နန်းဆိုင်နွမ်။ ။
ကလေးငယ်တွေရဲ့ ငိုကြွေးသံတွေ၊ အမျိုးသမီးတွေရဲ့ စကားသံတွေနဲ့ အချုပ်ခန်းတစ်ခုလုံး ဆူညံနေပါတယ်။ သံတိုင်နောက်မှာတော့ တစ်ကိုယ်စာ ကျောပိုးအိတ်နဲ့အထုတ်တွေ၊ တွဲလောင်းချိတ်လှန်းထားတဲ့ အဝတ်တွေကြားထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေဟာ ပြည့်ကျပ်စွာ နေထိုင်နေရတာကို တွေ့မြင်ရပါတယ်။
“ကျမတို့ ဒီထဲမှာနေရတာ ၁၀ရက်ကျော်ပြီ၊ စားတာကတော့ သူတို့လာပေးတယ်။ နေတာကတော့ ၂၅ယောက်တခန်း နေရတယ်။ အိမ်သာရော၊ ရေချိုးတာကရော ဒီထဲမှာပဲ” လို့ ဆူညံနေတဲ့အသံကြား နန်းအေး (အမည်လွှဲ)က ပြောပြလာပါတယ်။
နန်းအေးတို့ ရောက်နေတဲ့ နေရာကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်အနီး၊ ချင်းမိုင်ခရိုင်က ဖန် (Fang)မြို့နယ်ထဲက အချုပ်ခန်းထဲမှာပါ။ ထိုင်းရဲတွေက နန်းအေးတို့ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ထိန်းသိမ်းထားတာပါ။ နန်းအေးတို့လိုဘဲ ထောင်နဲ့သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံနေကြရပါတယ်။
၂၀၂၂ ဇန်နဝါရီနဲ့ဖေဖော်ဝါရီ နှစ်လထဲတင် တရားမဝင်ဝင်ရောက်မှုကြောင့် ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၁သောင်းကျော် ရှိတယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးသားပါတယ်။
ထိုင်းဘက်မှာ အဖမ်းအဆီးကြမ်းနေပေမယ့် မြန်မာနိုင်ငံသားတွေဟာ ပိုကောင်းတဲ့ ဘဝသစ်ကို ရဖို့အတွက် အဖမ်းအဆီးတွေကြားထဲ စွန့်စားပြီး ထိုင်းနိုင်ငံဘက်ဆီ ဝင်လာနေဆဲဖြစ်ပါတယ်။
ထိုင်းအချုပ်ခန်းထဲမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်နေရတဲ့ နန်းအေးတို့ဟာ သူတို့မြို့ရွာကို မစွန့်ခွာချင်ဘဲ စွန့်ခွာခဲ့ကြရတဲ့ သူတွေဖြစ်ကြပါတယ်။ ထင်းရှူးတောတန်းတွေနဲ့ စိုက်ခင်းတွေအကြား သာယာလှတဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာ နေထိုင်ကြတဲ့ သူတို့ဟာ ပြည်တွင်းစစ်နဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် တိုင်းတပါးဆီ စွန့်စားထွက်ခွာ လာကြရတာပါ။
နန်းအေး အရပ်ဒေသမှာ ရှမ်းလက်နှက်ကိုင် တပ်ဖွဲ့နှစ်ခုဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားတိုက် ပွဲ တွေဖြစ်ပွားနေသလို၊ ကိုဗစ်နဲ့စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲတွေကြောင့် စီးပွားရှာရတာ ခက်ခဲလာပါတယ်။ နောက်ဆုံးမှာ အဘက်ဘက် ချွတ်ခြုံကျလာတဲ့ မွေးရပ်မြေကို စွန့်ခွာပြီး ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
နန်းအေးတို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း အလုပ်လာလုပ်ဖို့အတွက် ပွဲစားတွေကို မြန်မာငွေ ကာလပေါက်စျေး ၁၂သိန်းခွဲ ကနေ ၁၅သိန်းကျော်ထိ တန်ကြေးရှိတဲ့ ထိုင်းဘတ်ငွေ (၂၅၀၀၀- ၃၀၀၀၀) အထိပေးကြရပါတယ်။
