ရှင်ငြိမ်း။ ။
စစ်အာဏာသိမ်းလိုက်တာ ၉ လရှိလာသည့်တိုင်အောင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေက ရပ်တန့်မသွားဘဲ မြို့၊ရွာ အသီးသီးမှာ သာလွန်တဲ့တန်ပြန်တိုက်ခိုက်သံတွေက တနေ့ထက် တနေ့ ပိုပြီးကျယ်လောင်လာပါတယ်။
ဒီလိုတိုက်ခိုက်သံတွေကျယ်လာတာနဲ့အမျှ အာဏာသိမ်းစစ်တပ်ကလည်း မဖမ်းတဲ့နေ့ တရက်မှမရှိရလေအောင်ကို နေ့စဉ် ရက်ဆက်လိုက်လံဖမ်းဆီးနေတာကြောင့် လွှတ်မြောက်နယ်မြေတွေဆီ အများအပြားဝင်ရောက်ပုန်းခိုရင်း အလုပ်တွေ ဆက်လုပ်ကြရတယ်။
တိမ်းရှောင်နေရသူတွေထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ပစ်မှတ်ထားခံရတဲ့ သတင်းသမားတွေလည်းပါဝင်ခဲ့ပြီး တချို့ကတော့ ပြည်တွင်းမှာပဲ ခြေရာဖျောက်ကာ သတင်းတွေဆက်လုပ်နေသူရှိသလို ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေလည်း ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သတင်းသမားတွေကို သူတို့စိတ်ကြိုက်ကြိုးဆွဲရာအတိုင်း ဖြစ်စေချင်ပေမယ့် သတင်းသမားတွေက ပြည်သူနဲ့အတူ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အတွက် ပုဒ်မမျိုးစုံနဲ့ တရားစွဲ၊ ဖမ်းဆီးထောင်ချနေတာကြောင့် သတင်းသမားတွေပါ တိမ်းရှောင်ရတာဖြစ်တယ်။
ဒီလိုတိမ်းရှောင်နေသူတွေထဲမှာ အမျိုးသမီးသတင်းထောက်တွေလည်းပါတဲ့အတွက် သူတို့ဟာ အမျီုးသမီးဖြစ်ခြင်းကြောင့် အစစအရာရာခက်ခဲကာ လုံခြုံရေးကအစ စိန်ခေါ်မှုရှိသလို အန္တရာယ်တွေကြားကနေ သတင်းတွေလုပ်ကြရတာများပါတယ်။
ပြည်တွင်းမှာ ခြေရာဖျောက်တိမ်းရှောင်နေရတဲ့ အမျိုးသမီးသတင်းထောက်ခြင်းအတူတူ အိမ်ထောင်သည် သတင်းသမားတွေ၊ ကလေးမိခင်သတင်းသမားတွေက ပိုလို့တောင် ခက်ခဲနိုင်ပါသေး တယ်။
အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ တိုင်းရင်းသူအမျိုးသမီးသတင်းထောက်တယောက်ကတော့ သတင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ အာဏာသိမ်းပြီး ခြောက်လခန့်အကြာမှာ လွတ်မြောက်နယ်မြေဆီ စွန့်စားထွက်ခဲ့တယ်လို့ဆိုပါတယ်။
“ဩဂုတ်လဆန်းမှာ အိမ်က စထွက်ခဲ့ပါတယ်။ လမ်းခရီးက အစစ်အဆေးတွေလည်း များပြီး အဆင့်ဆင့်လည်း သွားခဲ့ရတယ်။ စိတ်မလုံခြုံမှုတွေနဲ့ ပင်ပန်းခဲ့ရတယ်။ ဒီကိုရောက်လာတော့လည်း နယ်မြေသစ်တစ်ခုမှာ အသားမကျတော့ ဒုက္ခတွေများခဲ့ရတယ်”
