ခက်ဆစ်။ ။
နိုဝင်ဘာလ ၂၅ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းမှာဆိုရင်တော့ အခုလို နေ့မျိုးမှာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှု တွေကို ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်တပ်ကအာဏာသိမ်းမှုမပြုခင် ပြီးခဲ့တဲ့နှစ်တွေအထိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်ခဲ့ကြပါတယ်။ အခုနှစ်မှာတော့ မြန်မာနိုင်ငံက အမျိုးသမီး တွေ အတွက် လုပ်ဆောင်ရမယ့်တာဝန်တစ်ခုက တိုးလာတယ်လို့ဆိုရမှာပါ။
ဘာကြောင့်လဲဆိုတော့ ဖေဖော်ဝါရီလကစလို့ စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေဟာ အာဏာရှင် တော်လှန် ရေးအတွက် အားသွန်ခွန်စိုက်တိုက်ပွဲဝင်နေကြရသလို အခုနွေဦးတော်လှန်ရေးကစလို့ အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံ မှု အကြမ်းဖက်မှုတွေကိုလည်း အမြစ်ပြတ်ခြေမှုန်းဖို့ တိုက်ပွဲဝင်နေကြရတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးတတ်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ “မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက်ကတော့ နှစ်ပေါင်း များစွာကြုံနေခဲ့ရတာတွေ အမျိုးသမီးဖြစ်ခြင်းအပေါ်၊ ကျား-မ ဖြစ်တည်မှုအပေါ် ခွဲခြားထားတဲ့ ဖြစ်ရပ်တွေကို အခု နွေဦးတော်လှန်ရေးကနေစပြီး အမြစ်ဖြတ်မယ်။ အမြစ်လှန်မှရမယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ ကျမတို့ အမျိုးသမီး တွေမှာ တခြားသူတွေနဲ့မတူဘူး။ ကျမတို့က တော်လှန်ရေးနောက်တစ်ခုပိုပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ဖိုဝါဒ ကြီးစိုး ရေးကို အမြစ်ဖြတ်ရမယ့် အကြောင်းအရာဖြစ်တယ်” လို့ ဆိုပါတယ်။
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အတွက် အမျိုးသမီးအရေးလှုပ်ရှားသူတွေ ရွေးချယ်ထားတဲ့ အခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်” ဖြစ်ပါတယ်။ အဲ့ဒီကြွေးကြော်သံ စကားလုံးတွေနဲ့အတူ အမျိုးသမီးအရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ဦးဆောင်ကာ အွန်လိုင်းပေါ်ကတဆင့် အဓိကထားပြီး လှုံ့ဆော်မှုတွေကို လုပ်ဆောင်ကြမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိနေဆဲပဲလို့ လူ့အခွင့်အရေးလှုပ်ရှားနေကြတဲ့ အရပ်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားဆောင် ရွက်ကြသူတွေက အစဉ်တစိုက် စောင့်ကြည့်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ အကြမ်းဖက်အာဏာရှင်လက်အောက်မှာ နေ့စဉ်နဲ့အမျှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို တုန့်ပြန်တော်လှန်တဲ့ အမျိုးသမီးထုဟာ ထင်ထင်းရှားရှားရှိနေခဲ့ပြီး အမျိုးသမီး တွေအပေါ် နှိမ်ချချိုးနှိမ်ချင်တဲ့ အယူဝါဒသဘောထားတွေ ကျယ်ပြန့်တဲ့ စစ်အုပ်စုရဲ့ ဦးတည်ချက်ထား ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေဟာ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