“ကျမတို့ နေတဲ့နေရာကလည်း တိုက်ပွဲဖြစ်တော့ ဘာမှလုပ်ကိုင်လို့ မရဘူး။ စစ်ရှောင်ရတယ်။ ဒီဘက်မှာ အလုပ်လာလုပ်ဖို့ ထိုင်းဘတ် နှစ်သောင်းခွဲ ပေးရတယ်။ ငါးနှစ်အရွယ် သမီးရောပါတယ်” လို့ နန်းအေးက စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။
နန်းအေးနဲ့အတူ အချုပ်သံတိုင်ကြားရောက်ရှိနေတဲ့ အသက်၂၀ကျော်အရွယ် ယိင်း တစ်ယောက်ကလည်း ရှမ်းပြည် မိုင်းကိုင်အတွင်း တိုက်ပွဲတွေကြောင့် မလုံခြုံဘူးလို့ ခံစားရတာကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာချိန်မှာ အခုလိုဖမ်းဆီးခံရတာလို့ ပြောပါတယ်။ သူတို့ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ အမျိုးသမီးငယ်တွေကို အတင်းအကျပ် လက်ထပ်ယူတာ အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် လည်း နေရပ်မှာမနေရဲဘူးလို့ ယိင်း ကပြောပါတယ်။
“အမျိုးသမီးငယ်တွေ အိမ်မှာမလုံခြုံလို့ ထိုင်းကိုထွက်ပြေးလာခိုင်းတာ။ အချင်းချင်း တိုက်ပွဲတွေကလည်း အရှိန်မြင့်လာတယ်။ နောက်လက်နက်ကိုင်တွေကလည်း ရွာထဲဝင်လာတော့ မိဘကစိတ်မချတာနဲ့ ဒီဘက်ကိုလွှတ်လိုက် တာပါ။ ကျမတို့ဆိုရင် ချေးငွေတွေနဲ့လာတာ ” လို့ ယိင်း ကဆိုပါတယ်။
မိုင်းကိုင်မြို့နယ်အတွင်းမှာ “ဝ” စစ်သားတွေတိုးလာပြီး အမျိုးသမီးငယ်များကို အတင်းအဓမ္မ လက်ထပ်ယူတာတွေ၊ အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်တာတွေ ရှိနေတယ်လို့ မိုင်းကိုင်က ထွက်ပြေးလာတဲ့ အမျိုး သမီးငယ်တချို့ကို ကိုးကားပြီး ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ဖေဖော်ဝါရီ ၁၃ က ထုတ်ပြန်တဲ့ အကျဉ်းချုပ်စာတမ်းတစ်ခုမှာ ထောက်ပြထားပါတယ်။
ဒုက္ခသုတ်ခတွေနဲ့ ဝေးချင်တဲ့အတွက် ထိုင်းနိုင်ငံထဲ ထွက်ပြေးရင်း ဖန်မြို့နယ်အရောက်မှာ ထိုင်းရဲဖမ်းခံရတဲ့ သူတွေဟာ မရှိမဲ့ရှိမဲ့ စည်းစိမ်းတွေဖြစ်တဲ့ သူတို့ရဲ့ အိမ်ခြံမြေနဲ့ လယ်ယာ၊ ကျွဲနွားတွေကို ရောင်းချပြီး ထွက်လာကြရတာပါ။ ဖမ်းခံရသူ ၂၀၀ ကျော်ထဲမှာ တစ်ဝက်လောက်က အမျိုးသမီးတွေ ဖြစ်တယ်လို့ SWAN ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေကို မြန်မာနိုင်ငံဘက်ဆီ ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်တယ်လို့ SWAN မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။
