လွေးဆမဲင်ကီ။ ။
“ ကျွန်မမှာ ဒီသမီးလေးရဲ့ လုပ်အားခကိုပဲအားကိုးပြီး မိသားစုစားဝတ်နေရေး အဆင်ပြေအောင်ဖြေရှင်းနေရတယ်။ သူ့ အထက်က သမီး၂ယောက်လည်း အိမ်ထောင်ကျတော့ အိမ်ခွဲနေကြပြီလေ။ အခု ဒီသမီးလေးမရှိတော့ ကျွန်မမှာ အားကိုး ရာမဲ့နေပြီ” လို့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံရတဲ့ ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်း ထောက်တစ်ဦးဖြစ်ခဲ့သူ လွေးအမ်ဖောင်ရဲ့ မိခင်ဖြစ်သူက ပြောတာပါ။
ရွေဖီမြေက ရှမ်းပြည်နယ်မြောက်ပိုင်းအခြေပြု သတင်းဌာန တစ်ခုဖြစ်ပြီး လွေးအမ်ဖောင်က ရွှေဖီမြေရဲ့ရုပ်သံ သတင်း ထောက်ဟောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ လွေးအမ်ဖောင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့ မနက်အစောပိုင်းမှာ အင်အား ၅ဝခန့်ရှိ လက်နက်ကိုင်ဆောင်ထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လားရှိုမြို့ ရပ်ကွက် ၁ဝ နယ်မြေ ၃ထဲမှာ သူမကို ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အသက် ၂ဝ ခန့် အရွယ်သာရှိသေးတဲ့ လွေးအမ်ဖောင်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဖမ်းစီးခံထားရတဲ့ တစ်ဦးတည်း အမျိုးသမီးသတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ လွေးအမ်ဖောင်ကို လားရှိုးမြို့ အမှတ် (၁) ရဲစခန်း မှာ ဖမ်းဆီးထားပြီး အမှတ် ( ၂ ) ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) (နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ) နဲ့ တိုင်ချက်ဖွင့်ထားပါတယ်။
လွေးအမ်ဖောင်ဟာ သတင်းထောက်အလုပ်ကို အသက်(၁၈) နှစ် အရွယ်တည်းက တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ သူတစ်ဦးဖြစ်ခဲ့ပြီး မိသားစုရဲ့ စားဝတ်နေရေး ပြဿနာကို သတင်းထောက်လုပ်ရင်း တစ်ဖက်တစ်လှမ်းကနေ ထောက်ပံ့ ပေးနေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ သတင်းထောက် လုပ်သက်က (၂)နှစ် ရှိပါပြီ။
ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခအများဆုံးဖြစ်နေတဲ့ ပြည်နယ်ဖြစ်ပြီး စစ်ကောင်စီ အာဏာ မသိမ်းခင်ကတည်းကလည်း မီဒီယာသမားတွေအတွက် သတင်းရယူတဲ့နေရာမှာ လွတ်လပ်မှု နည်းပါးခဲ့သလို သတင်းရေးသားတင်ဆက်တဲ့နေရာမှာလည်း ရေးသားသူ လုံခြုံရေးကြောင့် ဂရုတစိုက်ရေးသားရမှုက အခြားဒေသတွေ ထက် ပိုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီအာဏာသိမ်းပြီးကာလမှာတော့ မီဒီယာလွတ်လပ်ခွင့်ဟာ ပိုမိုဆိုးရွား လာနေ ခဲ့ပြီး မီဒီယာအချို့ လိုင်စင်တွေပိတ်သိမ်းခံခဲ့ရသလို သတင်းဌာနအများစုလည်း လွတ်လပ်တဲ့နယ်မြေတွေမှာ ရွှေ့ပြီး သတင်းတွေကို တင်ဆက်နေရပါတယ်။ မီဒီယာလွတ်လပ်ခွင့် ဆိုးရွားလာတဲ့အပြင် အမျိုးသမီးသတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ ရပ်တည်ရေးတွေကလည်း ခက်ခဲတဲ့အခြေအနေမှာ ရှိနေပါတယ်။ ယခင်တည်းက အန္တရာယ်များခဲ့တဲ့ ရှမ်းပြည် နယ်မြောက်ပိုင်းမှာလည်း အာဏာသိမ်းဖြစ်စဉ်ပြီးတဲ့ နောက်မှာ အခြေအနေက ပိုဆိုးလာပါတယ်။
