Home ဆောင်းပါး ငရဲခန်းကို ကျော်ဖြတ်ခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမ

ငရဲခန်းကို ကျော်ဖြတ်ခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမ

သျှန်ကီခမ်း။ ။

“ သူဌေးမက စိတ်တိုပြီး ဓားအသေးနဲ့ပစ်ပေါက်တာ နဖူးထိသွားတယ်။ ပေါက်ပြီးသွေးထွက်သွားတယ် အဲဒီနေရာမှာပဲ မေ့လဲသွားတယ် ”

သူကတော့ ရှမ်းပြည်နယ် ၊ နမ်းစန်မြို့ရှိ ကျေးရွာတစ်ရွာကဖြစ်ပြီး စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာ ခြောက်နှစ်ကြာ အလုပ်လုပ်နေသူ နန်းလွိုပဲ ဖြစ်ပါတယ်။ နန်းလွိုဟာ လက်မှတ်အထောက်အထား ပတ်စပို့စ်၊ အလုပ်သမားကဒ် အပြည့် အစုံနဲ့ ထိုင်းနိုင်ငံမှာ အိမ်အကူအလုပ် လုပ်ကိုင်နေသူပါ။

ထိုင်းနိုင်ငံဘန်ကောက်မြို့က အိမ်တစ်အိမ်မှာ အိမ်အကူ အလုပ်လုပ်ကိုင်နေတဲ့ နန်းလွိုဟာ ဇန်နဝါရီလ ၆ မှာ အိမ်ပိုင်ရှင် သူဌေးမက ဘာကိုစိတ်တိုင်းမကျဖြစ်ပြီး ဘာကိုစိတ်တိုနေတယ်ဆိုတာကို မသိပေမယ့် နန်းလွိုကို အလုပ်မြန်မြန် မလုပ်ဘူးလို့ ဆိုကာ ဆူဆဲပြီး လည်ပင်းညှစ်ခဲ့တဲ့အပြင် ဓားနဲ့ပါပစ်ပေါက်ပြီး ညှင်းပန်းနှိပ်စက်ခဲ့တာပါ။

နန်းလွိုလည်း ထမင်းပုံမှန်မစားရ ပုံမှန်မအိပ်ရတာကြောင့် သွေးအားနည်းနေသလို လန့်ပြီးကြောက်နေတာကြောင့် ထိုနေရာမှာပဲ မူးလဲသတိမေ့သွားခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဌေးဟာ ဆေးခန်းလည်း မပို့ပေးသလို တခြား သူတွေကို လိုက်ဆက်သွယ်ပြီး အကူညီတောင်းမှာ စိုးရိမ်ပြီး သူ့ရဲ့လက်ကိုင်ဖုန်းကိုပါသိမ်းသွားခဲ့တာကြောင့် သူငယ်ချင်း၊ မိဘတွေနဲ့ အဆက်ပြတ်သွားခဲ့တယ်လို့ နန်းလွိုကဆိုပါတယ်။

“ သတိရလာလို့ ဖုန်းလိုက်ရှာတော့ မရှိတော့ဘူး သူတို့သိမ်းလိုက်တယ် ဘယ်သူ့ကိုမှဆက်သွယ်တာမရတော့ဘူး မိဘ၊ သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပြတ်သွားတယ်” လို့ နန်းလွိုကဆိုပါတယ်။

နန်းလွိုဟာ အထောက်အထားအပြည့်အစုံနဲ့ အလုပ်လုပ်နေသူ ဖြစ်ပေမယ့် အိမ်ပိုင်ရှင်သူဌေးမက လစာအပြည့်မပေးတာ၊ ခေါင်းပုံဖြတ်တာ၊ နှိပ်စက်ခံခဲ့ရတာ၊ ထမင်းပုံမှန်မစားရတာ၊ နားချိန်မရှိတာ စတဲ့ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလို လက်မှတ်အထောက်အထား အပြည့်အစုံရှိနေသူတောင် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေကြရပေမယ့် ထိုင်း နိုင်ငံကို အစဉ်မပြတ်သွားနေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ယခင်ကထက် အဆ ပေါင်းများစွာ ထိုင်းနိုင်ငံကို သွားနေကြတာကိုလည်း တွေ့နေရပါတယ်။

