Home ဆောင်းပါး သေမင်းခံတွင်းဝမှ ပြန်လည်လွတ်မြောက်လာခဲ့သူ

သေမင်းခံတွင်းဝမှ ပြန်လည်လွတ်မြောက်လာခဲ့သူ

ရက္ခ။ ။

စစ်တွေဆေးရုံ၊ အရေးပေါ်လူနာဆောင်တွင် (၇) မြောက်သောနေ့။

သေသူတစ်ယောက်ပမာ သတိမေ့မျောနေခဲ့သော မနှင်းယုယုလှိုင်သည် (၁၅.၈.၂၀၂၀) ရက်နေ့၊ နံနက်မိုးသောက် အရုဏ် ၁- နာ ရီခန့်အချိန်တွင် အနည်းငယ်လူးလွန့်စပြုလာ၏။ ပါးစပ်မှလည်း “အင်း…အင်း.. အင်း” ဆိုသော ညီးငြူသံ တိုးတိုးသဲ့သဲ့ကလေး ထွက်ပေါ်လာသည်။

မနှင်းယုယုလှိုင်၏ လူနာကုတင်နံဘေးနားတွင် ပက်လက်ကုလားထိုင်တစ်လုံးဖြင့်ထိုင်နေသော ဦးမောင်ဖြူသီးတစ် ယောက် ညီးတွားသံသဲ့သဲ့ကလေးကိုကြားသဖြင့် အသံလာရာဘက်ဆီသို့ ခေါင်းထောင်ကြည့်လိုက်သည်။ သည်မှာတင် အောက်ဆီဂျင်ပိုက်တန်းလန်းဖြင့် အနည်းငယ်လူးလွန့်လှုပ်ရှားနေသော သမီးဖြစ်သူမနှင်းယုယုလှိုင်ကို တွေ့မြင်လိုက်ရ ပြီးဝမ်းသာလွန်း၍ ထခုန်မိမတတ် ဖြစ်သွားရသည်။

ပါးစပ်မှလည်း “ ငါ့သမီးလေး… သတိရလာပြီ…သတိရလာပြီဟေ့..” ဟု သတိလက်လွတ်အော်ဟစ်လိုက်မိလေသည်။ ဦးမောင်ဖြူသီး ၏ ဝမ်းသာအားရအော်ဟစ်လိုက်သံက တိတ်ဆိတ်စွာအိပ်မောကျနေသော စစ်တွေဆေးရုံကြီးတစ်ခုလုံးကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သွား၏။ သည်နောက်တွင်တော့ အရေးပေါ်လူနာ မနှင်းယုယုလှိုင် ၏အခန်းထဲသို့ တာဝန်ကျ ဆရာဝန်များ၊ နာ့စ်များ၊ ဆေးရုံဝန်ထမ်းများနှင့် သတင်းမေးသူတချို့ရောက်ရှိလာကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေ တော့သည်။

ထိုနေ့သည် ဦးခေါင်းတွင်လက်နက်ကြီးကျဉ်ဆန်စထိမှန်ကာ ရက်သတ္တတစ်ပတ်ခန့်မျှ မလှုပ်မယှက် သတိမေ့မျော နေခဲ့သော မနှင်းယုယုလှိုင် တစ်ယောက် သတိစတင်ပြန်လည်လာခဲ့သောနေ့ပင် ဖြစ်သည်။ ဆရာဝန်များကိုယ်တိုင် မျှော်လင့်ချက်မရှိတော့ဟု ထင်ထားခဲ့ကြသော မနှင်းယုယုလှိုင်အတွက် အသက်ရှင်နိုင်ရန် လမ်းစကလေးကို ခပ်ရေးရေး ပြန်မြင်လာခဲ့သောနေ့ပင်ဖြစ်သည်။ သေမင်းခံတွင်းဝမှ ရုန်းထွက်နိုင်ရန် မျှော်လင့်ချက်ရောင်ခြည်ဦးကလေးသန်းလာခဲ့ သော နေ့တစ်နေ့ပင် ဖြစ်လေသည်။

(တစ်)

