Home ဆောင်းပါး ခွဲခြားမှုတွေကိုပါ တစ်ပါတည်းတွန်းလှန်နေကြတဲ့ သက်တန့်ရောင်တွေရဲ့တိုက်ပွဲ

ခွဲခြားမှုတွေကိုပါ တစ်ပါတည်းတွန်းလှန်နေကြတဲ့ သက်တန့်ရောင်တွေရဲ့တိုက်ပွဲ

ရှင်ငြိမ်း။ ။

နွေဦးတော်လှန်ရေးရဲ့အစပိုင်းမှာ ကျရာကဏ္ဍကနေ ပါဝင်ခဲ့ကြတဲ့ LGBTIQ တွေဟာ အာဏာသိမ်းမှု တစ်နှစ်ကျော်ရှိလာ သည့်တိုင်အောင် တော်လှန်ရေးရဲ့ နေရာအနှံ့မှာ စွန့်လွှတ်စွန့်စားမှုတွေ ရှိနေဆဲပါပဲ။

LGBTIQ လို့ ပြောလိုက်ရင် သူတို့အပေါ်သတ်မှတ်ထားတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ ခွဲခြားမှုတွေကို တော်လှန်ရေးနဲ့အတူ တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။

သူတို့ဟာအကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှှုတွေမှာလည်း ပါဝင်လာတဲ့အပြင် မြေပေါ်၊ မြေအောက်လက် နက်ကိုင် တိုက်ပွဲတွေအထိပါဝင်လာတာကလည်း ရှေးရိုးစွဲအမြင်တွေ၊ အယူအဆအစွဲတွေကို ပြောင်းလဲဖို့ ဖြစ်လာခဲ့တာပါ။

LGBTIQ တွေဟာ သူတို့ရဲ့ဖြစ်တည်မှုကိုမပြောင်းလဲဘဲ လူထဲကလူတွေဖြစ်တယ်ဆိုတာကို နွေဦးတော်လှန်ရေးမှာ သူတို့ရဲ့ ပူးပေါင်းပါဝင်နိုင်မှု၊ စွန့်လွှတ်ပေးဆပ်နိုင်မှုတွေက သက်သေပြလျှက်ရှိပါတယ်။

စစ်အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာ အာဏာသိမ်းမှုကိုဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေအသီးသီးထွက်ရှိခဲ့ကြ တဲ့အချိန်ကတည်းက LGBTIQ တွေလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ပါဝင်ခဲ့တာဖြစ်တယ်။

“ ကျနော်တို့သပိတ်တွေ စထွက်မယ်ဆိုတော့ စနောက်လှောင်ပြောင်ခံရမယ်ဆိုတာတွေးထားပြီးသားပါ။ ဒါပေမဲ့ကျနော်တို့ ကိုင်ဆောင်ထားတဲ့ ‘ခြောက်နေပေမယ့် ကြောက်မနေဘူး’ လိုစာသားတွေကြောင့် သူတို့လည်း လုပ်နိုင်တယ်ဆိုပြီး ပူးပေါင်း ပါဝင်လာတယ်။ ဒါတွေကLGBTတွေအတွက်အားအင်ဖြစ်စေခဲ့တာပေါ့”လို့ မအီးတီက အားတက်သရောပြောပါတယ်။

မအီးတီဟာ အမျိုးသမီး လိင်စိတ်ခံယူထားတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး NGOတစ်ခုရဲ့ ဝန်ထမ်းဖြစ်သလို ကိုယ်ပိုင် စီးပွားရေးတစ်ခုလည်းထူထောင်ထားတဲ့သူပါ။

ဒါ့အပြင် သူက စစ်တပ်နဲ့ ဒေသကာကွယ်တပ်တွေကြား အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့စစ်ကိုင်းတိုင်းက သပြေညိုရွှေဘို LGBT အဖွဲ့၊ ဥက္ကဌ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးကတည်းက ယနေ့ထိပြောက်ကျားသပိတ်တွေထွက်နိုင်အောင် ဦးဆောင်ပေး နေသူတစ်ယောက်ပါ။