ဒါပေမယ့် တရားမဝင်သွားကြတာ ဖြစ်တဲ့အတွက် ကံကောင်းထောက်မလို့ အဆင်ပြေပြေရောက်သွားသူဟာ နည်းပါးပြီး ကံမကောင်းလို့ လမ်းမှာအဖမ်းခံရ၊ နေရပ်ပြန်ပို့ခံရတဲ့သူတွေလည်း ရှိနေပါတယ်။ ကံကောင်းစွာနဲ့ ထိုင်းဖက်ကို ရောက်ရှိ သွားတဲ့ သူတွေလည်း ထိုင်းစကား မပြောတတ်တာ၊ လက်မှတ် မရှိတာတွေကြောင့် အလုပ်မရတဲ့သူတွေလည်း ရှိပါတယ်။

ဒါ့အပြင်ထိုင်းနိုင်ငံရောက်ပြီးမှ ပိုင်ရှင်သူဌေးတွေရဲ့ ညှင်းပန်းနှိပ်စက်ခံနေရတာတွေလည်း ရှိနေပါတယ်။ အထောက် အထားအပြည့်အစုံနဲ့ အာဏာမသိမ်းခင်တည်းက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ခဲ့တဲ့ နန်းလွိုတောင် ညှင်းပန်းနှိပ်စက်မှု တွေ ခံခဲ့ရတာပါ။

နန်းလွိုဟာ ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ကို စရောက်တဲ့အချိန်မှာ ထိုင်းစကားလည်း မတတ်တာကြောင့် လစာနည်း နည်းနဲ့ အိမ်အကူအလုပ်ကို စတင်ဝင်လုပ်ခဲ့ပါတယ်။

တစ်လ တစ်လ ရလာတဲ့ပိုက်ဆံကိုစုလိုက် ရွာကအမျိုးတွေဆီကို ပြန်ပို့လိုက်နဲ့ အဆင်ပြေသလို ဖြတ်သန်းခဲ့ပါတယ်။ သူရဲ့ မိဘတွေဆိုရင်လည်း ချင်းမိုင်မှာ အလုပ်လုပ်ကိုင်နေကြပြီး မိသားစုလိုက် ပြည်ပကိုထွက် ပိုက်ဆံရှာကြတယ်လို့ ဆိုရမှာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ နန်းလွိုဟာ ချင်းမိုင်မှာ လစာအနည်းငယ်သာရတာကြောင့် လစာပိုပေးတဲ့ ဘန်ကောက်မြို့ကို သူငယ်ချင်း အဆက်သွယ်ဖြင့် တက်သွားခဲ့ပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ သူဌေးအိမ် တစ်အိမ်မှာ အိမ်အကူအလုပ်ကို တစ်လကျော်လောက် ဝင်လုပ်ခဲ့ပြီး “ မပျော်ဘူး”လို့ ဆိုကာ ဘန်ကောက်မြို့ကနေ ကားနဲ့ မိနစ် ၄၀ အကွာ မောင်းသွားရတဲ့ ဖလမ်ဖက်ကို အလုပ်ပြောင်းလုပ်ခဲ့ပါတယ်။ သူ‌ဌေးကိုယ်တိုင်လည်း ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့ ပါတယ်။

