောင်ကျတဲ့အချိန်မှာ တစ်ခေါက်မှ မရောက်နိုင်ဘူး။ သားလတ်ပဲ နှစ်ခေါက်လောက် လာတွေ့တယ်”ဟု ဦးဖြူသီးခိုင်က ဆိုသည်။
ဒေါ်စိုးရှင်တို့ အိမ်ခြံမြေပြဿနာမှာ ယခုချိန်ထိ တာရှည်သွားခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် အကျိုးဆောင်ရှေ့နေက ပြောသည်။
“ဒီပြသနာစဖြစ်တာကို ပြောရမယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း လိုအပ်ချက်တွေများတယ်။ အိမ်ခြံမြေကို လယ်မြေအတိုင်းစာရင်းသွင်းပြီးတော့ လျော်ကြေးကိုလည်း လယ်မြေအတိုင်းပဲပေးတဲ့အခါကျတော့ ကွာခြားချက် တွေဖြစ်လာတယ်”ဟု ရှေ့နေက ဆိုသည်။
ထိုအချိန်က လျော်ကြေးပေးသည့်ငွေမှာ စပါးစိုက်လယ်သမားများအတွက် သင့်တော်သည့် ပမာဏဖြစ်သော်လည်း အိုးအိမ်ခြံမြေဖြင့် နေထိုင်ရသူတို့အတွက် လျော်ကြေးငွေမှာ ပြန်လည်နေရာပြောင်းရွေ့နေထိုင်ရန် လုံးဝအဆင်မပြေခဲ့ဟု ဦးဖြူသီးခိုင်က ပြောသည်။
ဒေါ်စိုးရှင်တို့နှင့် ဦးသာနီတို့အိမ်မဟုတ်ဘဲ လျော်ကြေးလက်ခံခဲ့သည့် တခြားအိမ်ငါးလုံးမှာလည်း ရွှေရှိသူမှာ ရွှေရောင်း၊ နွားရှိသူမှာ နွားရောင်း၍ အိမ်ပြန်ဆောက်ခဲ့ရခြင်းဖြစ်ပြီး ရွှေလည်းမရှိ ငွေလည်းမရှိသည့် ဒေါ်စိုးရှင်တို့မှာ ထောင်ကျခံ၍သာ ပြသနာကို ဖြေရှင်းခဲ့ရသည်ဟု ပြောပြသည်။
ဒေါ်စိုးရှင်မှာ အိမ်ခြံပြသနာကို ခင်ပွန်းဖြစ်သူ ထောင်ဒဏ် ၇ လ ကျခံခဲ့ပြီး ရင်ဆိုင်ခဲ့သော်လည်း ပြန်လည်လွတ်မြောက် လာချိန်တွင်၎င်းတို့၏ အိမ်ခြံမြေ ပြဿနာမှာ ပြီးဆုံးသွားခြင်းမရှိသေးဘဲ ၂၀၁၉ ခုနှစ် ဇွန်လတွင် နောက်ထပ် တဖန် တရားစွဲခြင်းကို ခံခဲ့ရပြန်သည်။ ထိုသို့ တရားစွဲဆိုခံထားရဆဲအချိန်မှာပင် စစ်တွေမြို့ အဓိဌာန်ဆရာတော်မှ ဒေါ်စိုးရှင်နှင့် တခြားနေအိမ်ခြံမြေအတွက် နစ်နာကြေးငွေ ကျပ်သိန်း ၈၀၀ ကို ပေးအပ်မည်ဆိုသည့် သတင်းစကားကို ဆရာတော်၏ ဒကာတစ်ဦးထံမှ ကြားသိခဲ့ရသည်။
ဆရာတော် ပေးမည့်ငွေကျပ်သိန်း ၈၀၀ တွင် ဒေါ်စိုးရှင်တို့က ကျပ်သိန်း ၃၀၀ နှင့် တခြားအိမ်ပိုင်ရှင် ဦးသာနီတို့က သိန်း ၅၀၀ ကျပ် ရရှိမည်ဖြစ်ပြီး ဒေါ်စိုးရှင်တို့ ရရှိမည့်ငွေကျပ် သိန်း ၃၀၀ မှာ ယခင် NLD အစိုးရ လက်ထက်က လျော်ကြေးပေးခဲ့သည့် ကျပ်သိန်း ၇၀၀ ထက်ပင် သုံးပုံနှစ်ပုံခန့်လျော့နည်းနေသည်။ ထိုသို့ လျော့နည်း နေသော်လည်း လက်ရှိရင်ဆိုင်နေရသည့် ဖိအားများနှင့် စိတ်ရှုပ်မှုဒဏ်ကို မခံနိုင်တော့သည့်အတွက် လက်ခံခဲ့ရခြင်းသာဖြစ်သည်ဟု ဒေါ်စိုးရှင်၏ ခင်ပွန်း ဦးဖြူသီးခိုင်က ပြောသည်။
