နန်းဆိုင်နွမ်။ ။
ညနေ မှောင်ရီပျိုးစချိန်မှာတော့ မြန်မာလုပ်သားတွေဟာ ဆိုင်ကယ်ဘေးတွဲမှာ ဆာလာအိတ်တွေကို အစီအရီချိတ်ပြီး ချင်းမိုင်မြို့ထဲကို ဦးတည်ကာ ချီတက်ထွက်ခွာခဲ့ကြပါတယ်။
ဆိုင်ကယ်ရဲ့ဘေးတွဲမှာ အမျိုးသမီးနဲ့ အသက်သုံးနှစ်အရွယ်ကလေး လိုက်ပါပြီး အမျိုးသားကတော့ ဆိုင်ကယ်ကိုမောင်း ကာ ညနေ ၅နာရီကျော်အချိန်မှာတော့ မချိုတို့မိသားစုဟာ နေအိမ်က ချင်းမိုင်းမြို့ကိုပတ်ကာ ပလုံးကောက်ဖို့ ချီတက် ထွက်ခွာလာကြပါပြီ။
ပလုံးကောက်တယ်ဆိုတာတော့ အမှိုက်ပုံးတွေ၊ ဒါမှမဟုတ် တစ်ပါးသူစွန့်ပစ်ထားတဲ့ ရေသန့်ဗူးခွံတွေ ကက်စက္ကူတွေ၊ သံတို သံစတွေကို လိုက်လံကောက်ယူပြီး ပြန်ရောင်းစားတဲ့အလုပ်ဖြစ်ပါတယ်။
အသက် ၂၅နှစ်အရွယ်ရှိ မချိုတို့မိသားစုတွေဟာ ပလုံးကောက်ချိန်မှာ လက်မှာလက်အိတ်စွတ်ပြီး ဓာတ်မီးကို ဦးခေါင်းမှာ ပတ်ထားကာ အမှိုက်ပုံးထဲက ရေသန့် ဗူးခွံ တွေကို သဲကြီးမဲကြီး အပြိုင်အဆိုင် ရှာဖွေနေကြပါတယ်။
မချိုဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ရွှေ့ပြောင်းအလုပ်လာခဲ့တာ ၁၀နှစ်နီးပါးရှိခဲ့ပြီး လက်ရှိမှာတော့ ကလေး တစ်ယောက် မိခင်ဖြစ်ပါတယ်။
သူဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အလုပ်ကနေ နားခံရလိုက်ကာ မိသားစုဝင်တွေ လစာဝင်ငွေလျော့နည်းသွားတဲ့ အတွက် ပလုံးကောက်ရတဲ့ အလုပ်ကို လုပ်နေရခြင်းဖြစ်ပါတယ်။ မချိုတို့လိုပဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ် အကိုင်တွေ အဆင်မပြေတာကြောင့် ပလုံးထွက်ကောက်နေရသူတွေ ချင်းမိုင်မှာ ယခင်ထက် ပိုမိုများပြားလာတယ်လို့ အဲ့ဒီမှာနေထိုင်သူတွေကဆိုကြပါတယ်။
“အရင်က ကျမ ကုန်တိုက်မှာ သန့်ရှင်းရေးလုပ်တယ်။ နေ့စားခ တရက် ၃၀၀ ဘတ်ရတယ်။ ကိုဗစ်လည်းဖြစ်တော့ ကျမ အလုပ်နားလိုက်ရတယ်” လို့ မချိုက ပြောပြပါတယ်။
ကိုဗစ် ကူးစက်မှုနှုန်းမြင့်တက်လာတဲ့နောက်ပိုင်းကုန်တိုက်တွေ ခေတ္တရပ်နားလိုက်ရချိန်မှာတော့ မချိုဝင်းတယောက် အလုပ်နားလိုက်ရပြီး အရင်မှာ လင်မယားနှစ်ဦးရဲ့ဝင်ငွေနဲ့ ရပ်တည်နိုင်ခဲ့ပေမယ့် အလုပ်ရပ်နားလိုက်ရတဲ့အတွက် လုံးဝ ခက်ခဲသွားပါတယ်။
သူ့မှာ သုံးနှစ်အရွယ် သမီးလည်း ရှိလာသလို အဖက်ဖက်မှာ ကုန်ဈေးနှုန်းမြင့်တက်နေပြီး ဝင်ငွေလျော့ကြသွားတဲ့ အတွက် ညဘက် ပလုံးကောက်ကာ ဝင်ငွေ
ပြန်ရှာနေရတဲ့အဆင့်ဖြစ်သွားပါတယ်။
“ အမှိုက်ကောက်ရမယ်ဆိုတာကိုတော့ တစ်ခါမှ မစဉ်းစားမိဘူး။ တခါတလေ ပုလင်းကွဲတွေ ရှတာတော့ရှိတာပေါ့။ တစ်ည ကို အနည်းဆုံး ၂၅၀ ဘတ် အများဆုံး က ၃၅၀ဘတ်ထိရတယ်” လို့ မချိုဝင်းက ဆိုပါတယ်။ (တစ်ဘတ်ကို မြန်မာငွေ ၅၀ ဝန်းကျင်ရှိပြီး ဘတ် ၃၀၀ ခန့်ဆိုရင် မြန်မာငွေ တစ်သောင်းခွဲခန့်ရှိပါတယ်။)