၈.၉.၂၀၂၀ ရက်နေ့သည် မနှင်းယုယုလှိုင်၏ဘဝထဲသို့ ကြမ္မာဂြိုလ်ဆိုးများကို ယူဆောင်လာခဲ့သောနေ့တစ်နေ့ပင် ဖြစ်သည်။ ထိုနေ့မနက်ခင်းက ဟေမာန်ဦးရာသီနှင်းစက်ကလေးများ တဖွဲဖွဲကြွေနေသည်။ မြေပုံမြို့နယ်၊ ညောင်ကန် ကျေးရွာကလေးသည် မနက်ခင်းမြူနှင်းငွေ့ကလေးများကြားထဲတွင် မှုံမှိုင်းပြာဆိုင်းကာ သာယာလှပနေသည်။ အသက် ၂၂နှစ်ခန့်အရွယ် တတိယနှစ်အဝေးသင်တက္ကသိုလ်ကျောင်းသူ မနှင်းယုယုလှိုင် တစ်ယောက် ညောင်ကန်ကျေးထဲရွာမှ သူ၏နေအိမ်ကလေးတွင် ထမင်းဟင်းများချက်ပြုတ်လျှက်ရှိနေသည်။

မနက် ၉-နာရီခန့်အချိန်တွင် ထမင်းဟင်းများချက်ပြုတ်ပြီးသဖြင့် သူ၏အဖွားကို ထမင်းခူးခပ်ကျွေးမွေးသည်။ အိမ်ဝေယျာ ဝိစ္စများအားလုံးပြီးစီးပြီးနောက် ရေမိုးချိုးကာသနပ်ခါးလိမ်းရန်ပြင်၏။

ထိုစဉ်အချိန်မှာပင် ကျယ်လောင်လွန်းလှသော ပေါက်ကွဲသံတစ်ချက်ကို ရုတ်တရက်ကြားလိုက်ရပြီး မနှင်းယုယုလှိုင်၏ဦး ခေါင်းတစ်ခုလုံးလည်း ထုံကျဉ်သွားသကဲ့သို့ခံစားလိုက်ရသည်။ အဖြစ်အပျက်များမှာစက္ကန့်ပိုင်းမျှသာကြာ၏။ သည်နောက် တွင်တော့ မနှင်းယုယုလှိုင်တစ်ယောက် လောကကြီးနှင့် အဆက်အသွယ်လုံးဝပြတ်တောက်သွားတော့သည်။

(နှစ်)

“ ၈.၉.၂၀၂၀ ရက်နေ့၊ မနက် ၉ နာရီလောက်မှာ ကျွန်တော်တို့ရဲ့ အိမ်ခြံဝင်းထဲကို လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲလာပါတယ်… ဘယ်ကပစ်လိုက်သလဲဆိုတာကိုတော့ အတိအကျမပြောနိုင်ပါဘူး… အဲဒီအချိန်တုန်းက မြန်မာ့ တပ်မတော်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွားသံလည်း သိပ်မကြားရပါဘူး… လက်နက်ကြီးကျလာတော့ မြေကြီးတွေ တသိမ့်သိမ့် တုန်ခါသွားပါတယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော်က အိမ်ခြံ နောက်ဘက်မှာရှိနေပါတယ်……လက်နက်ကြီး ပေါက်ကွဲသံကြား တာနဲ့ချက်ချင်းပဲ ကျွန်တော်အိမ်ပေါ်ကို ပြေးတက်ကြည့်ပါတယ်…. မှန်တင်ခုံဘေးနားမှာ ကျွန်တော့်သမီးလေး နှင်းယု ယုလှိုင်ကို မှောက်လျှက်လဲကျနေတာကို တွေ့လိုက်ရပါတယ်… ပါးစပ်မှာ အမြုပ်တွေထွက်နေတယ်…ခန္ဓာကိုယ်မှာလည်း သွေးစတွေစီးကျနေပါတယ် ….သူလုံးဝသတိမရတော့ပါဘူး…” ဟု ဖခင် ဦးမောင်ဖြူသီးကဆိုသည်။

