ဒေဝီ။ ။
ညဘက်တရားထိုင်၊ ဝတ်ပြုအပြီးမှာ အပြင်ကတံခါးခေါက်သံကြားလို့ mask တပ်ပြီး တံခါးဖွင့်လိုက်စဉ်မှာပဲ ရုတ်တရက် စစ်သားတစ်ဦးက ဆရာလေးဒေါ်ဝရဉာဏီရဲ့အပေါ်ကိုယ်ရုံစကို ကိုင်ဆွဲပြီး ကျောင်းဆောင်အပြင်ဘက်ဆီ ဆွဲခေါ်သွား တာကို ခံလိုက်ရတယ်။
နေထိုင်ရာတစ်ပါး ကျောင်းဆောင်အပြင်ရောက်တော့ စစ်သားသုံးဦးနဲ့အရပ်ဝတ်တစ်ဦးတို့က ကျောင်းဆောင်ထဲမွှေနှောက် ရှာဖွေနေကာ အခြားစစ်သားနှစ်ဦးက ဒေါ်ဝရဉာဏီကို မြေကြီးပေါ်မှာဒူးထောက်ထိုင်ခိုင်းပြီး “ဘယ်သူတွေနဲ့ အဆက် အသွယ်ရှိလဲ ” “PDF တွေကို ထောက်ပံ့နေတာလား”လို့ မေးမြန်းရင်း ခေါင်းတွေ ကျောတွေကို ရိုက်နှက်ခဲ့တယ်။
စစ်သားတွေက ဒေါ်ဝရဉာဏီကို “သီလရှင်အတု” “သင်္ကန်းဆွဲချွတ်မယ်” ဆိုတဲ့ကြမ်းကြမ်းတမ်းတမ်း ကြိမ်းမောင်းပြောဆို သလို သေနတ်ဒင်နဲ့ ရိုက်နှက်တာ ခြေထောက်နဲ့ကန်တာတွေကိုပါ ပြုလုပ်ခဲ့တယ်။
“ခြေထောက်နဲ့ခေါင်းကို ဖိချလိုက်တယ်ထင်တာပဲ ၊မြေကြီးနဲ့ထိသွားတယ် ။သွေးတွေဆို maskပေါ်မှာ မြင်မကောင်းဘူး”လို့ အသက်သုံးဆယ်ကျော်အရွယ် ဆရာလေးဒေါ်ဝရဉာဏီတစ်ဖြစ်လဲ မနန်းဝင့်ဝါကသြဂုတ်၁၈က ကြုံတွေ့ခဲ့ရတဲ့ အဖြစ် အပျက်ကို ပြောတယ်။
ရိုက်နှက်ခံရပေမယ့်သတိကပ်ပြီး လွတ်မြောက်ဖို့နည်းလမ်းတွေကို ဒေါ်ဝရဉာဏီတွေးတောနေသလို စစ်သားတွေ အခြေ အနေကိုလည်း အကဲခတ်နေတယ်။ အဲ့ဒီအချိန်မှာ စစ်သားတွေက ကျောင်းဆောင်ထဲမှာရှိတဲ့ ဆန်တွေ ဆေးဝါးတွေ ပိုက်ဆံတွေကို မွှေနှောက်ရှာဖွေနေပြီး သူ့ကိုဖမ်းဆီးစစ်မေးနေတဲ့ စစ်သားနှစ်ယောက်ရဲ့ လက်နက်တွေက သံချေးတက် ဟောင်းနွမ်းနေတာကို သတိပြုမိတယ်။
အဲ့ဒါနဲ့စစ်သားတွေက ကျောင်းဆောင်ထဲက ပစ္စည်းတွေကိုအာရုံရောက်နေတဲ့အချိန် ဘေးမှာလည်း စစ်သားတစ်ဦးတည်းရှိ တော့ အဲ့ဒီစစ်သားကို တွန်းလိုက်ပြီး ကျောင်းဆောင်နဲ့ မလှမ်းမကမ်းက လျှိုတစ်ခုထဲကို ဆင်းပြေးခဲ့တော့တယ်။
” ပြေးတဲ့အချိန်မှာ လိုက်လာသေးတယ် ပြေးပြီပြေးပြီဆိုပြီး၊ လျှိုဘက်ရောက်တော့ လိုက်မလာတော့ဘူးထင်တယ်။ သူတို့လည်း ရုတ်တရက်ဖြစ်သွားမှာ၊ အဲ့ဒီအချိန် သေနတ်နဲ့ ပစ်လိုက်လို့သေရင်လည်း သေပလေ့စေ။ သူတို့ဖမ်းတာတော့ မခံဘူးဆိုပြီးတွေးလိုက်တာ။”လို့ မနန်းဝင့်ဝါက ပြန်ပြောတယ်။
