Home ဆောင်းပါး “အယူအဆအစွဲတွေကို အမျိုးသားတွေက အရင်တိုက်ထုတ်ရမှာဖြစ်တယ်”

“အယူအဆအစွဲတွေကို အမျိုးသားတွေက အရင်တိုက်ထုတ်ရမှာဖြစ်တယ်”

နန်းဆိုင်နွမ်။ ။

“ထဘီ” ဆိုတာ ယုတ်ညံ့တဲ့အညစ်အကြေးပစ္စည်းတစ်ခုဖြစ်ပြီး အမျိုးသားတွေအတွက် ဘုန်းကံနိမ့်စေတဲ့အရာဆိုတဲ့ ရှေးရိုး စွဲအယူအဆတွေဟာ ယနေ့ထိတိုင် ရှင်သန်နေဆဲပါ။

အဲ့ဒီ ရှေးဟောင်းအယူအဆတွေကို ချေဖျက်ဖို့အတွက် ခေတ်အဆက်ဆက်မှာ လူငယ်တွေဟာ နည်းမျိုးစုံကြိုးစားနေကြပါ တယ်။

မတ် ၈ ရက် နိုင်ငံတကာအမျိုးသမီးများနေ့မှာလည်း လူငယ်အမျိုးသားတွေဟာ အမျိုးသမီးထုကို လေးစားဂုဏ်ယူ ချီးကျူး တဲ့အနေနဲ့ အမျိုးသမီးဝတ်ထဘီကို ခေါင်းပေါင်းပြုလုပ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသမီးတွေဟာ မီးဖိုဆောင်အတွင်းသာ တည်ရှိရမှာမဟုတ်ဘဲ ကမ္ဘာအရပ်ရပ်မှာ ခေါင်းဆောင်နိုင်သူတွေ ပညာရှိသူ တွေလည်းဖြစ်တဲ့အတွက် ဂုဏ်ပြုခြင်းအားဖြင့်ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းဖြစ်တယ်လို့ လူငယ်သမဂ္ဂခေါင်းဆောင် ကိုဇော်ထက် က ဆက်ပြောပါတယ်။

တိုင်းပြည်ရဲ့ ရှေးရိုးစွဲအယူအဆတွေအရ အမျိုးသမီးဆိုရင် မီးဖိုချောင်မှာသာ အလုပ်လုပ်ရပြီး အမျိုးသားတွေက အိမ် ထောင် ဦးစီးလုပ်ရမှာဖြစ်တယ်လို့ ပုံသေသတ်မှတ်ထားကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးအင်အား တော်တော်များများဟာ စစ်အာဏာရှင် ဖြုတ်ချဖို့ ရှေ့ထွက်လာပြီး နေရာတိုင်း ကဏ္ဍတိုင်းမှာ ကြောက်ရွံ့မှုမရှိ ပါဝင်လာကြပါတယ်။ ဒါဟာ မီးဖိုချောင်ထဲမှာ သာမက အမျိုးသမီးတွေဟာ မည်သည့်နေရာမှာဆို စွမ်းဆောင်ပြနိုင်တယ်ဆိုတဲ့ သာဓကတစ်ခုပါပဲ။

“ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးထုအင်အားက တော်တော်ပါဝင်လာတယ်။ ကျနော်တို့အနေနဲ့ အမျိုးသမီး ထုကို ဂုဏ်ယူလေးစားဖွယ်လုပ်ရမယ်” လို့ ကဲ့ရဲ့ဝေဖန်မှုတွေကြားမှာ အမျိုးသမီးရဲ့ထဘီကို ခေါင်းပေါင်းကာ သပိတ်ပါဝင် ခဲ့တဲ့ ကိုဇော်ထက်က ဆိုပါတယ်။