ကောက်ယူထားသော စာရင်းများအရ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်မှ နိုဝင်ဘာလအထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သော အမျိုးသမီး သတင်းသမား ၂၁ ဦးရှိပြီး ၁၃ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ကျန် ၈ ဦးက ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်တယ်။ အဲဒီစာရင်းထဲမှာ လွေးအမ်ဖောင်းလည်း ပါဝင်ပါတယ်။
သမီးတစ်ယောက်အဖမ်းခံရတာသိရက်နဲ့ ဘာမှမလုပ်ပေးနိုင်တာကို အမေဖြစ်သူက သူ့ကိုယ်သူ အပြစ်ရှိနေသလို ခံစားနေရတယ်လို့ ဆိုပါတယ်။
“ ကိုယ့်သမီးအဖမ်းခံရပြီး အရိုက်ခံရသလား၊ အသက်များဆုံးရှုံးနေပြီလားဆိုတဲ့ ပူပန်မှုတွေနဲ့ပဲ နေ့ရက်တွေ ကိုဖြတ်သန်း နေရတယ်။ ငါ့သမီးလေးဒုက္ခရောက်တာ သိရက်နဲ့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဆိုပြီး ငိုပဲငိုနေခဲ့ရတယ်။ ဘာမှ မလုပ်ပေး နိုင်ဘူး” လို့ သူမက ဆက်ပြောပါတယ်။
လွေးအမ်ဖောင်အဖမ်းစီးခံခဲ့ရတဲ့အတွက်ကြောင့် အခု လက်ရှိအချိန်မှာ အမျိုးသမီးသတင်းထောက်တွေ အနေနဲ့ စိန်ခေါ် မှုတွေ ပိုများနေတယ်လို့လည်း ရွှေဖီမြေရဲ့ အမျိုးသမီးသတင်းထောက် တစ်ဦးဖြစ်သူ လွေးအေးမီးက ဆိုပါတယ်။
“အခုအခြေနေက သတင်းတစ်ခုတင်ဆက်ဖို့က အရင်ကလောက်မလွယ်ကူတော့ဘူး။ သတင်းအရင်းအမြစ်တွေကိုလည်း အတည်ပြုနိုင်ဖို့ မလွယ်တော့ဘူး။ ရုပ်သံသတင်းတွေဆို ပိုလို့တောင် လုပ်ဖို့က ခက်ခဲသွားပြီ”လို့ သူမက ဆိုပါတယ်။
ဒါ့အပြင် မိဘတွေဘက်ကလည်း စိုးရိမ်မှုတွေ ရှိတယ်လို့ သူမက ဆိုပါတယ်။
“ဒီအာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန် မိဘတွေကလည်း ကျွန်မကို ကြောက်ရင်မလုပ်နဲ့ လုပ်ရင်လည်းမကြောက်နဲ့ဆိုပြီး ပြောလာတာမျိုးတော့ရှိတယ်”လို့ သူမက ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ်သည် ကမ္ဘာတဝန်းမှ သတင်းသမားများကို ဖမ်းဆီးထောင်ချမှုများသည် စံချိန်သစ်တင်လိုက်ပြီး မြန်မာနိုင်ငံ သည် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နိုင်ငံများတွင် အဆိုးရွားဆုံးနိုင်ငံများ၌ ပါဝင်လာကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ နှစ်စဉ် ထုတ်ပြန်သော သတင်း သမားများ ဖမ်းဆီးခံရမှု အခြေအနေကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ဒီဇင်ဘာ ၁၄ရက်ကဖော်ပြပါတယ်။
မြန်မာနိုင်ငံသည် သတင်းသမားများကို ထောင်ချသည့် အဆိုးရွားဆုံးနိုင်ငံများစာရင်းတွင် ဒုတိယအများဆုံး နိုင်ငံဖြစ်လာ ခဲ့ပြီး တရုတ်နိုင်ငံသည် ပထမ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သတင်းထောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အမျိုးသမီး သတင်းထောက် အရေ အတွက်က အလွတ်တန်း သတင်းထောက် (freelance ) များ အပါအဝင် ၁ဝဦးထက်မနည်းရှိပါတယ်။