ဦးမောင်ဖြူသီးက သူတို့၏အိမ်နံဘေးတွင် မရမ်းပင်တစ်ပင်ရှိပြီး လက်နက်ကြီးကျည်ဆံသည် ထိုမရမ်းပင်ကို ရှပ်ထိခြင်း ဖြစ်ကြောင်းဆိုသည်။ ထိုသို့ထိမှန်ခြင်းကြောင့် နေအိမ်၏သွပ်ခေါင်မိုးတစ်ခုလုံး ဆန်ကာပေါက်များဖြစ် သွားခဲ့ကြောင်းဆို သည်။ အိမ်ထဲတွင် အဘွားအိုနှင့်မနှင်းယုယုလှိုင်တို့နှစ်ဦးရှိနေကြသော်လည်း အဘွားအိုမှာ အုတ်နံရံကာ ထားသော အခန်းထဲတွင်ရှိနေသဖြင့် တစုံတရာ ထိခိုက်မှုမရှိခဲ့ချေ။ မနှင်းယုယုလှိုင်မှာမူ ဝါးထရံကာထားသော အခန်းထဲတွင်ရှိ နေသဖြင့် လက်နက်ကြီးကျရောက်ပေါက်ကွဲရာတွင် ကံဆိုးမိုးမှောင်ကျသွားခဲ့ရကြောင်း ဦးမောင်ဖြူသီးမှ ဝမ်းနည်း စကားဆိုသည်။

မနှင်းယုယုလှိုင်သည် ဆံပင်အရှည်ထားသူဖြစ်သဖြင့် ဦးခေါင်းမှဒဏ်ရာကို ရုတ်တရက်မမြင်တွေ့ရဘဲ ကျောကုန်းမှ ဒဏ်ရာနှစ်ချက်ကိုသာ ကနဦးတွေ့ရှိရကြောင်း ဦးမောင်ဖြူသိန်းကဆိုသည်။ ဆံပင်များကြားထဲမှ သွေးများယိုစီးကျ လာချိန်တွင်မှသာ ဦးခေါင်းမှဒဏ်ရာကို သတိပြုမိခဲ့ကြောင်း သူက ဆိုသည်။ ထိုနေ့မနက်က ညောင်ကန်ကျေးရွာထဲသို့ နောက်ထပ်လက်နက်ကြီးကျည်တစ်လုံး ထပ်မံကျရောက်ပေါက်ကွဲကာ ရွာသားသုံးဦး ပွဲရှင်းပြီးသေဆုံးသွားခဲ့ကြောင်း လည်း ဦးမောင်ဖြူသီးမှ ပြောပြသည်။ သတိမေ့မျှောနေသော မနှင်းယုယုလှိုင်ကို ညောင်ကန်ကျေးရွာမှ ကမ်းထောင်း ကြီးဆေးရုံသို့ စက်လှေဖြင့်တင်ဆောင်ခဲ့ရကြောင်းနှင့် ထိုမှတဆင့်စစ်တွေဆေးရုံသို့ ထပ်မံပို့ဆောင်ကုသခဲ့ရကြောင်း ဆိုသည်။

သူ၏ နေအိမ်သို့ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်ဆန်ကို ကဇုကိုင်းဖက်မှ ပစ်ခတ်သည်ဟု ရွာသားများမှ ထင်ကြေးပေးပြောဆိုကြသော်လည်း သူ့အနေဖြင့် သမီးဇောကပ်နေချိန်ဖြစ်သဖြင့် မည်သည့် အရာကိုမျှသတိမထားမိခဲ့ ကြောင်း ဦးမောင်ဖြူသီးမှဆိုသည်။ ထိုအချိန်က မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့ကျေးရွာအနီးတွင် တိုက်ပွဲ မရှိကြောင်း ဦးမောင်ဖြူသီးမှ ဆိုသည်။

ရခိုင်ပြည်နယ်ထဲတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့နှစ်နှစ်ကျော်ကြာမျှတိုက်ပွဲများပြင်း ထန်စွာဖြစ်ပွား ခဲ့ကြပြီး ထိုတိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃၄၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၆၉ နှင့် နေရပ်စွန့်ခွာတိုက် ပွဲ ရှောင်ဦးရေ ၁၃၀,၀၀၀ ကျော်မျှအထိရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး(REC)က ဖော်ပြထားသည်။