“အမေဆိုရင် ကင်ဆာဖြစ်လို့ ခွဲစိတ်မှုလုပ်ပြီး ခွဲခန်းကထွက်လာတာ ၂ ပတ်လောက်ပဲရှိသေးတဲ့အချိန်မှာ အခုလိုထားခဲ့ဖို့ ဆိုတာ တကယ်ရင်နာရပါတယ်” လို့ ပြောပါတယ်။
အခုဆိုရင်လွတ်မြောက်နယ်ကို ရောက်တာ ၃ လရှိခဲ့ပြီး သတင်းလုပ်ငန်းလုပ်ကိုင်းရင်း မနက်ဆိုစောစောထပြီး မီးစက်နှိုး၊ ထမင်းဟင်းချက်တာနဲ့ သန့်ရှင်းရေးကလည်း အလှည့်ကျလုပ်ကြရတယ်။
လွတ်မြောက်နယ်မြေကနေ သတင်းရယူတင်ဆက်ရမှာလည်း ဖုန်း၊ အင်တာနက်လိုင်းက တနေကုန်မရတဲ့နေ့ရက်တွေရှိ သလို ပစ္စည်းကိရိယာမစုံမလင်နဲ့ ဖြစ်သလို သတင်းတွေတင်ဆက်နေရတာကြောင့် စိတ်ပင်ပန်းမှုဖြစ်ကြရပြန်ပါတယ်။
ဒီလိုခက်ခဲစွာလုပ်နေကြရတဲ့ကြားထဲ တောကောင်တွေရဲ့နှောင့်ယှက်မှုဒဏ်ကြောင့် သတင်းတင်ဆက်ရာမှာ အချိန်ကုန်၊ လူပင်ပန်းရလို့ အရင်ကစိတ်တို၊ ဒေါသဖြစ်ခဲ့ပေမယ့် အခုတော့နေသားကျနေပါပြီလို့ သူက ရယ်မောရင်းပြောပါတယ်။
ဒါ့အပြင်မီးစက်နှိုးကာ အလုံပိတ်အခန်းမှာ ဖြစ်သလိုသတင်းဖတ်ရတဲ့အတွက် ပူလောင်မှုကြောင့် ကျလာတဲ့ချွေးတွေက မျက်ကပ်မှန်တပ်ရတဲ့ သူ့အတွက်တော့ အမြဲလိုလို အဆင်မပြေဖြစ်နေဆဲပါပဲ။
ရေကိုချွေတာတဲ့အနေနဲ့ ထမင်းချက်ဖို့နဲ့ သန့်စင်ခန်းအတွက်သာထားပြီး ရေပြတ်သွားတဲ့နေ့မှာဆို ရေကန်ရှိရာအထိ ၁၅ မိနစ်လောက်လမ်းလျှောက်သွားခပ်ကြရပါတယ်။ သုံးရေရဖို့ခက်ခဲသလို လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူရမှာလည်း အခက်အခဲတွေ ရှိတာကြောင့် သူ့အနေနဲ့ လစဉ်သုံးပစ္စည်းတွေကအစ ချွေတာသုံးစွဲနေရပါတယ်။
လက်ရှိမှာ ဆောင်းရာသီရောက်လာပြီမို့ အေးဓါတ်ပိုလာတာကြောင့် သူတို့တွေအတွက်စောင်အထူတွေ၊ အနွေးထည်တွေ လိုအပ်လာပြီဖြစ်တယ်။ ဒီလိုအခက်အခဲတွေကြောင့် စိတ်ရောကိုယ်ပါပင်ပန်းခဲ့ရပြီး လွတ်မြောက်နယ်မြေကို ရောက်ပြီး တလကြာတဲ့ အခါမှာ အိမ်ပြန်ချင်စိတ်အပြင်းအထန်ဖြစ်ခဲ့ပါသေးတယ်။
“အဲ့အခိုက်အတန့်ကတော့ အိမ်ပြန်ချင်ဆုံးအချိန်တွေပေါ့။ အိမ်မက်ထဲမှာ အိမ်ကိုပြန်ရောက်သွားတယ်ဆိုတာမျိုးလည်း ခဏခဏ အိမ်မက်မက်တယ်။ တကယ်တမ်းမှာ ပြန်လို့လည်းမရတော့တဲ့အနေအထားမလို့ အခုလိုအဆက်အသွယ် မလုပ်တော့တာက အားလုံးအတွက် ပိုကောင်းပါတယ်”လို့ သူ့ကိုယ်သူ ဖြေသိမ့်စကားဆိုပါတယ်။