အဲဒီထဲက အများစုဟာ အန္တရာယ် အမျိုးမျိုးကြားက သတင်းတင်ဆက်နေကြရသလို အချို့လည်း အိမ်ကဖိအား ပေးတာ မျိုးကြောင့် မဟုတ်ဘဲ စစ်ကောင်စီအာဏာသိမ်းယူပြီးနောက်ပိုင်း သူတို့နဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် သတင်း ထောက်လောကမှ အနားယူသွားကြပါတယ်။ အဲဒီ ၁၀ဦးထဲကမှ သုံးဦးက အနားယူသွားခဲ့တာ ဖြစ်ပါတယ်လို့ စုံစမ်းသိရှိ ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း သတင်းတွေကို တင်ဆက်ပေးနေတဲ့ အမျိးသမီးသတင်းထောက် တစ်ဦးကလည်း “စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အလုပ်ပြုတ်တယ်။ ရှမ်းမြောက်မှာ နယ်သတင်းထောက်က ရန်ကုန်လိုမြို့ကြီးပေါ်က သတင်း ထောက်လိုမျိုး ထင်ယောင်ထင်မှားဖြစ်စရာမရှိဘူး။ ကျွန်မတို့တိုက်က ရှမ်းမြောက်ဆိုကျွန်မတစ်ယောက်တည်း။ ကျွန်မတို့ နယ်သတင်းထောက်တွေက ဒီအလုပ်မလုပ်တော့ပဲ တခြားအလုပ်ပြောင်းလုပ်ရင်တောင် အရင်အလုပ်က တံဆိပ်ကပ်ထား သလိုဖြစ်နေတော့ ဘယ်သွားသွား ဘာလုပ်လုပ် အဆင်မပြေဘူး” လို့ သူမက ပြောပါတယ်။
သူမက တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ မီဒီယာတိုက်ကြီးတွေ အတွက် သတင်းတွေ တင်ဆက်ပေးတာ ဖြစ်ပါတယ်။ အာဏာ သိမ်းပြီးနောက်တော့ အလုပ်ပြုတ်ခဲ့တဲ့ အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတာပါ။
သူမအနေနဲ့လည်း ပြီးခဲ့ ဇူလိုင်လက ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းပြီးကာလ ဖြစ် တာကြောင့် လုံခြုံရေး အခြေအနေအရ ဆေးရုံ။ ဆေးခန်း သွားနိုင်ခြင်း မရှိပါဘူး။ ရှောင်ရင်းပုန်းရင်းပဲ ကိုဗစ်ကို တွန်းလှန် တိုက်ခိုက်ခဲ့ရပါတယ်။
“ ဒီအခြေနေမှာတော့ ပြေးရင်း၊ လွှားရင်း၊ ငိုရင်း၊ ရီရင်းနဲ့ ဖြတ်သန်းခဲ့ပေမယ့် သတင်းထောက်အလုပ်ကို စိတ်မပျက်ဘဲ အမှန်တရားဖော်ထုတ်လိုတဲ့ စိတ်ဓာတ်တွေနဲ့သာ ရှေ့ဆက် ရှင်သန်နေရတယ်။ ဒီချိန် လုံခြုံအောင် ဘယ်လိုနေရမလဲဘဲ စဉ်းစားနေရတယ်”လို့ အဲဒီအမျိုးသမီး သတင်းထောက်ကလည်း ပြောပါတယ်။
သတင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာမို့ မိသားစုအသိုင်းအဝိုင်းကပါ မိသားစုစာရင်းထဲ ပယ်ဖျက်သွားကြ တယ်လို့ သူမက ဆိုပါတယ်။
” ကျွန်မမှာ အဖေနဲ့အမေမရှိတော့ဘူး ဆုံးသွားပါပြီ။ ကျွန်မအောက်က အငယ် ၂ ယောက်ပဲရှိပါတော့တယ်။ ကိုယ့် အဖြစ်အပျက်ကို အိမ်ကိုလည်းမပြောရဲဘူး။ အိမ်လည်းမပြန်ရဲဘူး။ နာမည်ကပေါက်ပြီးသားဖြစ်နေတော့ အိမ်ပြန်ရင် အိမ်က လူတွေ ဒုက္ခရောက်ကြမှာမို့ မပြန်ဖြစ်ဘူး” လို့လည်း သူမက ဆိုပါတယ်။
အာဏာသိမ်းဖြစ်စဉ်ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားလာကြတဲ့ လူတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ များစွာပေါ်လာပေမယ့် မီဒီယာလောကထဲဝင်ရောက် လုပ်ကိုင်လိုသူတွေကတော့ နည်းပါးနေတယ်လို့ သူမ က ဆက်ပြောပါတယ်။
