Honest Information။ ။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မတ်လ ၈ ရက်နေ့မှာ ထဘီအလံနဲ့ထဘီသပိတ်တွေ နိုင်ငံနဲ့အဝန်းပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသားတွေ ကလည်း ထဘီတွေခေါင်းပေါင်းပြီး သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့ကြသလို အဲ့ဒီနေ့မှာပဲ အမျိုးသားတွေ ကိုယ်တိုင်ထဘီ ခေါင်းပေါင်းတာ၊ ထဘီခြုံတာတွေပြုလုပ်ပြီး လူမှုကွန်ရက်မှာ ထဘီကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ကြတယ်။
အဲ့ဒီနောက်ပိုင်း အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း ထဘီအလံတွေအသုံးပြုကာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေ တစ်နှစ်လုံးထွက်ခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေကပါ ထဘီအလံတွေ ကိုင် ဆောင်တာ၊ ထဘီခေါင်းပေါင်းပြီး သပိတ်စစ်ကြောင်းတွေထွက်ခဲ့ကြပါတယ်။
ဒီနှစ်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာလည်း ထဘီအလံနဲ့ ထဘီသပိတ်တွေ ထပ်မံပေါ်ထွက်လာ ခဲ့ပါတယ်။ ဒီလို ထဘီအလံနဲ့ထဘီကမ်ပိန်းတွေအပေါ် သဘောထားအမျိုးမျိုးကွဲလွဲမှုတွေလည်း ရှိကြပါတယ်။ အဲ့ဒါကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသားတွေအနေနဲ့ ထဘီအလံနဲ့ထဘီသပိတ်တွေအပေါ် ဘယ်လိုသဘောထားအမြင် တွေ ရှိလဲဆိုတာနဲ့ပတ်သက်ပြီး အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
ကိုမင်းချမ်းစိုး (မွန်ပြည်နယ်)
ကျွန်တော်တို့လည်း ပါဝင်ခဲ့တယ်။ အမျိုးသမီးတွေထဘီကမ်ပိန်းလုပ်နိုင်တာကို ကျွန်တော်ကတော့ တကယ်ဂုဏ်ယူတယ်။ ဘာလို့ဆို သူတို့လည်းလုပ်ခွင့်ရှိတယ်။ သူတို့လည်း ဒီနိုင်ငံသားတွေဖြစ်လို့ သူတို့မကြိုက်တာကို လက်မခံကြောင်း ထုတ်ဖော်သင့်တယ်လို့ မြင်တယ်။ ထဘီအလံသပိတ်လုပ်တုန်းကပါဝင်ခဲ့တယ်။ ထဘီတွေလိုလို့ ကျွန်တော့်အမေ့နဲ့ အသိ တွေဆီက ထဘီတွေလိုက်စုပေးလိုက်ရသေးတယ်။ အာဏာရှင်ကိုတော်လှန်ဖို့ဆိုရင် ဘယ်တော်လှန်ရေးမဆို ကျွန်တော် ကတော့ပါဝင်မှာပါပဲ။ အမျိုးသားရယ်၊ အမျိုးသမီးရယ်ခွဲမနေပါဘူး။ အားလုံးကအတူတူပါပဲ။ အမျိုးသမီးအလုပ်၊ အမျိုးသားအလုပ်ရယ်ခွဲနေရင် တော်လှန်ရေးက အောင်မြင်မှာမဟုတ်တော့ဘူး။