သူ့လိုဘဲ တူညီတဲ့စိတ်ပင်ပန်းခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်နီပြည်နယ်က အမျိုးသမီးသတင်းထောက်တယောက်ကတော့ တောတောင်တွေထဲမှာ ခိုလှုံနေရတော့ ရေချိုးတာကအစ အမျိုးသမီးဖြစ်နေလို့ ပိုခက်ခဲတယ်လို့ ရှင်းပြပါတယ်။
“သတင်းသမားတွေသုံးတဲ့ ကွန်ပြူတာတွေ၊ ကင်မရာ စတာတွေအပြင် အမျိုးသမီးသုံးပစ္စည်းတွေကို ကိုယ့်ဘာသာသယ်ရတယ်။ မနိုင်လည်း ရအောင်ထမ်းပိုးသွားရတယ်။ အမျိုးသားတွေကတော့ စက်ပစ္စည်းပိုင်းဆိုင်ရာတွေသယ်တယ်” လို့ဆိုပါတယ်။
တိမ်းရှောင်ရတဲ့အခါမှာလည်း သတင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို သယ်ပိုးသွားရသလို အစစ်ဆေးမခံရအောင်လည်း တောတောင်တွေပေါ်တက်ပြီး ကွေ့ပတ်သွားရတာကြောင့် ပင်ပန်းမှုဟာ ပြောမပြတတ်လောက်အောင်ဖြစ်ရတယ်လို့ သူက ပြန်ပြောပြပါတယ်။
ဒါ့အပြင် သူတို့ကိုယ်တိုင်က ဘာအပြစ်မှမကျူးလွန်ထားဘဲနဲ့ အခုလိုရုတ်တရက်ထွက်ပြေးတိမ်းရှောင်လာရတာကို ဝမ်းနည်းတာနဲ့ ပစ္စည်းတွေမနိုင်မနင်းနဲ့ တောင်အထပ်ထပ်တက်လာရလို့ မောပန်းလွန်းတာကြောင့် မျက်ရည်တောင် ကျမိတယ်လို့ ကရင်နီပြည်နယ်မှာရှိတဲ့ သတင်းဌာနတခုမှာ လုပ်သက် ၇ နှစ်ရှိပြီဖြစ်တဲ့ သူကဆိုပါတယ်။
သူတို့ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေစဖြစ်လာတော့ ဒေသခံတွေနဲ့အတူ သူတို့လည်းတိမ်းရှောင်ရင်း သတင်းတွေ ဆက်လုပ်ခဲ့ရတယ်။
“တိမ်းရှောင်ရင်းသတင်းလုပ်ရတာ အရမ်းခက်ခဲပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းမရတဲ့နေရာရောက်သွားရင် ဘာမှ လုပ်လို့မရဘူး။ ညကြီးမိုးချုပ် တောင်တွေပေါ်တက်ပြီး လုပ်ရတာလည်းရှိတယ်။ တက်ရတဲ့တောင်ဆိုတာ ဘယ်နှစ်လုံး မှန်းတောင် မသိတော့ဘူး။ တော်တော်လေးခက်ခဲပါတယ်။ ဒါပေမယ့် ရအောင်တော့လုပ်တယ်”လို့ သူက ပြောပါတယ်။
နောက်သူနေထိုင်ရာနေရာက လူဦးရေနည်းတဲ့အတွက် သတင်းသမားဆိုရင် ဘယ်သူဘယ်ဝါဆိုတာအားလုံးကသိနေတာကြောင့် သူထွက်ပြေးခဲ့ရတာဖြစ်ပြီး ကျန်နေတဲ့သူတွေဖမ်းဆီးခံရမှာကိုလည်း စိုးရိမ်တယ်လို့ သူကဆိုပါတယ်။
သူ့အနေနဲ့ သတင်းတွေဆက်လုပ်ရင် အန္တရာယ်များမယ်ဆိုမှာသိပေမယ့် ကိုယ်ပြည်နယ်သားတွေ ဘယ်လောက်အထိခံ နေရသလဲဆိုတဲ့သတင်းတွေ ဖော်ပြပေးနေချင်တာကြောင့် သတင်းတွေဆက်လုပ်နေခဲ့ဖြစ်တယ်။