ထိုင်းနိုင်ငံမှာ ဒီလို ပလုံးကောက်ဖို့ မချိုဝင်းတို့ မိသားစု တစ်ကြိမ်တခါမှ မစဉ်းစားခဲ့မိကြဘဲ တခြားနည်းသူ အိမ်ဖော်အလုပ် ၊ ကုန်တိုက်သန့်ရှင်းရေးကိုသာ လုပ်ကိုင်ဖို့သာ ခေါင်းထဲမှာ ရှိခဲ့ကြတာပါ။
“ ဒီအလုပ်က တော်တော်ခက်ခဲတယ်လေ။ ဘယ်သူက လုပ်ချင်မှာလဲ။ နံစော်နေတဲ့အမှိုက်ပုံးထဲကို လက်နိူက်ပြီး ရှာရတာ။ ကျမစလုပ်တော့ တော်တော်ခံရတယ်”လို့ မချိုက စိတ်မကောင်းစွာဖြင့် ဆိုပါတယ်။
ကိုဗစ်-၁၉ မဖြစ်ပွားခင် အလုပ်ပုံမှန်လည်ပတ်နေချိန်မှာတော့ နှစ်ဖက်မိဘတွေကို တစ်လကျပ်ငွေတစ်သိန်းနှုန်းနဲ့ ထောက်ပံ့ကူညီနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ မိဘတွေကို ငွေမပို့နိုင်ခဲ့တာ တစ်နှစ်နီးပါးရှိလာကြောင်းလည်း သူက ဝမ်းနည်းစွာပြောပြလာပါတယ်။
“ နှစ်ဖက်မိဘတွေကို မထောက်ပံ့နိုင်တော့လို စိတ်မကောင်းဖြစ်ရတယ်။ ဒီအမှိုက်ကောက်ပြီး ပုံမှန်ဝင်ငွေဖြစ်ရင်တော့ တစ်လ တစ်ကြိမ် မပို့ရရင်တောင် နှစ်လတစ်ခါ၊ သုံးလတစ်ခါ ပြန်ပို့မယ်” လို့ မချိုဝင်းက ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းနီးပါးရှိကာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာမှု ကြောင့် နိုင်ငံခြားခရီးသွားမှုပိတ်ဆိုင်းခဲ့ရတဲ့အတွက် စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေနဲ့ ဟိုတယ်တွေ ဝင်ငွေမရှိတော့ ကာ စီးပွားရေး ရပ်ဆိုင်းသွားတဲ့လုပ်ငန်းတွေ အများကြီးရှိပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရေး ရှုပ်ထွေးမှုတွေကြောင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာပြည်တွင်းသို့ ပြန်ရန် တွန့်ဆုတ်နေကြပါတယ်။
“ မြန်မာပြည်ပြန်ရင်လည်း အလုပ်ကမရှိ၊ နိုင်ငံရေးကလည်း သေကြေနေတာ။ ကိုဗစ်ကလည်း ဖြစ်တော့ ပြန်ဖို့လည်း ခက်တယ်လေ။ ဒီမှာက မြန်မာပြည်ထက်အဆင်ပြေမယ်ထင်တယ်” လို့ လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မသူဇာက ဆိုပါတယ်။
မသူဇာလည်း ယခင်က အိမ်ဖော်အလုပ်လုပ်ကိုင်ခဲ့တုန်းက တစ်ရက်ကို ဘတ် ၃၀၀ ရနေခဲ့ပြီး လက်ရှိမှာ တချို့ အိမ်ရှင် တွေက အလုပ်မခေါ်တော့တဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ဒါ့ကြောင့် သူဟာ လျော့နည်းသွားတဲ့ဝင်ငွေကို ပြန်ဖာထေးရန် ပလုံးကောက်တဲ့အလုပ်ကို အမျိုးသားနဲ့အတူ ဝင်ရောက် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
“ အရင်ကတော့ သူဌေးအိမ်မှာ အိမ်ဖော်အလုပ်လုပ်တယ်။ အိမ်သန့်ရှင်းရေးလုပ်တဲ့အလုပ်ပေါ့။ အခုအိမ်ရှင်က အလုပ် မခန့်တော့ ကျမမှာ အလုပ်မရှိတော့တာ ရှစ်လကျော်ရှိပြီ။ အဲ့ဒါနဲ့ မိသားစုဝင်ငွေတစ်ခုရဖို့ ကျမတို့ အမှိုက်လိုက်ကောက် နေတာပါ” လို့ မသူဇာက ရင်ဖွင့်ပြောပြလာပါတယ်။
