Home ဆောင်းပါး မတရားမှုတွေကို ကလောင်စွမ်းနဲ့တွန်းလှန်ချင်သူအမျိုးသမီးတွေ

မတရားမှုတွေကို ကလောင်စွမ်းနဲ့တွန်းလှန်ချင်သူအမျိုးသမီးတွေ

ခင်ဘုန်းမို့။ ။
အမျိုးသမီးငယ်တစ်ဦးဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆိုင်ကယ်မောင်းကာ အိမ်ကထွက်လာခဲ့ပါတယ်။ ဒီနေ့ဟာ အမျိုးသမီးငယ်အတွက် ပထမဆုံး မြေပြင်ကွင်းဆင်းသတင်းယူရတဲ့ နေ့တစ်နေ့ဖြစ်တာကြောင့်ပါ။

အမျိုးသမီးငယ်ဟာ သူယူရမယ့်သတင်းအတွက် ဖုန်းကင်မရာနဲ့ ဗွီဒီယိုရိုက်နေပါတယ်။ အဲ့အချိန်မှာပဲ စစ်ကောင်စီ တပ်သားတွေ မြင်သွားပြီဆိုတဲ့အထင်နဲ့ ဆိုင်ကယ်ကို အရှိန်နဲ့မောင်းပြေးပါတော့တယ်။ ကားလမ်းမမှာဖြစ်တဲ့ အတွက် ကားတစ်စီးကို ဆိုင်ကယ်နဲ့ဝင်တိုက်မိခဲ့တယ်။ ကံကောင်းချင်တော့ ကားတိုက်မိတဲ့ဒဏ်ရာကလည်း အနည်းငယ်သာ ထိခိုက်ခဲ့ပါတယ်။

“ပထမဆုံး ကိုယ့်ဘာသာ မြေပြင်ဆင်းတဲ့အချိန်ဆိုတော့ အရမ်းလန့်သွားတာ”လို့ အမျိုးသမီးငယ်က သူ့အတွေ့ အကြုံကိုပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ အသက် (၁၈) နှစ်အရွယ် အဆစ် (အမည်လွှဲ) လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ သတင်းယူ ရင်း ကြုံတွေ့ခဲ့ရတဲ့အခြေအနေပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ သတင်းမီဒီယာလုပ်ငန်းတွေကို ပိတ် သိမ်းတာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်လာပါတယ်။

အာဏာသိမ်းကာလ တစ်နှစ်ခွဲကျော်ကာလအတွင်း ပိတ်သိမ်းခံရတဲ့ သတင်းမီဒီယာလုပ်ငန်း (၁၄) ခုအထိ ရှိပါ တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ ဖမ်းဆီးခံရတဲ့သတင်းသမား (၁၄၂) ဦး အထိရှိတယ်လို့ ပြည်တွင်းသတင်း၊ မီဒီယာတွေရဲ့အခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီအထဲမှာ အမျိုးသမီးသတင်းသမား (၂၆) ဦး ပါဝင်ပါတယ်။

အမျိုးသမီးသတင်းသမား ၂၆ ဦးထဲမှာ ပြန်လွတ်မြောက်လာသူ အမျိုးသမီးသတင်းသမား (၁၅) ဦးရှိပြီး ထောင် ဒဏ်ချမှတ်ခံရသူ အမျိုးသမီး (၆) ဦးနဲ့ ဖမ်းဆီးခံရပြီး အမိန့်ချမှတ်မချရသေးသူ (၅) ဦးရှိပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းသမားတွေဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၁၈၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ စွဲချက်တင်ခံကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး သတင်းထောက် (၄) ဦး သေဆုံးခဲ့ပါတယ်။ သုံးဦးဟာ စစ်တပ်က ဖမ်းဆီးချုပ်နှောင် ထားချိန်မှာ သေဆုံးခဲ့ပြီး (၁) ဦးက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ သတင်းမီဒီယာတွေကို ပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီးတာ ကြောင့် သတင်းမီဒီယာလုပ်ငန်းတွေဟာ ပြည်ပမှာအခြေချပြီး ပြည်သူလူထုကို သတင်းအမှန်တွေတင်ဆက်နိုင်ဖို့ သတင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။