“ LGBTအဖွဲ့မှာ ဆန္ဒပြပွဲရဲ့ သပိတ်ခေါင်းဆောင်အဖြစ်နဲ့ တရားဟောတာတွေဘာတွေရှိပါတယ်။ အဲဒါ့ကြောင့် ကျနော့်ကို ၅၀၅-ကထုတ်ပြီးဖမ်းဝရမ်းနဲ့လာရှာတာ လေးခါရှိပြီ။ အိမ်ကိုလည်းဖျက်စီးသွားတယ်။ လူကတော့အဖမ်းမခံချင်လို့ ရှောင်နေ ရပေမယ့် သူတို့(စစ်တပ်)ကို တော်လှန်နေတဲ့သပိတ်တွေကတော့ ရပ်သွားမှာမဟုတ်ဘူး”လို့ မအီးတီက ပြောပါတယ်။

နောက်ပိုင်းမှာတော့ နာမည်ကြီးအနုပညာရှင်တွေ၊ LGBTအဖွဲ့အစည်းတွေ၊ LGBTIQအရေးတက်ကြွလှုပ်ရှားသူတွေ ခေါင်း ဆောင်ပြီး ရန်ကုန်မြို့၊ ဆူးလေလမ်းမကြီးအပြည့် ဝတ်စားဆင်ယဉ်မှုမျိုးစုံနဲ့ သက်တန့်ရောင်အလံတွေလွှမ်းခြုံကာ ဆန္ဒပြ နေတဲ့ပုံတွေကို ပြည်တွင်း၊ ပြည်ပမီဒီယာတွေက ဝေဝေဆာဆာဖော်ပြခံခဲ့ရတဲ့အထိ ထင်ရှားလာခဲ့တယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)လုပ်တော့လည်း LGBTIQ ဝန်ထမ်းတွေက ရှေ့တန်းကပါဝင်သလို ကမ်ပိန်းတွေ၊ သွေးစွန်းငွေဖြတ်တောက်ရေး၊ စစ်တပ်ထုတ်ကုန်မသုံးစွဲရေးစတာတွေအပြင် Click to Donate လုပ်တော့လည်း လက် မနှေးခဲ့ကြပြန်ပါဘူး။

ဒါ့အပြင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်နေတဲ့ကြားကနေ “ခြောက်နေပေမယ့် ကြောက်မနေဘူး” “သေမှာမကြောက်လို့ ပေတရာလျှောက် တော်လှန်နေတဲ့အခြောက်” “ဒူးမထောက်လက်မမြှောက် LGBTများရှေ့ဆက်လျှောက်”စတဲ့ကြွေးကြော် သံတွေတိုင်ရင်း ရဲရဲဝံ့ဝံ့ယနေ့အထိ စစ်ကြောင်းတွေထွက်နိုင်ခဲ့တာကလည်း LGBTIQတွေရဲ့ စွမ်းဆောင်မှုပါပဲ။

“ပြည်သူ့ရဲ၊ ဒို့ယောက်ျား”လို့ လက်နက်ကိုင်ထားတဲ့ရဲတပ်သားတွေရှေ့မှာ ရဲရဲဝံ့ဝံ့အော်ကာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ရုပ်သံဖိုင် လေးဟာ LGBTIQတွေ အသိအမှတ်ပြုခံရမှုရဲ့အစလို့ ပြောလို့ရပါတယ်။

LGBTIQတွေအနေနဲ့ စစ်အာဏာရှင်ကိုတော်လှန်တဲ့အခါမှာ ပေးဆပ်ရမှုတွေက ပြည်သူတွေနည်းတူပါပဲ။ မိသားစုတွေကို စွန့်ခွာခဲ့ရတယ်။ အလုပ်အကိုင်၊ ပစ္စည်းဥစ္စာတွေဆုံးရှုံးခဲ့ရတယ်။ ဖမ်းဝရမ်းတွေထုတ်ခံရပြီး အိမ်ကိုချိတ်ပိတ်သိမ်းဆည်း ခံရတာတွေလည်း ရှိခဲ့ပါတယ်။

ထင်ရှားတဲ့ ဥပမာပြရမယ်ဆိုရင် စစ်အာဏာသိမ်းမှုတနှစ်ပြည့်အဖြစ်ပြုလုပ်တဲ့ အသံတိတ်သပိတ်(Silent Strike)မှာ ပါဝင် ဖို့ လှုံ့ဆော်ဆိုတဲ့စွတ်စွဲချက်နဲ့ နိုင်ငံကျော် Makeup Artist တစ်ယောက်ဖြစ်တဲ့ မိတ်ကပ် Gucci Aung အပါအဝင် ငါး ယောက်ကို စစ်တပ်က ဖမ်းဆီးကာ အိမ်ကိုချိတ်ပိတ်သွားပါတယ်။

