နွေဦးမောင်။ ။
ကိစ္စတစ်ခုနဲ့ အပြင်မသွားဖို့လုပ်နေတုန်း အိမ်ပေါ်ခေါ်တင်ထားတဲ့ သူငယ်ချင်းက သူ့အကြောင်း နန်းခမ်းလုံကို ပြောလာပါတယ်။
နောက်သုံးရက်လောက်ဆိုရင် သူထွက်သွားတော့မယ့်အကြောင်း၊ လမ်းခရီးအတွက်လည်း လိုအပ်တာတွေ ပြင်ဆင်ပြီး ကြောင်း ပြောပြခြင်း ဖြစ်ပါတယ်။
အဓိကကတော့ ရန်ကုန်မြို့လို လုံခြုံရေးတင်းကြပ်တဲ့နေရာမှာ ဆက်မနေတော့ဘဲ လွတ်မြောက်နယ်မြေဆီသွားတော့မယ့် အကြောင်း နန်းခမ်းလုံကို ရှင်းပြလာတာပါ။
သည်တော့ နန်းခမ်းလုံအဖို့ ခိုးကြောင်ခိုးဝှက်နေနေရတဲ့ သူငယ်ချင်းအတွက် စိတ်အေးသွားမိတယ်။ စိတ်ထဲကလည်း ‘အဆင်ပြေပါစေ’လို့ သူ ဆုတောင်းမိတယ်။
သူငယ်ချင်းနဲ့ စကားစမြည်ပြောပြီးတဲ့အခါ နန်းခမ်းလုံတစ်ယောက် ရန်ကုန်မြို့ထဲ ထွက်လာခဲ့တယ်။ ခမ်းလုံရဲ့ ခရီးဖော် အနေနဲ့ Silent လုပ်ထားတဲ့ လက်ကိုင်ဖုန်းလေးတစ်လုံးရယ်၊ အပြင်သွားတိုင်း လွယ်နေကျ စလင်းဘက်အိတ်လေး တစ်လုံးရယ် ဒါပဲပါတယ်။
စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူမဆို အပြင်ထွက်တာနဲ့ မလုံခြုံတော့ပါဘူး။ ပြည်သူတွေကို စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ နိုင်ငံတစ်ဝှမ်း ကျူးလွန်နေပါတယ်။
အထူးသဖြင့် နွေဦးတော်လှန်ရေးနဲ့ဆက်စပ်တဲ့သူတိုင်းကို စစ်အုပ်စုက အကြမ်းတမ်းဆုံး ကိုင်တွယ်နေခဲ့တာလည်း ဖြစ်ပါ တယ်။ ဒါပေမဲ့ နန်းခမ်းလုံကတော့ အခြေနေအားလုံးကို ဂရုမထားအားဘဲ သူလုပ်စရာရှိတာ ရဲရဲဝံ့ဝံ့လုပ်ကိုင်နေတဲ့ အမျိုး သမီးတစ်ဦးပါ။
အသက် ၃၀ စွန်းစွန်းရှိပြီဖြစ်တဲ့ နန်းခမ်းလုံဟာ ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်ပါတယ်။ သူ့ဇာတိက ရှမ်းပြည်တောင်ပိုင်း မြို့ကြီးတစ်မျိုးကဖြစ်ပေမယ့် လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်ကတည်းက ရန်ကုန်မြို့ကို ခြေချခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲ စစ်တပ်ကအာဏာသိမ်းတာနဲ့ သူလည်းရန်ကုန်မှာ ရှိနေခဲ့တယ်။ ဒါကြောင့် အသက်မွေးဝမ်း ကြောင်းအလုပ်ကနေ ထွက်လိုက်ပြီး လူမှုရေးအလုပ်တွေပဲ ဆက်တိုက်လုပ်နေခဲ့တာ ခုဆို တစ်နှစ်ကျော်ရှိပါပြီ။