သတင်းထောက်တွေအနေနဲ့လည်း နေအိမ်ကိုစွန့်ခွာပြီး တခြားနိုင်ငံတွေမှာ ပြောင်းရွှေ့နေထိုင်ရပြီး သတင်းလုပ် ငန်းတွေကို ဆက်လုပ်နေကြပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ ပြည်သူတွေကို သတင်းအချက်အလက်အမှန်တွေ တင်ပြနိုင်ဖို့အတွက် အမျိုးသမီး လူငယ်တချို့ဟာ သတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်လာကြပါတယ်။

ဖမ်းဆီးထောင်ချခံရနိုင်ပြီး အသက်ဆုံးရှုံးရနိုင်တဲ့ အခြေအနေတွေကြားမှာ သတင်းထောက်အလုပ်ကို ရွေးချယ်ခဲ့ သူကတော့ အသက် (၁၈) နှစ်အရွယ် အဆစ် (အမည်လွှဲ) ပါ။ သူကတော့ စစ်အာဏာသိမ်းပြီးနောက်မှာမှ သတင်း ထောက်အဖြစ် လုပ်ကိုင်နေသူပါ။

စစ်အာဏာမသိမ်းခင်က ရည်မှန်းချက်တွေအပြည့်နဲ့ ကျောင်းစာကိုသာအာရုံစိုက်နေခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးဟာ အာဏာသိမ်းပြီးနောက်မှာတော့ ကျောင်းသူဘဝကို စွန့်လွှတ်ခဲ့ရပါတယ်။ စစ်တပ်က အာ ဏာသိမ်းပြီးနောက် အဆစ်တို့နေထိုင်တဲ့ဒေသမှာ သတင်းအမှောင်ချခံရတာတွေ၊ သတင်းစီးဆင်းမှု အားနည်း တာတွေရှိတဲ့အတွက် သတင်းတွေစရေးခဲ့ပြီး သတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

“မတရားအနိုင်ကျင့်ခံရတာတွေကို ပြည်သူတစ်ရပ်လုံးကိုသိစေချင်တယ်။ စစ်ကောင်စီက ဘယ်လိုလုပ်ရပ်တွေ ကျူးလွန်နေတယ်ဆိုတာ တစ်နိုင်ငံလုံးကို သိစေချင်တဲ့အတွက် သတင်းတွေ စရေးလာတယ်”လို့ အဆစ်က သတင်းထောက်အဖြစ် လုပ်ကိုင်ဖြစ်ခဲ့ပုံကို ပြောပါတယ်။

သတင်းထောက်တစ်ယောက်ဖြစ်လာဖို့ တခါမှ အိပ်မက်မမက်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ဒီအလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာ ဖြစ်တယ်။ ငယ်ငယ်ကတည်းက သတင်းတွေဖတ်ရတာ၊ သတင်းတွေနားထောင်ရတာကို သဘောကျတဲ့အပြင် စာအုပ်စာပေတွေကို မြတ်နိုးခဲ့သူအဆစ်အတွက် သတင်းထောက်အလုပ်နဲ့ ပိုရင်းနှီးလွယ် ခဲ့တယ်။

စစ်ကောင်စီက သူတို့ရဲ့ဝါဒဖြန့်သတင်းတွေကို မဖော်ပြတဲ့မီဒီယာတွေ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေ ချိန်မှာ တော်လှန်ရေးသတင်းတွေ၊ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဖော်ထုတ်ရေးသားတဲ့ သတင်းသမားအဖြစ် လုပ်ကိုင်ရတာ မလွယ်လှပါဘူး။

စစ်ကောင်စီဟာ သူတို့အလိုရှိသူတွေကိုမတွေ့တဲ့အခါ မိသားစုတွေကိုပါ ဖမ်းဆီးတာကြောင့် အဆစ်အနေနဲ့ သူ့ အလုပ်ကြောင့် မိသားစုကို အန္တရာယ်ကျရောက်မှာ စိုးရိမ်ပါတယ်။ ဒီအလုပ်ကို စတင်ရွေးချယ်လိုက်တဲ့အချိန်ထဲ က တိမ်းရှောင်နေရတာ၊ လုံခြုံရေးဂရုစိုက်ပြီး နေထိုင်ရတာတွေ ရှိပါတယ်။ သတင်းထောက်အလုပ်ကို လျှို့လျှို့ ဝှက်ဝှက် လုပ်ကိုင်နေရတဲ့အတွက် ဘယ်သူ့ကိုမှ ကိုယ်ဘာလုပ်နေတယ်ဆိုတာ မပြောပြဖြစ်ပါဘူး။ အရင်ကဆို လူတိုင်းနဲ့ရင်းရင်းနှီးနှီးနေတဲ့ အဆစ်တစ်ယောက် ဒီကာလမှာတော့ လူတိုင်းနဲ့ စကားမပြောဖြစ်တော့ပါဘူး။

