သန့်ရှင်းထွန်း။ ။
မျက်နှာလုံးလုံး၊ အသားညိုညို၊ အရပ်ပုပုနှင့် အသက် ၄၅ နှစ်ခန့်အရွယ် ဒေါ်ဖြူမဦး စစ်တွေအကျဉ်းထောင်ရှေ့တွင် ရပ်စောင့် နေသည်မှာ အချိန်လေးနာရီကျော်ခန့်ရှိပြီဖြစ်သည်။
ဒေါ်ဖြူမဦး၏ အနီးပတ်ဝန်းကျင်တွင် လူတစ်ချို့ကို တွေ့မြင်နေရသော်လည်း စကားတစ်ခွန်းမှမပြော၊ အကျိုးအကြောင်းလည်း မပြောဖြစ်ဘဲ စိတ်ထဲကသာ ဆုတောင်းနေမိသည်။
ဒေါ်ဖြူမဦး၏ ဆုတောင်းသာ မပြည့်ခဲ့ဘဲ လွှဲချော်မှုတစ်ခုဖြစ်ခဲ့လျှင် ရွာတွင်ကျန်ရစ်ခဲ့သည့် သက်ကြီးမိဘနှစ်ပါးကို မည်သို့ သတင်းစကားပါးရမည် စဉ်းစားမရဖြစ်နေခဲ့သည်။ သို့သော်လည်း ဒေါ်ဖြူမဦး၏ ဆုတောင်းမှာ ညနေ ၆ နာရီအချိန်တွင် တစ်လုံး တစ်ဝတည်း ပြည့်ခဲ့ရလေသည်။
ဒေါ်ဖြူမဦး၏ ဆုတောင်းပြည့်ခဲ့ခြင်းမှာ ညီမဖြစ်သူ ဒေါ်လှတင်နု ဖေဖော်ဝါရီလ ၁၂ ရက် ညနေက စစ်တွေမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းကြောင့်ဖြစ်သည်။
“ ညီမလွတ်မယ်ဆိုတာကို ကျမက အဲဒီနေ့နံနက် ၁၀နာရီလောက်မှာ သိခဲ့ရတယ်။ အင်တာနက်လိုင်းကနေတဆင့် သိခဲ့တာပါ။ ဒါပေမယ့် ကျမကမယုံသေးဘူး။ ညနေ ၆နာရီမှာ ထောင်ချုပ်ကနေထွက်လာတဲ့ ညီမကိုမြင်တဲ့အချိန်မှာ အမှန်တကယ် လွတ် တယ်ဆိုတာကို ယုံခဲ့တယ်။” ဟု ဒေါ်ဖြူမဦးက ပြောသည်။
စစ်တွေအကျဉ်းထောင်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့သည့် ဒေါ်ဖြူမဦး၏ ညီမဖြစ်သူ ဒေါ်လှတင်နုမှာ မြောက်ဦးမြို့နယ် ၊ လက္ကာရွာသား ၂၃ ဦး အဖမ်းခံရသည့်အထဲ တစ်ဦးတည်း ပါဝင်ခဲ့သည့် အမျိုးသမီးဖြစ်သည်။
လက်ရှိ အသက် ၄၀ အရွယ်ရှိပြီဖြစ်သော ဒေါ်လှတင်နုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်က မြောက်ဦးမြို့၊ မြို့ဦးခေါင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ရဲနှင့်စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသူဖြစ်သည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် AA နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးတရားစွဲဆိုခံရသူများစွာရှိနေခဲ့ပြီး တစ်ချို့မှာလည်း သက်သေမခိုင်လုံ၍ ပြန်လည်လွတ်မြောက်ခဲ့သလို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူများလည်းရှိသည်။ ထိုထဲတွင် ဒေါ်လှတင်နုပါဝင်ခဲ့ခြင်းဖြစ်သည်။