အမျိုးသမီးလိင်စိတ်ခံယူထားတဲ့အမျိုးသားတစ်ယောက်ဖြစ်တဲ့Gucci Aungအပါအဝင် LGBT ၅ ယောက်ကို ဘယ်လိုပုဒ်မနဲ့ ဖမ်းဆီးသွားတယ်ဆိုတာမသိရသေးသလို Gucci Aungဟာ ဖမ်းဝရမ်းထုတ်ခံထားရသူမဟုတ်ဘူး။ လက်ရှိမှာလည်း သူရဲ့ သတင်း ဘာမှမကြားသိရသေးဘူးလို့လည်း သူနဲ့နီးစပ်သူတစ်ယောက်က ပြောပြပါတယ်။

မအီးတီဆိုရင်လည်း သူ့ကိုဖမ်းဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးနေတာကြောင့် မိသားစုနဲ့ သူရဲ့စည်းစိမ်ဥစ္စာတွေကို စွန့် ထားခဲ့ရပြီး လုံခြုံတဲ့နေရာ အလီလီပြောင်းရင်း အာဏာရှင်တော်လှန်ရေးကို ဆက်လုပ်နေရတာဖြစ်တယ်။

ဒါ့အပြင် ဖမ်းဆီးခံရတော့လည်း အမျိုးသမီးတွေနည်းတူ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရှိပေမယ့် ထိခိုက်ခံစားရမှုမှာ LGBTIQ တွေက ပိုမိုခံစားကြရတယ်ဆိုတာ အမျိုးသမီးလို ဝတ်စားဆင်ယဉ်နေထိုင်တဲ့Transgender woman ဖြစ်တဲ့ စာရေးဆရာမ စောဟန်နွေဦးကတော့ ထင်ရှားတဲ့သက်သေပါပဲ။

စောဟန်နွေဦးကို အာဏာရှင်တော်လှန်ရေးမှာပါဝင်တယ်၊ ဒေသကာကွယ်ရေးတပ်(PDF)တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ သူနေထိုင်ရာမန္တလေးမြို့က နေအိမ်မှာပဲအဖမ်းခံခဲ့ရတာဖြစ်တယ်။

သူ့ကို မန္တလေးနန်းတွင်းစစ်ကြောရေးမှာ နှစ်ရက်တာစစ်ဆေးတဲ့အခါ ဓါးတွေနဲ့မွှန်း၊ ရေနွေးပူတွေနဲ့လောင်း၊ ခြေခုံတွေကို သေနတ်ဒင်နဲ့ထုစတဲ့အကြမ်းဖက်နည်းတွေအပြင် လိင်ပိုင်းဆိုင်ရာအရှက်ရအောင်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရတာပါ။

အိုးဘိုထောင်ရောက်တော့လည်း အမျိုးသားတွေနဲ့ အတူထားပြီး အမျိုးသားလိုဝတ်ဆင်စေခဲ့အတွက် အမျိုးသမီးလိုဝတ်စား ဆင်ယဉ်နေထိုင်တတ်တဲ့စောဟန်နွေဦးအတွက်များစွာအခက်တွေ့လှပါတယ်။

လက်ရှိမှာတော့ ဆရာမစောဟန်နွေဦးဟာ လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေပြီး PDFအဖွဲ့ဝင်တွေကို ထောက်ပံ့ ကူညီပေးမှုတွေလုပ်ပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် မအီးတီရဲ့တပည့်တွေရဲ့ပြောကြားချက်အရ ရဲတွေဟာ Transgender တွေကို ရင်သားကြီးလို့ဆိုပြီး ကိုင်တွယ် တာ၊ တံတွေးနဲ့ထွေးတာ၊ အဝတ်တွေအကုန်ချွတ်ခိုင်းပြီး ခန္ဓာကိုယ်ကိုလှောင်ပြောင်တာ၊ ရင်သားကိုတုတ်နဲ့ထိုးတာစတဲ့ နည်းတွေနဲ့ အကြမ်းဖက်ခဲ့ကြပါတယ်။

