ခင်ဘုန်းမို့။ ။
“တခါတလေကျရင် ငိုရတာမျက်ရည်တွေ ကုန်ပြီလားတောင် မှတ်ရတယ်။ အချိန်တန်ကျရင်တော့ မျက်ရည်ကတော့ ကျတယ်။ ဘယ်တော့မှလည်းမမေ့နိုင်ဘူး” လို့ သူ့ခင်ပွန်းကို သတိရတဲ့အကြောင်း အသက်(၅၀)အရွယ် အမျိုးသမီးက မျက်ရည်တွေကြားက ပြောပါတယ်။
ဒေါ်ခင်ဝင်း(အမည်လွှဲ)ရဲ့ ခင်ပွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် မတ်လတုန်းက ဆန္ဒပြကျောင်းသားတွေကို ဝန်းရံရင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၁၊ဖေဖော်ဝါရီ၊၁ ကနေ ၂၀၂၂၊ဖေဖော်ဝါရီ၊၁ အထိ တစ်နှစ်အတွင်းမှာ ဒေါ်ခင်ဝင်းရဲ့ ခင်ပွန်းအပါအဝင် ပြည်သူ ၁၅၀၇ ဦးဟာ စစ်ကောင်စီရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။
ခင်ပွန်းသည် သေဆုံးသွားခဲ့တဲ့နောက် ကျန်ရစ်ခဲ့တဲ့ ဇနီးမယားတွေရဲ့ ဆုံးရှုံးမှု၊ လွမ်းဆွတ်သတိရမှုတွေကို ဘယ်အရာကမှ ကုစားမပေးနိုင်သေးပါဘူး။ ကျန်ရစ်သူ ဇနီးမယားတွေဟာ ဝမ်းနည်းပူဆွေးမှုတွေကြားထဲက အားတင်းရင်း ခင်ပွန်းသည်မရှိတော့တဲ့ မိသားစုကို အခက်အခဲတွေကြား ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်။
သူတို့ဆယ်ကျော်သက်အရွယ်တုန်းက ကြုံခဲ့ရတဲ့ ရှစ်လေးလုံးအရေးအခင်း ကာလတုန်းက သူ့ခင်ပွန်းဟာ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်လို့ ဒေါ်ခင်ဝင်းက ဆိုပါတယ်။ ၁၉၈၈ ကနေ နှစ်ပေါင်း ၃၀ ကျော် ကြာပြီးတဲ့နောက် နောက်တကြိမ်ထပ်ကြုံရတဲ့ အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း သူ့အမျိုးသားက တက်တက်ကြွကြွ ပါဝင်ခဲ့ပြန်ပါတယ်။
ဒေါ်ခင်ဝင်းကလည်း သူ့အမျိုးသားကို နွေဦးတော်လှန်ရေးမှာမပါဝင်ဖို့ တားဆီးပိတ်ပင်တာတွေ မလုပ်ပေမယ့် သတိကြီးကြီး ထားဖို့ကိုတော့ အမြဲမှာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ နွေဦးတော်လှန်ရေး သပိတ်တွေ အမြင့်ဆုံးကာလဖြစ်သလို ပစ်ခတ်နှိမ်နှင်းမှုတွေလည်း များပြားလာတဲ့ မတ်လဆီကို ရောက်လာခဲ့ပါတယ်။
မတ်လရဲ့ ရက်တစ်ရက်မှာ သပိတ်စခန်းတွေဆီ သွားဖို့ပြင်ဆင်နေတဲ့ သူ့အမျိုးသားကို အရင်ရက်တွေလိုပဲ ဒေါ်ခင်ဝင်းက သတိထားဖို့ အတန်တန်မှာရင်း ‘တခုခုဖြစ်သွားရင်ရင်ကျိုးရချည်ရဲ့’ လို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူ့အမျိုးသားက ‘ဒီလောက်တော့ရင်းရမှာပေါ့’ လို့ ပြန်အော်ပြောခဲ့ပြီး အိမ်ကနေ ထွက်သွားခဲ့ပါတယ်။