“ကိုယ့်ဘာသာသီးသန့်လေးနေတော့ မေးကြတယ်ပေါ့နော်။ သူငယ်ချင်းတွေဆို မာနကြီးတာလားလို့။ အဲ့လိုကျ ကိုယ့်အခက်အခဲတွေကို ပြောပြချင်တယ်။ ပြောပြလို့ကမရဆိုတော့ အရမ်းဝမ်းနည်းတယ်။ တစ်ခါတစ်လေ ကိုယ်တစ်ယောက်ထဲ အထီးကျန်သလိုပါ ခံစားရတယ်”လို့ အဆစ်ကဖွင့်ဟပါတယ်။

အလုပ်တွေကို လျှို့ဝှက်လုပ်ကိုင်ရတာဖြစ်တဲ့အတွက် အနေအထိုင် အသွားအလာလည်း ဂရုစိုက်ရပါတယ်။
“ငါ့များသိသွားမလား၊ ဖမ်းခံရတော့မှာလားဆိုတဲ့ စိတ်ကြီးနဲ့နေရတာဆိုတော့ အနေအထိုင်ခက်ခဲတယ်။ ထောင် နှုတ်ခမ်းဝ နင်းနေရတဲ့လူတွေဆိုတော့ အသွားအလာ၊ အနေအထိုင်ကတော့ အစစအရာအရာ ဆင်ခြင်ရပါတယ်”လို့ အဆစ်ကပြောပါတယ်။

ဒါ့အပြင် အလုပ်နဲ့ပတ်သက်ပြီး မိသားစုကလည်းစိတ်ပူသလို ကိုယ်တိုင်ကလည်း ကိုယ့်ကြောင့် မိသားစုတွေ အန္တရာယ်ကျရောက်မှာကို စိုးရိမ်ပါတယ်။ အစပိုင်းမှာတော့ မိသားစုက စိတ်ပူလို့ကန့်ကွက်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဒီအလုပ်ကိုဆက်လုပ်ဖို့ မိသားစုရဲ့ အားပေးထောက်ပံ့မှု ရခဲ့ပါတယ်။ သတင်းလုပ်ငန်းတွေ ဆက်ပြီးလုပ် နိုင်ဖို့နဲ့ မိသားစုရဲ့လုံခြုံရေးကို စိုးရိမ်တဲ့အတွက် လွတ်မြောက်နယ်မြေကို ထွက်လာပါတော့တယ်။

အဆစ်အနေနဲ့ လက်ရှိမှာ ပေါက်ကွဲမှုသတင်းတွေ၊ တိုက်ပွဲသတင်းတွေ၊ မန္တလေးမြို့တွင်း အခြေအနေတွေကို အဓိက ရေးသားနေပါတယ်။

အခက်အခဲနဲ့ အန္တရာယ်မျိုးစုံရှိနေပေမယ့်လည်း သတင်းထောက်အလုပ်ကို ရွေးချယ်ခဲ့မိတဲ့အပေါ် နောင်တမရဘူး လို့ အဆစ်ကဆိုပါတယ်။“အခုအချိန်မှာတော့ ဘယ်လောက်အထိ ဒီသတင်းထောက် အလုပ်ကို တွယ်တာမိလဲ ဆိုရင် ခေါင်းကိုပြောင်းဝနဲ့ချိန်ထားရင်တောင် ကလောင်တံကို လက်ကချမှာမဟုတ်ပါဘူး။ အခုလည်း သေသေရှင် ရှင်ဆိုပြီး ပြေးရင်းလွှားရင်းနဲ့ကို သတင်းရေးမိနေတဲ့အထိ ဒီအလုပ်ကိုတွယ်တာမိပါတယ်”လို့ အဆစ်က အား တက်သရောပြောပါတယ်။