ထဘီကမ်ပိန်းမှမဟုတ်ပါဘူး။ ကျွန်တော်က စစ်အာဏာရှင်ကိုတော်လှန်နေတဲ့သပိတ်တွေ၊ ကမ်ပိန်းတွေ၊ တိုက်ခိုက်မှု တွေအားလုံးကို ကြိုက်တယ်။ အားပေးတယ်။ ဘာလို့ဆို ကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်က အတူ တူ ဖြစ်နေလို့ပါ။ အဲ့တော့ ဘယ်နည်းလမ်းပဲဖြစ်ဖြစ် အာဏာရှင်ကိုပြုတ်ကျသွားဖို့လုပ်တဲ့ကိစ္စမှန်သမျှကိုတော့ ကျွန်တော် က ထောက်ခံအားပေးနေမှာပါပဲ။ အမျိုးသမီးတွေ ထဘီကမ်ပိန်းလုပ်တာက အာဏာရှင်ဟာ သူတို့ဝတ်တဲ့ထဘီတစ်ထည် လောက်တောင် သူတို့ကို ကာကွယ်မပေးနိုင်ဘူးဆိုတဲ့သူတို့ရဲ့ရည်ရွယ်ချက်က သိပ်ကိုထူးခြားတယ်။ နောက်သူတို့အဲ့လို လုပ်လိုက်တော့ အာဏာရှင်တွေ တုန်လှုပ်သွားတာကို ကျွန်တော်တို့ပထမဆုံးမြင်ရတယ်။ ဒါဟာနွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအစပါပဲ။ ဒါကြောင့်အမျိုးသမီးတွေဟာ ဒီတော်လှန်ရေးမှာလုပ်နိုင်တဲ့အခွင့်အရေးကိုအသုံးချပြီး အာဏာရှင်ကို တော်လှန်နေ တာလို့ ကျွန်တော်ကတော့ မြင်ပါတယ်။
ထဘီဖြစ်လို့ အမျိုးသမီးပဲ ဦးဆောင်ရမယ်။ ပါဝင်ရမယ်ဆိုတော့ ကျွန်တော်လက်မခံပါဘူး။ တချို့က အဲ့ဒီကမ်ပိန်းထဲ ပါတဲ့သူတွေကို ထဘီကြီးခြုံလို့ အခြောက်ကြီးကျနေတာပဲတို့၊ ထဘီအောက်ဝင်တဲ့ကောင်က ထဘီကြိုက်တဲ့ကောင်ဆိုပြီး ပြောကြတယ်။ အဲ့လိုပြောတဲ့သူတွေက အမျိုးသားနဲ့ အမျိုးသမီးတွေကို ရန်တိုက်ပေးနေတာလို့ မြင်တယ်။ ဘာလို့ဆို ထဘီခြုံတာနဲ့ အခြောက်ဖြစ်တာမှမဟုတ်တာ။ ကျွန်တော်ဆိုထဘီပုံကြားမှာကြီးလာတာပဲ။ အခြောက်မှမဖြစ်တာ။ ကျွန်တော်ကအမေနဲ့ အမနှစ်ယောက်ကြားမှာ ကြီးပြင်းရတော့ ငယ်ငယ်ကတည်းက သူတို့ထဘီတွေ၊ အတွင်းခံ တွေလျှော် ရတယ်။ ဘာလို့ဆိုသူတို့အားလုံးက အလုပ်တွေကိုယ်စီနဲ့ဆိုတော့ ကျွန်တော်ကအားနေတော့ လုပ်ပေးရတယ်။
အမျိုးသားတွေဦးဆောင်တော့ အမျိုးသမီးတွေအားရှိတာပေါ့။ တချို့ဆိုကိုယ့်ရဲ့ကောင်မလေးကို လိုက်စောင့်ရှောက်ရင်း ပါလာတယ်။ ကိုယ်ရဲ့အိမ်သူလိုက်ပါကူညီပေးနေတဲ့ အမျိုးသားတွေလည်းပါ ပါလာတော့ ဒီတော်လှန်ရေးကြီးဟာ မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ အင်အားအပြည့်နဲ့ အာဏာရှင်ကို တော်လှန်နေတာဘယ်လောက်အားရစရာကောင်းလဲ။ ပြည်သူတစ်ရပ်လုံး ပါဝင်တဲ့တော်လှန်ရေးဆိုတာ ဒါကိုပြောတာပဲလေ။ ကျွန်တော်ကတော့ အဲ့လိုပဲမြင်ပါတယ်။
