ရှင်ငြိမ်း။ ။
“ ၆ နာရီထိုးတော့မယ် အလုပ်သိမ်းကြတော့”လို့ ဆော်အော်လာသူကတော့ အသက် ၃၈ နှစ်အရွယ် မဝါလေးပါ။
သူ့ရဲ့အသံကြားတာနဲ့ အယောက် ၂၀ ခန့်ရှိတဲ့အလုပ်သမားတွေဟာ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး လုပ်လက်စအလုပ်တွေ ကို လက်စမသတ်နိုင်တော့ဘဲ အိမ်ပြန်ဖို့ အမြန်ပြင်ဆင်လိုက်ပါတော့တယ်။
ဒါက အခုမှမဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးကတည်းက ထားဝယ်ဒေသခံတိုင်းလိုလိုဟာ ညနေ ၆ နာရီလောက်ဆိုတာနဲ့ ပြင်းထန်တဲ့မုန်တိုင်းကြီးဝင်လာတော့မယ့်အသွင်မျိုးနဲ့ လမ်းမတွေပေါ်မှာအလျင်လိုသွားလာနေတာတွေကို တွေ့မြင်နိုင်ပါ တယ်။
အခုလိုဖြစ်တာက ထားဝယ်ဒေသမှာ လုံခြုံရေးယူထားတဲ့စစ်တပ်က ထုတ်ပြန်ထားတဲ့ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အိမ်အပြင်မထွက်ရဆိုတဲ့အမိန့်တစ်ခုထဲကြောင့်မဟုတ်ဘဲ မထင်ရင်မထင်သလို ရမ်းသမ်းပစ်ခတ်နေတဲ့အပေါ်မှာ စိုးရိမ် တာကြောင့်လည်း ပါပါတယ်။
မဝါလေးက “သူတို့က ညနေ ၆ နာရီဆိုတာနဲ့ ကားတွေနဲ့ သေနတ်တွေထောင်ပြီး ကင်းလှည့်ရင်း ရမ်းပစ်တာတွေ ရှိတော့ ဘယ်သူမှ လမ်းပေါ်မနေရဲဘူး။ ခုထားဝယ်က ထောင်လိုဖြစ်နေပြီ။ အပြင်ထွက်ခွင့်ရှိနေတာတခုပဲ။ တခါတလေ တစ်ပတ် လောက်ပိတ်လိုက်ပြီး လုံးဝအပြင်ထွက်ခွင့်မရှိတဲ့နေ့တွေလည်း ရှိတယ်”လို့ ရှင်းပြပါတယ်။
လူဦးရေတစ်သိန်းကျော်သာရှိတဲ့ ထားဝယ်မြို့မှာ ဒေသခံတွေဟာ အများအားဖြင့် ရေလုပ်ငန်းအပြင် ရာဘာ၊ ကွမ်း၊ ငရုတ်ကောင်း၊ ဆီအုန်း၊ သီဟိုစတဲ့လုပ်ငန်း တွေကို မြို့ပြင်တွေမှာ သွားရောက်လုပ်ကိုင်ကြရတာဖြစ်တယ်။
အဲဒီလိုအလုပ်သွား၊ အလုပ်ပြန်ကြတဲ့သူတွေကို အာဏာသိမ်းစစ်တပ်က ယခင်လိုလွတ်လပ်စွာသွားခွင့်မပေးဘဲ လုံခြုံရေး အကြောင်းပြပြီး ဝင်ထွက်ခွင့်တွေကို ကန့်သတ်ပိတ်ပင်နေတာက ဝင်ငွေနည်းနေ့စားအလုပ်သမားတွေ စားဝတ်နေရေး အခက်တွေ့စေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှစလို့ ထားဝယ်ဒေသရှိ ဝင်ထွက်ဂိတ်လေးခုလုံးကို ပိတ်လိုက်ပါတယ်။ ရန်ကုန်မှထားဝယ်သို့ အဝင်ဂိတ်ဖြစ်တဲ့ အိမ်ရှေ့ပြင်ဂိတ်နဲ့ မြိတ်ကိုထွက်တဲ့ပေါက်တိုင်းတံတားဂိတ်၊ မောင်းမကန်ကမ်းခြေ နဲ့နီးတဲ့ ကမြောကင်းဂိတ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ ဗျောတောဝဂိတ်တို့မှာတပ်စွဲထားကာ စစ်သားငါးယောက်က အဝင် အထွက်တွေကို စစ်ဆေးပါတယ်။
ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ မြို့ပြင်ထွက်မယ်ဆိုရင် ရပ်ကွက်ထောက်ခံစာ၊ ယာဉ်မောင်းလိုင်စင်အပြင် ယာဉ်လိုင်စင်တွေပါရှိရမှာဖြစ်တယ်။ ဒီထဲကတခုခုမပါရင်တော့ ဒဏ်ကြေးအနေနဲ့ ငွေကျပ် ၅၀၀ ကနေ တစ်သိန်းအထိ ပေးရလေ့ရှိတယ်။
ထားဝယ်ဒေသဟာ လမ်းပေါ်တက်ဆန္ဒပြမှုကနေ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးပြောင်းခဲ့တဲ့ဒေသထဲက တစ်ခုဖြစ်သလို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏဆိုသလိုတိုက်ပွဲဖြစ်နေတာကြောင့် စစ်တပ် အနေနဲ့ အခုလို ဖိနှိပ်ပိတ်ဆို့တာတွေလုပ်နေတာလို့ ဒေသခံတွေက ထင်ကြေးပေးနေကြပါတယ်။
“ အပြင်သွားလာလို့ ကျပ်တာပဲမဟုတ်ဘူး။ အိမ်ထဲမှာနေလည်း ဘယ်အချိန်လာခေါ်မလဲလို့ စိုးတာကတမျိုး၊ အိမ်ထဲဝင်ပြီး ဘာတွေလုယက်သွားမလဲဆိုတဲ့ထိတ်လန့်တာကတမျိုးနဲ့ အဲ့ဒါတွေကြောင့် အလုပ်တောင်ရပ်ထားရမလိုဖြစ်နေပြီ”လို့ မဝါ လေးက ညီးညီးညူညူလေးပြောပါတယ်။
ထားဝယ်ဒေသခံမဝါလေးမှာ အသက် ၁၀ နှစ်အရွယ်သားတစ်ယောက်နဲ့ အသက် ခြောက်နှစ်အရွယ်သမီးတစ်ယောက်ရှိပြီး ခြံစိုက်ကာ ခင်ပွန်းသည်နဲ့အတူ ဒိုးတူပေါင်ဖက်လုပ်ကိုင်စားသောက်နေသူဖြစ်တယ်။
အလုပ်သမား ၂၀ လောက်နဲ့ သီးပင်စားပင်တွေစိုက်ပျိုးလုပ်ကိုင်နေသူတွေဖြစ်လို့ လစဉ်လုပ်အားခတွေနဲ့ အထွေထွေကုန် ကျစရိတ်တွေနုတ်လိုက်ရင် တစ်လကိုအမြတ်ငွေကျပ် ခြောက်သိန်းလောက်ကျန်အထိ အလုပ်အကိုင်ကောင်းခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်က စိုက်ခင်းထဲကသီးနှံတွေကို ဓါးမြတိုက်သလို ဝင်ရောက်မွှေယူတာတွေရှိလို့ လုံခြုံရေးအတွက်စိုးရိမ်လာတဲ့အတွက် လုပ်ငန်းဟာ ယခင်လိုပုံမှန်မလည်ပတ်နိုင်တော့ပါဘူး။ ဒီအတွက်ဝင်ငွေပါ ရပ်တန့် သွားလုနီးပါးဖြစ်သွားခဲ့ရတယ်လို့ မဝါလေးကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ထားဝယ်မြို့တွင်းဝင်မယ့် ကုန်သွယ်ရေးကိုလည်း ကန့်သတ်ထိန်းချုပ်ထားပါသေးတယ်။ ဆန်အိတ်သယ်ယူရာမှာတော့ အကန့်အသတ်နဲ့ယူလို့ရပေမယ့် နယ်ခံတွေ သုံးစွဲဖို့တော့ ပိတ်ပင်ထားတာမရှိပါဘူး။