အဆစ်နည်းတူ အာဏာသိမ်းပြီးနောက်မှာ သတင်းထောက်အလုပ်ကို ရွေးချယ်ခဲ့သူကတော့ အသက် (၂၃) နှစ်အ ရွယ် နိုင်း (အမည်လွှဲ) ပါ။ အာဏာမသိမ်းခင်က ကျောင်းသူတစ်ဦးဖြစ်ခဲ့တဲ့ နိုင်းတစ်ယောက် အာဏာသိမ်းပြီး တစ် နှစ်ခွဲအကြာမှာ သတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ် မြေကိုရောက်နေတဲ့ နိုင်းတစ်ယောက် မီဒီယာသင်တန်းတွေကို စိတ်ဝင်စားရာကနေ သတင်းထောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။

လွတ်မြောက်နယ်မြေကို ရောက်နေတဲ့အတွက် အလုပ်နဲ့ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်ရတာ မရှိပေမယ့် သတင်း ထောက် အလုပ်လုပ်ကိုင်တာကို မိတ်ဆွေအသိုင်းအဝိုင်းတွေကိုလည်း လျှို့ဝှက်ထားရပါသေးတယ်။

“တစ်ခါတစ်လေတော့လည်း အသိမိတ်ဆွေတွေကို ဒီသတင်းက ညီမရေးတာပါပေါ့။ အဲ့လိုသိစေချင်တာရှိ တယ်။ ဒါပေမယ့်လည်း သတင်းပညာ သင်ပေးတဲ့ဆရာက သတင်းသမားက သိုသိုသိပ်သိပ်နေရမယ်ဆိုတာမျိုး သင်ပေးထားတော့ ကိုယ့်ကိုယ် ကိုယ်ပဲ အရင်ပညာပြည့်ဝအောင် ကြိုးစားနေပါတယ်”လို့ နိုင်းက ဖွင့်ဟပါတယ်။ ဒီကာလမှာ သတင်းထောက်အလုပ်ကို ရွေးချယ်လိုက်တဲ့အပေါ် မိဘတွေကအားပေးပေမယ့် နိုင်းကတော့ မိသား စုနဲ့ ကျန်ခဲ့တဲ့ဆွေမျိုးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မိတယ်။

“ကိုယ့်ဒေသတွင်းသတင်းတွေကို သေသေချာချာလေးရေးဖြစ်တော့ အဲ့ဒေသက စစ်ကောင်စီဘက်တော်သား တွေက ဒီလိုသတင်းတွေရနိုင်တာ ဒီကဒေသခံပဲဖြစ်မှာဆိုပြီး ပြောကြတာကြားတော့ ကျန်ခဲ့တဲ့သူတွေအတွက် စိုး ရိမ်မိတယ်”လို့ နိုင်းကဖွင့်ဟတယ်။

နိုင်းအနေနဲ့ လက်တလောမှာ ဒေသတွင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းတွေ၊ နိုင်းရဲ့ ဇာတိပြည်နယ်က သတင်းတွေ၊ လှုပ်ရှားမှုတွေ၊ ထူးခြားဖြစ်စဉ်တွေကို အဓိက ဖော်ထုတ်ရေးသားနေတယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီး သတင်းစာပညာနဲ့ ပတ်သက်တာတွေကို ပိုလေ့လာသင်ယူသွားမယ်လို့ နိုင်းက စဉ်းစားထားပါတယ်။

အဆစ်နဲ့ နိုင်းတို့နည်းတူ အာဏာသိမ်းပြီးနောက်မှာ သတင်းထောက်အဖြစ် လုပ်ကိုင်နေသူကတော့ အသက် (၂၅) နှစ်အရွယ် ဂျက်စီကာ (Jessica) (အမည်လွှဲ) ပါ။

စစ်အာဏာမသိမ်းခင်က တက္ကသိုလ်တစ်ခုမှာ မဟာဘွဲ့တက်နေပြီး သုတေသနလက်ထောက်အနေနဲ့ အလုပ်လုပ် နေတဲ့ ဂျက်စီကာတစ်ယောက် အာဏာသိမ်းလိုက်ချိန်မှာတော့ စာတမ်းတင်ရုံပဲလိုတဲ့ မဟာဘွဲ့ကိုမယူဖြစ်တော့ပဲ CDM မှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် အလွတ်တန်းသတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တယ်။

“ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ ဖြစ်ရပ်မှန်တွေနဲ့ စစ်တပ်ရဲ့ မှားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ကောင်စီ ကလွှင့်နေတဲ့ ဝါဒမှိုင်းတွေကို နားထောင်လိုက်တိုင်း လူငယ်တစ်ယောက်အနေနဲ့ မဟုတ်တာတွေ အဟုတ်လုပ်ပြီး ပြောနေတော့ ခံပြင်းတဲ့စိတ်ကြောင့် ပြည်သူလူထုကို အမှန်တရားချပြချင်တဲ့ စိတ်လည်းပါဝင်တယ်”လို့ ဂျက်စီ ကာက သတင်းထောက်လုပ်ဖြစ်ခဲ့ပုံကို ပြောပါတယ်။

အရင်ကဒီအလုပ်လုပ်ဖို့ စိတ်တောင်မကူးခဲ့ပေမယ့် တကယ်တမ်းလုပ်ကိုင်တဲ့အခါမှာ ဝါသနာ ပါလာပါတော့ တယ်။ ဒီအလုပ်ကို ရွေးချယ်ခဲ့တဲ့အတွက် စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။ မိသားစုကို အန္တရာယ်ကျ ရောက်မှာနဲ့ မိသားစုကသိရင် စိတ်ပူမှာစိုးတဲ့အတွက် သတင်းထောက်အလုပ် လုပ်နေကြောင်း အသိမပေးထား ပါဘူး။

“တချို့လူတွေက ကိုယ့်ကိုပတ်ဝန်းကျင်မှာ ဘွဲ့ယူပြီးသားသူတွေ စကစလက်အောက်မှာ အလုပ်လုပ်နေတဲ့ သူတွေ နဲ့ယှဉ်ပြီး ဘွဲ့မရသေးတဲ့ အလုပ်လက်မဲ့တစ်ယောက်၊ အဖြစ်မရှိတဲ့သူတစ်ယောက်လို့ အထင်သေးခံရပါတယ်။ ကိုယ့်အလုပ်ကို လုံခြုံရေးအရ ပြောလို့မဖြစ်ပေမယ့် အဲ့လိုစကစအောက်မှာ ဘွဲ့ယူအလုပ်လုပ်နေတဲ့သူတွေနဲ့ ယှဉ် ခံရတာမျိုးဆိုရင် အရမ်းခံပြင်းတယ်”လို့ ဂျက်စီကာက ဖွင့်ဟပါတယ်။

ဒါ့အပြင် လိုချင်တဲ့သတင်းမရတာ၊ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေမျိုးတွေမှာ စိတ်ဖိအားများပြီး ညဘက်အိပ် မပျော်တာမျိုးတွေအထိ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အလုပ်အကိုင်နဲ့ပတ်သက်ပြီး နေထိုင်သွားလာတာ ဆင်ခြင်နေရတာ၊ အလုပ်အကိုင်ကို ဖွင့်ပြောလို့မရတာတွေက လူငယ်တစ်ယောက်အနေနဲ့ အရင်လိုမျိုး စိတ်လွတ်၊ လက်လွတ်၊ ပေါ့ပေါ့ပါးပါး မဖြစ်တော့ဘူးလို့ ဂျက်စီကာက ဖွင့်ဟပါတယ်။ ဒီလိုအခက်အခဲတွေရှိပေမယ့်လည်း ဒီအလုပ်အပေါ်မှာ တွယ်တာမိကာ ရှေ့ဆက်ပြီး ဆက်လက် လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။

ဂျက်စီကာတို့လိုပဲ အာဏာသိမ်းပြီးနောက်မှ အခက်အခဲတွေကြားက သတင်းထောက်အလုပ်ကို ရွေးချယ်ခဲ့သူက တော့ အသက် (၁၉) နှစ်အရွယ် မယ်ရီ (အမည်လွှဲ) ပါ။