နောက်ထပ် နာရီပိုင်းအကြာမှာတော့ ဒေါ်ခင်ဝင်းရဲ့ ခင်ပွန်းဟာ သေနတ်မှန်တဲ့ဒဏ်ကြောင့် အပြင်းအထန်ဒဏ်ရာ ရခဲ့ပါတယ်။ ဆေးဝါးကုသမှု ခံယူခဲ့ပေမယ့် ဒဏ်ရာကပြင်းထန်တဲ့အတွက် ရက်အနည်းငယ်အကြာမှာ အသက်ဆုံးပါးသွားပါတော့တယ်။ နောက်ပိုင်းမှာတော့ ဒေါ်ခင်ဝင်းတို့ မိသားစုဟာ ခင်ပွန်းဖြစ်သူရှိစဉ်ကလို အစစအရာရာ မချောမွေ့နိုင်တော့ပါဘူး။
“သူက အိမ်ထောင်ဦးစီးလေ။ သူမရှိတော့ အကုန်လုံး ဒုက္ခရောက်တယ်။ ဆေးကုဖို့တွေလည်း အကုန်ဒုက္ခရောက်တယ်။ ပိုက်ဆံရှာတဲ့သူ မရှိတော့လည်း ဒုက္ခရောက်ပြီးရင်း ရောက်ရင်းပေါ့”လို့ ဒေါ်ခင်ဝင်းက ဝမ်းနည်းစွာ ဖွင့်ဟပါတယ်။
သားသမီးသုံးယောက်နဲ့ ဒေါ်ခင်ဝင်းဟာ မိသားစု စီးပွားရေး အဆင်မပြေတဲ့အတွက် ခင်ပွန်းဖြစ်သူရှိစဉ်က ငှားနေခဲ့တဲ့အိမ်ကို ပြန်အပ်ကာ မိဘအိမ်မှာ ညီမဖြစ်သူတွေနဲ့အတူ ပြန်နေခဲ့ပါတယ်။ ခင်ပွန်းမရှိတဲ့နောက် ဈေးရောင်းပြီး ဝင်ငွေရှာခဲ့ပေမယ့် ဒေါ်ခင်ဝင်းမှာ ခြေထောက်ကြီးပေါင်းရောဂါရှိတာကြောင့် ဈေးကြာကြာရောင်းဖို့ အဆင်မပြေခဲ့ပါဘူး။ သားသမီးသုံးယောက် မှာလည်း အငယ်နှစ်ယောက်က အရွယ်မရောက်သေးတာကြောင့် အကြီးဆုံးတယောက်ရဲ့ လုပ်ခလစာနဲ့သာ မိသားစုလေးယောက် ရပ်တည်နေခဲ့ရပါတယ်။
“သူတို့လိုချင်တာရှိရင် တိုက်ဆိုင်တာတို့ရှိရင် ပါးပါးရှိရင်သားတို့ဒီလိုမဖြစ်ဘူး အမြဲပြောတယ်။ ဖအေရှိတုန်းကတော့ ဖုန်းလိုချင်ရင်ဖုန်း။ အခုဆိုရင်တော့ ဟိုလူခိုင်းလည်းလုပ် ဒီလူခိုင်းလည်းလုပ်။ ကိုယ်က ကျန်းမာရေးမကောင်းတော့လည်း သူတို့ပေးတာကို ယူရတာပေါ့”လို့ဒေါ်ခင်ဝင်းကဆိုပါတယ်။
အခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမယ့် ခင်ပွန်းဖြစ်သူ ရွေးချယ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ဒေါ်ခင်ဝင်း တစ်ယောက် နောင်တမရပါဘူး။
“ဒါလုပ်လိုက်လို့ ဒီလိုသေသွားတယ်ဆိုပြီး ရိုးမစွပ်ဘူး။ တခါတလေကျရင်လည်း အားငယ်တာပေါ့ သူရှိနေရင် ပြည့်စုံနေတာဆိုတော့ သူမရှိတော့ ဘဝက ဟိုးအမြင့်ဆုံးကနေ အောက်ကိုပြုတ်ကျသွားသလိုပဲ” လို့ ဆိုပါတယ်။
