Honest Information (HI)
စစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ စစ်တပ်က သူတို့ကို ဆန့်ကျင်နေသူတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်တိုက်ခိုက် ဖြိုခွင်းနေပေမယ့် အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေက နေရာအနှံ့အပြားမှာ ရှိနေဆဲပါ။
အာဏာရှင်တော်လှန်ရေး နွေဦးတိုက်ပွဲရဲ့ အစပိုင်းတုန်းက ရှေ့တန်းက ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာလည်း တနှစ်ကြာတဲ့တိုင်အောင် တော်လှန်ရေးတပ်ဦးမှာ ရှိနေဆဲဖြစ်ပါတယ်။
တနှစ်တာ ကာလအတွင်း အမျိုးသမီး ၁၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၁၁၀ ဟာလည်း တော်လှန်ရေးအတွက် အသက်ပေးခဲ့ရပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူ အမျိုးသမီးစုစုပေါင်းက ၉၅ ယောက်ထက်မနည်း ရှိသလို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်ခံရတဲ့အမျိုးသမီး ကတော့ ၅ ယောက်ရှိကာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရ သူ ၆ ယောက် ရှိတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ လူထုအုံကြွမှုကြီးဖြစ်အောင် အမျိုးသမီးတွေဟာ ဦးဆောင်နိုင်ခဲ့သလို အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ကနေစလို့ လက်နက်ကိုင်တော်လှန်ရေးအထိ အရွယ်စုံ၊ အလွှာစုံက အမျိုးသမီးတွေဟာ ကျရာကဏ္ဍကနေ အားဖြည့်ပါဝင်ခဲ့ကြတယ်။
ဒါတွေကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အမျိုးသမီးတွေဟာ ဖမ်းဆီးခံရကာ စစ်ကြောရေးတွေမှာ လူမဆန်အောင် နှိပ်စက်ညှင်းပန်းခံရသလို အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အသက်ပေးရတဲ့အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအသက်ခန္ဓာတွေ ပေးရတဲ့အထိ အန္တရာယ်များလွန်းမှန်းသိပေမယ့် အမျိုးသမီးတွေဟာ တော်လှန်ရေးအပေါ် စိတ်ပျက်အားလျော့သွားတာ မရှိဘဲ အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့ထားဆီးထားတဲ့ကြားက ရဲရဲဝံ့ဝံ့နဲ့ ပါဝင်တော်လှန်နေတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့ မတိုင်ခင်အထိ ကန့်ကွက်မှု အနည်းငယ်ကလွဲရင် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုက ကြီးကြီးမားမား မရှိဘူးလို့ဆိုနိုင်ပါတယ်။ တိတ်ဆိတ်နေတဲ့ လူထုအသံကို ပွင့်ထွက်လာ စေခဲ့တာကတော့ အမျိုးသမီးအများစုပါဝင်တဲ့ ရန်ကုန်မြို့က ဖေဖော်ဝါရီ ၆ ရက် ဆန္ဒပြပွဲ ဖြစ်ပါတယ်။
စက်ရုံအလုပ်ရုံတွေက အမျိုးသမီးအလုပ်သမား အများအပြားပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို့ အင်းစိန်လမ်းပေါ်မှာ စုဝေးခဲ့ပြီး စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ လမ်းပေါ်ထွက်ကာ လူထုကိုလှုံ့ဆော်ပေးခဲ့ကြပါတယ်။ အဲ့ဒိလှုပ်ရှားမှုက နိုင်ငံအနှံ့ ကူးစက်သွားခဲ့ပြီး နောက်နေ့တွေကစလို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
“ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ဦးဆောင်မှုနဲ့ တော်လှန်ရေးမှာ ပါဝင်မှုအခန်းကဏ္ဍက မြန်မာ့သမိုင်းမှာ မကြံဖူးလောက်အောင် အထင်အရှားဆုံးနဲ့ အကြီးမားဆုံး ပါဝင်မှုဖြစ်တယ်” လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ က ဂုဏ်ယူဝင့်ကြွားစွာနဲ့ မှတ်ချက်ပြုပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်သပိတ်မှာ အမျိုးသမီးအလုပ်သမားတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒပြခဲ့သူတွေထဲမှာ ရှေ့တန်းက ပါဝင်လာခဲ့တဲ့ မအိသဉ္ဇာမောင် နဲ့ ကချင်(လော်ဝေါ်)တိုင်းရင်းသူ အက်စတာဇေနော တို့ဟာ တော်လှန်ရေးအစပိုင်းမှာ လူသိများတဲ့ လူငယ်အမျိုးသမီး ခေါင်းဆောင်တွေ ဖြစ်လာပါတယ်။
သူတို့တွေဟာ အာဏာသိမ်းစစ်တပ်က အပြင်းအထန်ရှာဖွေနေတဲ့ကြားက လူထုအုံကြွမှုကြီး ဆက်လက်အားကောင်းလာဖို့ ဖေဖော်ဝါရီ တစ်လလုံးလုံး မြေပြင်နဲ့အွန်လိုင်းပေါ်ကနေ ဆန္ဒပြတာတွေ၊ ဟောပြောမှုတွေ၊ နိုင်ငံတကာချိတ်ဆက်မှုတွေကို တောက်လျှောက်လုပ်ကိုင်ခဲ့တယ်။ အသက် ၂၀ ကျော်တွေသာရှိကြသေးတဲ့ မအိသဉ္ဇာမောင် နဲ့ အက်စတာဇေနော တို့ဟာ သူတို့ရဲ့ ရဲရင့်တဲ့ လုပ်ရပ်တွေကြောင့် TIME မဂ္ဂဇင်းက ဖော်ပြတဲ့ ကမ္ဘာမှာ လွမ်းမိုးမှုအရှိဆုံး အမျိုးသမီး အယောက် ၁၀၀ စာရင်းမှာ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။
လက်ရှိမှာတော့ မအိသဉ္ဇာမောင်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းနေပြီး အက်စတာဇေနောကတော့ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်သွားခဲ့တယ်။
နွေဦးတော်လှန်ရေးဖြစ်လာဖို့ အရေးပါတဲ့ ကဏ္ဍတခုဖြစ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်တဲ့အခါမှာလည်း အမျိုးသမီးဝန်ထမ်းတွေဟာ ရှေ့ဆုံးကနေပါဝင်ခဲ့တယ်။ ကျန်းမာရေး၊ ပညာရေး၊ ဘဏ်လုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးစတဲ့ လုပ်ငန်းအသီးသီးမှ အမျိုးသမီးဝန်ထမ်းတွေ၊ ရဲမေတွေ၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတချို့ရဲ့ ဇနီးသည်တွေပါ CDMလုပ်လာတဲ့ အခါမှာတော့ စစ်တပ်က အလုပ်ရပ်ဆိုင်းတာ၊ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ရှားခိုင်းတာ၊ လိုင်စင်တွေဖြုတ်သိမ်းတာ၊ ချေးငွေပြန်တောင်းတာ၊ ဖမ်းဝရမ်းထုတ်ဖမ်းဆီးတာ တွေအထိလုပ်ခဲ့ပေမယ့် ဒါတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားရာမှာလည်း အမျိုးသမီးတွေပါဝင်ကြရပြန်တယ်။
အမျိုးသမီးတွေရဲ့အာဏာရှင်တော်လှန်ရေးမှာ ပါဝင်မှု၊ စွန့်လွှတ်စွန့်စားမှုတွေကို ထုတ်ဖော်ပြသရမယ်ဆိုရင်ဖြင့် ကဏ္ဍမျိုးစုံ၊ နေရာပေါင်းစုံကနေ အနေအထားအမျိုးမျိုးနဲ့ ပါဝင်နေတာကြောင့် ပြောလို့တောင် ကုန်နိုင်မယ် မထင်ပါဘူး။
“အမျိုးသမီးတွေက ဒီတော်လှန်ရေးရဲ့ ဒေါက်တိုင်တွေပဲဖြစ်ပါတယ်။ အမျိုးသမီးတွေမပါဘဲနဲ့ ဒီတော်လှန်ရေး မအောင်နိုင်ပါဘူး” လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူက မှတ်ချက်ပြုပါတယ်။
ပြည်သူလူထု တရပ်လုံးလို့ပြောရင် နိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း လောက်က အမျိုးသမီးတွေ ဖြစ်နေသလို ဒီတော်လှန်ရေးမှာ လည်း အမျိုးသမီးတွေက ရှေ့တန်းက ပါဝင်နေတာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