နန်းလွို ဖလမ်ဖက်ကို အလုပ်သွားလုပ်ပြီး လေးကျော်လောက်အကြာမှာတော့ အရင်အလုပ်လုပ်ဖူးတဲ့ ဘန်ကောက်က သူဌေးမဟာ သူတို့ဆီမှာ အလုပ်ပြန်လာလုပ်စေချင်ကြောင်း၊ သူ့ကိုလိုအပ်ကြောင်းနဲ့ လစာတိုးပေးပါ့မယ်ဆိုပြီး နေ့တိုင်း လိုလို နန်းလွိုကို ဖုန်းဆက်လာခဲ့ပါတယ်။

ဖလမ်ဖက်က အလုပ်ဟာ နန်းလွိုအတွက် အဆင်ပြေနေပေမယ့် တစ်လကို ဘတ်တစ်သောင်း(ကျပ်ငါးသိန်းကျော်) သာရပြီး မရပ်မနားဘဲ အလုပ်နေ့တိုင်း ဆက်လုပ်မယ်ဆိုမှ ဘတ်တစ်သောင်းနှစ်ထောင်သာပေးတာပါ။ နန်းလွိုလည်း စားဝတ်နေရေးအရ အချိန်ကုန်တာချင်းတူတူ တစ်လကို တစ်သောင်းခြောက်ထောင်အထိပေးတဲ့ ဘန်ကောက်က အရင် သူဌေးဆီမှာ အလုပ်ပြန်လုပ်ဖို့ သွားခဲ့ပါတယ်။

နန်းလွိုနေရာဟောင်းကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ထိုသူဌေးအိမ်မှာ နန်းလွိုလို အိမ်အကူတစ်ယောက် ရှိနေခဲ့ ပါတယ်။ ထိုသူဌေးအိမ်မှာ နန်းလွိုအပါဝင် အိမ်အကူ နှစ်ယောက်ရှိတယ်လို့ဆိုရမှာပါ။ အိမ်အကူချင်းတူတူ လစာချင်း တူတူဆိုပေမယ့် သူဌေးဟာ နန်းလွိုကို မနက် ၆ နာရီကနေ ညနေ ၉ နာရီထိသာ အလုပ်လုပ်ခိုင်းပြီး ဝိုင်းချစ်ကြပါတယ်။ ကျန်တဲ့ အိမ်အကူ တစ်ယောက်ကိုတော့ မနက် ၆ နာရီကနေ ညနေ ၁၀ နာရီထိ အလုပ်လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။

“ ချစ်တာချင်းမတူဘူး။ ဘယ်သူပဲဖြစ်ဖြစ် လာစ လူအသစ်တွေဆို အလိုလိုက်တယ် ချစ်ကြတယ်” လို့ နန်းလွိုက ကြုံတွေ့ ရတဲ့ အတွေ့အကြုံကို ပြန်ပြောပါတယ်။

ဒီလိုနဲ့ သုံးလလောက် ဖြတ်သန်းလာပြီးအချိန်မှာတော့ အိမ်ပိုင်ရှင် သူဌေးမဟာ နန်းလွိုနဲ့ အလုပ်တူတူလုပ်နေတဲ့ အိမ်အ ကူမလေးတစ်ယောက်ကို “အလုပ်ကောင်းကောင်း မလုပ်ရကောင်းလား” ဆိုပြီး ဆူပြီး ရိုက်တာနှက်တာတွေ ပြုလုပ်ခဲ့ ပါတယ်။ ထိုအိမ်အကူမလေးလည်း မခံနိုင်တော့ဘဲ အလုပ်ထွက်သွားခဲ့ပါတယ်။

နန်းလွိုလည်း သူ့ရဲလုပ်ဖော်ကိုင်ဖက် ရိုက်နှက်ခံရတာမြင်ပြီးနောက်ပိုင်း “ သနားတယ် ကြောက်လည်းကြောက်” နေခဲ့ တာကြောင့် ဘာမှမပြောရဲခဲ့ပါဘူး။ အိမ်ကူအလုပ်သမားဆိုလို့ သူပဲကျန်ခဲ့တာကြောင့် အိမ်အလုပ်မှန်သမျှ အကုန် သိမ်းကြုံးလုပ်ခဲ့ရပါတယ်။