ဒေါ်ခင်ဝင်းနည်းတူ ခင်ပွန်းဖြစ်သူ ကျဆုံးသွားပြီးတဲ့နောက်မှာ အခက်အခဲတွေကို ရင်ဆိုင်နေရသူကတော့ မငယ်ငယ်(အမည်လွှဲ)ပါ။ မငယ်ငယ်ရဲ့ခင်ပွန်းဖြစ်သူဟာလည်း မတ်လအတွင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့ တာ ဖြစ်ပါတယ်။
“ကျန်တဲ့သူတွေက အကုန်ပြန်လှည်တော့မယ်။ အကိုကြီး၊သားတို့ပြန်လှည့်တော့မယ်ဆိုတာ ပြန်မလှည့်ဘူး။ သေရင်တခါဘဲသေရမှာ။ မင်းတို့လည်းပြန်မဆုတ်နဲ့ဆိုပြီး လက်ကိုမြှောက်လိုက်တဲ့အချိန်မှာ လှမ်းပစ်လိုက်တာတဲ့။ အဲ့လိုဖြစ်တဲ့အချိန်မှာ ပလုံးပထွေးအသံနဲ့ငါ့ကိုထားခဲ့။ မင်းတို့ပြေးဆိုပြီးပြောပြီး လဲကျသွားတယ်လို့ မောင်လေးတွေက ပြန်ပြောပြတယ်” လို့ မငယ်ငယ်က ငိုကြွေးရင်းဆိုပါတယ်။
ခင်ပွန်းဖြစ်သူကို ဆေးခန်းခေါ်သွားတဲ့နောက်ကို မငယ်ငယ်နောက်က လိုက်သွားခဲ့ပေမယ့် အသက်မမီခဲ့ပါဘူး။ အဲ့ဒီနောက် ဆေးခန်းကတစ်ဆင့် ဆေးရုံကို ပြေးခဲ့ကြပါသေးတယ်။ ဆေးရုံမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ရောက်လာတဲ့ ဒဏ်ရာရလူနာတွေ များတာကြောင့် ကုတင်မလောက်တဲ့အတွက် ခင်ပွန်းဖြစ်သူအလောင်းကို တာလပတ်စပေါ်တင်ကာ ဆရာဝန်တွေကို စမ်းသပ်ဖို့ ငိုယိုအကူအညီတောင်းခဲ့တယ်။
“ရောက်သွားတဲ့အချိန်မှာ သူ့ရဲ့လက်လေးတွေ ခန္ဓာကိုယ်လေးတွေ နွေးနေတုန်းဆိုတော့ ဆရာဝန်တွေကိုသွားပြီး ပြန်စမ်းသပ်ပေးပါဦး။ အသက်ရှိသေးလားဆိုပြီးတော့။ ဆရာဝန်တွေကမရတော့ဘူး အသက်မရှိတော့ဘူးပြောတယ်” လို့မငယ်ငယ်က အဲ့နေ့က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
ခင်ပွန်းဖြစ်သူဟာ အာဏာသိမ်းမှုကြောင့် အလုပ်နားထားရတဲ့နေ့ကစလို့ သပိတ်တွေမှာပါဝင်ခဲ့သူပါ။အစောပိုင်း ဆန္ဒပြပွဲတွေမှာ မငယ်ငယ်က ခင်ပွန်းဖြစ်သူနဲ့အတူ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့ပါတယ်။ ကျည်ဆံထိမှန်ခဲ့တဲ့နေ့တုန်းက သူ့ခင်ပွန်းဖြစ်သူဟာ နံနက်ပိုင်းမှာ သပိတ်စစ်ကြောင်းတွေနဲ့ မလိုက်ဘဲ အိမ်မှာနားနေခဲ့တာလို့ ဆိုပါတယ်။ နေ့လည်ပိုင်းရောက်တော့ ရန်ကုန်မြို့ လှိုင်သာယာမှာ ပစ်ခတ်သတ်ဖြတ်မှုတွေကို Facebook ပေါ်ကတဆင့် မြင်လိုက်ရတဲ့ မငယ်ငယ်က အိပ်နေတဲ့ သူ့ခင်ပွန်းကို နှိုးပြီးပြောပြခဲ့ပါတယ်။ ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို မြင်ခဲ့ရပြီးတဲ့နောက် သူ့ခင်ပွန်းဟာ သပိတ်စခန်းဆီ ထွက်သွားခဲ့ပြီးတဲ့နောက် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