“၂၀၂၁ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးမှာပါဝင်မှု အခန်းကဏ္ဍက ဘယ်လိုမှဖုံးကွယ် ထားလို့မရလောက်အောင် သိသာမြင်သာတယ်။ ဒါဟာ ကျမတို့ရဲ့သမိုင်းမှာ အမျိုးသမီးပါဝင်မှုနဲ့ ဦးဆောင်မှု အမြင့်မားဆုံး တော်လှန်ရေးလို့ ပြောလို့ရတယ်” လို့ ဒေါ်မေစံပယ်ဖြူက မှတ်ချက်ပြုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်ကလည်း “တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ တော်လှန်ရဲတဲ့သတ္တိနဲ့ စွန့်စားရဲတဲ့စိတ်ဓာတ်တွေဟာ စစ်တပ်ကို သွေးပျက်သွားစေခဲ့တယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ သူတို့အင်အားတွေလိုတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အစဉ်အလာနဲ့ ခွဲခြားဆက်ဆံမှုတွေကနေ ဖောက်ထွက်ပြီး “ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ” ဆိုတဲ့ ကြွေးကြော်သံနဲ့ လှုပ်ရှားမှုကလည်း အမျိုးသမီးတွေရဲ့ တော်လှန်ရဲတဲ့စိတ်ဓါတ်နဲ့ သတ္တိကိုထုတ်ပြနိုင်ခဲ့တဲ့ အထင်ရှားဆုံးနဲ့ အအောင်မြင်ဆုံး လှုပ်ရှားမှုဖြစ်ပါတယ်။
အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ အမျိုးသမီးတွေဟာ စစ်တပ်ကားတွေ အလွယ်တကူ ဝင်မလာနိုင်အောင်ထားရှိ ထားတဲ့အကာအရံတွေရဲ့ရှေ့မှာ ထဘီတွေကို ကြိုးနဲ့တန်းကာ တားဆီးထားရာမှစလို့ ထဘီတော်လှန်ရေးဖြစ်ခဲ့တာပါ။
၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမယ်ဆိုတဲ့ သတိပေးချက်တွေကို လျစ်လျူရှူကာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေသာမက နိုင်ငံတဝှမ်းရှိ ပြည်သူတရပ်လုံးက ထဘီတွေခြုံ၊ အလံတွေလွှင့်ထူကာ အာဏာရှင်ကိုတော်လှန်ခဲ့ကြတယ်။
အာဏာသိမ်းစစ်တပ်ကလည်း သူတို့သတိပေးချက်အတိုင်း အနယ်နယ်အရပ်ရပ်ရှိ ထဘီကိုအလံလုပ်ကာ လွှင့်ထူလာတဲ့ အမျိုးသမီးသပိတ် စစ်ကြောင်းကို မီးခိုးဗုံးတွေ၊ သေနတ်တွေ ပစ်ဖောက်ကာ လူစုခွဲခဲ့တာကြောင့် လူသေဆုံးမှုလည်း ရှိခဲ့သလို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားသူတွေလည်း ရှိခဲ့ပါတယ်။
အဲ့ဒီလိုမီးခိုးဗုံးတွေ၊ ရာဘာကျည်တွေ ကြားထဲကနေ စစ်အာဏာရှင်တော်လှန်နေတဲ့ ကြွေးကြော်သံတွေက ရပ်မသွားဘဲ ဆက်ပြီးတော်လှန်ရဲတဲ့ အမျိုးသမီးတွေရဲ့စိတ်ဓာတ်နဲ့ ရဲရင့်မှုဟာ မြန်မာသာမက ကမ္ဘာအထိပါ ပျံနှံသွားခဲ့ပါတယ်။
ထဘီတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဒေါ်သန္တာဌေးကတော့ “ကျမတို့ ဒီလိုလုပ်လိုက်တော့ အမျိုးသမီးတွေလည်း လျော့တွက်လို့ မရဘူးဆိုတာ သိလောက်မှာပါ။ အဲ့ဒီနေ့က အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ ရဲရင့်တဲ့ စိတ်ဓာတ်တွေကို သူတို့(စစ်တပ်)တွေ့ပြီး စိတ်ခြောက်ခြားသွားပုံရတယ်။ အဲ့နောက်ပိုင်း အသေဖမ်းတော့တာပဲလေ” လို့ ပြောပါ တယ်။