(သုံး)

မနှင်းယုယုလှိုင်တယောက် စစ်တွေဆေးရုံမှာ (၄၆) ရက်အထိဆေးကုပြီးနေခဲ့ရပြီး အထူးကုဆရာတွေနဲ့ အရေးပေါ်ခွဲစိတ် ကုသမှုနှင့် ဆေးအမျိုးမျိုးသွင်းခြင်း၊ ကြိုးစားကုသမှုတွေအမျိုးမျိုးလုပ်ဆောင်ကြသော်လည်း တစ်ပတ်လောက်အထိကို မလှုပ်မယက်သတိမေ့မျောနေခဲ့သည်။

မနှင်းယုယုလှိုင်သည် စစ်တွေဆေးရုံသို့ရောက် ရှိပြီးနောက် ၆-ရက်လွန်မြောက်သောနေ့မှသာ ခြေလက်များ လှုပ်သည် ဆိုရုံမျှ အနည်းငယ်လှုပ်ရှားလာနိုင်ခဲ့ကြောင်းဆိုသည်။

၂၅-ရက်မြောက်နေ့ရောက်သောအခါ မနှင်းယုယုလှိုင်တစ်ယောက် မျက်လုံးအစုံဖွင့်လာနိုင်ခဲ့ပြီး သတိနှင့် အသိစိတ်များ ပြန်လည်ဝင်ရောက်လာခဲ့သည်။ အောက်ဆီဂျင်ပိုက်များမပါဘဲ အသက်ရှူ၍ရလာခဲ့ပြီဖြစ်၏။ သို့သော် မနှင်းယုယုလှိုင်၏ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းတစ်ခုလုံး အကြောသေသလိုဖြစ်ကာလှုပ်ရှား၍မရသေးချေ။ စကားပြောနိုင်သည်ဟု ဆိုသော် လည်း “အဖေ”ဟူသော စကားတစ်ခွန်းကိုသာ မပီကလာဖြင့်ခေါ်နိုင်ခြင်းဖြစ်သည်။

မနှင်းယုယုလှိုင်သည် အဆိုးဝါးဆုံးအခြေအနေကို ကြုံဆုံခဲ့ရသော်လည်း အထူးကုဆရာဝန်ကြီးများ၏ အထူးကြပ်မတ် ကုသမှုကြောင့် အစာစားခြင်း၊ ထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းနှင့် စကားပြောခြင်းတို့ကို တဖြေးဖြေးနှင့် လုပ်ဆောင်လာနိုင်ခဲ့လေသည်။ လက်နက်ကြီးကျဉ်ဆန်ထိမှန်၍ ဆေးရုံတင်ရချိန်မှစတင်ကာ ပြန်လည်ကျန်းမာလာချိန် အထိ မနှင်းယုယုလှိုင်၏ ဆေးဝါးကုသမှုကုန်ကျစရိတ်များကို ရခိုင်လူမှုကူညီရေးပရဟိတအသင်းများနှင့် အလှူရှင်များမှ ကူညီထောက်ပံ့ပေးခဲ့ကြသည်။

(လေး)

“ ကျွန်မ ကျောင်းတက်ချင်ပါတယ်… အရင်လိုပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျောင်းတက်ခွင့်ရချင်ပါတယ်… အခုတော့ ကျွန်မလက်တွေက ထမင်းစားရင် ဇွန်းကိုတောင် ကိုင်လို့မမြဲပါဘူး…. ကျောင်းတက်ရလို့ စာတွေရေးတဲ့အခါ ဘောလ်ပင်ကိုကိုင်လို့အဆင်ပြေပါ့မလားလို့ စိုးရိမ်မိပါတယ်” ဟု မနှင်းယုယုလှိုင် ရင်ဖွင့်လာသည်။