“ ရဲမေတစ်ယောက်နဲ့ တခြားလူတွေပါတယ်။ ကျမကိုဖမ်းတယ်လို့ ကျမမသိခဲ့ဘူး။ မေးစရာတစ်ချို့ ရှိတယ်ဆိုပြီးတော့ သူတို့က စခန်းကိုခဏလိုက်ခဲ့ပါဆိုပြီးတော့ပြောတယ်။ စခန်းကိုရောက်သွားတော့ ကျမကိုအမှုဖွင့်ထားတယ် ဆိုပြီးတော့ ရဲကပြောတယ်။ အမှုဖွင့်ထားတာကို ကျမလည်းမသိဘူး။ ရဲတွေပြောမှသိတာပါ။” ဟု ဖမ်းဆီးခံခဲ့ရပုံကို ဒေါ်လှတင်နု ပြန်ပြောပြသည်။
ထို့နောက် ဒေါ်လှတင်နုကို မြောက်ဦးမြို့မရဲစခန်းအချုပ်ထဲတွင် ချုပ်နှောင်ထားခဲ့ပြီး ယင်းမှတဆင့် စစ်တွေမြို့ အမှတ်(၂) ရဲစခန်းအချုပ်တွင် လေးလ၊ အမှတ်(၁) ရဲစခန်းအချုပ်တွင် သုံးလနှင့် စစ်တွေအကျဉ်းထောင်တွင် ရှစ်လနေခဲ့ရသည်ဟု ဆိုသည်။ ဒေါ်လှတင်နုလွတ်လာချိန်တွင် တရားရုံးက အမိန့်မချသေးဘဲ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဒေါ်လှတင်နုသည် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် အသက် ၇၀ ကျော်အရွယ် မိဘနှစ်ပါးနှင့်အတူ နေထိုင်ကာ ကြုံရာကျဘမ်းအလုပ်ဖြင့် မိဘနှစ်ပါးကို ကျွေးမွေးစောင့်ရှောက်နေသူဖြစ်ပြီး ၎င်းကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မိဘနှစ်ပါးနှင့်အတူ မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးခေါင်းကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့ခိုလှုံခဲ့ရသူဖြစ်သည်။ သူအဖမ်းခံရသည့်အခါ မိဘနှစ်ပါးကို အစ်မဖြစ်သူ ဒေါ်ဖြူမဦးက ခေါ်ယူစောင့်ရှောက်ခဲ့ရ သည်ဟု ဒေါ်ဖြူမဦးက ပြောပြသည်။
“ ညီမက အဖေအိုနဲ့အမေအိုကို လုပ်ကျွေးနေတာလေ။ သူအဖမ်းခံရတဲ့နေ့ကတည်းက ကျမက ရင်ဆိုင်ရတာတွေက အများ ကြီးပဲ။ သူတို့ပြောသလို ကျမညီမလေးက ဘယ်အဖွဲ့နဲ့မှလည်း ပတ်သက်မှုမရှိပါဘူး” ဒေါ်ဖြူမဦးက ပြောသည်။
သို့သော်လည်း တရားမျှတမှုကို ရှာရန်ခက်ခဲသော တိုင်းပြည်တွင် အာဏာပါဝါရှိသူတို့၏ လုပ်သမျှကို ခါးစည်းခံနေရသည်ဟု ဒေါ်လှတင်နုက ပြောသည်။ မိမိကို မည်သည့်အဖွဲ့အစည်းက မည့်သည့်ပုဒ်မဖြင့် တရားစွဲထားသည်ကိုပင် မသိသော ဒေါ်လှတင်နုသည် တရားရုံးတက်လိုက်၊ ထောင်ထဲတွင်နေထိုင်လိုက်နှင့် သူ့ဘဝ၏အချိန် ၁၄လကျော် ပေးဆပ်ခဲ့ရသည်။
ရဲစခန်းအချုပ်များနှင့် ထောင်တို့တွင် နေရစဉ်က မတော်မတရား အနိုင်ကျင့်မှုများကို မခံရသော်လည်း မတရားသဖြင့် စွပ်စွဲ ဖမ်းဆီးခံရခြင်းကြောင့် စိတ်ဒဏ်ရာတစ်ချို့ရရှိခဲ့သည်ဟု ဒေါ်လှတင်နုက ပြောသည်။