အဓိကအားဖြင့် နွေဦးတော်လှန်ရေးရဲ့ ရှေ့တန်းမှာ ပါဝင်နေကြတဲ့ အမျိုးသမီးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာကို နှုတ်အား၊ရုပ်အားနဲ့ စိတ်အားဖြင့်ဖြစ်စေ ကျူးလွန်တာတွေ၊ ဆိုရှယ်မီဒီယာပလပ်ဖောင်းတွေကတဆင့် နည်းပေါင်းစုံနဲ့ တိုက်ခိုက်တာတွေကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီဆိုရင်လည်း စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခံရတာတွေရှိသလို စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခံရတာတွေလည်းရှိတယ်။ ထောင်ထဲရောက်သွားရင်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် အမျိုးသမီးတွေအတွက် အခြေခံလိုအပ်ချက်တွေ မရရှိနေတာကိုလည်း ထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကနေတဆင့် ကြားသိနေရပါတယ်။
အကျဉ်းကျမခံရခင် စစ်ကြောရေးတွေဝင်တဲ့အခါမှာ အမျိုးသမီးတွေကို နှိမ်ချပြောဆိုတာတွေ၊ ကြောက်အောင် ခြိမ်းခြောက်တာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ လိင်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်တာတွေ အပြုအမူတွေကို အမျိုးသမီး တိုင်းဟာ စဉ်ဆက်မပြတ်ကြုံတွေ့နေရပြီး စိတ်ဒဏ်ရာရလောက်တဲ့အထိ ပြုမှုနှိပ်စက်တာတွေကိုလည်း ကြုံနေရပါတယ်။
“ဖမ်းဆီးထိန်းသိမ်းခံရတဲ့အခြေအနေမှာဆိုရင်လည်း အမျိုးသမီးတွေက ဇီဝပိုင်းဆိုင်ရာမှာ သန့်ရှင်းဖို့အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ၊ ရေ စတဲ့ အခြေခံကျန်းမာရေးနဲ့ဆက်စပ်တဲ့ လိုအပ်ချက်တွေက အမျိုးသားတွေနဲ့မတူဘူး။ ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့က အမျိုးသားတွေများတဲ့ ထောင်အာဏာပိုင်တွေ၊ နောက်စစ်တပ်ဘက်ကလူတွေ နားလည်မပေးနိုင်တာ ထည့်သွင်းစဉ်းစားမှုမရှိတာတွေကိုလည်း ကြားသိနေရပါတယ်” လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း အမျိုးသမီးတွေကို ပေါ်တာဆွဲတာအပြင် စစ်ကြောင်းတွေမှာ အမျိုးသမီးတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်းရှိနေတာကြောင့် အမျိုးသမီးတွေရဲ့ လုံခြုံရေးက စိုးရိမ်စရာ အခြေအနေမှာရှိနေတယ်လို့ Sister2Sister အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသကအမျိုးသမီးတွေဟာ အရင်တည်းက ကိုယ့်မြေ ကိုယ့်ရေအတွက် ကာကွယ်နေတဲ့ တော်လှန် ရေးမှာလည်း ထဲထဲဝင်ဝင် ဦးဆောင်ပါဝင်ခဲ့ကြသလို တော်လှန်ရေးမှာ အင်အားဆုတ်ယုတ်သွားစေဖို့ ရည်ရွယ်ချက်နဲ့ ပဋိပက္ခဖြစ်တဲ့ဒေသက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခြင်း မုဒိန်းကျင့်ခြင်း အပါအဝင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်ချိုးခြင်းတွေကိုလည်း စစ်အုပ်စုက ပြူလုပ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
“အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ပြီးတော့ PDF တွေရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဒါမျိုးတွေနဲ့ အမျိုးသမီးတွေကို သူတို့ နိုင်တယ်ဆိုတာ သူတို့ ခန္ဓာကိုယ်အားဖြင့် အနိုင်ကျင့်လို့ရတဲ့သူတွေကို အနိုင်ကျင့်ခြင်းအားဖြင့် ကျန်တဲ့တခြားအမျိုးသားတွေ၊ တိုက်ပွဲဝင်နေတဲ့ အမျိုးသားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ရိုက်ချိုးချင်တာတွေကိုလည်း မြင်ရ တယ်။ နောက်ပြီးအမျိုးသမီးထုရဲ့ တော်လှန်သတ္တိနဲ့ ဇွဲလုံ့လတွေကိုလည်း ရိုက်ချိုးချင်တဲ့၊ ချိုးနှိမ်ချင်တဲ့ သဘောတွေ ကိုလည်း တွေ့မြင်နေရပါတယ်” လို့ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ် ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးတွေကို မုဒိန်းကျင့်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီး အစီအစဉ်ချ ကျူးလွန်တာတွေရှိတယ်လို့ အစဉ်တစိုက်စွပ်စွဲခံရတာတွေရှိပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေပြီး ပြစ်ဒဏ်ပေးခြင်းမှလည်း ကင်းလွတ်ခွင့် ဆက်လက်ရှိနေကြောင်း ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ မီးနေသည်အမျိုးသမီးတစ်ဦးကို လူမဆန်စွာ အုပ်စုလိုက် အကြိမ်ကြိမ် မုဒိန်းကျင့်မှုဖြစ်ရပ်က အခိုင်အမာသက်သေပြနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုနွေဦးတော်လှန်းရေးမှာဆိုရင်လည်း အမျိုးသမီးတွေဟာ ဦးဆောင်မှုအခန်းကဏ္ဍမှာ နည်းမျိုးစုံနဲ့ပါဝင်ကြတဲ့အခါ အကြမ်းဖက်စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ အကြမ်းဖက်တာတွေကိုလည်း အမျိုးသမီးတွေက ရင်ဆိုင်နေကြရတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဖြစ်တဲ့ လွေးပိုးငယ်က ဆိုပါတယ်။
“ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်တိုင်းဖြစ်တိုင်း တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေကို စစ်ပွဲရဲ့ လက်နက်တစ်ခုအဖြစ် အသုံးပြုနေတာတွေက အခုမှမဟုတ်ဘူး။ အရင်တည်းကလုပ်တယ်။ ယောက်ျားရှေ့မှာ မုဒိန်းကျင့်တယ်။ ကိုယ်ဝန်ဆောင် ဆိုတာလည်းနားမလည်ဘူး။ မီးနေသည်ဆိုတာလည်းနားမလည်ဘူး။ မိသားစုရှေ့မှာ မုဒိန်းကျင့်တဲ့ကိစ္စတွေဟာ လူသား မဆန်တဲ့ရာဇဝတ်မှုဖြစ်သလို ဒီလိုစစ်လက်နက်တစ်ခုအဖြစ် အမျိုးသမီးတွေကို အသုံးပြုနေတာတွေကို ကျမတို့ တွေ့ရ တယ်” လို့ လွေးပိုးငယ်ကပြောပါတယ်။
အမျိုးသမီးတွေဟာ ခေတ်အဆက်ဆက် စစ်လက်နက်သဖွယ် အသုံပြုခြင်းကို ခံနေရတာဖြစ်ပါတယ်။ အခုအခြေအနေမှာ တိုင်းရင်းသားဒေသက အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဆီကို နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေလည်း မရောက်ရှိသလို အရင်က တရားရုံးမှာဖြေရှင်းလို့ရနိုင်ပေမယ့် အခုချိန်မှာတော့ တရားရုံးတွေကလည်း အလုပ်မလုပ်သလို စစ်ကောင်စီရဲ့ လူတွေသာရှိနေတဲ့ တရားရုံးမှာ တရားမျှတမှု ရှာဖွေဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။
ဒါ့အပြင် အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို ကူညီထောက်ပံ့ပေးတဲ့သူတွေ အဖွဲ့အစည်းတွေအတွက်လည်း လုံခြုံရေး အရ အန္တရယ်ရှိတာမို့ ကူညီကာကွယ်တဲ့အပိုင်းမှာ အခက်အခဲတွေရှိတယ်လို့ လွေးပိုငယ်ကဆိုပါတယ်။
“အခုက ပရဟိတပဲပြောပြော အမျိုးသမီးအဖွဲ့အစည်းတွေကို လိုက်လံကူညီတဲ့သူတွေကိုပဲပြောပြော စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတာတွေရှိတယ်။ အဲ့ဒါကြောင့် ကူညီပေးသူတွေအတွက်လည်း အခက်အခဲများတယ်။ ကူညီပေးနေတဲ့ Church ကျောင်းတွေ အဖွဲ့စည်းတွေကို ဝင်ဆီးတာတွေရှိတယ်။ အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်သူမှ မလုပ်ရဲ မကိုင်ရဲတဲ့အခြေအနေမှာရှိတယ် ကိုယ့်လုံခြုံရေးကိုလည်း တာဝန်မယူနိုင်တာတွေရှိသလို အကြမ်းဖက်ခံရတဲ့ အမျိုး သမီးတွေအတွက်လည်း အကာအကွယ်တွေမပေးနိုင်ဘူး” လို့ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုကျူးလွန်သူတွေဟာ ပြစ်ဒဏ်ချမှတ် အရေးယူခြင်းမှလည်း ကင်းလွတ်ခွင့်ရနေတဲ့ ယဉ်ကျေးမှုက ကြီးစိုးထားတယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က သူမရဲ့ အမြင်ကို ထပ်လောင်းပြောကြားပါတယ်။