အခုလိုသတင်းဌာနတွေပိတ်သိမ်းသွားရတော့ သတင်းထောက်တွေ အလုပ်မရှိတော့သလို နယ်မြေဆင်းသတင်းယူမယ့် သူမရှိတော့ ပြည်သူတွေအနေနဲ့လည်း သတင်းမှန်သိခွင့်တွေပါ ဆုံးရှုံးသွားရတယ်လို့ သူက ထောက်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရည်ရွယ်ချက်က မှန်ကန်တဲ့သတင်းအချက်အလက်တွေကို သတင်းသမားတွေကချပြမှာ စိုးရိမ်လို့ သူတို့လမ်းကြောင်းကို သတင်းသမားတွေက ပိတ်ပင်တာကို မကြိုက်လို့ အခုလိုလိုက်ဖမ်းနေတာလို့ သူရဲ့အမြင်ကို ပြောပါ တယ်။
“သတင်းသမားတွေဟာ နိုင်ငံသားတွေပဲဖြစ်တဲ့အတွက် အမှန်တကယ်ခံရတဲ့ဘက်ကနေ ရပ်တည်ပြီး သတင်းအချက်အလက်တွေကိုတော့ မျှဝေသွားမှာပဲ။ မြေပြင်မှာ ဘာတွေဖြစ်ပျက်နေတဲ့ဟာတွေ၊ စစ်တပ်က ကျုးလွန်နေတဲ့ဟာတွေကို တော့ အမြဲတော့တင်ဆက်နေမှာပဲ” လို့သူကဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံသတင်းသမားတွေလွတ်မြောက်ရေးအတွက်လည်း ပြင်ပကလူတွေက အာဏာသိမ်းစစ်တပ်ကို ဖိအား ပေးမှုတွေ များများလုပ်စေချင်တယ်။ အကြောင်းက အထဲမှာသူတို့ပင်ပန်းဆင်းရဲမှုတွေနေရတော့ ကိုယ်ကလုပ်ပေးရင် သူတို့အတွက်လုပ်ပေးတာသိရင် သူတို့လည်း အားရှိတာပေါ့လို့ သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
တောတောင်တွေထဲမှာ ပုန်းခိုရင်းသတင်းလုပ်နေကြရတဲ့သူတွေအတွက် အစားအသောက်ကတော့ ထမင်းနပ်မှန်ပေမယ့် အဝတ်အစားကတော့ စစ်ရှောင်တွေက မျှပေးလို့ သာအဆင်ပြေနေပါတယ်။ မည်သို့ ဆိုစေ လက်ရှိ သူတို့နေထိုင်ရတာ မြို့ပေါ်မှာထက် လုံခြုံမှုရှိတာကြောင့် အဆင်ပြေတယ်လို့ပြောရမှာပါ။
သို့ပေမယ့် ဆေးဝါးတွေလိုမျိုးနဲ့ မရှိမဖြစ်သုံးနေရတဲ့အသေးသုံးပစ္စည်းတွေဝယ်ယူဖို့က ငွေကြေးပိုင်းမှာ လိုအပ်ချက်တွေရှိနေပါတယ်။ တချို့က တောထဲမှာနေတာ ဘာကုန်စရာလိုလဲဆိုတဲ့မေးခွန်းတွေထုတ်စရာရှိပေမယ့် အဝတ်တထည် ကိုယ်တခုနဲ့ တိမ်းရှောင်လာရတာမို့ လိုအပ်ချက်များပါတယ်။
လူတယောက်နေ့စဉ်လှုပ်ရှားနေထိုင်ဖို့ဆိုရင် နေ့စဉ်ထမင်းစားဖို့ အိုးခွက်ပန်းကန်လိုပါမယ်။ ရေချိုးဖို့ ဆပ်ပြာကစ လိုအပ် နေပါပြီ။ အခုဆိုရင် ဆောင်းဝင်လာတော့ ရာသီဥတုအအေးပိုလာပြီဖြစ်တာမို့ စောင်ထူထူတွေ လိုအပ်နေပါတယ်။