“ သက်ကြီးရွယ်အို မိဘနှစ်ပါးကို ကျမထားခဲ့ရတယ်။ ကျမအဖမ်းခံထားရတာကြောင့် ကျမအစ်မက သူတောင်းစားလိုဖြစ်ခဲ့ ရတယ်။ ဒါတွေက ကျမကို စိတ်ဒဏ်ရာရစေတဲ့အရာတွေပဲ”ဟု ဖမ်းဆီးခံခဲ့ရသည့် ခံစားချက်ကို ပြောပြသည်။
ဒေါ်လှတင်နု ဖမ်းဆီးခံထားရချိန်က အစ်မဖြစ်သူ ဒေါ်ဖြူမဦးမှာ ညီမနှင့်တွေ့ခွင့်ရရန် ကြုံရာကျဘမ်းအလုပ်ကို ပိုလုပ်၍ ဝင်ငွေပိုရှာခဲ့ရပြီး ငွေရှာမရသည့်အချိန်တွင် တခြားလူများထံက အကူညီတောင်းခံပြီး ရုံးချိန်းသွားရောက်ခဲ့ရသည်ဟု ဒေါ်ဖြူမဦး ကပြောသည်။
“ အဖေနဲ့ အမေကလည်း အလုပ်မလုပ်နိုင် ဒီကြားထဲ ညီမရုံးချိန်းတွေ့ရဖို့အတွက် ကြိုစားခဲ့ရတဲ့ဘဝတွေက ကြမ်းတမ်းခဲ့တယ်။ ကျမက ညီမဆီကိုသွားတွေ့ဖို့အတွက် စားရိတ်ရအောင် တစ်ရက်မှာ ငွေလေးလေးငါးထောင်ရမလားဆိုပြီး ကြုံရာကျဘမ်း အလုပ်တွေကို လုပ်ခဲ့ရတယ်။ အလုပ်မလုပ်ရတဲ့နေ့တွေမှာဆိုရင် တခြားလူတွေဆီက ငါးထောင်တစ်သောင်း အကူညီတောင်း ပြီးတော့ ညီမရုံးချိန်းကိုတက်ခဲ့ရတယ်။”ဟု ဒေါ်လှတင်နု ဖမ်းဆီးခံရချိန်က ရုံးချိန်းတွင် တွေ့ခွင့်ရရန် ကြိုးစားခဲ့ပုံကို အစ်မဖြစ်သူ ဒေါ်ဖြူမဦးက ရှင်းပြသည်။
သို့သော် ဒေါ်လှတင်နုတို့အမှုကို အခမဲ့ကူညီပေးနေသည့် ရှေ့နေများက လိုက်ပါဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေါ်ဖြူမဦး အတွက် ရှေ့နေစရိတ်သက်သာခဲ့ပြီး မိသားစုရှိရာ လက္ကာရွာနှင့် နယ်ဝေးတွင် ချုပ်နှောင်ခံထားရသည့် ဒေါ်လှတင်နုမှာ အချုပ် က ကျွေးသည့်ထမင်းကိုသာ စားခဲ့ရသည်ဟုဆိုသည်။
ထိုအမှုများတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြစ်ဒဏ်ချမှတ်ခံရပြီး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်ဖြစ်၊ အပြစ်မရှိ၍ တရားရုံးက ပြန်လွတ်လာသူဖြစ်ဖြစ် ဖမ်းဆီးခံထားရချိန်တွင် နစ်နာများစွာရှိနေသည်ဟု ပြောသည်။
“ ထောင်အချုပ်နဲ့ လပေါင်းများစွာ နေခဲ့ရတဲ့သူတွေဟာ သာမာန်လက်လုပ် လုပ်စားပြည်သူတွေ ဖြစ်တဲ့အတွက် သူတို့အတွက် နစ်နာမှုတွေ အများကြီးရှိတယ်”ဟု ၎င်းကဆိုသည်။
မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုခံရပြီး အချုပ်ထဲတွင် အချိန်ကြာမြင့်စွာနေခဲ့ရသဖြင့် ငွေကြေး၊ အချိန်များစွာ ဆုံးရှုံးနစ်နာ ခဲ့ရသလို အနာဂတ်အတွက်လည်း များစွာထိခိုက်ခဲ့ရသည့်အတွက် ကျေနပ်မှုမရှိကြောင်းနှင့် စွဲချက်တင်ရန် ခိုင်လုံသော သက်သေမရှိ၍ ပြန်လွတ်လာသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ တရားစွဲဆိုခြင်းမျိုးကို မသမာသောစိတ်ဖြင့် တရားစွဲဆိုခြင်းဟုခေါ်ဆိုပြီး တရားမနစ်နာမှုဥပေဒအရ နစ်နာမှု လျှောက် ထား၍ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
သို့သော် “လျှောက်လို့ရသည့်တိုင်အောင် တကယ်စွဲတဲ့လူတွေက စစ်သားတွေ၊ အစိုးရတွေ၊ ဘယ်သူကလက်ခံမလဲ တရားရုံး က။ အဲဒါကလည်း စဉ်းစားစရာပေါ့”ဟု ၎င်းက ပြောသည်။
အလားတူ ရခိုင်ဖြစ်စဉ်တွင် မှားယွင်းတရားစွဲဆိုမိသည့်အတွက် တရားစွဲပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အရေးယူသည့် ဖြစ်စဉ်မျိုး မတွေ့ရသေးပေ။
မည်သို့ပင်ဖြစ်စေ ညီမဖြစ်သူ ဒေါ်လှတင်နု ပြန်လွတ်လာခြင်းကိုပင် အစ်မဖြစ်သူ ဒေါ်ဖြူမဦးမှာ ဝမ်းသာမဆုံးဖြစ်နေပြီး ညီမ လွတ်လာခြင်းကို ပြောမိ၍ အမေဖြစ်သူမှာအပျော်လွန်၍ တစ်ခုခုဖြစ်သွားမည်ကိုပင် စိုးရိမ်ခဲ့ရသည်ဟု ဒေါ်ဖြူမဦးက ပြောသည်။
“ ညီမထောင်ချုပ်ကထွက်လာတဲ့နေ့က ကျမငိုမိတယ်။ ပျော်အားကြီးလို့ အိမ်မှာကျန်ခဲ့တဲ့ ကျမအမေ တစ်ခုခုဖြစ်သွားမလား ဆိုပြီးတော့ ရင်တုန်မိခဲ့တယ်။ အဲဒါကြောင့် အိမ်နားပတ်ဝန်းကျင်ကလူတွေကို အမေကို ခဏစောင့်ကြည့်ထားဖို့ မှာထားခဲ့ရ တယ်။” ဟု ၎င်းကဆိုသည်။
ရဲစခန်းသို့ ခဏလိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ရပြီး အချုပ်တွင် ၁၄ လကျော်နေထိုင်ခဲ့ရသော ဒေါ်လှတင်နုမှာ ပြန်လွတ်လာချိန်တွင် ယခင်က သူလုပ်ခဲ့သည့် ကျဘမ်းအလုပ်ဖြင့်သာ သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ထပ်မံလုပ်ကျွေးခွင့်ရတော့မည်ဖြစ်ပြီး ရုံးချိန်း ထုတ်မည့်ရက်ကိုလည်း မျှော်နေစရာမလိုတော့သလို အစ်မဖြစ်သူမှာလည်း တခြားသူများထံမှ အကူညီတောင်းစရာ မလိုတော့ ကြောင်း ဒေါ်လှတင်နုက ပြောသည်။
ဒေါ်လှတင်နုဖြစ်ပျက်ခဲ့သည့်အရာများကို ကံကြောင့်သာဟု ခံယူထားပြီး သူကဲ့သို့ မတရားဖမ်းဆီးခံ ထားရသူများမှာလည်း အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းပေးနေသည်ဟု ဆိုလေသည်။