“ပြစ်ဒဏ်ကျူးလွန်တာချင်းတူတာတောင်မှ စစ်သားဆိုရင်ချမှတ်လိုက်တဲ့ပစ်ဒဏ်ကတမျိုး။ စစ်ဗိုလ်ဆိုရင် ချမှတ်လိုက် တဲ့ပြစ်ဒဏ်ကတမျိုး၊ ဗိုလ်ချုပ်အဆင့်ဆိုရင်တော့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အကြီးအကျယ်ရတယ်ပေါ့။ လူတစ်ယောက် သတ်တာနဲ့ လူအများစုကို အစုလိုက်အပြုံလိုက်သတ်တာနဲ့တောင်မှ ပြစ်ဒဏ်ချမှတ်ခံရတာချင်း မတူဘူး။ ဒီလိုအနေအထား က နှစ်ပေါင်းများစွာ ကျမတို့နိုင်ငံမှာ ကျယ်ပြန့်လာတဲ့အခါကျတော့ အရေးယူမှုတွေက ပျက်ကွက်ခဲ့တယ်။ ဒါကြောင့်မို့ အခုချိန်ထိကို စစ်အုပ်စုရဲ့ အပေါင်းအပါတွေနဲ့ လက်အောက်ငယ်သားတွေဟာ ပြည်သူတွေကို လွတ်လပ်စွာနဲ့ သတ်ဖြတ်ခွင့်ရှိ တယ်ဆိုတဲ့ အတွေးတွေဆက်ရှိနေတာဖြစ်တယ်။ ဒါကြောင့်မို့ သူတို့က လွတ်လွတ်လပ်လပ်ဆက်ပြီးတော့ ကျူးလွန်ခွင့်ရ နေတယ်လို့ ကျမကတော့ မြင်ပါတယ်” လို့သူကဆိုပါတယ်။
အခုချိန်မှာတော့ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ဖြစ်ရပ်တွေကို စနစ်တကျ မှတ်တမ်းရယူထားရမှာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ပြစ်မှုမှတ်တမ်းတွေကို စစ်ဆေးနိုင်မယ့် ခုံရုံးတွေ ပြည်သူဘက်က ရပ်တည်မယ့် တရားရုံးတွေပေါ်ပေါက်လာဖို့ ဆက်လက်တိုက်တွန်းရမှာဖြစ်တယ်လို့ သူမက ဆိုပါတယ်။
အခုနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာ ကဏ္ဍပေါင်းစုံကနေ ရဲရဲရင့်ရင့်နဲ့ ပါဝင်နေတာကိုကြည့်ရင် အမျိုးသမီး တွေဟာ ငြိမ်းချမ်းရေးကို လိုလားသူတွေဖြစ်သလို နိုင်ငံတော်ရဲ့ ဖွံ့ဖြိူးတိုးတက်မှုကို လုပ်ဆောင်လိုသူတွေ ဖြစ်တယ်ဆို တာကိုလည်း ပေါ်လွင်စေတယ်လို့ လွေးပိုးငယ်က ဆိုပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အလေးထားဖို့လိုတယ်ဆိုတာကို ကျမပြောချင်ပါတယ်။ တပြိုင်နက်တည်းမှာပဲ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အမျိုးသမီးငယ်တွေရဲ့ အခန်းကဏ္ဍကိုလည်း စဉ်းစားပေးဖို့လိုအပ်တယ်။ အမျိုးသမီးငယ်တွေကိုလည်း နေရာပေးဖို့လိုတယ်။ လူငယ်တွေရဲ့ ဦးဆောင်မှုကို များများပေး မယ်ဆိုရင် ကျမတို့လိုချင်တဲ့ ဖက်ဒရယ်က မဝေးတော့ဘူးဆိုတာကိုပြောချင်ပါတယ်”လို့ လွေးပိုငယ်က ပြောပါတယ်။
အခုတော်လှန်ရေးမှာ အကြမ်းဖက်ခံရသူ ကျူးလွန်ခံရသူဆိုတဲ့ အနေအထားကနေ အမျိုးသမီးတွေကို ဦးဆောင်နိုင် ပြုပြင်ပြောင်းနိုင်သူတွေဆိုတဲ့ အနေအထားရောက်အောင် လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က တိုက်တွန်း ထားပါတယ်။
“အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေနဲ့ အခွင့်အလမ်းတွေ ကိုယ့်မှာရှိနေတဲ့ ကိုယ်ပိုင်အာဏာတည်ဆောက်နိုင်ဖို့ ကျမတို့တွေက ကြိုးစားပြီးတော့ လေ့လာသင်ယူရမယ်။ အမျိုးသမီးတွေရဲ့ သိမှုဆိုင်ရာတိုးမြှင့်လာခြင်းက ဒီတော်လှန်ရေး ကို ရှေ့ရောက်စေမယ်လို့ ကျမကတော့ ခံယူတယ်။ အကြမ်းဖက်ခံနေရတဲ့သူ ကျူးလွန်ခံနေရတဲ့ သူဆိုတဲ့အနေအထားကနေ ကျမတို့တွေက ဦးဆောင်နိုင်သူ ပြုပြင်ပြောင်းလဲနိုင်သူ ရှေ့ဆောင်လမ်းပြနိုင်သူဆိုတဲ့ အနေအထားကိုရောက်အောင် သွားကြစို့လို့ တိုက်တွန်းအားပေးချင်တယ်” လို့ သူမက ဆိုပါတယ်။