“ ခံယူချက်တစ်ခုနဲ့ မီဒီယာဟာလည်း ဒီလောက်အရေးပါပါလားဆိုပြီး ထွက်လာတဲ့ သတင်းထောက် အခုထိကျွန်မ မတွေ့ သေးဘူး။ ကျွန်မတို့ သတင်းထောက်တွေသာမရှိတော့ရင် မီဒီယာတော့ပျောက်တော့မှာပဲဆိုပြီး ကျွန်မကို သတင်းထောက် လုပ်ဖို့ ပိုခိုင်မာလာစေတဲ့ အချက်တစ်ခုဖြစ်လာစေခဲ့တယ်”လို့ လည်း သူမက ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်းမှာ ကမ္ဘောဇတိုင်းမ်း သတင်းဌာနက ၄ဦး၊ သံလွင်သွေးချင်း သတင်းဌာနက ၁ဦးနဲ့ ရွှေဖီမြေသတင်းဌာနက ၁ဦး စုစုပေါင်း ၆ဦးထိ ဖမ်းစီးခံထားရပြီး အဲထဲမှာမှ ၄ဦးဟာ အမျိုး သမီးတွေဖြစ်ကြပါတယ်။
အဲဒီထဲမှာမှ ကမ္ဘောဇတိုင်းမ်းသတင်းဌာနက ၄ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅(က)နဲ့ ထောင်ဒဏ် ၃နှစ်ချ မှတ်လိုက်ပြီး ရွှေဖီမြေသတင်းထောက်ဖြစ်တဲ့ လွေးအမ်ဖောင်နဲ့ သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မြဝန်းရံတို့ နှစ်ယောက်က အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်းက သတင်းသမားတွေကို ဖမ်းစီးထားပြီး ပြစ်ဒဏ်ချမှတ်လိုက်တာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် အငြိုးတေးထားပြီး ဖိနှိပ်လိုတဲ့ သဘောထားနဲ့ လုပ်ရပ်ဖြစ်သလို အများပြည် သူတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို တားမြစ်ပိတ်ပင်နေတဲ့ မြင်သာတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီလိုလုပ်ရပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာရှင်သရုပ်ကို ပိုမိုပီပြင်စေပြီး ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မှုလုံးဝမရှိတဲ့ အခြေ အနေကို မီးမောင်းထိုးပြသတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာ ၇ခုနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်နယ် သတင်းမီဒီယာများ မဟာမိတ်အဖွဲ့ MASSက ဒီဇင်ဘာ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ထားပါတယ်။
အာဏာသိမ်းပြီးနောက် သတင်းထောက်တွေ အဖမ်းခံနေရကြရသလို သတင်းဌာနတိုက်တွေကလည်း နေရာရွှေ့ပြောင်း လုပ်ကိုင်နေကြရပေမယ့် သတင်းထောက်အလုပ်ကိုတော့ ဆက်လက်လုပ်ကိုင်သွားကြမယ်လို့ ဆောင်းပါးအတွက် မေးမြန်းခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အမျိုးသမီး သတင်းထောက်တွေက ပြောဆိုကြပါတယ်။
လွေးအမ်ဖောင်ရဲ့ မိခင်ကတော့ အမှန်တရားတွေကို ဖော်ထုတ်ရေးသားလို့ အဖမ်းခံရတဲ့အတွက် သမီးအတွက် ဂုဏ်ယူ ကြောင်းမိကြောင်း ဆိုပါတယ်။
“”အမှန်တရားဖော်ထုတ်ပေးတဲ့ သမီးကို ဂုဏ်ယူတယ်။ အဖမ်းခံရတဲ့သူတွေ လက်ကနေလွတ်မြောက်လာရင် ငါ့သမီးကို ဒီသတင်းထောက်အလုပ် မလုပ်ပါနဲ့လို့ လုံးဝမတားဘူး။ သူ့ကိုဒီလိုအမှန်တရားဖော်ထုတ်ပေးပြီး လူထုအကျိုးအတွက် တတ်နိုင်သလောက် ထပ်မံလုပ်ဆောင်ဖို့ပဲ အမေတစ်ယောက်အနေနဲ့ အားပေးသွားပါ့မယ်” လို့ သူမက ဆိုပါတယ်။