“ငွေကုန်ခံဒီဘက်လာ။ အခုပိုက်ဆံကမရှိ။ မြန်မာပြည်ပြန်ပို့ခံရမယ်ဆိုတော့ ကျမတို့လည်း စိတ်မကောင်းဘူး” လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာ အကျဉ်းခံရတဲ့ အမျိုးသမီးတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း၊ တကိုယ်ရေသုံးဆပ်ပြာ နဲ့ အတွင်းခံပစ္စည်းတွေ အရေးပေါ်လိုအပ်ကြောင်းလည်း SWAN က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သူတွေကို အချုပ်ခန်းထဲမှာ စုပြုံထည့်ထားတာကြောင့် ကိုဗစ်-၁၉ နဲ့ အိုမီခရွန်လို ကူးစက်မြန်ရောဂါတွေရမှာလည်း စိုးရိမ်စရာ ကောင်းပါတယ်။ ဖမ်းဆီးခံနေရတဲ့ သူတွေထဲမှာ ကိုဗစ်ကူးစက်ခံရသူတွေလည်း ရှိနေတယ်လို့ အကူအညီပေးနေတဲ့ သူတွေက ဆိုပါတယ်။
“ဟိုအရင်ခေတ်ကလိုမျိုး ဖြစ်နေတယ်။ နေ့တိုင်းခိုးဝင်လာတယ်။ နေ့တိုင်းဖမ်းခံရတယ်။ ကျနော်တို့လည်း ဖမ်းခံရတဲ့ မြန်မာပြည်သားတွေကို တတ်နိုင်သလောက်တော့ အစားအသောက်တွေသွားပို့တယ်။ ကလေးငယ်တွေ အမျိုးသမီးတွေမြင်တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး” လို့ ဖန်မြို့မှာနေထိုင်တဲ့ အသက်၃၀ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ် မလုံခြုံမှု၊ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ထွက်ပြီး အလုပ်အကိုင် ရှာဖွေနေကြရာမှာ အဖမ်းအဆီးခံရတာ နေ့စဉ် ရာဂဏန်း ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေ ပြောဆိုလာပါတယ်။
“အဖမ်းခံရတာတွေကတော့ နေ့တိုင်းလိုပါပဲ၊ ကျမ သိရသလောက်က တရက်ကို ၃၀၀ နီးပါးရှိတယ်။ ကန်ချနပူရီဘက်ဆိုရင် ပိုဖမ်းခံရတယ်။ ရနောင်း၊ ချင်းမိုင်၊ ချင်းရိုင်းနဲ့ မဲဆောက်ဘက်လည်း တော်တော်များများဖမ်းခံရတယ်” လို့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်ဘက်မှာ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ မခင်မာစိုးက ပြောပါတယ်။
ပြည်တွင်းစစ်နဲ့ စီးပွားရှာရခက်ခဲလာတာကြောင့် ထိုင်းဘက်ဆီ ထွက်ပြေးလာကြတဲ့အပြင် စစ်ကောင်စီက လိုက်ဖမ်းနေတာကြောင့် ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေ၊ CDM သမားတွေလည်း ထိုင်းဘက်ဆီ ထွက်ပြေးကြရတာတွေ ရှိပါတယ်။
စစ်အာဏာသိမ်းခါစမှာ စစ်အာဏာရှင် ဖြုတ်ချဖို့အတွက် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ အမျိုးသမီးတွေကို လိုက်လံဖမ်းဆီးမှုတွေ၊ နေအိမ်ထိ လာရောက်ရှာဖွေမှုတွေကြောင့် မိဘတွေဟာ ကိုယ့်သား၊သမီး ဘေးလွှတ်ရန် အတွက် ထိုင်းနိုင်ငံသို့ ငွေကုန်ကြေကျခံပြီး ထွက်ပြေးတိမ်းရှောင်စေခဲ့ပါတယ်။
“ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ကျမဆီ အသက် ၂၀ကျော်အရွယ် အမျိုးသမီး ရောက်လာတယ်။ အဝတ်တစုံနဲ့ မြန်မာပြည်ကနေ ရောက်လာတယ်။ စစ်တပ်ကို ဆန္ဒပြခဲ့လို့ မိဘတွေက ဖမ်းခံရမှာဆိုးလို့ဆိုပြီး သူများဆီက ပိုက်ဆံချေးပြီး ထွက်လာတာတဲ့။ ဖမ်းမခံရရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဖမ်းခံရရင်တော့ ငွေကုန်လူပင်ပန်းတာပေါ့” လို့ မခင်မာစိုးက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဘက်ဘက်က ကျဆင်းနေတာကြောင့် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ တရားမဝင်မလာဖို့ ပြောဆိုရခက်ခဲနေချိန်ဖြစ်ကြောင်း မခင်မာစိုးက ပြောပါတယ်။
