Home မေးမြန်းခန်း “ထဘီအလံသပိတ်အပေါ် အမျိုးသားတွေအမြင် “

“ထဘီအလံသပိတ်အပေါ် အမျိုးသားတွေအမြင် “

Honest Information (HI)

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မတ်လ ၈ ရက်နေ့မှာ ထဘီအလံနဲ့ထဘီသပိတ်တွေ နိုင်ငံနဲ့အဝန်းပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသားတွေ ကလည်း ထဘီတွေခေါင်းပေါင်းပြီး သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့ကြသလို အဲ့ဒီနေ့မှာပဲ အမျိုးသားတွေ ကိုယ်တိုင်ထဘီ ခေါင်းပေါင်းတာ၊ ထဘီခြုံတာတွေပြုလုပ်ပြီး လူမှုကွန်ရက်မှာ ထဘီကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ကြတယ်။

အဲ့ဒီနောက်ပိုင်း အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း ထဘီအလံတွေအသုံးပြုကာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေ တစ်နှစ်လုံးထွက်ခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေကပါ ထဘီအလံတွေ ကိုင် ဆောင်တာ၊ ထဘီခေါင်းပေါင်းပြီး သပိတ်စစ်ကြောင်းတွေထွက်ခဲ့ကြပါတယ်။

ဒီနှစ်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာလည်း ထဘီအလံနဲ့ ထဘီသပိတ်တွေ ထပ်မံပေါ်ထွက်လာ ခဲ့ပါတယ်။ ဒီလို ထဘီအလံနဲ့ထဘီကမ်ပိန်းတွေအပေါ် သဘောထားအမျိုးမျိုးကွဲလွဲမှုတွေလည်း ရှိကြပါတယ်။ အဲ့ဒါကြောင့် ထဘီအလံနဲ့ထဘီသပိတ်တွေအပေါ် ဘယ်လိုသဘောထားအမြင်တွေရှိလဲဆိုတာနဲ့ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်အချို့က အမျိုးသားတွေရဲ့အမြင်ကို ဟိုင်းအနေနဲ့ လက်လှမ်းမှီသလောက် မေးမြန်းကာ ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။

စိုင်းဟန် (ရှမ်းပြည်မြောက်ပိုင်း)
လုပ်ဆောင်ချက်တိုင်းမှာ ယုတ္တိတန်တဲ့ကြောင်းကျိုးမှန်ကန်တဲ့ ရလဒ်ကောင်းရမယ်ဆိုတာ သေချာတယ်။ ဆိုးကျိုး တစုံ တရာမရှိဘူးဆိုရင်တော့ လုပ်ဆောင်ချက်တိုင်းကိုကြိုဆိုပါတယ်။ ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကို ဃဂနဏ မသိတော့ ကောက်ချက်မချလိုပါဘူး။ အမျိုးသမီးထဘီက ယုတ်ညံ့တယ် ဘုန်းကံနိမ့်စေတယ် ဆိုတာကိုတော့ လက်မခံပါဘူး။ လောကီသညာ(သတ်မှတ်ချက်)တွေပါ။ ယုတ်ညံ့တယ်ဆိုတာ ပစ္စည်းနဲ့မဆိုင်ပါဘူး အမူအကျင့်အလုပ်နဲ့သာပိုသက်ဆိုင် ပါတယ်။ ပုဆိုးဖြစ်ဖြစ် ထဘီဖြစ်ဖြစ် သူ့ရဲ့ပရမတ္တ အမှန်တရားက ပိတ်စပါဘဲ ထဘီဆိုတာ ပညတ် အမည်သတ်မှတ် ထားတာပါဘဲ။ အမှန်တရားကို ခွဲခြမ်းစိတ်ဖြာတတ်အောင် အမြင်ဖွင့်ပေးပြီး ဖြေဖျောက်ပေးရမယ်။ မောင်ဖြူ၊မနီ အဲဒါ ပညတ်၊ မှန်ကန်မှုနယ်ပယ်ကျဉ်းတယ်။ အမျိုးသား၊အမျိုးသမီးလို့မြင်ရင် မှန်ကန်မှုနယ်ပိုကျယ်လာတယ်။ လူဆိုတဲ့အမည်နဲ့ မြင်ပြီဆိုရင်တော့ ပိုပြီးပြည့်စုံတဲ့အမြင်ဖြစ်ပြီ။ ခွဲခြားကန့်သတ်မှု မတရားမှုတွေ နည်းပါးသွားပြီပေါ့။ ဘယ်လောက် ကျယ်ကျယ် ကြည့်မလဲ အမှန်ဆုံးအထိ ဘယ်လောက်ခွဲခြမ်းစိတ်ဖြာကြည့်နိုင်မလဲ။ မဟုတ်တဲ့အစွဲတွေကို ပညာနဲ့လျှော်ဖွပ် ရမှာပေါ့။ ဒါပေမဲ့ လောကပညတ်ဆိုတာကိုလဲ လုံးဝမျက်ကွယ်ပြုလို့မရတော့ ဘယ်အရာကိုမဆို အစွန်းမရောက်ဖို့ကြီးစွာ သတိထားရပါမယ်။

