နွေဦးမောင်။ ။
ကလေးမမွေးမီကပင် ရရာအလုပ်တစ်ခု လုပ်မှရမည်ဟု ကြံရွယ်ခဲ့သော်လည်း ယခုချိန်ထိ အလုပ်မရခဲ့ပါ။ CDM ကျောင်း ဆရာမ ဒေါ်သဇင်သင်း၏ အမွှာကလေးနှစ်ယောက်မှာ ခြောက်လကျော်ပင် ရှိခဲ့ပြီ။ ယခုထိ အလုပ်တစ်ခုမှ မရသေးပေ။
အချိန်ကြာလာသည်နှင့်အမျှ CDMဝန်ထမ်းများကို ထောက်ပံ့ကူညီမည့်သူများလည်း နည်းပါးလာသည်။ ထို့ကြောင့် ဒေါ်သဇင်သင်းတစ်ယောက် အလုပ်လုပ်မှရတော့မည်ဟု ကြံရွယ်နေခြင်း ဖြစ်သည်။
သို့သော် အကြောင်းအမျိုးမျိုးဖြင့် ဘာအလုပ်မျှ ရမလာသေးပေ။ ခင်ပွန်းဖြစ်သူမှာ ကုမ္ပဏီတစ်ခု၌ ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သော်လည်း ကိုဗစ်နှင့်အာဏာသိမ်းမှုများကြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။
ခင်ပွန်းသည်မှာ ခေါက်ကြေးဖြင့် အချိန်ပိုင်းအလုပ်လေး ရံဖန်ရံခါပြန်လုပ်ခွင့်ရ၍ တော်သေးသည်။ သို့မဟုတ်ပါက မိသားစု စားဝတ်နေရေးအပါအဝင် ကလေးနို့ဖိုးအတွက်ခက်ရချည့်ဟု ဒေါ်သဇင်သင်းက ရင်ဖွင့်သည်။
ယခုကာလတွင် ဒေါ်သဇင်သင်းမှမဟုတ် ၊ အခြားသော CDM ဝန်ထမ်းများသည်လည်း အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြ ရသည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် စစ်တပ်ကအာဏာ သိမ်းပြီးနောက် ပညာရေးဌာနမှ ဝန်းထမ်းတစ်သိန်းကျော် CDM ဝင်ခဲ့ကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် Non-CDM ပြန်ဖြစ်သွားသူများရှိခဲ့ရာ ယခုထိ CDM ဝန်ထမ်းခုနစ် သောင်းနီးပါးရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းက ဆိုသည်။
အာဏာဖီဆန်ရေး ခရီးရှည်
ယခုဆို ဒေါ်သဇင်သင်းနှင့် ဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်လာခဲ့သည်မှာ ၁၀ လ ကျော်လာခဲ့ပြီ ဖြစ်သည်။ တဖြည်းဖြည်းနှင့် အာဏာဖီဆန်ရေးခရီးကား နှစ်ပေါက်တော့မည်။
သို့တိုင် ‘ဤခရီးနီးသလား’ဆိုသကဲ့သို့ ယခုချိန်ထိ ဆက်လျှောက်နေရဆဲ ဖြစ်၏။ သည်အတောအတွင်း စစ်အာဏာရှင်နှင့် လက်ပါးစေတို့၏ရန်ကြောင့် ကျီးလန့်စာစားဘဝဖြင့် တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့နေထိုင်ရသည်လည်း ရှိသည်။
ထို့အတူ ရောက်လေရာအရပ်၌ ‘ငါသာ အဖမ်းခံခဲ့ရလျှင်’ဟူသောအတွေးက အိမ်ပျက်ညတွေကို မွေးဖွားစေခဲ့ကြောင်း ဒေါ်သဇင်သင်းက ရင်ဖွင့်သည်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်ဘဝဖြင့် တော်လှန်ရေးကာလအစောပိုင်းကို ဖြတ်သန်းရသည့်အခါ အားငယ်စိတ်များလည်း မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်သည်။ ထိုအခါအချိန်ပိုင်းအလုပ်သာရှိတော့သည့် ခင်ပွန်းသည်က သူ့ကို အားပေး နှစ်သိမ့်၏။