“ ယောက်ျားလေးပုံစံဖြစ်နေတဲ့ Transgender men တွေကိုလည်းမယုံဘူး။ မင်းကဘာလဲသေချာသိရအောင်ဆိုပြီး အဝတ် တွေကို အတင်းအကျပ်ချွတ်ပြခိုင်းတယ်” လို့ မအီးတီရဲ့တစ်ပည့်တစ်ယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

မအီးတီရဲ့ကိုယ်ပိုင်အလုပ်ဖြစ်တဲ့အလှပြင်သင်တန်းနဲ့ဆိုင်မှာ အလုပ်လုပ်နေတဲ့ LGBTIQအယောက် ၂၀ ခန့်ရှိပါတယ်။ သူတို့တွေက မအီးတီနဲ့အတူတော်လှန်ရေးမှာပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီးမှ ပြန်လွတ်လာသူတချို့က ပြန်ပြောပြ ကြတာပါ။

စစ်အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ တစ်နှစ်ကျော်လာတဲ့အထိ ဖမ်းဆီးခံရတဲ့LGBTIQစုစုပေါင်း ၈၅ ယောက်ရှိပြီး စစ်တပ် ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသူပေါင်းက ၁၇ ယောက်ရှိတယ်လို့ LGBTIQ တွေရဲ့စာရင်းတွေကို သီးသန့်ပြုစုထားတဲ့ Clours Rainbow အဖွဲ့က မှတ်တမ်းတင်ထားပါတယ်။

ဒီအရေအတွက်ဟာ လက်လှမ်းမီသမျှကောက်ယူထားတဲ့အချက်တွေဖြစ်သလို လုံခြုံရေးအခြေအနေနဲ့ လမ်းခရီးခက်ခဲမှု ကြောင့် မပေးပို့သေးတဲ့စာရင်းတွေလည်းရှိသေးတဲ့အတွက် ဖမ်းဆီးသေဆုံးနှုန်းက ယခုထက်ပိုများနိုင်တယ်လို့လည်း LGBT အသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။

ဒီလိုအခြေအနေတွေကြားထဲမှာ LGBTIQ တွေဟာ နောက်မတွန့်သွားကြပါဘူး။ ပိုပြီးတော့ နွေဦးတော်လှန်ရေးမှာ ပါဝင် လာကြပါတယ်။ အဲဒီထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့စစ်သင်တန်းနည်းပြဆရာမလေး မေလည်း အပါအဝင်ပါ။

သူဟာ LGBTIQ ထဲမှာ Bisexual အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အမျိုးသမီးတွေကို ပိုစိတ်ဝင်စားတဲ့သူဖြစ်ပြီး မေရဲ့ ဝါသနာက Photo Model ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့လက်ရှိမှာတော့ ရာကျော်တဲ့အမျိုးသား၊ အမျိုးသမီးတွေကို စစ်ပညာ သင်ပေးနေရတဲ့သူ ဖြစ်ပါတယ်။

မေဆိုရင် စည်းကမ်းတင်းကျပ်လွန်းတဲ့ မိဘတွေလက်အောက်မှာနေရတာဖြစ်တဲ့အတွက် အများသူငှာ ဆန္ဒပြပွဲတွေ ထွက်နေတဲ့အချိန်မှာတောင် ပါဝင်ခွင့်မရခဲ့ပါဘူး။ ဒီအခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာတာကတော့ လူမမယ်သေးတဲ့ သူ့ညီမငယ်လေးရဲ့တွန်းအားကြောင့်ပါပဲ။

“ ရပ်ကွက်ထဲလိုက်လံ ဖမ်းဆီးပစ်ခတ်ကြတော့ အဲ့နေ့ညမှာအငယ်လေးက အရမ်းကြောက်ပြီး အသားတွေတုန်ပြီး ဘယ်လို ချော့ချော့ အငိုမတိတ်တော့ဘူး။ သူ့ကိုကြည့်ပြီး မေအရမ်းရင်နာရတယ်။ အခုလိုအဖြစ်တွေကို ကလေးတွေထပ်မကြုံ စေချင်လို့ လက်နက်ကိုင်ပြီး တော်လှန်မယ်ဆိုတဲ့ မေ့ရဲ့ဆုံးဖြတ်ချက်ကပိုခိုင်မာခဲ့တာပါ”လို့ မေက ရှင်းပြပါတယ်။