ဦးစိုင်းလုံ (ရှမ်းပြည်အရှေ့ပိုင်း)
ထဘီကို အလံလုပ်တယ်။ နောက် ခေါင်းမှာစီးတယ်ဆိုတာတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ ကျွန်တော်လည်း မကြားဖူးခဲ့ဘူး။ အလံဆိုတာမွန်မြတ်တယ်။ လူမျိုးတစ်ခုရဲ့တန်ဖိုးထားရမယ့်အရာလေ။ ရှင်းရှင်းပြောရရင် ကျွန်တော်က အ ဝတ်တန်းအောက်တောင်မဝင်ဘူး။ ထဘီမပြောနဲ့ အမျိုးသမီးအဝတ်တန်းအောက်တောင် ကျွန်တော်မဝင်ဘူး။ ကျွန်တော် က ရိုးရာဆေးမင်ကြောင်ထိုးထားတော့ အဝတ်တန်းအောက်တွေဆိုဝင်မရဘူး။ နောက်ထဘီအောက်တွေကိုဝင်ရင် ယောကျာ်းတွေက ဘုန်းမရှိဘူးလေ။ ဘုန်းနိမ့်တယ်။ အိမ်ရှေ့မှာ အမျိုးသမီးထဘီတွေ အတွင်းခံလှမ်းရင်လာဘ်ပိတ်တယ်။ ကိုယ့် အိမ်ရှေ့မှာအတွင်းခံတွေထဘီတွေလှန်းတာက ကိုယ့်အရှက်သိက္ခာ မရှိတာပဲပြောရမယ်။ အခုက ထဘီတွေကို အလံ လိုလုပ်တော့ ကျွန်တော်လည်း မစဉ်းစားတတ်ဘူး။

ဦးခွန်တုတ် (ပအိုဝ်းလူမျိုး)
ထဘီအလံလုပ်တာတော့ မကောင်းဘူး။ မတင့်တယ်ဘူး၊ အလံဆိုတာ အမြင့်မှာနေတဲ့အမျိုးဆိုတော့ ကြည့်ရတာ ရိုင်း တယ်ပေါ့။ ဗုဒ္ဓဘာသာအရကြည့်မယ်ဆိုရင်တော့ ရိုင်းတာပေါ့။ ကြည့်လို့မလှဘူး အမျိုးသမီးများနေ့ကို သရုပ်ပျက်စေ တာပေါ့။ အဲလို ထဘီအလံလုပ်မယ့်အစား အမျိုးသမီးနဲ့ ပက်သက်တဲ့ လိုဂို၊ အမေဆိုလည်း အမေနဲ့ပတ်သက်တဲ့ တေး သရုပ်ပုံတို့နဲ့ အလံလုပ်ရင်တော့ကောင်းတယ်။ မရိုင်းစိုင်းဘူး။ မြင်လိုက်ရင်လည်း စိတ်ထဲမှာ အေးမြစေတဲ့ သီးသန့်အလံ တစ်ခုလိုတော့ သတ်မှတ်နိုင်ရင်ကောင်းတယ်။