မယ်ရီဟာ အရင်က တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ကျောင်းစာကိုသာ အာရုံစိုက်ခဲ့သူဖြစ်တယ်။

အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ သတင်းစာပညာကိုလေ့လာရင်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပါတော့ တယ်။ ဆယ်ကျော်သက်အရွယ်ထဲက သတင်းထောက်ဖြစ်ချင်ခဲ့တဲ့ မယ်ရီတစ်ယောက် လက်ရှိမှာတော့ စိတ်ကူး တွေက လက်တွေ့ဖြစ်လာခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ် သတင်းထောက်တစ်ယောက် ဖြစ်လာမယ်ဆိုတာ target ထားထားပေမယ့် အခုလို အသက်ငယ်ငယ်နဲ့ ဒီလောကထဲရောက်လာမယ်လို့တော့ မတွေးမိပါဘူး”လို့ မယ်ရီက ဖွင့်ဟတယ်။ စိန်ခေါ်မှုနဲ့ အန္တရာယ်တွေရှိပေမယ့်လည်း ရွေးချယ်လိုက်တဲ့အလုပ်အပေါ် အားရကျေနပ်နေပါတယ်။

“သတင်းပညာလေ့လာသင်ယူချင်တဲ့ လူငယ်တွေအတွက်ကတော့ ဒီအလုပ်က အန္တရာယ်များပေမယ့် ဒီတော် လှန်ရေးကာလမှာ ပိုပြီးအခွင့်အလမ်းတွေရှိလာတယ်။ ပိုလေ့လာသင်ယူရတယ်။ စွန့်စားရတယ်လို့ ထင်မိတယ်” လို့ မယ်ရီကပြောတယ်။

တော်လှန်ရေးကာလမှာ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် တခြားသတင်းထောက်တွေနည်းတူ စိတ်ပိုင်းဆိုင်ရာ မလုံ ခြုံမှုတွေ ခံစားရပါတယ်။

“ညတွေဆိုအိပ်မပျော်ဘဲ ကားသံကြားတာနဲ့ ငါ့ဖမ်းမလားဆိုပြီး ကြောက်နေရတယ်”လို့ မယ်ရီက ဖွင့်ဟတယ်။

မယ်ရီက စိတ်အားထက်သန်သလောက် မိသားစုကတော့ အလုပ်နဲ့ပတ်သက်ပြီး စိုးရိမ်နေပါတယ်။ အိမ်နဲ့ အတိုက် အခံလုပ်ပြီး ဒီအလုပ်ကို ရွေးချယ်ခဲ့တယ်။

အလုပ်တွေကို လျှို့ဝှက်စွာလုပ်ကိုင်ရသလို အနေအထိုင် အသွားအလာလည်း ဆင်ခြင်ရတယ်။

“ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မရှိတော့ဘူး။ သိုသိုသိပ်သိပ်နေရတယ်။ လွတ်လပ်စွာအပြင်သွားခွင့် အပိတ်ခံလိုက် ရတာမျိုး ခံစားရတယ်”လို့ မယ်ရီကဆိုတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ကိုယ်ကျိုးစွန့်၊ အသက်အန္တရာယ်ကြားကနေပြီး လုပ်နေကြတဲ့ သတင်း ထောက်တွေ အများကြီးရှိပြီး ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

