Home ဆောင်းပါး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်ပြင်ဆင်ရာတွင် အမျိုးသမီးပါဝင်ရေး ထည့်သွင်းပေးရန်လိုအပ်

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်ပြင်ဆင်ရာတွင် အမျိုးသမီးပါဝင်ရေး ထည့်သွင်းပေးရန်လိုအပ်

13499869_10202141138246875_1828890539_o

လုဆိုင်း။        ။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန်အတွက် လာမည့်ဇူလိုင်လ အတွင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်မှုတွင် မဖြစ်မနေ ထည့်သွင်းတောင်းဆိုရန် လိုအပ်ကြောင်း လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)  အဖွဲ့ဝင် မိဆူးပွင့်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် သင့်တင့်လျောက်ပတ်သော အချိုး အစားဖြင့် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်ရေးဆောင်ရွက်သွားရန် သဘောတူထားသော်လည်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်မှု ၁၀ ရာခိုင်နှုန်းပင် မရှိခဲ့သဖြင့် မကြာ မီကျင်းပတော့မည့် နိုင်ငံရေးမူဘောင် ပြင်ဆင်ရေးဆွေးနွေးပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးကို အရေး တကြီးတိုက်တွန်းတောင်းဆိုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဗဟိုဦးဆောင်ကော်မတီဝင်လည်း ဖြစ်သူ မိဆူးပွင့်က ပြောသည်။

“အစိုးရသစ်က ၂၁ ရာစုပင်လုံ (ငြိမ်းချမ်းရေးညီလာခံ) လုပ်ဖို့ အခု လက်နက်ကိုင်အဖွဲ့အစည်းတွေကို လိုက်တွေ့ နေတယ်။ သူတို့နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ပြင်ကြမယ်။ အဲဒီပြင်ဆင်မှုထဲမှာ အမျိုးသမီးပါဝင်မှုအပေါ် ဘယ်လိုသဘောထားမလဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရနဲ့စစ်တပ်ဘက်က ရော ဒီအပေါ်မှာ ဘယ်လောက်စိတ်ဆန္ဒရှိမလဲ။ အခု အဲဒီမူဘောင်ပြင်ဆင်တဲ့ကော်မတီမှာ NCA လက်မှတ်ထိုး ထားတဲ့ EAOs တွေဖက်က အမျိုးသမီးတယောက်တော့ ပါသွားပြီ။ သူဘယ်လောက် ပြောနိုင်မလဲ၊ ကျန်တဲ့လူ တွေက ဘယ်လောက်လက်ခံမလဲ။ အဲဒီအပေါ်မူတည်တယ်။ အဲဒီမှာ မလုပ်နိုင်ဘူးဆိုရင် အမျိုးသမီးတွေ ပါဝင်မှု က နောက်အဆင့်တွေမှာ ပိုခက်ခဲလာနိုင်တယ်။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ဆက်ကြိုးစားနေရအုန်းမှာဘဲ” ဟု မိဆူးပွင့်က HI အမျိုးသမီး အွန်လိုင်း သတင်းစာမျက်နှာကိုပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် မူကြမ်း (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၈)ဖွဲ့မှ ယခုနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူ ဘောင်ပြင်ဆင်ရေးကော်မတီတွင် တဖွဲ့လျှင်တဦးကျ ကိုယ်စားလှယ်ပေးပို့ကြရပြီး ယင်း(၈)ဦးအနက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)မှ စောမြရာဇာလင်းတစ်ဦးသာ အမျိုးသမီးကိုယ်စားလှယ်အဖြစ် ပါဝင်ခြင်း ဖြစ်သည်။

လူထုအခြေပြု အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ခေါင်းစဉ်အောက်မှာ အမျိုးသမီးနဲ့ လူငယ် အဖွဲ့အစည်းတွေ ပါဝင်ပြီး ငြိမ်းချမ်းရေးညီလာခံနဲ့အပြိုင် ညီလာခံများကျင်းပ၍ အမြင်သဘောထားများ စုစည်း ရယူရန် သဘောထားရှိကြသော်လည်း မကြာခင်ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြင်ဆင်ရေးတွင် ငြိမ်းချမ်းရေးညီလာခံများ၌ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုအတွက် သေချာစေရန် ထည့်သွင်းနိုင်ရေးသည် လည်း အရေးကြီးကြောင်း သူကပြောသည်။