“တခြားနေရာသစ်မှာ အခြေချဖို့ လုံလောက်တဲ့ငွေရလို့ လက်ခံတာမဟုတ်ပါဘူး”ဟု မြေနေရာမဖယ်ပေး၍ ဦးဖြူသီးခိုင်နှင့်အတူ ထောင်ဒဏ် ၇ လ ချမှတ်ခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူ ဦးသာနီက ပြောသည်။
“အဓိဌာန်ဘုန်းကြီးရဲ့ ဒကာတစ်ယောက်က လာပြီးပြောပြတာပါ။ အချင်းချင်း ပြသနာတွေဆက်ဖြစ်ပြီးတော့ နစ်နာတာတွေ မဖြစ်စေချင်တော့လို့ဆိုပြီး အကြောင်းကြားလာတဲ့အခါ သိခဲ့ရတာပါ။ ဖေဖော်ဝါရီ ၁၆ ရက်မှာ စစ်တွေကို သွားပြီးတော့ ဘုန်းကြီးနဲ့တွေ့ခွင့်ရခဲ့တယ်”ဟု ဦးသာနီက ဆိုသည်။
ဆရာတော်၏ ညှိနှိုင်းပေးမှုက အိမ်ပြန်ဆောက်ရန် ကုန်ကျစရိတ်လောက်သာဖြစ်ပြီး လက်ခံလိုက်ရသည့် အဓိကအကြောင်းအရင်းမှာ အမျိုးမျိုးခြိမ်းခြောက်မှုကို မခံချင်တော့ သည့်အတွက် ဖြစ်ကြောင်း ဒေါ်စိုးရှင်၏ သားလတ် ကိုအောင်လင်းထွန်းကလည်း ပြောသည်။
“မကြာမကြာပဲ၊ ဟိုလူနဲ့ ခြိမ်းခြောက်လိုက်၊ ဒီလူနဲ့ခြိမ်းခြောက်လောက်ဆိုတော့ အမေက Pressure တအားဝင်သွား တယ်။ ထပ်ပြီးတော့ တာရှည်သွားမှာကို မလိုတော့ဘူး။ ဒီဒဏ်ကိုလည်း မခံစားချင်တဲ့အတွက် လက်ခံလိုက်ရတဲ့အနေ အထားပါ။ မလုံလောက်လည်း ရှာကြံပြီးတော့ နေတော့မယ်ဆိုတဲ့သဘောပါပဲ”ဟု ကိုအောင်လင်းထွန်းက ဆိုသည်။
ထိုသို့ ဆရာတော်မှ ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုတစ်ချို့ရခဲ့ချိန်တွင် တရားစွဲဆိုထားသည့် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီက အမှုကို ပိတ်သိမ်းပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ဒေါ်စိုးရှင်က ဆက်ပြောသည်။
ဒေါ်စိုးရှင်တို့ ကြုံတွေ့နေရသည့် ပြသနာကို ကြားဝင်ညှိနှိုင်းဖြေရှင်းပေးသည့် စစ်တွေမြို့ အဓိဌာန်ဆရာတော်ကို ကျေးဇူးတင်ကြောင်း ဒေါ်စိုးရှင်က ကျေးဇူးတင်စကားဆိုသည်။
“အဒေါ်ဒုက္ခကို ကူပေးတဲ့အတွက် ကျေးဇူးတင်တယ်။ အဒေါ့်အသက်က ၅၃ နှစ် ဆိုပေမယ့် ဒီဒုက္ခဆိုးကြီးကို ခြောက်နှစ်လောက်ခံရတာမှာ အသက်က ခုနစ်ဆယ်ကျော်အရွယ် အဘွားကြီးလိုဖြစ်သွားတယ်”ဟု စိတ်ထောင်း ကိုယ်ကြေ ဖြစ်ခဲ့ရပုံကို ပြောသည်။
ပြဿနာကို ဖြေရှင်းရမည့်အချိန်ကျရောက်လာပြီဟု ထင်ထားခဲ့သော ဒေါ်စိုးရှင်မှာ နောက်ထပ်မရှင်းလင်းသည့် ကိစ္စတစ်ရပ်ကို ထပ်မံကြုံတွေ့နေရသည်ဟု ပြောသည်။
ယင်းမှာ ဆရာတော်၏ ဒကာတစ်ဦးမှ လျော်ကြေးငွေကို အပြည့်အဝပေးဘဲ ကျပ်သိန်း ၂၀၀ ပေးသည့်နေ့တွင် အိမ်ကို ဖြိုဖျက်ပေးရမည်ဆိုသည့် ကမ်းလှမ်းမှုဖြစ်သည်ဟု ဦးဖြူသီးခိုင်က ပြောသည်။