ထဘီတွေဘာတွေက တကယ်တော့ ဘုန်းနိမ့်တယ်ဘာညာတော့ အယုံကြည်တော့မရှိပါဘူး။ ဘယ်ယောကျာ်းမဆို ဘယ် လူမျိုးမဆို အကုန်လုံးက အမေထဘီအောက်ကပဲ ထွက်လာဆိုတော့ ရှင်းရှင်းပြောရရင် ဘုရားရှင်တောင် အမျိုးသမီး ဖြစ်တဲ့ သူ့အမေရှိမှ ဖြစ်လာတာ။ မညစ်ညမ်းတဲ့ ထဘီဖြစ်ရင်တော့ အဆင်ပြေပါတယ်။ အဲလို ထဘီကမ်ပိန်းမှာတော့ မပါဝင်ချင်စိတ်မရှိဘူး။ ဒါပေမယ့် အမျိုးသမီးများနေ့မှာ အမျိုးသမီးဖြစ်တဲ့ အမေကိုတော့ အမေစိတ်ချမ်းသာတဲ့ အရာတွေ ကိုပဲ လုပ်ပေးချင်တယ်။ ထဘီကမ်ပိန်းလုပ်တာကိုတော့ မကြိုက်ဘူး။ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ လိုဂိုနဲ့ပဲ လုပ်ရင် တော့ ကြိုက်တယ်။

ထဘီနဲ့လုပ်တော့သဘောမကျဘူး။ ဘုန်းနိမ့်တာတို့ ဘာတို့တော့အယူမရှိဘူး။ ကိုယ်ကိုယ်တိုင်က မိန်းမထဘီ၊ အမေ ထဘီတွေ လျှော်ရတဲ့ အခါရှိတယ်လေ။ ယောကျာ်းလေးတစ်ယောက်က ထဘီတန်းအောက်ကသွားရင် ဘုန်းနိမ့်တယ် ဘာတယ်က ဦးလေးလက်မခံနိုင်ဘူး။ ဘုန်းဆိုတာ ကိုယ်ရဲ့တာဝန်၊ လုပ်ဆောင်မှုနဲ့ပဲဆိုင်တယ်။ အဝတ်စလေးပဲကို သွားပြီး တော့ ဘုန်းနိမ့်တယ် ဘာတယ်က ဦးလေးလက်မခံဘူး။

ဒါပေမယ့် ထဘီအလံကို တလူးလူးလွင့်ပြီးတော့ သွားနေတော့ လမ်းမှာ ဆွမ်းခံကြွတဲ့ကိုယ်တော်တွေ ဘုန်းကြီးတွေနဲ့ သွားတိုးရင်တော့ ဘယ်လိုမှကြည့်လို့မကောင်းဘူး။ မကြိုက်ဘူး အများအမြင်လည်း မတင့်တယ်ဘူး။ လိုဂိုနဲ့ လုပ်ထားတဲ့ အလံတွေဆိုရင် အများအမြင်မှာ ကလေးတွေက လိမ္မာတယ်ဟေ့ပေါ့။ ထဘီနဲ့ကျတော့ အများပြည်သူအတွက် အနှောင့် အယှက်ဖြစ်တယ်။ အရိုင်းဆန်သွားတာပေါ့။