13549123_10202141099805914_1123976935_o

“တချို့က ဒီအစိုးရသစ်လက်ထက်မှာ အမျိုးသမီးပါဝင်မှုက ပိုပြီးတော့ နည်းသွားမလားဆိုတဲ့ စိတ်ပူမှုလည်း ရှိနေ တယ်။ ဘယ်သူတွေ ညီလာခံတက်ခွင့်ရှိသလဲဆိုတာ မူဘောင်ဆွေးနွေးအတည်ပြုပြီးမှသိရမှာ။ မူဘောင်အသစ်မှာ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုကို ထည့်ပေးမလား။ မထည့်ပေးဘူးလားဆိုတာ ဒီအချိန်မှာ တွန်းတွန်းတိုက်တိုက် လုပ်ကြရမှာ”ဟု သူကပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ရှိသော အမျိုးသမီးများသည် နိုင်ငံ၏ အရေးပါသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်သင့်သည်ဟု အမျိုးသမီးရေးလှုပ်ရှားသော အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

၂၀၀၀ ခုနှစ် အောက်တိုဘာလ (၃၁) ရက်က ကုလသဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ခဲ့သည့် ဆုံးဖြတ် ချက် (၁၃၂၅)တွင် ပဋိပက္ခဖြေရှင်းရေး၊ ပဋိပက္ခများ မဖြစ်ရန် ကာကွယ်ရေးတို့နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို တိုးမြင့်ရန် လိုအပ်ချက်ကို ထည့်သွင်းထားသည်။

ထို့ပြင် ငြိမ်းချမ်းမှုနှင့် လံြုခုံမှုတိုးမြင့်ရေးနှင့် ထိမ်းသိမ်းရေးတို့အတွက် ကြိုးပမ်းမှုမှန်သမျှတွင် အမျိုးသမီး များ တန်းတူညီမျှ ပြည့်ပြည့်ဝဝ ပါဝင်ပတ်သက်ခြင်း၏ အရေးကြီးမှုကိုလည်း အလေးပေးလျက် ငြိမ်းချမ်းမှုတည် ဆောက်ရေး၊ ပဋိပက္ခဖြေရှင်းရေးနှင့် ပဋိပက္ခများ မဖြစ်စေရန် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အရေးပါသောအခန်းကဏ္ဍကို ထပ်မံအတည်ပြုသည်ဟု ကုလလုံခြုံရေးကောင်စီက ချမှတ်ခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှု အားနည်းနေခြင်းသည် အမျိုးသမီးများအနေဖြင့် မိသားစုအရေးသာ လုပ်ဆောင်ရမည်ဟူသော အစဉ်အလာနှင့် ယုံကြည်ချက်များ ရှိနေခြင်းကြောင့် အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်မှုအားနည်းရာမှ ယခုကဲ့သို့အရေးကြီးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ခွင့်နည်းပါးရခြင်းဖြစ်သည်ဟု မိဆူးပွင့်က ပြောသည်။

“အမျိုးသမီးတွေ နိုင်ငံရေးအလုပ်တွေမှာ ပါဝင်ဖို့ မလိုဘူး။ မိသားစုအတွက် အိမ်မှုကိစ္စတွေအတွက် အဓိက  လုပ်ရ မယ်ဆိုတဲ့ ယုံကြည်ချက်တွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ အစကတည်းက ပါဝင်မှုအားနည်းတယ်။ အခုအချိန်ကျတော့ နိုင်ငံရေးခေါင်းဆောင်(အမျိုးသား)တွေရဲ့ အကြောင်းပြချက်က ငြိမ်းချမ်းရေးဆွေးနွေးတယ် ဆိုတာ ကိုယ့်ပါတီ၊ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမူဝါဒ၊ ပေါ်လစီတွေကို အလျော့အတင်းလုပ်ရတဲ့ ကိစ္စဖြစ်တယ်။ အင်မတန်အရေးကြီးတယ်။ ဒီလိုအခြေအနေမှာ အမျိုးသမီးဗဟိုကော်မတီဝင်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေ ခေါ်သွင်းလာတာမျိုးကို လက်ခံပေမဲ့လည်း အဖွဲ့အစည်းတော်တော်များများက အဲဒီအဆင့်အထိ အမျိုးသမီးတွေကို ဆွဲခေါ်ထားတာ မရှိဘူး။ သူတို့အဖွဲ့အစည်းပြင်ပက တက်ကြွတဲ့အမျိုးသမီးတွေကို ခေါ်ထည့်လာမယ်ဆိုရင်လည်း သူတို့အဖွဲ့အစည်းရဲ့ ပေါ်လစီတွေကို အာမခံချက်ပေးနိုင်ပါ့မလားပေါ့။ ဒီလိုမျိုးစိတ်ပူတာတွေရှိတယ်” ဟု သူက ပြောသည်။