လျှိုထဲကနေဆင်းကလာပြီး လမ်းမကိုရောက်တော့ ကံကောင်းထောက်မစွာ ဆိုင်ကယ်ကယ်ရီတစ်စီးကို တွေ့တာကြောင့် အကူအညီပေးဖို့ ပြောပြီးအသိဒါယကာမနေအိမ်ကို သွေးစွန်းနေတဲ့သီလရှင်ဝတ်ရုံနဲ့ ရောက်ရှိခဲ့ရတယ်။
” ပြသနာလေးဖြစ်လာလို့ကူညီပါဦး။ လမ်းရောက်မှပြောမယ်ဆိုပြီး အသားကုန်မောင်းလာတာ သူကလည်း ပြည်သူ ဆို တော့ လွတ်ရာကျွတ်ရာကို ပို့ပေးတယ်။ သင်္ကန်းတစ်ခုကိုယ်တစ်ခုနဲ့ ထွက်ပြေးလာခဲ့ရတာ”လို့ မနန်းဝင့်ဝါကပြောပါတယ်။
လက်ရှိမှာ သာသနာ့နွယ်ဝင်သီလရှင်တစ်ဦးဖြစ်တဲ့ ဆရာလေးဒေါ်ဝရဉာဏီက တရားကျင့်ကြံအားထုတ်မှုတွေကနေ စစ် ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် သင်္ကန်းကိုဖယ် လူဝတ်အဖြစ်လဲပြီး လွတ်မြောက်နယ်မြေတစ်ခုမှာ စစ် အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အခြားသောရဲဘော်တွေနဲ့အတူ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေပါတယ်။
စစ်ဘေးရှောင်ကလေးငယ်ဘဝ
နေထိုင်ရာကျောင်းဆောင်ထဲထိဝင်ပြီး လက်နက်အားကိုးနဲ့ အနိုင်ကျင့်နှိပ်စက်တဲ့ စစ်သားတွေလက်ထဲကနေ သီလရှင် ဝတ်နဲ့ သက်စွန့်ဆံဖျားထွက်ပြေးလာမှုတွေ၊ ကိုဗစ်ကာလက ကူညီခဲ့မှုတွေကြောင့် ပါဝါရိန်းဂျားအညိုကောင်လို့လည်း အမည်တွင်ခဲ့ပါတယ်။
မနန်းဝင့်ဝါက လူ့ဘဝက ပြည်ပနိုင်ငံက ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှ အိုင်တီပိုင်းဆိုင်ရာဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၉ နှစ်ကုန်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီးနောက် မင်္ဂလာဒုံက သီလရှင်စာသင်တိုက်တစ်ခုမှာ သီလရှင် ဝတ်ခဲ့ပါတယ်။
ရှမ်းလူမျိုးမိခင်နဲ့ ကရင်လူမျိုးဖခင်တို့ဆီကမွေးဖွားခဲ့တဲ့ မနန်းဝင့်ဝါက ငယ်စဉ်ကတည်းက စစ်ဘေးရှောင်တစ်ဦးဖြစ်ခဲ့ပြီး ရန်ကုန်ကမိဘမဲ့ဂေဟာတစ်ခုမှာကြီးပြင်းခဲ့သူဖြစ်ပါတယ်။ မိဘမဲ့ဂေဟာမှာနေထိုင်ရင်း ပညာသင်ကြားကာ ဘွဲ့ရပြီးနောက် ပြည်ပနိုင်ငံကို ၂၀၀၇ ခုနှစ်ကတည်းက ရောက်ရှိခဲ့တာပါ။