“ကိုယ်ယုံကြည်လို့ လျှောက်ခဲ့မှတော့ အဆုံးထိဆက်သွားဖို့ သူက အမြဲအားပေးတယ်”ဟု ဒေါ်သဇင်သင်းက ဆိုပါသည်။
ခင်ပွန်းဖြစ်သူ၏ ထိုအားပေးစကားများကြောင့်ပင် လွန်ခဲ့သောခြောက်လက ရင်သွေးငယ် အမွှာလေးနှစ်ယောက်ကို အောင်မြင်စွာ မီးဖွားနိုင်ခဲ့သည်။
နွေဦးမိခင်
မီးဖွားခါနီးအချိန်ရောက်လာတော့ နေနေကျနေရာလေးမှာ ဆက်မနေရဲတော့ပါ။ မီးဖွားကာကြမှ စစ်ကောင်စီနှင့် အပေါင်း အပါတွေ ရန်လာရှာကြရင် မပြေးနိုင်မလွှားနိုင်နှင့် ဒုက္ခဟု တွေးမိ၍ဖြစ်သည်။
ထို့ကြောင့်ပင် ဒေါ်သဇင်သင်းတို့မိသားစု အခြေချနေထိုင်ရာပဲခူးတိုင်းထဲက မြို့လေးကိုစွန့်ခွာပြီး ဆွေမျိုးများရှိရာ ကျေးလက်ဒေသသို့ ပြောင်းရွှေ့လာခဲ့ရသည်။
ကျေးလက်ဒေသရောက်ပြီး လပိုင်းခန့်အကြာတွင်ပဲ အမွှာသားနှစ်ဦးကို မီးဖွားနိုင်ခဲ့တော့သည်။ ဤတွင် ဒေါ်သဇင်သင်းတို့ ဇနီးမောင်နှံမှာ ပြေးလွှားရှောင်တိမ်းရင်းဖြင့် သားသမီးသုံးယောက်၏ မိခင်၊ ဖခင်များ ဖြစ်လာခဲ့လေသည်။
နွေးဦးတော်လှန်ရေးကာလ ပြေးလွှားရှောင်တိမ်းရင်း ရင်သွေးငယ်တွေ မီးဖွားရသည်ဆိုပေမယ့် အန္တရာယ်ကင်းကင်းဖြင့် မွေးဖွားနိုင်ခဲ့၏။ သားဦးလေးဖြစ်သည့် ၄ နှစ်အရွယ် သမီးငယ်လေးမွေးဖွားစဉ်ကကဲ့သို့ ဗိုက်ခွဲမွေးသည်ဖြစ်၍ အကုန်အကျ များသော်လည်း အဆင်ပြေခဲ့ကြောင်း ဒေါ်သဇင်သင်းက ပြန်ပြောပြသည်။
CDM နှင့် အထောက်အပံ့
ထိုစဉ်က လင်မယားနှစ်ယောက် စုစောင်းထားသည့် မများလှသော ငွေကြေးအချို့မှာ မီးဖွားစရိတ်ထဲ ပါသွားသည်။ အနာ ဂတ်အတွက် ရည်ရွယ်စုစောင်းခဲ့ခြင်းဖြစ်သော်လည်း အရေးကြုံလာတော့ မဖြစ်မနေ ထုတ်သုံးခဲ့ရခြင်းဖြစ်၏။
ပြင်ပ အထောက်အပံ့အနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)တို့ထံမှ ငွေကျပ်ငါးသောင်းရဖူးကြောင်း သူကရှင်းပြသည်။
အခြားထောက်ပံ့မှုအနေဖြင့် ပညာရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ ကူညီမှုဖြင့် နှစ်ကြိမ်ခန့်ရခဲ့ဖူးသည်။ အခြား မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထံကမျှ ထောက်ပံ့ကူညီမှု မရခဲ့ပေ။
သို့သော် ဒေါ်သဇင်သင်း စိတ်ဓာတ်မကျ။ မိမိလျှောက်လှမ်းခဲ့သောလမ်းကို ခရီးဆုံးရောက်သည်အထိ ဆက်လျှောက် သွားရန်သာ ဆန္ဒရှိကြောင်း သူက ပြောပါသည်။
” ကျွန်မတို့က ဘယ်သူ့တိုက်တွန်းချက်ကြောင့် ဒီအထဲရောက်လာတာ မဟုတ်ဘူးလေ။ ကိုယ့်ယုံကြည်ချက်နဲ့ကို ရောက် လာကြတာ။ အဲတော့အောင်ပွဲရတဲ့အထိ ဆက်ပြီးတောင့်ခံသွားဖို့ပဲရှိပါတယ်”ဟု သူ့ဆန္ဒကို ဒေါ်သဇင်သင်းက ပြောသည်။
ယခုဆိုလျှင် ဒေါ်သဇင်သင်းတို့ CDM ဝန်ထမ်းများအနေဖြင့် နွေဦးတော်လှန်ရေးခရီးရှည်ထဲ အလုပ်လက်မဲ့ဘဝဖြင့် ခရီး ဆက်လာခဲ့ကြသည်မှာ တစ်နှစ်ပင် ပြည့်ကာနီးခဲ့ပြီ။
အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ၊ အထိတ်ထိတ်အလန့်လန့်ဖြင့် မိသားစုဘဝများ အသက်ဆက်နေကြရ သည်လည်း ဖြစ်ပါ၏။
အိပ်ပျက် ညများကိုရင်း၍
နွေဦးရက်များ၏ အစောပိုင်းကာလကတည်းပင် စစ်ကောင်စီက တော်လှန်ရေးနှင့် သက်ဆိုင်သူများ၊ CDM ဝန်ထမ်းများ စသူတို့ကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်ခဲ့သည်။ ယခုတိုင်လည်း နှိပ်ကွပ်နေဆဲ ဖြစ်၏။
ဒေါ်သဇင်သင်းတို့အဖို့ ယခုရက်ပိုင်းအတွင်း ကြားသိနေရသည့် သတင်းစကားတချို့က မကောင်းလှ။ အထူးသဖြင့် သူတို့လို CDM ဝန်ထမ်းများနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အကြောင်းအရာများ ဖြစ်နေခြင်းပင်။
ယင်းမှာ အခြားမဟုတ်ပါ။ ဒေသအလိုက် ဌာနစုံမှ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီက တောင်းယူနေသည့် သတင်းဖြစ်ပါသည်။ သို့သော် သိပ်တော့လည်း မထူးစဆန်း။ ရှေ့ယခင်ကတည်းကပင် စစ်ကောင်စီသည် CDM ဝန်ထမ်းများကို စာဖြင့်တဖုံ၊ လူလွှတ်၍တစ်နည်း အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး ဖြစ်သည်။
မတူညီသည်မှာ အစောပိုင်းအခြေအနေက CDM ဝန်ထမ်းများအား ရုံးပြန်တက်ရန် စည်းရုံးခြင်း၊ သတိပေးခြိမ်းခြောက်ခြင်း၊ အမှုဖွင့် အရေးယူလိုက်ကြောင်းထုတ်ပြန်ခြင်း၊ ဖမ်းဆီးအရေးယူခြင်း စသဖြင့်ရှိခဲ့သည်။ ယခုကြားရသည့် သတင်းတချို့ မှာမူ ထိုသို့မဟုတ်တော့။
CDM ဝန်ထမ်းများအား တိတ်တဆိတ် ဖမ်းဆီးအရေးယူတော့မည်ဟု သတင်းများထွက်နေခြင်း ဖြစ်ပါသည်။
” ကျွန်မအနေနဲ့ကတော့ ဘယ်လိုပဲဖြစ်လာဖြစ်လာ တွေးကြောက်မနေတော့ဘူး။ ကြုံလာသမျှ ရင်ဆိုင်လိုက်ဖို့ပဲ ရှိတော့ တယ်”ဟု ဒေါ်သဇင်သင်းက သူ့ခံယူချက်ကို ပြောသည်။
သူ့စိတ်ထဲ ပို၍ခံပြင်းသည်က လူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှ မတရားသဖြင့် အာဏာလုယူခဲ့သည့်လုပ် ရပ်ကို မနှစ်သက်ခြင်းဖြစ်သည်။ ထိုလုပ်ရပ်ကို ဆန့်ကျင်ငြင်းဆန်ခြင်းမပြုဘဲ အာဏာရှင်အလိုကျ လိုက်ရောလိုက်မည် ဆိုပါက သားစဉ်မြေးဆက် အာဏာရှင်၏ ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့်လည်း ဒေါ်သဇင်သင်းက ယခုလိုအလုပ်လက်မဲ့ဘဝဖြင့် အာဏာရှင်စနစ်ကို တစ်ဖက်တစ်လမ်းမှ တွန်းလှန် နေခြင်းဖြစ်ကြောင်း ပြောပါသည်။
” အာဏာရှင်ရဲ့ဖိနှိပ်မှုကို သားစဉ်မြေးဆက် ခံနေကြရမှာကို ကျွန်မ မလိုလားဘူး။ ဒါကြောင့် ဒီတော်လှန်ရေးကြီးမှာ နောင် လာနောင်သားတွေအတွက် နိုင်ရာတာဝန် ဆက်ထမ်းချင်တယ်”ဟု ဒေါ်သဇင်သင်းက ရင်ဖွင့်လေသည်။
(မှတ်ချက်-ကာယကံရှင်၏ဆန္ဒနှင့် လုံခြုံရေးအရ အမည်လွှဲအသုံးပြုထားခြင်းဖြစ်ပါသည်။)