ဒီလိုလိုအပ်ချက်တွေရှိနေတဲ့ကြားက သတင်းတွေအချိန်မီတင်ဆက်နိုင်အောင်လုပ်နေရတာလည်း စိတ်ပင်ပန်းမှုများစွာ ရှိနေပါတယ်။ တိမ်းရှောင်နေရသူတွေအနေနဲ့ အခုအခက်အခဲ၊ လိုအပ်ချက်များစွာကြားကနေ အလုပ်လုပ်နေရတဲ့အတွက် အရင်လို စိတ်မပျော်တော့ဘဲ စိတ်ညစ်ထွေးမှုတွေမကြာခဏဖြစ်စေပါတယ်။
သူတို့လိုပဲ ရန်ကုန်မြို့ရှိ မီဒီယာလုပ်ငန်းတခုမှာ ဆယ်စုနှစ်တခုနီးပါးတာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးသတင်းထောက် ဂျူလိုင် (အမည်လွှဲ)ဆိုရင် မြေပြင်သတင်းတွေဆင်းယူဖို့ ခက်ခဲကျပ်တည်းလာသလို လုံခြုံရေးအရ ဆက်လက်နေထိုင်ဖို့ မဖြစ် တော့တဲ့အတွက် နေရာတခုမှာရွှေ့ပြောင်းနေခဲ့ရတယ်။
“စစ်အာဏာသိမ်းလိုက်တဲ့နေ့စပြီး စိတ်အေးအေးနဲ့ကိုမနေရတော့တာပါ။ သတင်းသမားတွေကိုဖမ်းမယ်လို့ဆိုကတည်းက ကားသံ၊ လူသံ၊ ခွေးဟောင်သံတွေကြားတိုင်း နားစွင့်ရင်း ရင်တထိတ်ထိတ်နေရတာ တကယ်စိတ်ခြောက်ခြားစရာပဲ”လို့ သူက ပြောပါတယ်။
တကယ်လို့ ဖမ်းမိသွားရင်လည်း ဘာတွေဘယ်လိုလုပ်မယ်။ မိသားစုဝင်တွေကအစ ဘာမှထိခိုက်ဆုံးရှုံးမှု မရှိအောင် အဘက်ဘက်ကနေကြိုတင်စီစဉ်ထားကာ မိသွားခဲ့ရင် ယူသွားဖို့အထုတ်ပါပြင်ထားပါသေးတယ်။
ဂျူလိုင်အနေနဲ့ အိမ်ကနေ သတင်းတွေဆက်လုပ်ဖို့ဆန္ဒရှိပေမယ့် သူသာတခုခုဖြစ်ခဲ့ရင် သူရဲ့လုပ်ဖော်ကိုင်ဘက် သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မိသားစုတွေပါထိခိုက်မှာစိုးတဲ့အတွက် အခုလိုပြောင်းရွေ့နေထိုင်နေရတာပါ။
တကယ်တော့ တနေရာကနေတနေရာကို ပြောင်းရွေ့နေထိုင်ရတဲ့ကိစ္စအပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ စစ်တပ်က ပိတ်ဆို့တားဆီးထားတဲ့မြို့နယ်တွေရှိတာကြောင့် ဒါတွေကို အရင်ကျော်ဖြတ်ပြီးမှ သွားချင်တဲ့နေရာကို ရှောင်တိမ်းသွားရတယ်။
အဲ့လိုသွားတဲ့အခါ စိတ်ချရတဲ့ကားသမားဖြစ်ဖို့ ဒါ့အပြင် ကိုယ်မှာကွန်ပြူတာတွေ၊ ဖုန်းတွေပါနေတာကြောင့် အစစ်အဆေးမရှိတဲ့လမ်းကြောင်းကို ရွေးသွားရပြီး မတော်လို့ရုတ်တရက်စစ်ဆေးတာနဲ့တွေ့ရင် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလည်း ခေါင်းထဲမှာ အမြဲတွေးထားရတယ်။
နောက်ပြီးတော့ မရွေ့ပြောင်းမီ ကိုယ်နေမယ့်နေရာရဲ့ပတ်ဝန်းကျင်နဲ့ အိမ်ရှင်တွေရဲ့လုံခြုံရေးအခြေအနေတွေကို အရင် လေ့လာစုံစမ်းပြီးမှ သွားဖို့ဆုံးဖြတ်ရမှာပါ။