ဦးထက်ဦး (ကယားပြည်နယ်)
ထဘီကမ်ပိန်းလုပ်တာက ကျွန်တော်ကြိုက်တယ်။ ထဘီကအသစ်ဆိုရင် ဘာမှမဖြစ်ဘူးလေ။ ထဘီကမ်ပိန်းလုပ်တာမို့လို ဘာမို့လို့မကြိုက်ဘူးဆိုတဲ့စိတ်တော့မရှိဘူး။ အကုန်လုံးက ထဘီအောက်ကနေပဲ ထွက်လာကြတာ။ အရင်ကကျွန်တော်တို့ ဆန္ဒပြတုန်းကဆို အမျိုးသမီး ဘော်လီ၊ လစဉ်သုံးတွေကိုကိုင်ပြီး ချကြတာ။ လုံချည်ထက်တောင်ဆိုးတယ်။ တချို့ဆို အမျိုး သမီး လစဉ်သုံးကို ယူပြီးတော့ သွေးစွန်းနေတဲ့ ပုံလုပ်ပြီးတော့တောင်ကိုင်ပြီး ဆန္ဒပြခဲ့ကြတာ။

ထဘီကမ်ပိန်းကရှိရင် ပါဝင်ချင်သေးတယ်။ မိန်းမထဘီဝတ်လို့ မိန်းမကြီးစိုးတယ်ဆိုရင် မိန်းမထဘီဝတ်ပြီး ယတြာချေခဲ့တဲ့ သူဆို ဘယ်လိုလုပ်မှာလဲ။ မဆိုင်ဘူး ကိုယ်ခံယူချက်နဲ့ကိုယ်ပဲ ကျွန်တော်ကတော့ အစွန်းမရောက်ဘူး။ ဘုန်းနိမ့်တယ် ဘာတယ်ဆိုတာ မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူးရှိတယ်။ ထဘီတန်းအောက်ဝင်တာ၊ မီးနေခန်းတို့ ဝင်တာတို့ ကတော့ ဘုန်းနိမ့်တယ်။ အသစ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့ ဆင်ခြင်ရတာပေါ့။ ကျွန်တော်တို့ဆီမှာ ယိမ်းတွေကတဲ့ အကတောင်ဝတ်ပြီး ကနေကြတာပါပဲ။ ကျွန်တော်တို့ အတွက်တော့ ဘာမှမဖြစ်ဘူး။ အသစ်ဆိုရင် ပို့လိုတောင် ပြဿနာ မရှိဘူး ပိတ်စပဲကို ပြဿနာမရှိပါဘူး။ နည်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်ရင်တော့ ဘယ်လိုပဲလုပ်လုပ် အားပေးတယ်။ သဘောကျတယ် ဘယ်ဘက်ကဖြစ်ဖြစ် သဘောကျတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နေကြတာဆို တော့။ ဘယ်သူမှ အပြစ်မမြင်ဘူး။

ကိုညီညီ (ထားဝယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)
ကျွန်တော်တို့ကတော့ အားပေးတယ်။ အမျိုးသမီးတွေလည်း သူတို့လုပ်နိုင်တဲ့အနေအထားနဲ့ အာဏာရှင်ကို တော်လှန် နေတာဆိုတော့ ကျွန်တော်တို့ကတောင် အားပေးကူညီပေးရမှာ။ သူတို့မပါရင် ဒီလိုမျိုးကမ်ပိန်းတွေ ကျွန်တော်တို့ မလုပ် နိုင်ဘူး။ လုပ်ဖို့လည်းစဉ်းစားမိမှာမဟုတ်ဘူး။ အခုထိပဲ အမျိုးသမီးတွေဦးဆောင်တဲ့ကမ်ပိန်းတွေ၊ သပိတ်စစ်ကြောင်းတွေ က ထွက်နေနိုင်တာက အဲဒီကမ်ပိန်းလုပ်ခဲ့တာကြောင့်လို့ မြင်ပါတယ်။