အကုန်လုံး တစ်ယောက်တည်း လုပ်နေရတဲ့အပြင် မနားဘဲ အလုပ်လုပ်နေရတာကြောင့် သူဌေးမက နန်းလွိုကို တစ်လ တစ်သောင်းရှစ်ထောင်ထိ လစာတိုးပေးခဲ့ပါတယ်။ တစ်လတစ်သောင်းရှစ်ထောင် ပေးတယ်ဆိုပေမယ့် သူ့ကို နှစ်လ လောက်သာ ပေးတာပါ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်မှာတော့ လစာလည်း လျော့ပေးလာသလို ကြမ်းကြမ်း တမ်းတမ်း ဆဲဆိုတာ၊ ကျောကုန်းကို လက်သီးနဲ့ထိုးတာတွေ ပြုလုပ်လာခဲ့ပါတယ်။

အလုပ်လည်း မနက် ၆ နာရီကနေ ည ၁၂ထိ ခိုင်းပါတော့တယ်။ လစာလျော့ရနေပေမယ့် ကြောက်ပြီး ဘာမှ ပြန် မပြောရဲခဲ့သလို နှိပ်စက်ခံနေရတယ်ဆိုတာလည်း ဘယ်လိုတိုင်တန်းရမယ် ဘယ်သူကို အကူညီတောင်းရမယ်ဆိုတာ မသိ နေခဲ့ပါဘူး။ အလုပ်ထွက်ဖို့ပြောရင်လည်း အိမ်ပိုင်ရှင်သူဌေးမက ပေးမထွက်ခဲ့ပါဘူး။

Photo Credit: မမလေး

သူဌေးမက အလုပ်ကနေထွက်သွားဖို့ ခွင့်မပြုတာကြောင့် ထိုအိမ်မှာပဲ အဆင်မပြေလည်း သည်းခံအောင့်အီးပြီး အိမ် အလုပ်လုပ်ရင်း တစ်လကို ဘတ်ငွေတစ်သောင်းခွဲနဲ့ တစ်လကျော်လောက် လုပ်နေခဲ့ရပါတယ်။ ထိုအချိန်တွေမှာလည်း အလုပ်ကို နောက်နေ့ မနက်တစ်နာရီထိ လုပ်ရတဲ့အခါလည်းရှိသလို ထမင်းမစားရတဲ့ရက်တွေလည်း ရှိတယ်လို့ ဆိုပါ တယ်။

“ တစ်ရက်တစ်နပ်စားရတဲ့အခါလည်းရှိတယ်”လို့ နန်းလွိုက ပြောပါတယ်။

ဒီလောက်ထိ သည်းခံပြီးလုပ်ပေးခဲ့နေပေမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာတော့ အထက်မှာဖော်ပြခဲ့သလို ဓားနဲ့ ပစ်ပေါက် ခံရလို့ မေ့လဲသွားခဲ့သလို သူရဲ့လက်ကိုင်ဖုန်းကိုပါ သိမ်းသွားခဲ့ပါတယ်။ ထိုနေ့ ည ၁၀ နာရီလောက်မှာတော့ သူ့ဖုန်းကို ပြန်ပေးခဲ့ပါတယ်။

နန်းလွို ဖုန်းပြန်ရပြီး ချက်ချင်းဆိုသလိုပဲ သူ့လို ထိုင်းနိုင်ငံမှာ အိမ်အကူလာလုပ်တဲ့ တစ်ရွာတည်းနေ သူငယ်ချင်းဖြစ်တဲ့ နန်းနွမ်းကို နှိပ်စက်ခံရတဲ့ အကြောင်းစုံ ပြောပြခဲ့ပါတယ်။ ဇန်နဝါရီလကုန်လို့ လစာထုတ်ပြီးလျှင် လာခေါ်ထုတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ လတစ်ဝက်တစ်ပြတ်နဲ့ ထွက်လာခဲ့ရင် လစာမပေးတာကြောင့် လကုန်ထိ သူသည်းခံပြီး စောင့်နေခဲ့ ရပါတယ်။