ကိုပြည့်အောင်နိုင် (ကနီမြို့နယ်သပိတ်ဦးဆောင်သူ၊စစ်ကိုင်းတိုင်းဒေသကြီး)
အမျိုးသမီး အသုံးအဆောင်ဖြစ်တဲ့ ထဘီကမ်ပိန်းပေါ့၊ ဒါတွေလုပ်နေတာကိုကြားတော့ကြားမိတယ်။ ရန်ကုန်မှာလုပ်တာ တွေ၊ နောက်အွန်လိုင်းမှာရောတွေ့မိပါတယ်။ အမျိုးသမီးတွေဝတ်ဆင်ခဲ့တဲ့ထဘီကို အမျိုးသမီးတွေကလည်း မြင့်မြတ်တဲ့ သူတွေပဲ၊တန်းတူဖြစ်နေပြီ ပုံစံအမျိုးမျိုးနဲ့ လူထုစိတ်ဝင်စားလာအောင် နိုင်ငံတကာမှာလည်း စိတ်ဝင်စားအောင် လုပ်တာ နဲ့တူပါတယ်။
တစ်ချက်ရှိတာက ကျွန်တော်တို့ဘက်မှာ အင်တာနက်လိုင်းလည်း ဖြတ်ခံထားရတော့ လိုင်းဖွင့်တဲ့အချိန်မှ အော် ထဘီ တွေနဲ့ ကမ်ပိန်းတွေလုပ်ကြတယ်။ ဘာရည်ရွယ်ချက်နဲ့လုပ်တာလည်း ကိုယ်တိုင်ပုံဖော်ပြီး စဉ်းစားရတယ်။ လုပ်ဆောင် သူတွေအနေနဲ့လည်း ရည်ရွယ်ချက်တွေ ရှိနိုင်ပါတယ်။ ထဘီကမ်ပိန်းတွေလုပ်တာကို ကြိုက်လားဆိုရင် တစ်ရာရာခိုင်နှုန်း တော့မကြိုက်ဘူးပေါ့။ ဘာလို့ဆို ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူအဆဆိုတာထက် မြန်မာတွေရဲ့ ရှေးရိုးထုံးတမ်းစဉ်လာ တွေမှာဆို အမျိုးသမီးတွေရဲ့ ထဘီနဲ့ပတ်သတ်ပြီး ရှေးရိုးအယူတွေမှာ ဘုရင်တစ်ချို့တောင် မှဲ့ရှင်တွေပျောက်ပြီး စစ်ရှုံး တာတွေ ပြောနေကြတာတွေရှိတယ်။ အမျိုးသမီးနဲ့အမျိုးသားက တန်းတူလို့ပြောကြပေမယ့် ကျွန်တော်တို့အနေနဲ့ အမျိုး သမီးတစ်ယောက်ရဲ့ ထဘီကိုတော့ ခေါင်းမပေါင်းနိုင်ဘူးလေ။ ဦးခေါင်းဆိုတာက မြင့်မြတ်တဲ့နေရာအဖြစ် အထွဋ်အထိပ် ထားတဲ့ နေရာဆိုတော့ တစ်ရာရာခိုင်နှုန်းတော့ မကြိုက်ဘူးပေါ့။
အမျိုးသမီးတွေကတော့ တန်းတူအခွင့်အရေးတွေ ရနိုင်တယ်ဆိုပေမယ့် တခါတလေကျတော့ ဒီလိုကမ်ပိန်းလုပ်ရင် ကျွန်တော်တို့က ရှေးရိုးစွဲအယူအဆတွေနဲ့ ကြီးပြင်းလာတဲ့ လူမှုအသိုင်းအဝိုင်းဆိုတော့ ဒါမျိုးတွေလုပ်တာကို ရည်ရွယ်ချက် တိတိပပနဲ့မသိတော့ ဝေဖန်ကောင်းဝေဖန်နိုင်ပါတယ်။ ဝေဖန်လို့လည်းရပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဆို အင်တာ နက်ရတဲ့ဒေသနည်းတော့ သူတို့ပေးချင်တဲ့ မက်ဆေ့ချ်ကို ရင်ထဲခေါင်းထဲတော့ တိုက်ရိုက်မရောက်နိုင်ဘူးပေါ့။ အဲဒီအတွက် လည်း အမြင်အမျိုးမျိုးတွေကွဲပြားသွားနိုင်တယ်။ အမျိုးသားနဲ့အမျိုးသမီး တန်းတူအခွင့်အရေးရစေဖို့ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ဦးဆောင်သူတွေကိုတော့ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာဖြစ်တဲ့အတွက် အပြစ်ပြောစရာမရှိဘူး။ ရှေးရိုးစွဲ အသိုင်းအဝိုင်း ပုံစံခွက်တွေနဲ့ ကြီးပြင်းလာတဲ့ မြန်မာနိုင်ငံအတွင်းမှာ ဝေဖန်ကောင်းဝေဖန်ပါလိမ့်မယ်။ ဘယ်လိုပင်ဝေဖန် ပါစေ ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းလုပ်ကြတော့ အဲ့ဒီဒေသမှာတော့ အောင်မြင်တဲ့ပုံစံတော့ဖြစ်နိုင်ပါတယ်။ ကျွန်တော့် ဘက် ဒေသမှာတော့ ဒီကမ်ပိန်းကိုသိပ်လည်းမပါဝင်သလို သိပ်လည်း စိတ်မဝင်စားကြဘူး။ အဓိကက စစ်ခွေးတွေလာရင် ငါတို့တိုက်မယ်ချမယ်။ မနိုင်နိုင်အောင်ချမယ် ဒါပဲစိတ်ဝင်စားတယ်။ အွန်လိုင်းမှာ ကမ်ပိန်းတွေ ဘယ်လောက်ပဲလုပ်လုပ် အင်တာနက်မရတဲ့ဒေသဆိုတော့ မပူးပေါင်းမပါဝင်နိုင်ဘူး။ ကမ်ပိန်း လုပ်တဲ့သူကိုပြောချင်တာကလည်း ပြည်သူ့လက်နက် ကိုင်တော်လှန်ရေးမှာ ပြည်သူလူထုအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင်နိုင်သလဲ ဘယ်လိုလုပ်နိုင်လဲဆိုတဲ့ ကမ်ပိန်းတွေကို များများလုပ်သင့်တယ်လို့အကြံပြုချင်တယ်။
ကိုအောင်အောင် (အရောင်းအဝယ်၊မကွေးတိုင်း)
ထဘီကမ်ပိန်းတွေလုပ်တာကို သိပါတယ်။ အများသူငှာပိုမိုပြီး သိအောင် လူပ်ရှားမှုတစ်ခုအနေနဲ့လုပ်တာ ဖြစ်တဲ့အတွက် လူအများစိတ်ဝင်စားအောင်ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို အများပြည်သူသိအောင် ထူးခြားအောင် လုပ်တယ် လို့ပဲမြင်ပါတယ်။ ထဘီကမ်ပိန်းနဲ့ပတ်သက်ပြီး ရန်ကုန်မှာ မနှစ်ကတစ်ကြိမ်သွားဖူးပါတယ်။ ဆန္ဒပြပွဲတွေမှာ တန်းထားတဲ့ ထဘီတန်းတွေအောက်ကလည်း ဖြတ်လျှောက်ခဲ့တာပါပဲ။ အဆင်ပြေရင်တော့ပါဝင်လိုက်ပါတယ်။ ထဘီကမ်ပိန်းတွေ လုပ်နေတာကိုကြိုက်တယ်၊ မကြိုက်ဘူးဆိုတာတော့မရှိပါဘူး။ အဓိကကတော့ကမ်ပိန်းလုပ်ရတဲ့ အကြောင်းအရာက အဓိကလို့ထင်ပါတယ်။ ဘာအတွက်လုပ်တာလဲ။ ဘာကိုရည်ရွယ်တာလဲဆိုတာပါပဲ။ အခုလုပ်တဲ့ထဘီကမ်ပိန်းက အပြည် ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဦးတည်လုပ်တယ်။ နိုင်ငံတကာမှာလည်း ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုက်တဲ့ပွဲတွေကို ကျင်းပကြတာတွေ့ရတယ်။ ထဘီကတော့မြန်မာနိုင်ငံအပါအဝင်နိုင်ငံအနည်းစုပဲ ဝတ်ဆင်တာတွေ့ရပါတယ်။ ဒါကြောင့် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကိုပေးချင်တဲ့ Message ကို ပြည်တွင်းပြည်ပပိုသိအောင်လုပ်တယ်လို့ပဲမြင်ပါတယ်။ ဘယ်သူဦးဆောင်တယ်ဆိုတာထက် ဘယ်လောက်အောင်မြင်လည်းဆိုတာက ပိုပြီးအဓိကကျမယ်ထင်ပါတယ်။
ကိုစောသာဘိုး (ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့၊ကရင်ပြည်နယ်)
ကျွန်တော်က ဒီရက်ပိုင်း ဖေ့ဘွတ်ခ်မကြည့်ဖြစ်တော့ သေချာမသိဘူး ဘာတွေဖြစ်နေလဲဆိုတာ ။ ထဘီကို ကမ်ပိန်း လုပ်တာကတော့ ကျွန်တော့်အမြင်ကောင်းပါတယ်။ ကျွန်တော်ကတော့မသိလိုက်ဘူး၊ မပါဝင်ဖြစ်ဘူး။ အဓိကက ဘာ အတွက် ထဘီကမ်ပိန်းလုပ်တာလဲ အမျိုးသမီးနေ့အနေနဲ့လား၊ ဘာကိုအဓိကပေါ်လွင်စေချင်တာလဲ၊ ထဘီက ဘုန်းနိမ့်တာ တို့ကတော့ အယုံအကြည်မရှိဘူး။ အဓိက ဘာကိုသူတို့ပြောချင်တာလဲတော့မသိပေမယ့် မြန်မာပြည်မှာ အမျိုးသမီး တော်တော်များများက လုပ်နိုင်စွမ်းရှိကြပေမယ့် လုပ်ခွင့်မရတာတွေ အများကြီးရှိနေပါတယ်။ ဥပမာ သားကို ပညာပို သင်ခွင့်ပေးတာ။ သမီးဆို အိမ်တွင်းမှုအလုပ်ပဲ ပိုလုပ်ခိုင်းတာမျိုးကတော့ပတ်ဝန်းကျင်မှာ ရှိနေဆဲပဲ အထူးသဖြင့် နိုင်ငံရေး ၊ စစ်ရေးနေရာတွေမှာ အမျိုးသမီးတွေက တန်းတူခွင့်မရှိဘူးဆိုတာ မြင်သာပါတယ်။ မြန်မာပြည်မှာ အမျိုးသမီးတွေကို လူအများစုက လုပ်နိုင်စွမ်းအားနဲ့ပတ်သပ်ပြီး ရှုမြင်တာအမြင်ကျဉ်းသေးတယ်လို့ပြောလို့ရတယ်။ အမျိုးသမီးတွေက တန်းတူ ညီမျှအခွင့်အရေးအတွက်ကတော့ တိုက်ပွဲဝင်ရဦးမှာပဲ။ အမျိုးသမီးအများစုက မှီခိုဆိုပြီးအမျိုးသားအောက်မှာ နေထိုင်ရမယ် ဆိုတဲ့လက်ရှိရှုမြင်တဲ့အမြင်ကိုတောင် ပြောင်းဖို့ အချိန်ယူရအုန်းမယ် ။ ဒါတွေက ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်တွေက ရိုက်သွင်းထားတော့ အဲဒီက စပြင်မှရမယ်ထင်တယ်။