သူဇောင်းပေးပြီးလုပ်ဖြစ်နေတဲ့ လူမှုရေးအလုပ်တွေက တခြားတော့မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်သူတွေရဲ့ အခက်အခဲကို နိုင်သမျှ ကူညီဖြေရှင်းပေးတာမျိုးပါ။
ခုလည်း သူ့ဆီလာပြီး ခိုလှုံနေတဲ့သူငယ်ချင်းကို အခန်းမှာထားခဲ့ပြီး နန်းခမ်းလုံ မြို့ထဲထွက်လာခဲ့တယ်။ သူကျင်လည်ခဲ့တဲ့ သက်မွေးဝမ်းကြောင်းအလုပ်ထဲက သူငယ်ချင်းတစ်ယောက် ရဲစခန်းမှာ အချုပ်ခံထားရလို့ သူနဲ့သွားတွေ့ရမှာ ဖြစ်ပါတယ်။
အချုပ်ထဲမှာ ဘာတွေလိုအပ်လည်း၊ အပြင်မှာရှိနေတဲ့ မိသားစုနဲ့ မိတ်ဆွေတွေဆီ ဘာတွေသတင်းစကားပါးချင်မလဲ စတာ တွေအတွက် သွားရောက်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ပြီးတော့ အဖမ်းခံထားရသူအတွက် ရှေ့နေကိစ္စတွေ၊ နေထိုင် စားသောက်ရေးအခြေအနေတွေကို နန်းခမ်းလုံက တတ်နိုင်သမျှ စီစဉ်ပေးရမှာပါ။
အဖမ်းခံထားရသူတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ခမ်းလုံလို အပြင်လူတစ်ယောက်က စီစဉ်ပေးနိုင်ဖို့ဆိုတာ လွယ်ကူ လှတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အစစအရာရာ ငွေလမ်းခင်းရပါတယ်။
ပထမဆုံး အဖမ်းခံရသူကို ဘယ်မှာထားတယ်၊ ဘယ်စခန်းမှာရှိနေတယ်၊ စစ်ကြောရေးတစ်ခုခုမှာရောက်နေတယ် စတဲ့ အခြေအနေတွေကိုသိရဖို့ ဆိုင်ရာတွေဆီ ငွေပေးရပါတယ်။ တချို့ဆို ကိုယ့်လူဘယ်ရောက်နေလဲသိရဖို့ နာမည်စာရင်း လေး ကြည့်ခိုင်းတာတောင် ငွေသိန်းဂဏန်းအထိ ပေးရတာမျိုးတွေလည်း ရှိပါတယ်။
အဖမ်းခံထားရတဲ့ ကိုယ့်မိတ်ဆွေ ဘယ်နေရာမှာရှိနေတယ်ဆိုတာသိရပြီးတဲ့နောက် ဒုတိယအဆင့်အနေနဲ့ လူချင်းတွေ့ခွင့် ရဖို့ ဒါမှမဟုတ် အတွင်းနဲ့အပြင် အပြန်အလှန်သတင်းစကားပါးနိုင်မယ့်လမ်းကြောင်း ရှာဖွေရပါတယ်။ သည်အတွက်လည်း ငွေက အဓိကပါပဲ။
ရဲစခန်းထဲဝင်ပြီဆိုကတည်းက ဂိတ်စောင့်ကို လဘ်ငွေပေးရပါတော့တယ်။ ပြီးတော့ ဂိတ်ကိုကျော်လာပြီးတဲ့အခါ တာဝန်ကျ အချုပ်ခန်းအစောင့်ကို ငွေထပ်ပေးရပြန်ပါတယ်။ အထဲကိုငွေသွင်းတာ၊ စားစရာနဲ့အသုံးဆောင်တွေ အထဲသွင်းတဲ့ အခါမျိုး မှာလည်း ကိုယ့်လူဆီ ချောချောမောမောရောက်သွားဖို့ လဘ်ထိုးရတာပါပဲ။