အိမ်မှာက မိသားစုသုံးယောက်ရှိပြီး ကလေးက သုံးနှစ်အရွယ်သာရှိသေးတဲ့အတွက် အိမ်ခန်းထဲမှာ ထားခဲ့ရမှာကို အဆင် မပြေတဲ့အတွက် လိုက်ခေါ်လာခဲ့ရခြင်းဖြစ်ကြောင်းလည်း သူက ပြောပြပါတယ်။
တဖက်မှာလည်း ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ခက်ခဲလာတဲ့အတွက် နေထိုင်ခွင့် အထောက်အတား ပတ်ပိုစ့် သက်တမ်းတိုးရန်လည်း အခက်ကြုံနေကြပါတယ်။
ဒါ့ကြောင့် မကြာခင် ပတ်ပိုစ့်သက်တမ်းတိုးဖို့ မသူဇာတို့ လင်မယားလည်းခေါင်းကိုက်နေကြပြီး စိုးရိမ်ပူပန်နေကြပါတယ်။
“ ပတ်ပိုစ့်သက်တမ်းတိုးဖို့အတွက်တော့ စိတ်ပူနေရတယ်။ ငွေကုန်မယ်လေ။ မြန်မာပြည်လည်း မပြန်နိုင်တော့ နည်း တော့ရှာရမှာပေါ့” လို့ မသူဇာကဆိုပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံရဲတွေဟာ အရမ်းခေတ်ကလို ထိုင်းနိုင်ငံနေထိုင်ခွင့်လက်မှတ်စစ်ဆေးပြီး ငွေ အတင်း အကြပ်ကောက်ယူမှု လျော့နည်းလာပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလက်မှတ် ရှိ၊မရှိကိုသာ အဓိကထားစစ်ဆေး တဲ့အတွက် ကာကွယ်ဆေးထိုးလက်မှတ်ကို မိတ္တူကူးပြီး သွားရာကို ယူဆောင်သွားနေရကြောင်း မသူဇာက ပြောပါတယ်။
“ ကျမတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ်ကိုတော့ ဘယ်နေရာသွားသွားသယ်သွားနေရတယ်။ ရဲက ဒါပဲစစ်တယ် လေ။ ဒါပျောက်မှာဆိုးလို့ မိတ္တူ အများကြီးကူးထားရတယ်” လို့ မသူဇာက ဆိုပြန်ပါတယ်။
ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ယခင်က ပလုံးကောက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဟာ အများဆုံး ငါးဦးခန့်သာရှိခဲ့ပြီး ယခု နှစ်မှာတော့ ပလုံးကောက်တဲ့သူ ၅၀ကျော်ထိ ရှိလာတယ်လို့ ချင်းမိုင်မြို့မှာ ရှစ်နှစ်နီးပါး ပလုံးကောက်တဲ့ ဦးလှမောင် ပြောပြပါတယ်။
ကိုဗစ်ဖြစ်လာပြီးနောက် အလုပ်ရုံကနေအလုပ်ရပ်နားခံရတဲ့သူတွေ အလုပ်လက်မဲ့တွေက ဒီပလုံးကောက်တဲ့နေရာကို ရောက်လာကြပြီး အဲ့ထဲမှာ အမျိုးသမီးတွေ အများဆုံးပါဝင်နေကြောင်းလည်း ဦးလှမောင် က ပြောပါတယ်။
“ ကျနော်တို့ အလုပ်လက်မဲ့ မြန်မာရွှေ့ပြောင်းကို လာပြီးကူညီပေးတဲ့သူမရှိဘူး။ စားစရာမရှိလဲ တိုင်းတပါးဆိုတော့ ကိုယ့် ဘာသာကိုယ်ဖြေရှင်းနေရတယ်လေ။ ကုန်ဈေးနှုန်းကလည်းတက်လာတော့ ရသလောက်နဲ့ ဝမ်းရေးဖြေရှင်းနေရတယ်”လို့ ၎င်းက ပြောပါတယ်။
ပလုံးကောက်ဖို့အတွက် အရင်းအနှီးဖြစ်တဲ့ ဆိုင်ကယ်ဆီဈေးကလည်း အဆမတန် တက်လာတဲ့အတွက်လည်း ခေါင်းခဲစရာ အချက်တစ်ခုဖြစ်ရပြန်ပါတယ်။