ကျွန်တော်တို့လည်း မနှစ်ကလုပ်တဲ့ ထဘီကမ်ပိန်းမှာပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဆိုတာ လူသားတစ် ယောက် ဖြစ်တဲ့အပြင် သူတို့မှာလည်း ကိုယ်ပိုင်လုပ်ဆောင်နိုင်တဲ့အစွမ်းအစကိုယ်စီရှိကြတယ်။ တချို့နေရာတွေမှာဆိုရင် အမျိုးသားတွေမလုပ်နိုင်တဲ့အရာတွေတောင် သူတို့လုပ်နိုင်တာကိုတွေ့ရတယ်။ ဥပမာ လက်ရှိစစ်အုပ်ချုပ်မှုအောက်မှာ သူတို့ဘယ်လို ရုန်းကန်နေရတယ်ဆိုတာက သက်သေပဲလေ။ အဲ့ဒီအတွက်ကြောင့် သူတို့အတွက်လည်း ကျွန်တော်တို့က ပါဝင်ပေးရမယ်။

ကျွန်တော်ကတော့ ထဘီကမ်ပိန်းကိုကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ထားဝယ်မှာလုပ်ခဲ့တဲ့ဆန္ဒပြပွဲမှာ ဆိုရင် ထဘီအလံလွှင့်တာ၊ ထဘီအလံထူတာတို့ ဒါတွေကိုကျွန်တော်တို့ကိုယ်တိုင်လုပ်ခဲ့ရတယ်။ ထဘီဆိုတာ ဘုန်းကံနိမ့် စေတဲ့အရာမဟုတ်ဘူးလေ။ အဝတ်တစ်ခုပဲဆိုတော့ ဒီအပေါ်မှာခွဲခြားမြင်တာမျိုးတော့မရှိပါဘူး။ ဘုန်းကံဆိုတာက လူ တစ်ယောက်ရဲ့လုပ်ရပ်အပေါ်မှာသာ မူတည်တယ်လို့ ကျွန်တော်ကတော့ ခံယူထားပါတယ်။

ထဘီကမ်ပိန်းဆိုတာ အမျိုးသမီးတွေရဲ့အခွင့်အရေးဖြစ်တယ်။ သူတို့ရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး သူတို့မှာ တောင်း ဆို ပိုင်ခွင့်အပြည့်အဝရှိတယ်။ အမျိုးသမီးတွေမှာ အခက်အခဲတွေအများကြီးရှိတယ်။ လက်ရှိအနေအထားမှာဆိုရင် စစ် အကြမ်းဖက်တွေရဲ့မုဒိမ်းကျင့်တာ၊ လူမသိ သူမသိ အကြမ်းဖက်ခံနေရသူတွေက အမျိုးသမီးပဲဖြစ်နေတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အခုလိုထဘီကမ်ပိန်းမျိုးတွေက လုပ်ကိုလုပ်သင့်တဲ့အရာဖြစ်တယ်။

အမျိုးသမီးတွေလုပ်တဲ့ကမ်ပိန်းတွေမှာ အမျိုးသားတွေက ကူညီဖေးမတယ်။ ဦးဆောင်ပါဝင်တယ်ဆိုတာ လူသားဆန်မှု တစ်ခုပဲမဟုတ်လား။ နောက်ဒီလိုကမ်ပိန်းတွေမှာ အမျိုးသားတွေဦးဆောင်ပေးတော့ လုံခြုံရေးကအစ ပိုပြီးအဆင်ပြေစေ တယ်လေ။ သူတို့အတွက်လည်း အင်အားဖြစ်စေတာပေါ့။ ကျွန်တော်ကတော့ ယောကျာ်း၊ မိန်းမမခွဲခြားဘဲအားလုံး စည်းစည်းလုံးလုံးလုပ်နိုင်ရင်ပိုကောင်းမယ်လို့ မြင်တယ်။ စည်းလုံးမှုက အောင်မြင်ခြင်းပါပဲ။

(ထဘီအလံသပိတ်အပေါ် အမျိုးသားတွေရဲ့အမြင် အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။)

Author:

Related Articles