အဲ့လိုကန့်သတ်ရတဲ့အကြောင်းကလည်း ဒီဆန်တွေဟာ သူတို့ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးသမားတွေဆီ ရောက်သွားမှာစိုးရိမ်နေတာကြောင့်လို့ ထားဝယ်ဒေသခံတွေကတော့ သုံးသပ်နေကြပါတယ်။
” ကားတစ်စီးက ဆန်သယ်လာတယ်ဆိုရင် စစ်ဆေးရေးဂိတ်မှာ ဘယ်သူ့အိမ်ကလို့ပြောရင် အဲ့ဒီအိမ်ကအိမ်ရှင်ကိုယ်တိုင် လာပြီး တစ်ပတ်စာဆိုရင် တစ်ပတ်စာပဲထုတ်ပေးတယ်။ ကျန်တဲ့ဆန်တွေ သိမ်းထားတယ်။ ကုန်မှပိုင်ရှင်က ထပ်လာယူရ တယ်” လို့ ထားဝယ်ဒေသခံ ဒေါ်ဌေးရီက ပြောပါတယ်။
ဆန်အိတ်ကို ကားကြီးတွေနဲ့သယ်ယူရာမှာ စစ်တပ်နဲ့ နီးစပ်သူတွေသာ သယ်ယူခွင့်ရှိပြီး ဒေသခံတွေကတော့ အနည်း အကျဉ်းသာသယ်ယူခွင့်ရှိပါတယ်။ ရေကြောင်းကတော့ စစ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားလိုက်တာဖြစ်တယ်။ စစ်ဆေးရေးဂိတ်တွေဖြတ်ရတဲ့အခါမှာလည်း စစ်ကောင်စီတပ်သားတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြုလုပ်နေ ကြပါတယ်။
“ အဆိုးဆုံးကတော့ အဲ့စစ်သားတွေမူးနေတာပဲ။ စာရွက်အစုံပါလည်း အပြောခံရတယ်။ အရိုက်ခံရတယ်။ နေ့တိုင်း အဲ့ဒါ ကြီးကိုဖြတ်သွားရတာ ရင်တထိတ်ထိတ်နဲ့ စိတ်ပင်ပန်းရတယ်။ ကျမတို့ကလက်လုပ်လက်စားတွေဆိုတော့ ၅၀၀ လောက် ပေးရတယ်။ တချို့ကားတွေဆို တစ်သိန်းလောက်ပေးတာတွေ့တယ်”လို့ မရတနာက ဆိုပါတယ်။
ဒါ့အပြင် ဂိတ်စောင့်စစ်သားတွေဟာ ဆိုင်ကယ်လေးတွေနဲ့ ဈေးရောင်းတဲ့ဈေးသည်တွေဆီကနေ စားသောက်ဖွယ်ရာတွေ ကိုလုယူတဲ့အပြင် စစ်ဆေးသလိုလိုနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ထိပါးတာတွေလုပ်တယ်လို့ သူ့တွေ့မြင်ခဲ့ရ တာကို ပြန်ပြောပြပါတယ်။
စစ်သားတွေက စာရွက်စာတမ်းအပြည့်အစုံပါလည်း သူတို့တောင်းတဲ့ငွေမပေးရင် နေပူထဲအကြာကြီးရပ်ခိုင်းတာ၊ သေနတ်နဲ့ကျောကိုထုရိုက်တာ၊ ခြေထောက်တာလုပ်ပါတယ်။ အထူးသဖြင့်လူငယ်လေးတွေဖြစ်နေရင်တော့ အကြမ်းဖက် မှုတွေကို ပိုလုပ်တယ်လို့ အရိုက်ခံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် ကိုဇော်ဇော်က ရှင်းပြပါတယ်။
ဒီဂိတ်တွေကို ရောက်လာတဲ့ခရီးသည်တင်ကားဖြစ်ဖြစ်၊ ကုန်စည်ကားဖြစ်ဖြစ်၊ ဆိုင်ကယ်စီးလာသူဖြစ်ဖြစ် လူငယ်၊ လူကြီးမရွေး လမ်းဆင်းလျှောက်နေရတဲ့အတွက် စစ်သားတွေနဲ့မပတ်သက်လိုတဲ့ ဒေသခံတွေဟာ မသွားရဲမလာရဲနဲ့ စိတ်ကျဉ်းကျပ်နေကြတာပါ။