“ အရင်က ဆိုင်ကယ်ဆီဘတ်၁၀၀ဖိုးဆိုရင် သုံးရက်လောက်မောင်းလို့ရတယ်။အခု ဘတ်၁၀၀ဖိုး နှစ်ရက်တောင် မောင်းလို့ မရတော့ဘူး။ ကုန်ဈေး၊ဆီဈေးတွေတက် နောက် ပုလင်းခွံ ဗူးခွံကောက်တဲ့သူကလည်းများတော့ သိပ်မရတော့ဘူး” လို့ ဦးလှမောင် လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။
အရင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာတဲ့ မေလဆန်းပိုင်းမှာတော့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အလုပ်လက်မဲ့တွေအတွက် ဆန်၊ဆီ၊ဆား နဲ့ တခြား ကုန်ခြောက်ပစ္စည်းတွေကို လှူဒါန်း ထောက်ပံ့ပေးတဲ့သူရှိခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ကူညီထောက်ပံ့မှုတွေဟာ မရှိတော့တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဝင်ငွေရဖို့ ရှာဖွေနေကြတာဖြစ်ပါတယ်။
“ ကိုဗစ်စဖြစ်တော့ နေရာတိုင်းမှာ လာလှူကြတယ်။ လမ်းတွေမှာ စားစရာတွေ ထားတဲ့ဗီဒိုရှိတယ်။ အခုနောက်တော့ ဘာမှ မရှိတော့ဘူး။ ဘယ်အဖွဲ့မှလည်း လာပေးတာမရှိတော့ဘူး။ ခက်လာပြီလေ” လို မချိုက ဝမ်းနည်းစွာ ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီထောက်ပံ့မှုရှိပေမယ့် အများကြီးမထောက်ပံ့နိုင်ကြောင်းလည်း MAP Foundation မှ အမျိုးသမီး အရေး ဆောင်ရွက်ပေးနေတဲ့ မမိုင်းမိုင် က ဆိုပါတယ်။
“ ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထောက်ပံ့တာတွေတော့ရှိတယ်။ အများကြီးတော့မရှိသေးဘူး။ များသော အားဖြင့် MAP က ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ခလစာမရတာ။ နောက်အမျိုးသမီးအရေးဆိုရင် အကြမ်းဖက်ခံရတာ၊ လစာကိုလျော့ရတာတွေ နဲ့ပတ်သက်ပြီး ကူညီဖြေရှင်းပေးတာများတယ်”လို့ မမိုင်းမိုင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်နေကြပြီး အလုပ်သမားတွေ အလုပ်ထုတ်ခံရ ပါက အလုပ်ရှင်တွေအနေနဲ့ လျော်ကြေးငွေ ပေးဆောင်တဲ့နေရာမှာ အပြည့်အဝမပေးတာတွေကိုလည်း ကူညီဖြေရှင်း ပေးနေရပြီး လက်ရှိ အလုပ်လက်မဲ့ဦးရေ အရေအတွက်ကို တိတိကျကျစစ်တမ်းကောက်ယူမှု မရှိထားကြောင်းလည်း မမိုင်းမိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်းမှာနေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ကိုဗစ်ကာလကြားမှာတော့ မိမိစားဝတ်နေရေး အတွက် ချမ်းအေးတဲ့ ချင်းမိုင်ဆောင်းရဲ့ အအေးဒဏ်ကို အံတုပြီး ဆိုင်ကယ်နဲ့ ချင်းမိုင်မြို့ကိုပတ်ကာ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ပလုံး လိုက်ကောက်နေကြရပါတယ်။
“ ရာသီဥတုက အေးလာပေမယ့် ဝမ်းရေးအတွက် ကလေး အနာဂတ်အတွက်တော့ ကိုယ့်တွေ ဆက်ပြီးကောက် နေရအုံးမှာပဲ။ ကိုဗစ်နဲ့ မြန်မာနိုင်ငံရေး ဖြစ်နေသရွေ့တော့ ဒီမှာ အမှိုက်ဆက်ကောက်နေရအုံးမှာပဲ” လို့ မချိုတစ်ယောက် ဆိုင်ကယ်ဘေးတွဲ ပေါ်ထိုင်ကာ ပြောလိုက်ပါတယ်။