အမျိုးသားတွေဟာ အမျိုးသမီးရဲ့ထဘီဝတ်ဆင်ပြီး ထဘီအလံထူကမ်ပိန်းလုပ်တဲ့အပေါ် အများစုကတော့ အမျိုးသမီးကို ရိုးရိုးဂုဏ်ပြုလည်းရရက်နဲ့ ထဘီကိုခေါင်းပေါင်းပြီး အရူးထလုပ်တာဟာ အပိုကြီးဖြစ်ကြောင်းနဲ့ ခေတ်လူငယ်တွေဟာ ပညာ တတ်လာတဲ့အလျောက် တဖြည်းဖြည်းနဲ့ စဉ်းစားဉာဏ်မရှိတော့ဘူး လို့ ပြစ်တင်ရှုတ်ချဝေဖန်ကြပါတယ်။

ဒီကမ်ပိန်းအပေါ် ဝေဖန်မှု၊ ပြစ်တင်မှုတွေခံရမယ်ဆိုတာ ကြိုသိခဲ့၊ စဉ်းစားမိခဲ့ကြောင်းနဲ့ ဒီကမ်ပိန်းဟာ ပြည်သူရင်ထဲ တစ်ခုခုကျန်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်ကြောင်းလည်း ကိုဇော်ထက်က ပြောပါတယ်။

“ ကျနော်တို့ ဒီလိုလုပ်တာ သက်ရောက်မှု၊ ကဲ့ရဲ့မှု ကြုံရမယ်ဆိုတာ သိပြီးသားပါ။ ကျနော်ကမမှုပါဘူး။ ဒီလိုသက်ရောက် မှုက ဂရုစိုက်ရမယ့်အရာမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

လက်ရှိ အနေအထားအရ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရေးနဲ့အတူ ဖိုဝါဒကြီးစိုးမှုပပျောက်ရေး ၊အမျိုးသမီးတန်းတူ ညီမျှရရှိရေးအတွက်နဲ့ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ ပြုပြင်ပြောင်းလဲဖို့လည်းလိုအပ်ကြောင်း ကိုဇော်ထက်က ထောက်ပြပါတယ်။

“ ကျနော်တို့ စစ်အာဏာရှင်တစ်ခုပဲ တော်လှန်ရမှာမဟုတ်ဘူး။ ကျနော်တို့တွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျနော်တို့တွေရဲ့ စိတ်မှာ ရှိတဲ့မှားယွင်းမှုတွေ စနစ်တစ်ခုလုံးတော်လှန်ရမှာဖြစ်တယ်။ မှားယွင်းတဲ့အယူအဆတွေမှာဆိုရင် အမျိုးသမီးတွေ အညစ် အကြေး မသန့်မရှင်းတာ။ အမျိုးသားတွေ တဆင့်ဘုန်းကံမြင့်နေတာတွေဟာ မဟုတ်ကြောင်း သိဖို့လိုအပ်တယ်”လို့ သူက ပြောပါတယ်။

Gender Equality အရေး ဆောင်ရွက်နေတဲ့ ကိုနွေဦးထက်က ထဘီဆိုတာ လူခန္ဓာကိုယ်အပေါ်က အဝတ်တန်ဆာတစ်ခု ဖြစ်ပြီး ထဘီကြောင့် တိုင်းပြည်ပျက်တာ ရှေးရိုးအယူစွဲဖြစ်ကြောင်း ဆိုပါတယ်။

“ ကျနော်တို့ ပြန်စဉ်းစားကြည့်ရင် တိုင်းပြည်ပျက်တာက ထဘီသပိတ်ကြောင့်မဟုတ်ဘဲ အာဏာရူးတဲ့ ဖက်စစ်အာဏာ ရှင်တွေကြောင့်သာ ဖြစ်ပါတယ်” လို့ ကိုနွေဦးထက်က ဝေဖန်ပါတယ်။