အကျိုးဆက်ကတော့ တခြားဒေသကနေ ဈေးရောင်းဈေးဝယ်လာကြမယ့်သူတွေပါ ထားဝယ်ဒေသကို မလာရဲတော့ တာကြောင့် ထားဝယ်ဒေသခံတွေရဲ့စီးပွားရေးဟာ တနေ့တခြားဆုတ်ယုတ်နှေးကွေးသွားရတယ်။
ဒါ့အပြင် အဝင်အထွက်ဂိတ်တွေမှာလာတဲ့သူတွေကို အသေးစိတ်စစ်ဆေးနေ တာဖြစ်လို့ စစ်ဆေးသူနဲ့ ဝင်ထွက်သွား လာသူအင်အားမမျှတဲ့အတွက် အချိန်ကြာပြီး အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်ကြရပြန်တယ်။
“ အာဏာသိမ်းကတည်းက အလုပ်တွေမရှိတော့တာ။ အခုအလုပ်လေးရလို့လုပ်မယ်ကြံတုန်း။ လမ်းမှာစစ်တာကြာတာနဲ့ ဒဏ်ကြေးဖြတ်ခံရတာ မနည်းတော့ဘူး။ စစ်တပ်လက်ထက်မှာ ရှာစားရတာမလွယ်ပါဘူး”လို့ မရတနာက ညီးတွားနေပါ တယ်။
အသက် ၃၃ နှစ်အရွယ်မရတနာဟာ ကွမ်းသီးရောင်းတဲ့ဆိုင်မှာ နေ့စားကွမ်းညှပ်သူတစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည် ကတော့ ဆိုင်ကယ်ကယ်ရီဆွဲနေသူဖြစ်ပါတယ်။ သူတို့ဟာ ရှစ်နှစ်အရွယ်အမွှာသားနှစ်ယောက်နဲ့အတူ အဆင်ပြေပြေ နေ ထိုင်ခဲ့ကြတယ်။
ယခင်ကတော့ မရတနာတို့လင်မယားနှစ်ယောက်ရဲ့ တစ်ရက်ဝင်ငွေက သုံးသောင်းကျော်ရှိခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်မှာတော့ စစ်တပ်ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကြောင့် သူတို့ဝင်ငွေဟာ တစ်နေ့တစ်သောင်း တောင် ပုံမှန်မရတော့ပါဘူး။
ဒါကလည်း“ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ယောက်မစီးရ”ဆိုတဲ့အမိန့်ကြောင့် သူ့ခင်ပွန်းသည်ရဲ့လုပ်အားပါလျော့ သွား ရတာကြောင့်လည်း ဖြစ်တယ်။
အဲ့ဒီအမိန့်ကြောင့် ဆိုင်ကယ်မရှိတဲ့နေ့စားအလုပ်သမားတွေအနေနဲ့ အလုပ်သွားဖို့ခက်ခဲသွားရသလို ကယ်ရီသမားတွေ အနေနဲ့ ဝင်ငွေရလမ်းပိတ်ကာ ဝမ်းစာရှာဖွေရတာမှာများစွာအခက်အခဲဖြစ်သွားရပါတယ်။
“သူတို့(စစ်တပ်)လုပ်တာတွေက ကျမတို့လိုမရှိဆင်းရဲသားတွေအငတ်ဘေးကျဖို့ ပိုနီးလာတယ်။ သူတို့ မထောက်ပံ့ပေးနိုင် ရင် သွားလာရေးအဆင်ပြေအောင်လုပ်ပေးပေါ့။ အခုတော့အဲ့လိုမဟုတ်ဘဲ ပိုကျပ်လာတော့ အဆင်ပြေအောင်မနည်းရုန်း နေရတယ်”လို့ မရတနာက ဖွင့်ဟပါတယ်။
ထားဝယ်ဒေသကို အာဏာသိမ်းမှုမဖြစ်မီကတည်းက စစ်အင်အား ၂၅၀ နဲ့ ထားဝယ် တမြို့လုံးကို စစ်တပ်က ၂၂ နေရာ ဖြန့်ကျက်တပ်စွဲနေရာယူထားတာပါ။