ထဘီကမ်ပိန်းကို အမျိုးသားပါဝင်လာတာက အရမ်းကောင်းပါတယ်။ အရေးကြီးဆုံးက ကမ်ပိန်းသာမက နေ့စဉ်ဘဝမှာ အမျိုးသားတွေ အများစုက အမျိုးသမီးတွေအပေါ် အကြမ်းဖက်လေ့ရှိပါတယ်။ ဒါမျိူးမရှိဘဲ အပြန်အလှန်နားလည်မှုတွေ အချင်းချင်းချစ်ခြင်းနဲ့ ကူညီကြဖို့က လူတိုင်းအခြေခံနားလည်ကျင့်သုံးဖို့ပိုအရေးကြီးပါတယ်။ ဒီကမ်ပိန်းတွေအပေါ် ကျွန်တော်ကတော့ အခွင့်ရေးရရင်ပါဝင်မယ်။ ဘယ်လိုပါဝင်ရမလဲအပေါ်မူတည်တာပေါ့။ ကျွန်တော်က အပျော်သဘော မလုပ်လို့ပါ။ တိုင်းရင်းသားယဉ်ကျေးမှုတွေမှာ ထဘီနဲ့ပတ်သတ်ပြီး ကန့်သတ်လားဆိုတာတော့ အဲ့ဒါကတော့ ကျွန်တော် လည်းသေချာမသိဘူး။ ကျွန်တော်တို့မှာတော့ ထဘီနဲ့ပတ်သတ်ပြီး ကန့်သတ်တာတော့မရှိဘူးလို့ထင်တယ်။ ဘာလို့ဆို အထူးသဖြင့် ကရင်လူမျိုးမှာက အတူတူပဲလုပ်ကြတယ်။ စစ်ပူကာလ ဖြတ်လေးဖြတ်ကာလမှာဆိုရင်တောင် သူကြီး တွေက အမျိုးသမီးပဲလုပ်ကြတယ် ၊ ဒါပေမယ့် နည်းနည်း ဘာသာရေးအနေနဲ့ကတော့ အချို့နေရာမှာ ကန့်သတ်တာတွေ ရှိနေပါတယ်။ တခြားတိုင်းရင်းသားမှာကတော့ ကျွန်တော်လည်း အသေအချာမသိဘူး ။ သေချာတာကတော့ ဒီဘက် ခေတ်မှာ ထဘီဆိုတာက ဝတ်တဲ့လူတောင်နည်းလာလို့ ပြန်ပြီးကန်ပိန်းလုပ်ရမလိုတောင် ဖြစ်နေပြီ။ အဓိက ဘာဝတ်ဝတ်ပါ တန်းတူညီတူ အခွင့်အရေးကတော့ အမျိုးသမီးတိုင်းရဖို့ လိုအပ်ပါတယ်။
ကျောင်းဆရာတစ်ဦး (မောင်တောမြို့၊ရခိုင်ပြည်နယ်)
လိုင်းပေါ်မှာ ထဘီကမ်ပိန်းတွေလုပ်တာတွေ့တယ်။ ထဘီဆိုတာက အမျိုးသားရော အမျိုးသမီးအတွက်ရော သိပ်ဆန်းတဲ့ အရာမဟုတ်ပါဘူး။ ဘာလို့ဆို လူတွေက အမေ့ရဲ့ထဘီအောက်က ထွက်လာကြတာလေ။ လူတိုင်းသိပါတယ်။ ဒီလို ကမ်ပိန်းတွေက လုပ်သင့်တာကြာပါပြီ။ ကိုယ်တိုင်တောင်ပါဝင်ချင်တယ်။ Gander အရ အသိပညာပေးမှုတွေ အားနည်း နေသေးတဲ့ ကျေးလက်ဒေသတွေမှာဆိုရင်တော့ ဒါကအဆန်းလိုဖြစ်နေမယ်။ ထဘီကမ်ပိန်းတွေ များများလုပ်ပေးမှလည်း Gander နဲ့ ပတ်သက်လို့ ပိုသိလာကြမှာလေ။ ဒီလိုမဟုတ်ရင် ဖိုဝါဒကြီးစိုးမှုက ဆက်ရှိနေမယ်။ အားပေးနေပါတယ်။ ဆက် လုပ်ကြပါ။ အားပေးနေပါတယ်။