ဒါတွေအပြင် အမျိုးသမီးတွေဟာ ဒီတော်လှန်ရေးမှာ ရှေးရိုးစွဲအယူအဆတွေကို စစ်အာဏာရှင်နဲ့အတူ တပါတည်း တွန်းလှန်တိုက်ဖျက်ဖို့နဲ့ အမျိုးသမီးစစ်ကြောင်းတွေ အားကောင်းကောင်းနဲ့ ထွက်ရှိလာနိုင်ဖို့အတွက် ရည်ရွယ်ကာ “အမျိုးသမီးမဟာမိတ်အင်အားစု(WAB)” ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဒီမဟာမိတ်အင်အားစုဟာ မြို့ကြီးတွေနဲ့ ကျေးလက်တွေမှာ စောင့်ကြည့်မှုတွေကြားက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အဆက်မပြတ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သပိတ်ဦးဆောင်သူ အမျိုးသမီးတွေဟာလည်း စစ်တပ်ရဲ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုကြောင့် နေအိမ်ကိုမပြန်နိုင်တဲ့ အချိန်တွေမှာတောင် သပိတ်စစ်ကြောင်းတွေ ရအောင်ထွက်ခဲ့ပြီး အာဏာရှင်ကို ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြပါတယ်။
ဖမ်းဆီးမှုတွေကြောင့် ဒီအမျိုးသမီးတွေဟာ မိသားစုနဲ့ခွဲခွာကာ ညရောက်တာနဲ့ အိပ်ဖို့နေရာရှာနေခဲ့ကြရပြီး အနေဆင်းရဲ၊ အစားဆင်းရဲမှုများစွာကြားမှာ ရှင်သန်လှုပ်ရှားနေကြရတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်က သူတို့လိုချင်သူမရရင် အိမ်ရှိမိသားစုတွေကို ဖမ်းသွားတာ၊ နေအိမ်ရှိပစ္စည်းဥစ္စာတွေကို သိမ်းယူသွားတာနဲ့ ချိတ်ပိတ်ခံရတာတွေ ရှိတာကြောင့် သူတို့ရဲ့စွန့်လွှတ်စွန့်စားရမှုဟာ ပြောမပြတတ်အောင် ကြီးမားလွန်းလှပါတယ်။
ဖိနှိပ်မှုတွေအောက်က လွတ်မြောက်ဖို့အတွက် သပိတ်မှောက်လှုပ်ရှားမှုတွေမှာ တကိုယ်တော်မိခင်တွေ၊ အိမ်ထောင်ရှင်မတွေ၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ အသက်ကြီးပိုင်းအရွယ်တွေ အပါအဝင် နယ်ပယ်အစုံက အမျိုးသမီးတွေ ပါဝင်သလို တက္ကသိုလ်ကျောင်းတက်နေဆဲ အမျိုးသမီးလေးတွေလည်း ပါဝင်ကြပါတယ်။
ကျောင်းသူလေးတွေဟာ ယခင်ကတော့ သူတို့မှာ ရည်မှန်းချက်ကိုယ်စီ၊ အနာဂတ်ကိုယ်စီနဲ့ တောက်မယ့်မီးခဲတရဲရဲ ဖြစ်နေတဲ့ အရွယ်ကောင်းလေးတွေပါ။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အိမ်မက်တွေကို စွန့်လွှတ်ကာ တော်လှန်ရေးထဲကို ခုန်ဆင်းခဲ့ကြပါတယ်။
ဓာတုဗေဒ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ အသက် ၂၂ နှစ် အရွယ် မလင်းလင်းဆိုရင် ပညာရေးလမ်းမဆုံးသေးခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်သွားတဲ့အတွက် တော်လှန်ရေးမှာပါဝင်ခဲ့ရသလို သပိတ်စစ်ကြောင်းတွေကို ဦးဆောင်သူလည်း ဖြစ်ခဲ့ပါတယ်။
အမျိုးသမီးမဟာမိတ်အင်အားစု(WAB)ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မလင်းလင်းဟာ သပိတ်စစ်ကြောင်းတွေ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲခံနေရတဲ့ အချိန်မှာတောင် ပြောက်ကျားသပိတ်တွေ ထွက်နိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပါတယ်။ လပေါင်းများစွာ လျှပ်တပြတ် သပိတ်တွေကို ဦးဆောင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ လပိုင်းတုန်းက မလင်းလင်းကို အရပ်ဝတ်တွေနဲ့ အမျိုးသားတွေက သေနတ်နဲ့ထောက်ကာ ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။