အာဏာသိမ်းပြီးနောက်မှာတော့ ထားဝယ်မြို့ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ တိုင်းတရားလွှတ်တော်ရုံးတို့၊ စာသင်ကျောင်း စတဲ့နေရာတွေကို ပြောင်းရွှွေ့ကာ လက်နက်ကြီးတွေနဲ့အတူ စစ်အင်အားလည်း ၅၀၀ အထိတိုးမြှင့်ချထားတယ်လို့ ထားဝယ်ဒေသခံကိုစောခိုင်(အမည်လွှဲ)က ရှင်းပြပါတယ်။
စစ်သားတွေဟာ လက်နက်အင်အားတွေကို ဗန်းပြပြီး ဒေသခံတွေအပေါ်မှာ နည်းမျိုးစုံဖမ်းဆီးနှိပ်စက်နေတာဖြစ်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို အကြမ်းဖက်စစ်တပ်က ဧည့်စာရင်း ဝင်စစ်ခဲ့ပါတယ်။
ကဒက်ငယ်ထိန်ရွာရှိ အိမ်တစ်အိမ်ကို ဧည့်စာရင်းဝင်စစ်အချိန်မှာ အကြောင်းမရှိဘဲ အမျိုးသားနှစ်ယောက်၊ အမျိုး သမီးနှစ်ယောက်ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ နောက်နေ့မှာတော့ အမျိုးသားနှစ်ယောက်ကို ကတုံးတုံးပေးပြီး အမျိုးသမီးနှစ် ယောက်ရဲ့ဆံပင်ကိုလည်း အနည်းငယ်စီဖြတ်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုစောခိုင်က ဆိုပါတယ်။
စစ်တပ်ဟာ လုံခြုံရေးအကြောင်းပြပြီး နေ့နေ့၊ ညည ဧည့်စာရင်းစစ်သလိုနဲ့ အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးတာတွေရှိသလို ဧည့်စာရင်းဝင်စစ်နေတဲ့အချိန်မှာ စာရင်းအတိုင်းလူမရှိရင် နေအိမ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကို သိမ်းယူသွားတာရှိသလို မယူ ဘဲဖျက်စီးသွားတာမျိုးတွေလည်း လုပ်လေ့ရှိတယ်လို့ သူက စကားဆက်ပါတယ်။
ထားဝယ်ဒေသခံ ဒေါ်ဌေးရီကတော့”နေ့ခင်းပေါ့။ စစ်သားရှစ်ယောက်လောက်ကားနဲ့ရောက်လာပြီး ကျမမောင်ကို မေး တယ်။ အိမ်ထဲဝင်မွှေသွားတာ။ တကျပ်သားဆွဲကြိုးတကုံးနဲ့ လက်ကောက်နှစ်ကွင်းပါသွားတယ်။ ခဏတိုင်းလာရှာနေ တာ အခု တစ်ခေါက်နဲ့ဆို သုံးကြိမ်ရှိပြီ။ အရင်ကလည်း ဆန်တွေ၊ သားငါးတွေလည်း ယူသွားတယ်”လို့ ပြောပါတယ်။
ဒေါ်ဌေးရီဟာ ဈေးမှာကုန်ခြောက်ဆိုင်ဖွင့်ထားပြီး သူရဲ့မောင်ဖြစ်သူ ကိုစောခိုင်ကတော့ ရေလုပ်သားတစ်ယောက်ဖြစ် တယ်။
ဒေါ်ဌေးရီဟာ အပျိုကြီးတစ်ယောက်ဖြစ်ပြီး မောင်နဲ့ သူရဲ့သားသမီးနှစ်ယောက်အပါအဝင် စုစုပေါင်း မိသားစုလေးယောက် အတူတကွနေထိုင်နေတာ ကိုစောခိုင်အမျိုးသမီးဆုံးပါးသွားကတည်းကဖြစ်တယ်။