13551143_10202141138206874_1823972860_n

ထို့ပြင် အမျိုးသမီးများအား နိုင်ငံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကို ပြည်ပအခြေစိုက် အမျိုး သမီးအဖွဲ့အစည်းများမှ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသော်လည်း အမျိုးသမီးလူငယ်များအနေဖြင့် နိုင်ငံရေး ပါတီအဖွဲ့အစည်းများ၏ ဖိတ်ခေါ်မှု၊ အသိအမှတ်ပြုမှုနှင့် နေရာပေးမှုများ အားနည်းမှုကြောင့် အမျိုးသမီး အဖွဲ့ အစည်းနှင့် အခြားလူထုအခြေပြုအဖွဲ့အစည်းများတွင်သာ ပါဝင်ခဲ့ကြသည်ဟု မိဆူးပွင့်က ပြောပါသည်။ ပြည်တွင်း တွင် အမျိုးသမီးများ အခွင့်အရေး၊ ကျားမရေးရာနှင့် ပတ်သက်၍ လုပ်ဆောင်လာမှုများ ရှိလာသော်လည်း နိုင်ငံ ရေးဆိုင်ရာ စွမ်းရည်မြင့်တင်ပေးသည့် အမျိုးသမီးသင်တန်းကျောင်းများ ဖွင့်လှစ်ရန် လိုအပ်သည်ဟုလည်း ပြော သည်။

အမျိုးသမီးငြိမ်းချမ်းရေးလှုပ်ရှားသူအဖွဲ့များပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများကို ပြည် တွင်းပြည်ပတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ယင်းတို့အနေဖြင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် အစိုးရကိုယ်စားပြု မဟုတ်သော လွတ်လပ်သည့်အမျိုးသမီးကိုယ်စားလှယ်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းပေးရန် တိုက်တွန်းတောင်းဆိုသွားနိုင်ဖွယ်ရှိသည်ဟုလည်း သူကပြောပါသည်။

ယခင်အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ NCA ရေးဆွဲစဉ် အမျိုးသမီးများ အနည်း ဆုံး(၃၀)ရာခိုင်နှုန်းပါဝင်လာရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖက်က တင်ပြခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများကို ထည့်သွင်းရန် အခက်အခဲများ ရှိနေ သေးကြောင်း ပြောဆိုခဲ့သဖြင့် အစည်းအဝေးမှတ်တမ်းအဖြစ်သာ ထားရှိခဲ့ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ တွင် သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက် သွားရန် သဘောတူသည်ဟုသာ NCA တွင် ပါဝင်ခဲ့ခြင်းသည်လည်း အားနည်းချက်တစ်ခု ဖြစ်ခဲ့သည်ဟု သူက ပြောသည်။

အမျိုးသမီးများအနေဖြင့် အရေးပါသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် (၃၀)ရာခိုင်နှုန်းပါဝင်နိုင်ရန် NCA တွင် ပါဝင်သည့်အတိုင်း အကောင်အထည်ဖော်ရန် ခံယူထားသည်ဟု NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဌ ပူးဇင်ကျုံးက ပြောသည်။

ဇူလိုင်လ ပထမပတ်တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်ရေးဆွေးနွေးပွဲ ကျင်းပရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်မှ  ဒေါက်တာတင်မျိုးဝင်းဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လိုက်လံတွေ့ဆုံဖိတ်ခေါ်လျက် ရှိသည်။

Related Articles