ဆက်လက်ပြီး “ ဒီကာလမှာ ကျွန်တော်တို့က ဖက်ဆစ်တပ်တွေနဲ့အတူ အယူအမှားအစွဲတွေ အားလုံးကို တိုက်ဖျက်ရမှာလို့ မြင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့မှ အမျိုးသမီးအရေးဆောင်ရွက်နေသူတစ်ဦးကလည်း ထဘီကြောင့် မြန်မာသမိုင်းမှာ တိုင်းပြည်ပျက်ခဲ့ရတာမရှိကြောင်းနဲ့ ထဘီကြောင့် အမျိုးသားတွေဘုန်းနိမ့်ကာ ဘဝပျက်ဆုံးရှုံးခဲ့တာ တစ်သက်သာမှာ မတွေ့ဖူးကြောင်း ပြောပါတယ်။

“ ကျမတို့ ရှမ်းလူမျိုးတွေက အမျိုးသမီးထဘီတင်မကဘူး အမျိုးသမီးသုံးပစ္စည်းတွေကိုပါ ရွံစရာပစ္စည်းအဖြစ် သတ်မှတ် ကြတာ။ မိခင်တွေကစ သားတွေကို ငယ်ကတည်းက အမျိုးသမီးထဘီ၊ အမျိုးသမီးအတွင်းခံ၊ အမျိုးသမီးဘော်လီတွေကို မကိုင်ဖို့ သင်ပေးနေတယ်” လို့ သူက ပြောပါတယ်။

တချို့အရာတွေမှာ အမျိုးသားတွေကိုပဲ ပြုပြင်ရမှာမဟုတ်ဘဲ သားရှင်တွေရဲ့မိခင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးရ မှာဖြစ်ကြောင်း၊ မိခင်သည်သာ ကလေးငယ်တွေရဲ့ လက်ဦးဆရာဖြစ်တဲ့အတွက် အလွန်ပင် အရေးကြီးကြောင်းလည်း ကျောက်မဲမြို့မှ အမျိုးသမီးအရေး ဆောင်ရွက်နေသူက ထောက်ပြပြောဆိုပါတယ်။

အမျိုးသမီးတွေဟာ မီးဖိုချောင်ထဲမှာပဲရှိရမယ့် အရာမဟုတ်သလို အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက် လိင်ဆက် ဆံဖို့သက်သက် မဟုတ်ကြောင်းနဲ့ အမျိုးသားတွေ သာယာပျော်ရွှင်ဖို့ အမျိုးသမီးတွေက အသုံးချခံ မဟုတ်ကြောင်း ဆို တာကို အမျိုးသားတွေကိုယ်တိုင်က သိဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီး ရာခိုင်နှုန်းဟာ လူဦးရေရဲ့ ၅၂ ရာခိုင်နှုန်းရှိတဲ့အတွက် တိုင်းပြည်သစ် တစ်ခုတည်ဆောက်တဲ့ နေရာမှာ အမျိုးသမီးတွေရဲ့ အင်အားဟာ အလွန်ပင်အရေးပါပါတယ်။

ဒါကြောင့်အမျိုးသမီးတွေကို နိုင်ငံရေးမှာဦးဆောင်နိုင်ဖို့ အမျိုးသားတွေကိုယ်တိုင်က နေရာပေးသင့်ကြောင်းနဲ့ ထဘီသပိတ် ပြုလုပ်ရခြင်းဟာ အယူဝါဒတစ်ခုတည်းကိုသာမဟုတ်ဘဲ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးကြောင်း ထဘီသပိတ်မှာပါဝင်ခဲ့တဲ့ ကိုဇော်ထက်က ယခုလို မှတ်ချက်ပြုပါတယ်။

“ ကျနော်တို့ အမျိုးသားတွေကဦးဆောင်ပြီး အမျိုးသမီးတွေရဲ့အသံကို နားထောင်ဖို့လိုအပ်သလို အမျိုးသမီးလိုအပ်ချက် တွေကိုလည်း ကူညီပေးသင့်ပါတယ်။ လက်ရှိမြန်မာလူမျိုးရဲ့ အယူအဆအစွဲတွေကိုလည်း အမျိုးသားတွေက အရင်တိုက် ထုတ်ရမှာဖြစ်ပါတယ်”

Author:

Related Articles