စစ်တပ်ကနေ အခုလိုလုပ်နေတာက ထားဝယ်မြို့မှာစတင်ခဲ့တဲ့အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုမှာ ကိုစောခိုင်နဲ့ သား သမီးနှစ်ယောက်လုံးပါဝင်ခဲ့ပေမယ့် ကိုစောခိုင်ကိုအဓိကဖမ်းချင်တာလို့ ဒေါ်ဌေးရီကတော့ ထင်မြင်ချက်ပေးပါတယ်။
အကြောင်းကတော့ ကိုစောခိုင်က၂၀၀၇ ခုနှစ်ကတည်းက ထားဝယ်မှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၄ ထိန်းချုပ်နယ်မြေမှာ စစ်သင်တန်းတက်ရောက်ဖူးပြီး အာဏာရှင်တော်လှန်ရေးမှာလည်း ပါဝင်နေတာကြောင့်ဖြစ်တယ်။
အခုလိုဖိနှိပ်မှုတွေရှိနေတဲ့ကြားပဲ စစ်အာဏာသိမ်းထားတဲ့တနှစ်ပတ်လုံး အာဏာရှင်တော်လှန်ရေးသပိတ်တွေ မရပ်နားဘဲ ဆက်လက်ထွက်ရှိနေဆဲပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ထားဝယ်ဒေသမှာ အကြမ် းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)လုပ်တော့လည်း ဒေသခံဝန်ထမ်းတွေက ထိပ်ဆုံးကပါဝင်ခဲ့တယ်။
ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်ဟာ ထားဝယ်ဒေသကို နည်းမျိုးစုံနဲ့ ပိတ်ဆို့တားမြစ်မှုတွေပြုလုပ်ပြီး ဒေသခံတွေကို အကြမ်းဖက် နှိပ်စက်နေကြတာလို့ ဒေသခံတွေက ထင်ကြေးပေးကြပါတယ်။
ဒါတွေရဲ့အကျိူးဆက်ဖြစ်တဲ့တစ်နိုင်ငံလုံး မွန်းကျပ်စွာခံစားနေရတဲ့ကုန်ဈေးမြင့်တက်လာတဲ့ဒဏ်ကို ထားဝယ် ဒေသခံတွေ ပိုမိုခံစားနေကြရပါတယ်။ အကြောင်းက တနသာၤရီတိုင်းမှာ ယခင်ကတည်းက ခရမ်းချဉ်၊ ကြက်သွန်စတာ တွေကို ရန်ကုန်၊ မန္တလေးကနေ ဝယ်ယူသုံးစွဲရတဲ့အတွက် ရန်ကုန်ဈေးထက် နှစ်ဆကြီးမြင့်တဲ့ဈေးနဲ့သုံးနေရတာဖြစ်တယ်။
လက်ရှိမှာတော့ ရန်ကုန်ထက်ဈေးအနည်းငယ်သက်သာတဲ့ထိုင်းကလာတဲ့ဟင်းရွက်ဟင်းသီးတွေကို သုံးစွဲနေကြရတာပါ။
မီတာခဆိုရင်လည်း ယခင်က ရန်ကုန်မှာ တစ်ယူနစ်ကို ၃၀ကျပ်ကျော်နဲ့ သုံးစွဲနေရတဲ့အချိန်ကတည်းက တနင်္သာရီတိုင်းမှာ တစ်ယူနစ်ကိုငွေကျပ် ၃၀၀ ကျော်ပေးကာသုံးစွဲခဲ့ရတာပါ။ တနိုင်ငံလုံးမီတာခတွေဈေးမြင့်နေချိန်မှာတော့ တယူနစ်ကို ငွေကျပ် ၅၀၀ ကျော်ပေးနေရလို့ ဒေသခံတွေမှာ ဗူးလေးရာဖရုံဆင့်သလိုဖြစ်နေရပါပြီ။
အကြောင်းကတော့ တနသာၤရီတိုင်းမှာ အစိုးရလျှပ်စစ်မီတာမရှိတာကြောင့် တိုင်းအစိုးရက ဒေသခံတွေကို ဒီဇယ်သုံးရတဲ့ မီးစက်အကြီးစားတွေနဲ့ လျှပ်စစ်မီးပေးနေရတာကြောင့် ဖြစ်ပါတယ်။