ပြည်ပမှာရှိနေစဉ်ကတည်းက သဲအင်းဂူဆရာတော်ကြီးရဲ့ တရားတွေကို နားထောင်မိ၊ ဖတ်မိပြီး လူဝတ်နဲ့သဲအင်းဂူတရားကို လေ့လာကာ တရားထိုင်တာ တရားလေ့လာတာတွေလုပ်ခဲ့တာကနေ မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ တရားဘာဝနာလေ့ လာအားထုတ်ဖို့ ရာသက်ပန်သီလရှင်ဝတ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ဆိုတယ်။
” မိဘလည်းမရှိတော့ တစ်ကောင်ကြွက်လိုဖြစ်ပြီး ဘဝဒဏ်ရာဒဏ်ချက်တွေကလည်း များတယ်။ အလိမ်ခံရတာ အခြား ကိစ္စတွေလည်းကြုံရတော့ ငြိမ်းအေးရာကိုပဲလိုချင်တာ။ ဘဝအခက်အခဲတွေလည်း များလာတော့ အေးအေးဆေးဆေး နေချင်တာ တရားဖက်ကို လိုက်တော့မယ်ဆိုပြီးရည်ရွယ်လိုက်တာ”လို့ မနန်းဝင့်ဝါကပြောတယ်။
သီလရှင်အဖြစ်နေထိုင်ရင်း တောပိတ်မြို့ပိတ်(ဥပုတ်နေ့မတိုင်ခင်ရက်နှစ်ရက်)တွေမှာ ဆွမ်းဆန်ခံထွက်တာ၊ တရားအား ထုတ်တာ သဲအင်းဂူတရားစခန်းမှာ ရိပ်သာဝင်ပြီး တရားဘာဝနာစီးဖြန်းတာတွေလုပ်ခဲ့ပါတယ်။ ရိပ်သာမှာတရား စခန်းဝင် နေရင်း အာဏာသိမ်းလိုက်တယ်ဆိုတာကို ကြားသိလိုက်ပေမယ့် ဒါက ရက်ပိုင်းအတွင်း ပြီးသွားမယ့်ကိစ္စလို့တွေးထင်ကာ တရား အလုပ်တွေကို လုပ်မြဲအတိုင်း လုပ်နေခဲ့တယ်။
ရိပ်သာမှာရှိစဉ် ပြင်ပကဆန္ဒပြတာတွေကိုကြားနေရသလို၊တဖြည်းဖြည်းနဲ့ သေနတ်ပစ်ဖောက်တာတွေ၊ အသံဗုံးဖောက်တာ ၊သံပုံးတီးတာတွေကို တရားထိုင်ရင်း ကြားသိနေရပေမယ့် ရိပ်သာစည်းကမ်းအရ လှုမှုကွန်ရက်တွေလည်းမသုံး ဖုန်းလည်း မကြည့်ရဆိုတော့ ပြင်ပမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို သေချာမသိခဲ့သလို အပြင်ကိစ္စတွေဘက်ကို အာရုံမရောက်ခဲ့။
ရိပ်သာမှာ နှစ်လကျော်နေထိုင်ပြီးတော့ မင်္ဂလာဒုံက သီလရှင်စာသင်တိုက်လေးမှာပြန်လာပြီး နေထိုင်ခဲ့တယ်။ သီလရှင် ဝတ်နဲ့ပဲ ဆွမ်းဆန်ခံထွက်တာ တရားအလုပ်လုပ်တာစတဲ့ လုပ်မြဲကိစ္စတွေလုပ်နေရင်း လူမှုကွန်ရက်မှာ စစ်ကောင်စီရဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းတာ ရိုက်နှက်ဖမ်းဆီးတာ၊ ပစ်ခတ်တာ၊ ပရဟိတ လုပ်တဲ့သူတွေကိုလည်း ရိုက်နှက် တာတွေကို တွေ့မြင်ရင်း မခံချင်စိတ်တွေဖြစ်လာခဲ့ပါတယ်။