” အဲလိုမှမပေးရင် အထဲ(ရဲစခန်း)တောင် ဝင်ဖို့မလွယ်ဘူး။ ကိုယ့်လူအဆင်ပြေဖို့ ဒီနည်းလမ်းကလွဲလို့ တခြားရွေးချယ် စရာမရှိဘူး”လို့ နန်းခမ်းလုံက သူ့အတွေ့အကြုံကို ပြောပါတယ်။
ဒီတော့ မတရားဖမ်းဆီးခံထားရတဲ့ ကိုယ့်မိတ်ဆွေ နေထိုင်စားသောက်ရေးစီစဉ်ပေးတဲ့အခါ တစ်ခါသွားတွေ့တိုင်း ငွေ သောင်းဂဏန်းကုန် ကျပါတယ်။ ကုန်ကျငွေအားလုံးဟာ နန်းခမ်းလုံက သူ့အိတ်စိုက် အကုန်အကျခံ လုပ်ပေးတာပါ။
တစ်ခါတစ်လေတော့ အဖမ်းခံရသူရဲ့ မိသားစုကဖြစ်စေ၊ အသိမိတ်ဆွေတချို့ကဖြစ်စေ လိုအပ်တာဝယ်ခြမ်းပေးဖို့ စရိတ် မျှပေးတာမျိုးတော့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို အထောက်အပံ့ရတာက အနည်းစုပါ။
စစ်ကောင်စီကပြင်ဆင်လိုက်တဲ့ သတ်မှတ်ချက်ကြောင့် တစ်လမှ တစ်ကြိမ်သာထောင်ဝင်စာ တွေ့ခွင့်ရပါတယ်။ ဒါပေမဲ့ နန်းခမ်းလုံးသွားတွေ့ရတဲ့သူက ခုချိန်အထိ အားလုံးခုနစ်ယောက်ရှိပါတယ်။ အဖမ်းခံရသူခုနစ်ယောက်မှာ ငါးယောက်က အမျိုးသမီးငယ်တွေပါ။
တာမွေ၊ သာကေတ၊ လှိုင်၊ ကမာရွတ် စတဲ့စခန်းလေးခုလောက်ကို သူ့ရက်နဲ့သူသွားတွေ့ရပါတယ်။ အဖမ်းခံရသူ တစ် ယောက်ဟာ တရားရုံးမှာ စွဲချက်တင်ခံရပြီး ရုံးထုတ်တဲ့အချိန်ထိ ရဲစခန်းအချုပ်မှာ လနဲ့ချီကြာနိုင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ အမှုကိုစွဲချက်တင်နိုင်ဖို့ သက်သေအထောက်အထားရှာတဲ့အခါ အချိန်ကြာတာကြောင့်လို့ နန်းခမ်းလုံက သူ့မိတ်ဆွေတွေရင်ဆိုင်ရတဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြီး ပြောပါတယ်။
ခုဆို မိတ်ဆွေခုနစ်ယောက်အတွက် ရဲစခန်းအချုပ်ဆီသွားပြီး လိုအပ်တာတွေစီစဉ်ပေးခဲ့တဲ့ အခေါက်ရေ ၁၅ ကြိမ်ထက် မနည်းရှိပါပြီ။
လခစားအလုပ်လေးရှိချိန်တုန်းက ငွေကြေးတစ်ချို့ စုစောင်းထားခဲ့လို့ တော်သေးတယ်ပြောရမယ်။ နို့မဟုတ်ရင် နန်းခမ်းလုံ အဖို့ မလွယ်လှ။ ဒီကာလမှာ လစာပုံမှန်ရတဲ့အလုပ်ကိုနားပြီး ရံဖန်ရံခါသာငွေရတတ်တဲ့ ‘အဝယ်တော်’ အလုပ်တစ်ခု တည်းနဲ့ရပ်တည်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။
အဝယ်တော်အလုပ်ဆိုတာက ပုံမှန်မရှိသလို ထွေထွေထူးထူးတော့လည်း မဟုတ်လှဘူး။ နယ်မှာနေတဲ့ အသိမိတ်ဆွေ တချို့က သူတို့လုပ်ငန်းတွေအတွက် ကုန်ပစ္စည်းအလိုရှိတဲ့အခါ ခမ်းလုံးက လိုသမျှဝယ်ခြမ်းပြီး ကားဂိတ်သွားပို့ပေးရ တာပါ။