“ဒီလိုအခြေအနေမှာ ကျမတို့က မလာနဲ့လို့လည်း ပြောလို့မရဘူး။ ကျမတို့ပြောလို့ရတာတော့ ပွဲစားတွေကို သေချာစိစစ်ပြီး ချိတ်ဆက်ဖို့ပါပဲ။ နောက်ကိုယ်သွားမယ့်နေရာကိုလည်း အရင်လေ့လာစေချင်တယ်။ ပွဲစားတွေက မသေချာရင် မလာစေချင်သေးဘူး။ မဟုတ်ရင် ကိုယ်တွေပဲ ငွေကုန်မယ်”လို့ မခင်မာစိုး က ထောက်ပြပြောဆိုလိုက်ပါတယ်။
ပွဲစားအချို့ဟာလည်း မြန်မာအလုပ်သမားတွေ ထိုင်းကိုလာချင်အောင် အလုပ်ကောင်းကောင်းပေးမယ်၊ နေထိုင်ခွင့်အထောက်အထားလုပ်ပေးမယ် စသဖြင့် မက်လုံးပေးတတ်ကြတယ်လို့ သူကဆိုပါတယ်။ အဆိုပါ မသေချာတဲ့ ပွဲစားတွေရဲ့ မက်လုံးတွေကို ပုံအောယုံကြည်ပြီး လယ်ပေါင်၊ ခြံပေါင်၊ အိမ်ပေါင် စသဖြင့် စွန်းစားပြီးလာတာတွေ မလုပ်ဖို့လည်း သူကအကြံပေးပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့လည်း ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားနဲ့ သက်ဆိုင်တဲ့ ဖုန်းနံပတ်တွေ၊ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့သူတွေရဲ့ ဖုန်းနံပတ်တွေကို သေချာမှတ်ထားပြီး ပြဿနာတစုံတရာ ကြုံတွေ့လာပါက ဖုန်းဆက်အကူအညီ တောင်းသင့်ကြောင်းလည်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးရမိသူတွေကို ကိုဗစ်အရေးပေါ်ကာလဥပဒေ၊ လူကုန်ကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ စတဲ့ ဥပဒေ သုံးခုနဲ့
အရေးယူခံရနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ တရားမဝင်ဝင်ရောက်သူတွေကို ထိုင်းဘက်က သက်ညှာတဲ့အတွက် သုံးလလောက်သာ ဖမ်းဆီးပြီး မြန်မာဘက်ဆီ ပြည်နှင်ဒဏ်ပေးကာ ပြန်ပို့တယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာ ဆက်နေလို့မရလောက်အောင် အခက်အခဲတွေ ကြုံနေကြရတာကြောင့် ထွက်လာခဲ့ပြီးမှ မြန်မာပြည်ပြန်ပို့ခံရမယ်ဆိုတာကို ဖမ်းဆီးခံရသူတွေက စိုးရိမ်နေကြပါတယ်။ နန်းအေး အနေနဲ့ မြန်မာပြည်ကို ပြန်ပို့ခံရမယ်ဆိုတဲ့စိတ်ကြောင့် ဘာလုပ်ရမယ်မှန်း မသိအောင်ပင် စိတ်ဆင်းရဲနေကြောင်း၊ ချေးငွေကြောင့်လာရတဲ့အတွက် ငွေကုန်ကျမှုကို ဘယ်လိုပြန်ဆပ်ရမယ်ဆိုတာ မစဉ်းစားနိုင်သေးပါဘူး။
အလုပ်အကိုင် အခွင့်အလမ်း ခက်ခဲနေတဲ့ကြား ထိုင်း-မြန်မာနယ်စပ် ဝင်ထွက်ပေါက်တွေလည်း တရားဝင်ဖဖွင့်သေးတာကြောင့် ထိုင်းဘက်ဆီ တရားဝင် ထပ်ဝင်လာဖို့အတွက် ခက်ခဲနေဦးမယ်လို့ နန်းအေး က တီးတိုးပြောပါတယ်။
“ကျမတို့လည်း တရားဝင်လာချင်တာပေါ့။ ကိုဗစ်လည်းအမြန်ပြီးချင်ပြီ၊ အခုဘာဆက်လုပ်ရမှန်း မသိဘူး” လို့ ရှမ်းဘာသာစကားနဲ့ သူ့အခက်အခဲကို ပြောပါတယ်။