“ပထမဆွေးနွေးတဲ့အခါ ဆရာတော်ပေးတာကို ဦးလေးတို့က ကျေနပ်တယ်။ နောက်ထပ် တစ်ခါပြောတော့ ဆရာတော် ပေးတဲ့ငွေထဲက တစ်ဝက်ကိုပဲ ပေးမယ်ဆိုပြီးဖြစ်လာတယ်။ အဲဒီငွေတစ်ဝက်ပေးလို့ရှိရင် အိမ်ကိုဖျက်ပေးရမယ် ဆိုပြီးတော့ ပြောတယ်။ ဒါကတော့ မဖြစ်နိုင်တဲ့ကိစ္စလေ။ ငွေကို အကျေပေးမှပဲ ဦးလေးတို့ဘက်ကအဆင် ပြေမယ်လေ။ နောက်ထပ် အိမ်ရာရှာတာ၊ အိမ်ဆောက်တာတွေ ဆက်လုပ်ရအုံးမှာကို”ဟု ၎င်းကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆရာတော်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးသွားရအုံးမည်ဟု ဦးဖြူသီးခိုင်နှင့် ဦးသာနီက ပြောသည်။
ငွေများတရားနိုင်၊ မတတ်နိုင်သူကို ငွေကြေးတတ်နိုင်သူများက အနိုင်ကျင့်ဗိုလ်ကျ၊ ညှိနှိုင်းအဖြေရှာပေးခြင်းထက် ဖိအားများကိုသာ အသုံးပြုနေသော အစိုးရဝန်ထမ်းများနှင့် အသက်အရွယ်ကြီးလာသည့်အချိန်မှာ တရားရုံးရောက်၊ ဂတ်ရောက်ထပ်ဖြစ်မည့် အခြေနေမျိုးကို ထပ်မလိုချင်တော့ကြောင်း ဒေါ်စိုးရှင်၏ သားလတ် ကိုအောင်လင်းထွန်း ကပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမေက စိတ်ဓာတ်အရမ်းကျသွားတယ်။ ပြဿနာတွေနဲ့ ဆက်ပြီးသွားမယ့်အစား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသွားတော့မယ်။ အစိုးရတွေနဲ့ စကားမပြောချင်တော့ဘူး။ အဲလိုမျိုးပါ။”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဆရာတော်၏ ကြားဝင်ညှိနှိုင်းပေးမှုကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သော်လည်း ဒေါ်စိုးရှင် အနေဖြင့် ယခင်ထက် စိတ်သက်သာရာရနေပြီဟုပြောသည်။
မိဘဘိုးဘွားလက်ထက်ကပင် နှစ်ပေါင်း ၁၅၀ ကျော်ကြာ သားစဉ်မြေးဆက်နေလာခဲ့သော ဒေါ်စိုးရှင်မှာ ခြောက်နှစ်အတွင်း အိမ်ခြေမြေသနာဖြင့်သာ နပန်းလုံးနေခဲ့ရပြီး နောက်ဆုံးသူမ ဖြစ်ချင်သော ဆန္ဒကို ယခုကဲ့သို့ ပြောသည်။
“ဒီခြံနဲ့ပတ်သက်ပြီးတော့ စိတ်ညစ်ရပေါင်းများခဲ့ပြီ။ မြေနေရာရာဖယ်ပေးရမယ်လို့ သိကတည်းက ဘယ်လိုမျိုးလုပ်မယ်။ ဘာတွေလုပ်မယ်ဆိုပြီးတော့ အမျိုးမျိုးခြိမ်းခြောက်ခံရတယ်လေ။ အဲလိုမျိုး ခြိမ်းခြောက်ခံရတော့ ထမင်းမစားတဲ့ ရက်ပေါင်းက ပိုများတယ်။ ဟိုလူတစ်မျိုး၊ ဒီလူတစ်မျိုးနဲ့ သေချင်စိတ်ပေါက်အောင်ထိ စိတ်ညစ်ခဲ့ရတယ်။ အဲဒီဒဏ်တွေ ကို ကျမမခံစားချင်တော့ဘူး”ဟူ၍ဖြစ်သည်။