အဲဒီအခါမျိုးမှာ သူ့မိတ်ဆွေတွေက တန်ရာတန်ကြေးမဟုတ်သည့်တိုင် သူ့ကို အကျိုးဆောင်ခအနေနဲ့ ငွေကြေးအချို့ပေးပါ တယ်။ ရတဲ့ငွေကို လူမှုရေးအလုပ်တွေအတွက်သူက ပြန်သုံးပါတယ်။
ကျန်တဲ့အသုံးအစွဲတွေကိုတော့ တတ်နိုင်သမျှ လျှော့ချလိုက်ရတယ်။ ဒါမှ အပိုကုန်ကျငွေတွေကို လူမှုရေးအလုပ်တွေမှာ အစားထိုးသုံးနိုင်မယ် မဟုတ်လား။
အရင်ကဆိုရင်တော့ ရန်ကုန်မြို့တွင်း တစ်မြို့နယ်ကနေ တခြားမြို့နယ်တစ်ခုဆီ နယ်ကျော်သွားလာရတဲ့အခါ တက္ကစီ ငှားစီးနေကျ။ ခုတော့ တက္ကစီခအကုန်မခံတော့ဘဲ လိုင်းကားတိုးစီးတယ်။ ပြီးတော့အပြင်ထွက်တိုင်း ဆိုင်တစ်ဆိုင်ဆိုင် ဝင်ပြီး စားတတ်ပေမယ့် ခုဆို အပြင်စာ လုံးဝမစားဖြစ်သလောက် အသုံးစရိတ်တွေ လျှော့ချခဲ့တယ်။
” ဆိုင်မထိုင်ဖြစ်တာလနဲ့ချီပြီ။ အပြင်သွားမယ်ဆိုတာနဲ့ အိမ်မှာအဝစားသွားလိုက်တယ်”လို့ နန်းခမ်းလုံက အရယ်တစ်ဝက်နဲ့ ပြောတယ်။
တစ်ကယ်တမ်းပြောမယ်ဆိုရင် ရန်ကုန်လိုနေရာမျိုးမှာ ပုံမှန်ဝင်ငွေမရှိဘဲ အခန်းငှားနေပြီး အိတ်စိုက်လူမှုရေး အလုပ်တွေ လုပ်နေဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ တော်ယုံ ခံယူချက်၊ ရပ်တည်ချက်လောက်နဲ့ဆိုရင် ကမောက်ကမဖြစ်နေတဲ့ ခုလိုခေတ်ပျက်ကြီးမှာ ကိုယ့်ရဲ့ စားဝတ်နေရေးမှ အနိုင်နိုင်ဖြေရှင်းနေကြရတာပါ။
သူ့အဖို့တော့ နယ်ကမိဘတွေက စရိတ်ထောက်ပံ့တာ၊ အဝယ်တော်အလုပ်ကရတဲ့ အကျိုးဆောင်ခနဲ့ အရင်က စုဆောင်း ထားတာလေး ထုတ်သုံးနိုင်နေလို့ ခုထိရပ်တည်နေနိုင်လို့ နန်းခမ်းလုံက ရင်ဖွင့်ပါတယ်။
နန်းခမ်းလုံမှာ ထောင်ဝင်စာတွေ့တဲ့အလုပ်တစ်ခုတင်မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ကုန်(၂၀၂၁) လောက်အထိ နွေဦးတော်လှန် ရေးနဲ့ ဆက်စပ်သူတွေ ရှောင်တိမ်းနေနိုင်မယ့်နေရာတွေဆီ ချိတ်ဆက်ပို့ဆောင်ပေးရတာတွေရှိခဲ့ပါတယ်။
ပုဒ်မ ၅၀၅ ထုတ်ခံထားရလို့ဖြစ်စေ၊ စစ်ကောင်စီတပ်က အဖမ်းအဆီးအစစ်အဆေးများလာလို့ဖြစ်စေ နွေဦးနဲ့ ဆက်စပ် သူတွေဟာ ဘေးလွတ်ရာရှောင်ကြရပါတယ်။ ဒီအခါမျိုးမှာ နန်းခမ်းလုံက Safe House(လုံခြုံမှုရှိတယ်လို့ ယူဆတဲ့နေရာ) လိုနေရာလေးတွေ ရှာဖွေပေးရပါတယ်။