“သူသေဖို့အတွက် တမင်တကာကို လွှတ်လိုက်သလို ပုံစံမျိုးဖြစ်သွားတာ။ ပုံမှန်ဆိုတားနေတာ။ အဲ့နေ့ကသူ့ကို လွှတ်လိုက်မိတာ” လို့ မငယ်ငယ်က ဝမ်းနည်းစွာပြောပါတယ်။
ခင်ပွန်းသည်က အိမ်ထောင်တာဝန်အပြင် မငယ်ငယ်မိဘတွေရဲ့ တာဝန်တွေကိုပါ ပခုံးထမ်းထားသူ ဖြစ်တာကြောင့် ခင်ပွန်းမရှိတော့ချိန်မှာ အခက်အခဲတွေနဲ့ရင်ဆိုင်ရပါတယ်။ ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက်မှာ အလုပ်က ထွက်ခဲ့ပြီး လက်ရှိမှာ တော့ အပြင်အလုပ်လည်းလုပ်ဖို့ အဆင်မပြေတာကြောင့် အဒေါ်ဖြစ်သူရဲ့ မိသားစုလုပ်ငန်းမှာ ဝိုင်းလုပ်ပေးနေပါတယ်။
“ကိုယ့်ကိုကိုယ် သက်သေချင်စိတ်တောင် ဖြစ်ခဲ့တယ်” လို့ မငယ်ငယ်ကဖွင့်ဟပါတယ်။
အသက် ငါးနှစ်အရွယ် သားငယ်ရဲ့မိခင် မနွယ်လေးရဲ့ ခင်ပွန်းဟာလည်း ဆန္ဒပြနေရင်း စစ်ကောင်စီရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ အခုအချိန်မှာ သူ့အတွက် အခက်ခဲဆုံးက သားငယ်ဖြစ်သူက သူ့အဖေဘယ်တော့ပြန်လာမလဲ ဆိုတဲ့မေးခွန်းကို ဖြေရချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဆုံးခါစကနေ အခုချိန်ထိတော့ အမြဲတမ်းမေးတယ်။ ဖြစ်တဲ့ညကလည်း သူ့အဖေပြန်လာမှအိပ်မယ်။ ဖုန်းဆက်ပေးပါ။ အဲ့လိုမျိုးတွေပြောတယ်” လို့ မနွယ်လေးက ပြောပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်ရင်း ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ အသက်ဆုံးရှုံးခဲ့ကြသူတွေရဲ့ ကျန်ရစ်တဲ့မိသားစုတွေဟာ သူတို့ရဲ့မိသားစုဝင်တွေကို လွမ်းဆွတ်တမ်းတနေကြပါတယ်။ တချို့သောသူတွေအတွက် အိမ်ကိုပြန်လာနိုင်မယ့်ရက်ဆိုတာ ဘယ်တော့မှရောက်မလာနိုင်တော့ပေမယ့် သူတို့လိုလားခဲ့တဲ့ ဒီမိုကရေစီစနစ် ပြန်ထွန်းကားလာမယ့်ရက်ကိုတော့ အမြန်ဆုံးရောက်ဖို့ မျှော်လင့်နေကြပါတယ်။
“ဒီမိုကရေစီကိုပဲ အမြန်ဆုံးရစေချင်တယ်။ ဒါကလည်း သူအဖြစ်ချင်ဆုံးဆန္ဒ ဆိုတော့လေ။ မြန်မြန်အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်။ အဲ့ဒါမှလည်း သူတို့ဟိုဘဝမှာ အေးချမ်းနေမှာလေ”လို့ မငယ်ငယ်ကသူ့ဆန္ဒကိုပြောပါတယ်။