ဒါတင်မကပါသေးဘူး။ နှစ်စဉ်ငါးသားပေါက်ရာသီဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်ကို ငါးမဖမ်းရရာသီကို စစ်တပ်က မေ၊ ဇွန်၊ ဇူလိုင်လကို ပြင်ဆင်သတ်မှတ်လိုက်တဲ့အပြင် တနှစ်မှာ တလစီရှေ့တိုးသတ်မှတ်မယ်ဆိုတာကြောင့် ရေလုပ်သားတွေမှာ အခက်တွေ့ကြရပြန်ပါတယ်။
“အဲ့လိုလုပ်ရင် ငါးလျော့သွားတာမြန်လာမယ်။ ဘာလို့ဆို ငါးသားပေါက်ရာသီအပြင် ငါးဥတဲ့ရာသီပါထိန်းသိမ်းဖို့လိုတယ်။ နောက်ကျနော်တို့လိုကမ်းဝေးရေလုပ်သားတွေအတွက် ခရီးထောက်သွားတာပေါ့”လို့ ရေလုပ်သား ဦးဖိုးမောင်က ဆိုပါ တယ်။
အကျိုးဆက်ကတော့ ဒေသခံတွေဟာ ကိုယ့်ဒေသထွက်ရေထွက်ကုန်တွေကို ဈေးကြီးပေးဝယ်နေရတဲ့ပုံစံဖြစ်နေပါတယ်။
တနသာၤရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ထားဝယ်ဒေသမှာ အစိုးရရုံးတွေနဲ့ နိုင်ငံတကာကုန်စည်သဘောၤတွေဆိုက် ကပ်နိုင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းလည်းရှိလို့ နိုင်ငံခြားသားတွေပါ အဝင်အထွက်ရှိတာကြောင့် အမြဲစည်ကားနေတဲ့ဒေသလို့ ပြောလို့ရပါတယ်။
ဒါ့အပြင်နာမည်ကျော်သဲသောင်ဖြူဖြူကြီးရှိတဲ့မောင်းမကန် ကမ်းခြေလည်းရှိတာမို့ ကိုဗစ်မတိုင်မီက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့အပြည့်ပါပဲ။
အဲ့လိုစီးပွားရေးအရပဲဖြစ်ဖြစ်၊ အပန်းဖြေအပျော်ခရီးပဲဖြစ်ဖြစ် ကုန်သည်တွေ၊ ခရီးသွားပြည်သူတွေနဲ့ အမြဲပြည့်နေတတ်တဲ့ ထားဝယ်ဒေသဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မှောင်ရီပျိုးတာနဲ့ လူသူကင်းမဲ့တဲ့မြို့ပျက်ကြီးလို တိတ်ဆိတ် သွားခဲ့ပါတယ်။
ဒါ့အပြင်စစ်တပ်ရဲ့ဖိနှိပ်အကြမ်းဖက်မှုတွေက တနေ့တခြားဆိုးလာလို့ ဒေသခံတချို့ဟာ တခြားနေရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
မဝါလေးတို့ကတော့ ပြေးစရာမြေလည်းမရှိသလို ငွေလည်းမရှိတာကြောင့် ကြုံလာမယ့်ဒုက္ခတွေကို ကြံကြံခိုင်ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပုံရပြီး ထားဝယ်ဒေသကိုတော့ အရင်လိုပြန်ဖြစ်စေချင်တဲ့အကြောင်းကို အခုလိုပဲပြောလိုက်ပါတယ်။
“ထားဝယ်က အရင်လိုနေလို့မကောင်းတော့ဘူး။ ဒီကြားထဲ သူတို့(စစ်တပ်)က ထားဝယ်ကို ဒုက္ခနွံထဲတွန်းချချင်သေးတာ ဒီဒုက္ခဆိုးကြီးကနေအမြန်ကျွတ်လွတ်မှပါပဲ။ ထားဝယ်ကို အရင်လိုပုံစံမျိုးပဲပြန်ဖြစ်စေချင်တာ။ ဖြစ်လာမယ့်လို့လည်း မျှော် လင့်တယ်”