Safe House ရှာပေးရသူတွေထဲမှာ ကျန်းမာရေးနယ်ပယ်ကသူပါသလို၊ သပိတ်အဖွဲ့ဝင်လူငယ်တချို့လည်းပါတယ်။ ပြီးတော့ မြို့ပြပြောက်ကျားတချို့ပေါ့။ အားလုံး ခြောက်ယောက်ရှိခဲ့ပါတယ်။
သူ့အိမ်လာနေပြီး သုံးလလောက်ကြာတော့ လွတ်မြောက်ထွက်တော့မယ်လုပ်မှ အဖမ်းခံလိုက်ရတဲ့သူငယ်ချင်းနဲ့ပါဆို ခုနစ် ယောက်ပါ။ အဲဒီသူငယ်ချင်းက ကံဆိုးချင်တော့ ခရီးထွက်ဖို့ သုံးရက်သာလိုတော့တဲ့အချိန်မှာပဲ အဖမ်းခံလိုက်ရတာဖြစ် ပါတယ်။
ကနဦးခြောက်ယောက်မှာ သုံးယောက်က လွတ်မြောက်နယ်မြေတချို့ဆီ ရောက်သွားကြပါပြီ။ ဒါပေမဲ့ သုံးယောက်ကတော့ ခမ်းလုံစီစဉ်ပေးထားတဲ့နေရာကနေ ထွက်သွားပြီးကတည်းက အဆက်အသွယ်လုံးဝ မရတော့ပါဘူး။
” အဖမ်းခံလိုက်ရတာတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ တစ်ကယ်လို့သာ အဖမ်းခံရတယ်ဆိုရင် သတင်းအစအန ထွက် လာမှာပဲ။ အခုက ဘာသတင်းမှမကြားရဘူး။ ကျွန်မကို သူ့တို့နဲ့အဆက်အသွယ်ရှိတာ စကစ ဘက်က သိမှာစိုးရိမ်လို့ အဆက်အသွယ်ဖြတ်ထားတယ်လို့ပဲ ယုံကြည်နေတယ်”လို့ သူ့ထင်မြင်ချက်ကို ခမ်းလုံက ပြောပါတယ်။
နန်းခမ်းလုံအနေနဲ့ကတော့ သူ့ကိုအဲဒီလောက်အထိတွေးပေးလဲ အဆင်ပြေတယ်လို့ပြောပါတယ်။ ဘာကြောင့်လည်းဆို တော့ စစ်တပ်ကခုလိုအာဏာသိမ်းထားပြီး လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျနေတာကို သူက မနစ်မြို့တာကြောင့်ပါ။
အာဏာရှင်စနစ်ကို ရှေ့ကနေရဲရဲဝံ့ဝံ့ အသက်၊ သွေး၊ ချွေးတွေပေးစပ်ပြီး တိုက်ပွဲဝင်နေတဲ့ လူငယ်တွေလောက် မပေး စပ်နိုင်ပေးမယ့် ခုလိုနိုင်ရာတာဝန်ထမ်းပြီး သဲတစ်ပွင့်ဖြစ်ဖြစ် ပါဝင်နေနိုင်တာကိုပဲ သူက ကျေနပ်နေတာပါ။
ဒါကြောင့်လည်း နွေဦးတော်လှန်ရေးမှာ ပေးစပ်စွန့်လွှတ်နေတဲ့ လူငယ်တွေရဲ့ အနစ်နာခံမှုကို သူက လေးစားအသိမှတ်ပြု တဲ့အနေနဲ့ လူမှု ရေးအလုပ်တွေ လုပ်ဖြစ်နေတာလို့ နန်းခမ်းလုံက ပြောပါတယ်။
” ဒီနွေဦးမှာ လူငယ်တွေရဲ့ပေးစပ်မှုနဲ့စာရင် ကျွန် မလုပ်နေတယ်ဆိုတာက မြူမှုန်လောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီတာဝန် တွေကို ကျွန်မရပ်တည်နေနိုင်သမျှ ဆက်ပြီးထမ်းချင်ပါသေးတယ်”လို့ သူက ရင်ဖွင့်ပါတယ်။