မိဘတွေက ထွက်သွားမှာစိုးလို့ တားဆီးပိတ်လှောင်ထားတဲ့ကြားကနေ မေဟာသူငယ်ချင်း LGBT တစ်ယောက်နဲ့အတူ ခိုးထွက်လာပြီး BPLAကခေါ်တဲ့စစ်သင်တန်းကို လာတက်ခဲ့ကြတာပါ။ သင်တန်းရောက်ပြီးမှ မိဘတွေစိတ်ပူမှာစိုးလို့ အကြောင်းကြားပေမယ့် မိဘတွေကတော့ပြန်လာဖို့သာ တစ်သွင်သွင်ပြောနေခဲ့ပါတယ်။

မေအိမ်ကနေ စထွက်လာတော့ အိမ်ကသိသွားပြီး လိုက်လာမှာစိုးတော့ တစ်လမ်းလုံးရင်တထိတ်ထိတ်နဲ့သွားခဲ့ရတယ်။ လမ်းခရီးမှာလည်း စစ်ဆေးရေးဂိတ်အသီးသီးကို ရှောင်တိမ်းခဲ့ရတယ်။ တောထဲရောက်သွားတော့လည်း တက်ရတဲ့တောင် တွေက မြင့်မားမတ်စောက်လွန်းလို့ တစ်ရက်နဲ့ရောက်နိုင်တဲ့ခရီးကသုံးရက်လောက်ကြာခဲ့တယ်လို့ မေက ရှင်းပြပါတယ်။

BPLAမှာ စစ်သင်တန်းပေးတဲ့အခါ အမျိုးသမီးနဲ့အမျိုးသားကို သီးခြားခွဲပြီး လေ့ကျင့်ခန်းမပေးပါဘူး။ အမျိုးသားတွေ လုပ်နေတဲ့လေ့ကျင့်ခန်းကို အမျိုးသမီးတွေလည်း တန်းတူလေ့ကျင့်ရပါတယ်။ စစ်သည်တစ်ယောက်ရဲ့တာဝန်နဲ့ ရပိုင်ခွင့် ဟာ စစ်သား၊ စစ်မေအားလုံးတန်းတူပါပဲလု့ိ မေက ပြောပါတယ်။

မေဟာ ခက်ခဲတဲ့စစ်ရေးလေ့ကျင့်မှုတွေယူပြီးနောက်မှာ သူ့ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက နည်းပြတာဝန်ပေးအပ်တဲ့ အခါ ဂုဏ်ယူဝမ်းမြောက်မိပေမယ့် တာဝန်ပိုကြီးလာတယ်လို့ ဆိုပါတယ်။

သင်တန်းဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် စစ်ရေးပြ smart ကျဖို့လိုပါတယ်။ ခံယူချက်ကောင်းပြီး ကျန်းမာ၊သန်စွမ်းဖို့လည်း လိုပါတယ်။ BPLAမှာ သူ့ကဏ္ဍနဲ့သူ သင်တန်းဆရာတွေရှိကြပေမယ့် အမျိုးသမီးသင်တန်းဆရာအနေနဲ့ သူတစ်ယောက် သာရှိနေတာဟာ LGBTIQ တွေအတွက် ဂုဏ်ယူစရာတစ်ခုလို့ ဆိုရမှာပါ။

အလားတူ မန္တလေးမြို့ကနေ မိုင်ဂျာယန်မှာစစ်သင်တန်းသွားတက်ရင်း အကောင်းဆုံးသင်တန်းသားဆုရခဲ့တဲ့ LGBT တစ်ယောက်ဆိုရင် လက်ရှိထိသူရဲ့ဖြစ်တည်မှုကိုမပြောင်းမလဲဘဲ အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ LGBTIQတွေ အနေနဲ့ စစ်သင်တန်းတက်ရတာ အစပိုင်းမှာလုပ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့အမြင်နဲ့ ခွဲခြားဆက်ဆံခံခဲ့ရပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် နေရာပေးဆက်ဆံလာ ကြတယ်လို့ အကောင်းဆုံးသင်တန်းသားဆုရခဲ့သူက ပြောပါတယ်။

လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့LGBTIQခေါင်းဆောင်တွေနဲ့ ချိတ် ဆက်နေကာ LGBTIQတွေကို ကြိုဆိုပါတယ်ဆိုတဲ့ ကမ်းလှမ်းလာတွေရှိလာပြီး တချို့ဒေသတွေမှာဆိုရင် LGBT နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ လုပ်လာကြပါပြီ။