“ခြိမ်းခြောက်မှုတွေ အသက်အန္တရာယ်တွေကို ကြောက်နေမယ်ဆိုရင် လူထုအတွက် ရပ်တည်ပြီး အမှန်တရား တွေ၊ တရားမျှတမှုတွေ ဖော်ထုတ်ပေးဖို့က ပျောက်ကွယ်သွားမှာဘဲ။ အဲ့လိုပျောက်ကွယ်သွားရင် ကျွန်မတို့ တည် ဆောက်ချင်တဲ့ လူတစ်ဦး၊ တစ်ယောက်ချင်းစီရဲ့အခွင့်အရေးနဲ့ လူ့တန်ဖိုးကိုအသိအမှတ်ပြုတဲ့ လူမှုအသိုင်း အဝိုင်းတစ်ခု ဖြစ်လာမှာမဟုတ်ဘူး။ ဒီအနေအထားတွေကလည်း အမျိုးသမီးတွေ သတင်းထောက်လုပ်ငန်းကို အန္တရာယ်တွေကြားမှာ ဆက်ပြီး လုပ်ဆောင်ရမယ်ဆိုတဲ့ ခံယူချက်တွေဖြစ်စေတယ်လို့ မြင်တယ်။”လို့ သူကသုံး သပ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေဆက်ရှိနေမယ်ဆိုရင် ဆင်းရဲမွဲတေမှုနဲ့ အဆိုးရွားဆုံးအခြေ အနေတစ်ခု ဆက်လက်ရောက်ရှိသွားနိုင်တယ်ဆိုတဲ့အပေါ်မှာ မခံရပ်နိုင်တဲ့အတွက်လည်း အန္တရာယ်တွေကြား ကနေ အမျိုးသမီးသတင်းထောက်တွေက ဆက်ပြီးလှုပ်ရှားတာဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦး က မှတ်ချက်ပြုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းသမားအများစုက လုံခြုံရေးအခြေအနေအရ ပြည်ပနဲ့ နယ်စပ်ဒေသ တွေမှာ နေထိုင်လုပ်ကိုင်နေကြရပြီး ပြည်တွင်းမှာတော့ CJ (Citizen Journalist) တွေ လုပ်ကိုင်လာတာ တွေရှိတယ်လို့ အယ်ဒီတာဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

“အဓိကတော့ ဝါသနာကိုအရင်းခံသလို တစ်ဖက်ကလည်းတော်လှန်ရေးကို တတပ်တအား ကူညီချင်ကြသူတွေ ဖြစ်မယ်လို့ ထင်ပါတယ်”လို့ အဆိုပါ အယ်ဒီတာဟောင်းက ဆိုပါတယ်။

ဒီလိုအခက်အခဲတွေ၊ အန္တရာယ်တွေ၊ အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်တဲ့ အခြေအနေတွေ ရှိပေမယ့်လည်း အမျိုးသမီးသတင်းသမားတွေဟာ ဒီအလုပ်အပေါ် ဂုဏ်ယူနေကြပါတယ်။

စစ်ကောင်စီရဲ့ မတရားမှုတွေကို မီဒီယာကနေတဆင့် လူအများသိအောင် ဖော်ထုတ်ခွင့်ရတာကို ကျေနပ်တယ်လို့ နိုင်းကပြောပါတယ်။

ဂျက်စီကာကလည်း “မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပြီးတော့ လွတ်လပ်မှုနဲ့ တရားမျှတမှု၊ တန်း တူညီမျှမှုရှိတဲ့ နိုင်ငံတစ်ခုအမြန်ဆုံး ဖြစ်စေချင်တယ်။ သတင်းဆောင်းပါးတွေကို အကြောက်တရားကင်းကင်းနဲ့ ရေးချင်ပါတယ်။ အခက်အခဲတွေ စိတ်မွန်းကြပ်မှုတွေ ရှိနေပေမယ့် Freedom of Expression မရှိတဲ့ နိုင်ငံ တခုမှာ အဖိနှိပ်ခံပြည်သူလူထုရဲ့အသံနဲ့ အမှန်တရားကိုဖော်ပြနိုင်ခွင့်ရတာ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတယ်”လို့ ဆို တယ်။

သတင်းနဲ့ပတ်သက်ပြီး ငွေကြေးဥစ္စာ ဘာမျှော်လင့်ချက်မှမရှိပဲ အိမ်ကမုန့်ဖိုးတောင်းကာ ကိုယ်ပိုင်ရပ်တည်မှုတွေ နဲ့ သတင်းတွေ ရေးသားနေတယ်လို့ အဆစ်ကဆိုပါတယ်။
“မိန်းကလေးသတင်းထောက်တစ်ယောက် ဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ အများကြီးရင်ဆိုင်ခဲ့ရ တယ်။ ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေလုပ်ခဲ့ရတယ်။ အသက်ကလည်း အရမ်းငယ်သေး တော့ တချို့အရာတွေ အရမ်းလေ့လာရတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိရအောင် သေချာလေ့လာသင်ယူရင်းနဲ့ ဒီ အလုပ်ကို အရမ်းမြတ်နိုးမိတယ်”လို့ အဆစ်ကဆိုပါတော့တယ်။

Author:

Related Articles