ဒါ့အပြင် ပြေးလွှားရင်းသတင်းတွေလုပ်ရတဲ့အခါမှာ ဖုန်းယူလို့မရတဲ့အတွက် သတင်းကောင်းတွေ လွတ်သွားရတာမျိုး၊ မြေပြင်သတင်းအချက်အလက်အတည်ပြုဖို့ ခက်တဲ့ပြဿနာတွေနဲ့လည်း ကြုံနေရပါတယ်။
“စစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ သတင်းယူဖို့တနေ့ထက်တနေ့ ပိုခက်ခဲကျပ်တည်းလာတယ်။ လုံခြုံရေးအရ အင်တာဗျူးမဖြေရဲတာတွေကြောင့် မြေပြင်သတင်းအတည်ပြုဖို့ခက်တယ်။ နောက်ဆက်သွယ်ရေးတွေ ပိုခက်လာတယ်။ အဲ့တော့သတင်းတပုဒ်ရဖို့ အတော်အားစိုက်ရတယ်”လို့ သူက ရှင်းပြပါတယ်။
ဒီလိုရှောင်တိမ်းရင်း သတင်းတွေဆက်လုပ်နိုင်ဖို့က ငွေကြေးကလည်း အဓိကအကြောင်းအရာတခုဖြစ်နေပါတယ်။ ငွေကြေးမရှိရင်၊ ထောက်ပံ့မယ့်သူမရှိရင် လက်ရှိအနေအထားအရ သတင်းတွေဆက်လုပ်နိုင်ဖို့ အခွင့်အရေးမရှိပါဘူး။
အကြောင်းကတော့ စစ်အာဏာသိမ်းလိုက်ချိန်ကစပြီး သတင်းလွတ်လပ်ခွင့်ရိုက်ချိုးခံရရုံသာမက သတင်းသမားတွေရဲ့ စိတ်၊ ဘဝတွေကိုပါ ဖျက်စီးခံလိုက်ရတာကြောင့်ဖြစ်တယ်။
“အန္တရာယ်ရှိတာသိတာပေါ့။ ဒါပေမယ့် သတင်းသမားဆိုတာက သတင်းရေးချင်မှ ရေးမယ်။ မမေးဘဲတော့ မနေနိုင်ဘူး။ ဘယ်လို အခြေအနေမျိုးဖြစ်ပါစေ။ သိချင်စိတ်ကိုတော့ တားရမှာမဟုတ်ဘူး။ လက်ရှိကာလမှာ သတင်းသမားတွေဟာ ပိုးဖလံတွေ လိုပါပဲ။ ပူမှန်းသိလည်း တိုးဝင်နေမှာ” လို့ ဂျုလိုင်က ဆိုပါတယ်။
အခုလိုမျိုးဆင်းရဲဒုက္ခတွေ၊ ကျပ်တည်းမှုတွေကို သတင်းသမားတယောက်တလေပဲ ခံစားရတာမဟုတ်ဘူး။ မြို့နယ်အသီးသီးမှာရှိတဲ့ သတင်းသမားတွေတိုင်း တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲကျပ်တည်းမှုတွေသာ ဖြစ်တယ်။
ဒါတွေက ပြည်တွင်းမှာ ခြေရာဖျောက်တိမ်းရှောင်နေရသူတွေရဲ့အခက်အခဲတွေဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ တတိယ နိုင်ငံတွေမှာ တိမ်းရှောင်နေရတဲ့ သတင်းသမားတွေလည်း အနည်းနဲ့ အများတော့ မတူညီတဲ့အခက်အခဲတွေနဲ့ ကြုံတွေ့ နေကြရမှာ မြေကြီးလက်ခတ်မလွဲပါ။
ဖေဖော်ဝါရီ ၁ ရက်မှာ နိုဝင်ဘာ ၅ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ အမျိုးသမီးသတင်းထောက် ၇ ယောက်အပါ အဝင် သတင်းသမားစုစုပေါင်း ၃၈ ယောက် အကျဉ်းကျခံနေရဆဲဖြစ်တယ်လို့ Detained Journalists Information Myanmarရဲ့ အချက်အလက်တွေအရ သိရပါတယ်။