” ပြည်သူတွေကိုရက်ရက်စက်စက်နှိမ်နင်းလာတာ၊ ဒါတကယ် အကြမ်းဖက်တာကိုမခံနိုင်တော့စိတ်ကအဲ့ကစနေတယ်။ သူတို့ မြန်မြန်ကျဆုံးမှ ဖြစ်မယ်ဆိုပြီး ဒါပေမယ့် တော်လှန်ရေးကို လူဝတ်လဲလုပ်ဖို့တော့ စိတ်မရှိသေးဘူး”လို့ မနန်းဝင့်ဝါက ပြောတယ်။
ပါဝါရိန်းဂျားအညိုကောင်
သီလရှင်ဘဝနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆွမ်းဆန်ခံထွက် ကျန်အချိန်တွေမှာ တရားအလုပ်လုပ် နေတာကနေ အာဏာ ရှင်ကို ဆန့်ကျင်ချင်တဲ့စိတ်ဝင်လာရတဲ့ အကြောင်းအရင်းတွေထဲ ကိုဗစ်တတိယလှိုင်းက မျက်မြင်ကြုံခဲ့ရတဲ့ အဖြစ်အပျက် အခြေအနေတွေကလည်း အပါဝင်ပါ။
ဆန္ဒပြပွဲတွေအကြမ်းဖက်နှိမ်နင်းမှုတွေရှိနေစဉ်မှာပဲ ကိုဗစ်တတိယလှိုင်းစဖြစ်တယ်။ အရင်ကိုဗစ်လှိုင်းတွေတုန်းက အစိုးရ က စနစ်တကျ ကုသစောင့်ရှောက်မှုတွေပေးတော့ပြည်သူတွေမှာ ကူးစက်ခံရမှုမများသလို အောက်ဆီဂျင်လိုအပ်လို့ သေဆုံးတာတွေလည်းမရှိခဲ့။
ကိုဗစ်တတိယလှိုင်းမှာ လူအများအပြား ကိုဗစ်ကူးစက်ခံရတာ၊အောက်ဆီဂျင်လိုအပ်တာ၊ အောက်ဆီဂျင်မရလို့ သေဆုံး ရတာ၊ စနစ်တကျဆေးဝါးမကုရတာတွေ ကြုံလာရပြီး ဒါတွေကို ပြေလည်အောင်မလုပ်ဆောင်ပေးတဲ့အပြင် ပြည်သူတွေ ရမယ့် အောက်ဆီဂျင်ကိုတောင်မှ လက်နက်ပြယူဆောင်တာကို မျက်မြင်တွေ့ခဲ့ရတယ်။
ကိုဗစ်ကူးစက်ခံရတဲ့သူနာတွေထဲ ဆရာလေးဒေါ်ဝရဉာဏီရဲ့ ဒါယိကာ၊ဒါယိကာမတွေလည်းအများအပြား ပါဝင်ခဲ့ပါတယ်၊ ဒီလိုလူနာတွေထဲ ဆရာလေးနေထိုင်တဲ့ စာသင်တိုက်အနီးရပ်ကွက်က ဒါယိကာမနှစ်ဦးလည်း ကိုဗစ်ကူးစက်ခံရတယ်။
ကိုဗစ်လူနာဒါယိကာမကြီးနှစ်ဦးမှာ ကြည့်ရှုစောင့်ရှောက်ပေးမဲ့လူမရှိတော့ ဒေါ်ဝရဉာဏီက အောက်ဆီဂျင်ရှာတာ၊ တန်းစီ ပေးတာတွေကိုလုပ်ပေးရင်း လိုအပ်နေတဲ့အခြားဒါယိကာဒါယိကာမတွေအတွက်ပါ ဆက်လက်လုပ်ဆောင်ပေးဖြစ်ခဲ့ပါ တယ်။
” ပါဝါရိန်းဂျားအညိုကောင်လို့ အမည်တွင်တာကလည်း အဲ့မှာစတာ အောက်ဆီဂျင်ရှာတဲ့ကာလကတည်းက လူကြားထဲ တိုးဝှေ့ရင်းကလေးတွေ ဝိုင်းခေါ်ကြတာပါ၊ ထွက်ပြေးရင်းလွတ်လာတော့ အမှန်ကို အဲ့ဒီလိုဖြစ်နေတော့ အဲ့ဒီနာမည်ဖြစ်သွား တာ” လို့ မနန်းဝင့်ဝါကပြောပါတယ်။
ဒါယိကာမတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင်ကို နေ့စဉ်ဆိုသလို ရှာဖွေပေးရင်း အောက်ဆီဂျင်ပေးတဲ့နေရာတစ်ခုမှာ လူအများအပြားတန်းစီနေချိန် စစ်တပ်က ကားကြီးနဲ့ ရောက်လာပြီး အောက်ဆီဂျင်အိုးတွေ ယူဆောင်သွားတာ တန်းစီတဲ့ လူနာတွေကို လက်နက်ပြပြီး ချိန်းခြောက်တာတွေကို မျက်မြင်ကြုံတွေ့ရတယ်။
” တချို့ဆို တန်းစီနေရင်းအိမ်က လူနာတွေကသေသွားတယ်၊ သူတို့ကျတော့ စစ်ကားတွေနဲ့ရောက်လာပြီး အောက်ဆီဂျင် အိုးတွေကို ကားပြည့်တင်ပြီးထွက်သွားကြတယ်။ သေနတ်ကြီးတွေချိန်ပြီးနောက်ဆုတ်ဘာညာနဲ့ပြောတာ လူတွေဘက်ကို။ ဒီလို ရက်ရက်စက်စက်တွေဖြစ်လာတော့ သူတို့ကိုတော်လှန်ချင်တဲ့စိတ်တွေ ဖြစ်လာတယ်။” မနန်းဝင့်ဝါက ပြောပါတယ်။
အာဏာသိမ်းမှုအပြင် ကိုဗစ်ကလည်းနှိပ်စက်တော့ ပြည်သူတွေမှာ အခက်အခဲပေါင်းစုံကြုံလာရပါတယ်။ ဒီလိုခက်ခဲမှုတွေ ထဲ CDMဝန်ထမ်း ဒါယိကာဒါယကာမတွေက အခက်အခဲကြုံလာရတဲ့အခါ ဆရာလေးဒေါ်ဝရဉာဏီကို အကူအညီတောင်း တာ၊ တောထဲရောက်နေတဲ့ အသိအကျွမ်း ဒါယိကာ၊ဒါယိကာမတွေကလည်း သူတို့လိုအပ်တာတွေကို ကူညီပေးဖို့ ပြောဆို တဲ့အခါ သူ့မှာရှိတဲ့ ဆန်၊ဆီ၊ကြက်ဥ၊ ဆေးစတာတွေကို ပြန်လည်မျှဝေပေးခဲ့တယ်။
” အမှန်တော့ ကိုယ်ကဒုက္ခရောက်တဲ့သူကိုလှူပေးတာ။ ပြည်သူတွေက ဒုက္ခရောက်တာ၊ တစ်ချိန်တုန်းက သူတို့ဆန်ကို ကိုယ်စားခဲ့တယ်။ သူတို့ဒုက္ခရောက်ရင် ပြန်လှူရမှာလေ။”လို့ မနန်းဝင့်ဝါကပြောပါတယ်။
သီလရှင်ကျောင်းမှသည် လွတ်မြောက်နယ်မြေဆီ
အာဏာရှင်ကို ဆန့်ကျင်ချင်တဲ့စိတ်ရှိပေမဲ့ နိုင်ငံရေးထဲ ထဲထဲဝင်ဝင်မပါဖြစ်သေးဘဲ ကိုဗစ်လူနာတွေလိုအပ်တဲ့ အောက်ဆီ ဂျင် တန်းစီပေးတာ၊ ကိုဗစ်ကြောင့်သေဆုံးတဲ့ ဒါယိကာဒါယကာမတွေကို နာရေးကူညီပေးတာ၊ အခက်အခဲဖြစ်နေတဲ့ CDM ဝန်ထမ်းဒါယကာမတွေနဲ့တောထဲက လိုအပ်တဲ့သူတွေကို ပေးကမ်းလှုဒါန်းနေတာကို ကျောင်းက အမြင်မတူတဲ့ တစ်ယောက်ယောက်က တိုင်ကြားလိုက်လို့ စစ်တပ်က လာဖမ်းဆီးတာလို့ ယူဆတယ် လို့ဆိုတယ်။