အခုလိုအန္တရာယ်များမယ်မှန်းသိပေမယ့် စစ်အာဏာရှင်ကိုတော်လှန်နေရတဲ့အကြောင်းကတော့ “LGBTတွေက ဒီဖိုဝါဒကြီး စိုးတဲ့စစ်တပ်ကိုအရင်ကတည်းကလက်မခံခဲ့တာပါ။ ဒါကြောင့် အခုလည်းတော်လှန်မယ်။ နောက်လည်း ဆက်တော်လှန် သွားမယ်”လို့ မအီးတီက ဆိုပါတယ်။

LGBTIQ တွေ အနေနဲ့ ဖိုဝါဒကြီးစိုးတဲ့စစ်တပ်ကို တော်လှန်ခဲ့တာက အခုမှတော့မဟုတ်ပါဘူး။ ၈၈ အရေးအခင်းကာလ မှာလည်း စစ်အစိုးရကိုတော်လှန်ရာမှာ LGBTIQတွေက“အလှဖန်တီးရှင်များ”ဆိုတဲ့ အုပ်စုတစ်စုအနေနဲ့ပါဝင်ခဲ့ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာတော့ LGBTIQ တွေဟာ မြေပြင်တိုက်ပွဲ၊ CDMတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေအထိ နေ ရာတိုင်းမှာ ပါဝင်လာတာက ၈၈အရေးအခင်းနဲ့မတူတဲ့ထူးခြားချက်ပါ။ အခုလိုတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့LGBTဆိုတဲ့ သက်တန့်ရောင်အလံက နေရာတိုင်းမှာ လွှမ်းခြုံနိုင်ခဲ့ပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့“အခုဆိုရင် စစ် အာဏာရှင်ပြုတ်ကျရေးအတွက် နည်းပေါင်းစုံတိုက်ပွဲဝင်နေကြတဲ့ LGBTတွေက သူတို့ရဲ့တစ်ဦးချင်းစိတ်ဓါတ်ရော၊ လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ထူထောင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ့် LGBTIQတွေရဲ့စိတ်ဓါတ်ကတော့ အရမ်းချီးကျူးဖို့ကောင်းပါတယ်”လို့ မှတ်ချက်ပြုပါတယ်။

ဒါတွေကြောင့် လူထုရဲ့ခွဲခြားဆက်ဆံမှုအမြင်က ပြောင်းလဲလာခဲ့တာဖြစ်တယ်။ ဒါကလည်း ဒီနွေဦးတော်လှန်ရေးက အာဏာရှင်စနစ်တစ်ခုထဲပြုတ်ကျရေးမဟုတ်ဘဲနဲ့ ခွဲခြားတဲ့စနစ်၊ အာဏာရှင်စနစ်မှန်သမျှ ပပျောက်အောင်တွန်း လှန်တဲ့ တိုက်ပွဲဖြစ်တာကြောင့်ပါ။

လက်ရှိမှာLGBTIQတွေအတွက် ပြောင်းလဲမှုကို ဦးတည်လာတယ်ဆိုပေမယ့် မပြောင်းလဲသေးတဲ့ခွဲခြားဆက်ဆံမှုတချို့ကို တော့ ဆက်လက်ရှိနေဆဲပါပဲ။

ဒီအတွက်နည်းပြဆရာမလေးမေက LGBTဆိုတာလည်း လူတွေထဲက လူဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့သားသမီးက LGBT ဖြစ်တာကို လက်ခံနိုင်ကြတဲ့မိဘတွေက ရှားပြီး ကိုယ့်သားသမီးတွေရဲ့ဖြစ်တည်မှုကို လက်မခံနိုင်တာမဖြစ်သင့်ပါ ဘူးလို့ ထောက်ပြပါတယ်။

ဒါကြောင့် မေက “ တစ်ချို့သောလူတွေရဲ့အမြင်ကပြောင်းသွားပေမဲ့ အချို့သောလူတွေကတော့ အခုထိLGBTကို ရွံစရာ တစ်ခုလိုမြင်နေကြတုန်းပါပဲ။ LGBTဟာလည်း လူထဲကလူပဲမို့ သူတို့ကိုပစ်ပယ်ထားတာမျိုးမလုပ်စေချင်ဘူး” လို့ ဆိုပါတော့ တယ်။

Author:

Related Articles