“ အလုပ်လည်းထွက်မရဘူး ဘယ်သူမှမပြောဘူး သူငယ်ချင်းကို ဒဏ်ရာတွေတော့ ပြတယ်”လို့ နန်းလွိုက ဆိုပါတယ်။

သူငယ်ချင်း နန်းနွမ်းကလည်း နန်းလွိုကို ကယ်ထုတ်နိုင်ဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့ လိုက်လံ ချိတ်ဆက် အကူညီတောင်းခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ နန်းလွိုကို သွားခေါ်ထုတ်နိုင်ခဲ့ပါတယ်။

“ ကျမတို့ရယ် လူကုန်ကူးမှုတိုက်ဖျက်တဲ့ ပရဟိတလူငယ်အဖွဲ့၊ ဌာနဆိုင်ရာရဲ၊ လူအယောက် ၂၀ လောက်နဲ့ သွားခေါ် ထုတ်နိုင်ခဲ့ပါတယ်။ နန်းလွိုကိုတွေ့လိုက်တဲ့အချိန်မှာ အရမ်းပိန်သွားတယ် စိတ်ဒဏ်ရာရနေတယ် ကြောက်နေတဲ့ ပုံဖြစ် တယ်” လို့ နန်းနွမ်းက ပြန်ပြောပါတယ်။

နန်းလွိုကို ခေါ်ထုတ်ပြီး ထိုနေ့မှာ ရဲစခန်းမှာနေပြီး ပရဟိတအဖွဲ့တွေနဲ့အတူ ကိုဗစ်-၁၉ ရှိမရှိ စစ်တာတွေ မြန်မာနိုင်ငံ ဖက်ကို ပြန်သွားမှာလား ဒီမှာပဲ အလုပ်ပြန်လုပ်မှာလားဆိုတာတွေလည်း မေးမြန်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

“ သူ(နန်းလွို) ဘာမှမဖြစ်ပဲ ပြန်လွတ်လာတော့ ဝမ်းသာတယ်” လို့ နန်းလွို ငယ်သူငယ်ချင်း နန်းနွမ်းက ပြောပါတယ်။

ဒါ့အပြင်လည်း နှိပ်စက်တဲ့သူဌေးကို တရားစွဲတာတွေ ဘာတွေ လုပ်လို့ရပေမယ့် နန်းလွိုအတွက် “အလုပ်ပိုစေတာကြောင့် လူအန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ရင်အဆင်ပြေပြီ” လို့ဆိုကာ ဘာမှမလုပ်ဘဲ အမှုကို ကြေအေးပေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ “ဘန်ကောက်နိုင်ရာကူညီပေးရေးအဖွဲ့” ပရဟိတအဖွဲ့က အလုပ်သမားတွေအနေနဲ့ သာရေးနာရေး၊ လူမှုရေးကိစ္စ၊ လူမသိသူမသိ သေဆုံးတာတွေ နှိပ်စက်ခံရတဲ့သူ၊ လုပ်ခလစာအပြည့်မဝတာ၊ လာရောက် အကူညီတောင်း တာတွေဟာ တချို့လတွေဆိုရင် တစ်လထဲ ၁၀ မှုကျော်တဲ့အထိ အကူအညီတောင်းလာတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ အကယ်၍ မိမိမှာ အပြစ်မရှိပဲ အိမ်ပိုင်ရှင် သူဌေးက နှိပ်စက်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားဖြင့် ဆိုင်ရာ ဌာနတွေကို တိုင်တန်းတာတွေ ပြုလုပ်လို့ရသလို ထိုင်းစကားနားမလည်တာမျိုးတွေ ရှိခဲ့မယ်ဆိုရင် ကျတော်တို့အဖွဲ့ကို အကူညီတောင်းလာပြီး ကျတော်တို့က ဆိုင်ရာဌာနတွေကို တိုင်တန်းပေးတာတွေ ကူညီပေးနေပါတယ်။ ထိုင်းနိုင်ငံ မှာ လည်း ငွေကြေးနဲ့ပဲ အေးကြေးသွားတဲ့ဟာမျိုးတွေလည်း အများကြီးတွေ့နေရတာကြောင့် စိတ်မကောင်းစရာ ဖြစ်မိတယ်” လို့ ဘန်ကောက်နိုင်ရာ ကူညီပေးရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