မလင်းလင်းရဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဥက္ကဌ ကိုမင်းဟန်ထက်ကတော့ “မလင်းလင်းက အခုအချိန်ထိ လမ်းတွေပေါ်မှာ ဆက်လက်တော်လှန်နေဆဲ ဟစ်ကြွေးနေဆဲ အမျိုးသမီးခေါင်းဆောင်တွေ ထဲကတစ်ယောက်ပါပဲ”လို့ မှတ်ချက်ပြုပါတယ်။
အမျိုးသမီးတွေရဲ့စွန့်လွှတ်စွန့်စားနိုင်မှုက ဒါတွေတင်မကပါဘူး။ လမ်းမတွေပေါ်က သပိတ်စစ်ကြောင်းတွေ၊ CDM လုပ်ခဲ့ကြတာတွေတင်မဟုတ်ဘဲ စစ်အာဏာရှင်ကို အမြစ်ဖြုတ်တိုက်ထုတ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေး ထဲမှာပါ အမျိုးသမီးတွေ ဝင်ရောက်ခဲ့ကြတယ်။
ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝှမ်းက ကျောင်းသားပြည်သူတွေဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာ ဒေသများသို့ သွားရောက်ကာ စစ်ပညာ သင်ယူခဲ့ကြပါတယ်။ ဒီလိုစစ်ပညာသင်ယူနေတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်လာတာကို တွေ့မြင်နိုင်ပါတယ်။
အသက် ၂၂ အရွယ်ဇူဇန်ဆိုရင် စစ်အာဏာမသိမ်းမီက ပထဝီမေဂျာ ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူပါ။ စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့ကစပြီး ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့ပြီး မတ်လ ၄ ရက်မှာတော့ လက်နက်ကိုင်ဖို့ တွန်းအားတွေဖြစ်လာတဲ့အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထဲ ဝင်ကာ စစ်ပညာသင်ခဲ့သူဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ ပင်ပန်းပြီး အန္တရာယ်များလွန်းတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေရပေမယ့် သူတို့ရဲ့ ကြံခိုင်လွန်းတဲ့ စိတ်ခွန်အားတွေနဲ့ ကျော်ဖြတ်အနိုင်ယူခဲ့လို့ အခုဆိုရင် အမျိုးသမီးတွေ ဦးဆောင်တဲ့ တိုက်ပွဲတွေ အများအပြား ပေါ်ထွက်လို့ လာခဲ့ပါပြီ။ မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်အဖွဲ့၊ အမျိုးသမီးကွန်မန်ဒိုအဖွဲ့ အစရှိတဲ့အဖွဲ့တွေဟာ ထင်ရှားတဲ့ အမျိုးသမီး တပ်ဖွဲ့တွေ ဖြစ်ပြီး အမျိုးသမီးစစ်သမီးတွေလည်း ရှေ့တန်းထွက်ကာ တာဝန်ထမ်းဆောင်တာမျိုးတွေ ရှိလာခဲ့ပါတယ်။
အခု ၂၁ ရာစုမှာတော့ အမျိုးသားတွေရဲ့အမြင်သဘောထားတွေ ပြောင်းသွားသလို အမျိုးသမီးတွေကလည်း သူတို့ရဲ့ စွန့်စားရဲတဲ့စိတ်ဓါတ်၊ ဦးဆောင်နိုင်မှုနဲ့ သတ္တိမာန်သွေးကို ထုတ်ပြနိုင်ခဲ့လို့ အခုလိုရှေ့တန်းစစ်မျက်နှာပြင်မှာ ဦးဆောင်တိုက်ခိုက်နိုင်တာဖြစ်တယ်။
“အမျိုးသမီးတွေရဲ့ သည်းခံနိုင်တာနဲ့ ရဲရင့်တာတွေက ကျနော်တို့တောင် လိုက်မမှီပါဘူး။ သူတို့လေးတွေ တပ်ထဲဝင်လာတော့ လုပ်နိုင်ပါ့မလားလို့ ထင်ခဲ့မိတယ်။ တပ်ထဲမဝင်သင့်ဘူးပေါ့။ဒါပေမဲ့ အခုတော့ သူတို့ရဲ့စွမ်းရည်တွေကို မလေးစား ပဲမနေနိုင်ပါဘူး” တော်လှန်ရေးရဲဘော်တယောက်က အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး အသိအမှတ်ပြုပါတယ်။
တောရောမြို့ပါမကျန် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ တစ်နှစ်ကြာလာချိန်မှာ “အမျိုးသမီးများမပါရင် ဒီတိုက်ပွဲမအောင်နိုင်ဘူး” လို့ ပြောရလောက်တဲ့အထိ အမျိုးသမီးတွေဟာ တော်လှန်ရေးမှာ ရှေ့တန်းက ရဲရဲရင့်ရင့် ပါဝင် နေကြဆဲ ဖြစ်ပါတယ်။