မနှင်းယုယု လှိုင်သည် လက်ရှိအချိန်တွင် ကျန်းမာလျှက်ရှိသော်လည်း စကားကို ကောင်းစွာပီပီသသမပြောနိုင်သေးချေ။ ထို့အပြင် ခန္ဓာကိုယ်ဘယ်ဖက်ခြမ်းသည်လည်း ယခင်ကကဲ့သို့မဟုတ်ဘဲ အနည်းငယ် လေးလံနေဆဲဖြစ်ကြောင်း မနှင်းယုယုလှိုင်မှ ဆိုသည်။ လက်ရှိအချိန်တွင် မနှင်းယုလှိုင်၏ဦးခေါင်းထဲ၌လက်နက်ကြီး ကျည်ဆန်စရှိနေဆဲဖြစ်ပြီး ထိုကျည်ဆန်စကို ခွဲထုတ်ယူပစ်နိုင်ရန် ရန်ကုန်မြို့သို့သွားရောက်ကာ မဟာမြိုင်ဆေးရုံတွင် ၁၀ ရက်တာမျှ နေထိုင်ခဲ့သော်လည်း ခွဲစိတ်ကုသမှုမပြုလုပ်နိုင်ခဲ့ချေ။

ဆရာဝန်က ဦးခေါင်းထဲမှကျည်ဆန်စကို ထုတ်ယူလိုက်ပါက ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းသေသွားနိုင်သည်ဟု ဆိုသည့်အတွက် အခြေအနေအရ နှစ်လခန့်ထပ်မံစောင့်ကြည့်ရန် ချိန်ဆိုလိုက်ကြောင်းလည်း သူကပြောပြသည်။ လက်ရှိအချိန်တွင် ဆရာဝန်ချိန်ဆိုလိုက်သော အချိန်နှစ်လကို ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း ထပ်မံသွားရောက်ကု သရန် မဖြစ်နိုင်သေးကြောင်း မနှင်းယုယုလှိုင်က ဆိုသည်။

(ငါး)

မနှင်းယုယုလှိုင်သည် မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာဇာတိသူတစ်ဦးဖြစ်၏။ ဖခင်ဦးမောင်ဖြူသီးနှင့်မိခင် ဒေါ်စိန် သန်းရီတို့၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ ငယ်စဉ်က ညောင်ကန်ကျေးရွာမူလတန်းကျောင်း ကလေးတွင် ပညာ သင်ကြားခဲ့ရပြီး အလယ်တန်းနှင့် အထက်တန်းကို ကမ်းထောင်းကြီး ကျောင်းတွင် တက်ရောက်သင်ကြားကာ အောင် မြင်ခဲ့သည်။ လက်ရှိအချိန်တွင် စစ်တွေတက္ကသိုလ်အဝေးသင်ဌာန၌ သမိုင်းဘာသာရပ်တတိယနှစ်ကျောင်းသူအဖြစ် တက်ရောက်သင်ကြားနေသူဖြစ်သည်။

မနှင်းယုယုလှိုင်တစ်ယောက်သည် သူ၏နေအိမ်ထဲတွင်နေထိုင်နေသော်လည်း မမျှော်လင့်သော ကံကြမ္မာဆိုးများက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးကျည်ဆန်ထိမှန်ကာ သေမင်းခံတွင်းဝထဲသို့ ရက်ပေါင်း ၃၀ ခန့်မျှဆင်းသက်နေထိုင်ခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ခဲ့ချေ။

သေမင်းခံတွင်းဝမှ ခဲရာခဲဆစ် ရုန်းထွက်ကာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ သို့သော် မနှင်းယုယုလှိုင်တွင် ဦးခေါင်း ထဲမှလက်နက်ကြီးကျည်စကို အောင်မြင်စွာ ပြန်လည်ခွဲထုတ်ယူပစ်ရန်ကိစ္စတစ်ခုက ကျန်ရှိနေသေး၏။ ထို့အပြင် ယိုယွင်း ပျက်စီးသွားခဲ့သော သူ၏စိတ်ဓါတ်များကိုလည်း အကောင်းဆုံးပြန်လည်တည်ဆောက်ရဦးမည် ဖြစ်လေသည်။

Related Articles