နန်းလွိုဆိုရင်လည်း လက်မှတ်အထောက်အထားအစုံရှိပြီးသား ဖြစ်တာကြောင့် “ ဒီမှာပဲ(ထိုင်း) ပိုက်ဆံရှာချင်သေးတယ် မြန်မာနိုင်ငံကိုပြန်သွားရင် ပြန်ဝင်လာဖို့ အခက်ခဲတွေရှိတယ် အဆင်မပြေဘူး” လို့ နန်းလွိုသူငယ်ချင်းနန်းနွမ်းက ပြောပါ တယ်။

နန်းလွိုကတော့ ထိုင်းနိုင်ငံမှာပဲ အလုပ်ပြန်လုပ်ဦးမယ်ဆိုပေမယ့် လောလောဆယ်တော့ အမေအလုပ်လုပ်ရာနေရာ ချင်းမိုင်မှာ ကောင်းကောင်း အနားယူဦးမယ်လို့ စဉ်းစားထားကြောင်း နန်းလွိုက ပြောပါတယ်။

နန်းလွိုကတော့ သူ့လို အထောက်အထားအစုံ ရှိတာတောင် ဒီလိုကြုံနေရတာကြောင့် လက်မှတ် အထောက်အထား အပြည့်အစုံမရှိတဲ့သူတွေ သူ့လိုမခံရအောင် ဂရုစိုက်ကြစေချင်တယ်လို့ ဆိုပါတယ်။

သူ့ကိုကူညီတဲ့သူတွေကိုလည်း “ ဒုက္ခတွေကြားထဲက လာရောက်ကူညီကယ်ထုတ်ပေးလို့ ကျေးဇူးအရမ်းတင်တယ် ” လို့ လည်း သူကဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပျံ့နှံလာတဲ့ကြားထဲက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အသွားအလာ ကန့်သတ်တာတွေ စက်ရုံအလုပ်ရုံတွေပိတ်လိုက်တာကြောင့် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံက အလုပ်သမား ၁ ဒဿမ ၆ သန်း ကျော် အလုပ်အကိုင်ဆုံးရှုံးခဲ့ကြပြီး ထိုအထဲကအများစုမှာ အမျိုးသမီးအလုပ်သမား များဖြစ်တယ်လို့ အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization -ILO) က ထုတ်ပြန်ထားပါတယ်။

စားဝတ်နေ‌ရေးပြေလည်ဖို့ ပြည်ပကို အလုပ်ထွက်လုပ်ကြတဲ့အထဲမှာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ မြို့ပြအမျိုးသမီးတွေထက် ပိုမိုသွားကြတာကိုလည်း တွေ့ရပါတယ်။ ကျေးလက်နေ အမျိုး သမီးတွေဟာ ပြည်ပထွက်ဖို့ မိတ်ဆွေအသိတွေဆီမှာ အတိုးနဲ့ချေးယူပြီး ပွဲစားတွေနဲ့ချိတ်ဆက်ကာ ထိုင်းနိုင်ငံကို တရား မဝင် အောက်လမ်းကနေ သွားနေကြတာဟာ ယနေ့အချိန်ထိ တဖွဲဖွဲ ရှိနေတုန်းပါပဲ။

Author:

Related Articles