” ကံကောင်းတာတခုက သူတို့လာတဲ့အင်အားကမများဘူး။ သူတို့ကလည်း သီလရှင်ဆိုတော့ အလွယ်ဖမ်းလို့ရမယ် ထင် တာလား။ ပိုက်ဆံတွေဆေးတွေ လိုချင်မှုနဲ့လာတာလားပေါ့။” လို့ မနန်းဝင့်ဝါကပြောပါတယ်။
အကြမ်းဖက်စီးနင်းခံရတဲ့ သီလရှင်ကျောင်းကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ခေတ္တတည်းခိုတဲ့ ဒါယိကာမ အိမ်မှာနေထိုင်စဉ် ရက်တွေက လူရောစိတ်ရောပင်ပန်းရတဲ့နေတွေပါပဲ။ ရိုက်ခံရတုန်းက ဒဏ်တွေကြောင့် ကိုယ်လက်တွေ နာတာ ဒူးတွေနာပြီး လှုပ်ရှားရခက်တာ၊ခေါင်းကိုခြေနဲ့ကန်စဉ်က နူတ်ခမ်းပေါက်ပြီးအစားလည်း မစားနိုင်တာ ညဆိုလည်း အိပ်မပျော်ဘဲ လန့်နိုးတာတွေရှိခဲ့တယ်လိုဆိုပါတယ်။
” ရိုက်နှက်တာ ခံရတဲ့ဒဏ်ရာတွေနဲ့ ပါးစပ်မဟနိုင်ဆွမ်းမစားနိုင်ဘူး။ သွားတစ်ချောင်းကလည်းနဲ့သွားတာ၊ ညဆို ကိုယ့်မှာ အိပ်မပျော်နိုင်ဘူး၊ ချိုးချိုးချွတ်ချွတ်အသံကြားရင် လန့်နိုးလာတာ” လို့ မနန်းဝင့်ဝါကပြောတယ်။
ရိုက်နှက်နေတုန်းက ဒဏ်ရာတွေက မသိသာပေမဲ့ နောက်ရက်မှ တကိုယ်လုံးနာကျင်ရတဲ့ဒဏ်ကို အလူးအလဲခံရတဲ့အခါ စစ်ကြောရေးရောက်ပြီး နှိပ်စက်ခံထိတဲ့ ပြည်သူတွေကျောင်းသားလူငယ်တွေကိုတွေးမိပြီး ပိုကိုယ်ချင်းစာမိတယ်လို့ ဆို တယ်။
” ဒီလောက်ခဏလေး ရိုက်ခံရတာတောင်မှ ဒဏ်ရာတွေကျန်ခဲ့ရင် စစ်ကြောရေးထဲကကလေးတွေ ပြည်သူတွေဆို ဘယ်လောက်တောင် ကိုယ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်မလဲဆိုတာတွေးမိပြီး ကိုယ်ချင်းစာစိတ်နဲ့ အားတင်းထားရတယ်”လို့ မနန်းဝင့်ဝါကပြောပါတယ်။
သီလရှင်ကျောင်းလေးကနေ ထွက်ပြေးလာခဲ့ပြီး ပြန်သွားလို့လည်းမရတော့ တည်းခိုတဲ့နေအိမ်မှာဒဏ်ရာသက်သာတဲ့ အထိ နေထိုင်ရင်း သီလရှင်ဘဝတုန်းက သူထောက်ပံ့လှုဒါန်းခဲ့တဲ့ လွတ်မြောက်နယ်မြေကသူတွေနဲ့ ချိတ်ဆက်ကာ အဆင် ပြေလောက်မဲ့ နေရာတစ်ခုကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။
သီလရှင်ဝတ်ချိန်က ကျောင်းကိုဝင်စီးပြီးဖမ်းဆီးခံရပေမဲ့ အရေးတကြီးဖမ်းဆီးရမယ့် သူမဟုတ်တာရယ်၊ နာမည်ကျော် စာရင်း ထဲ မပါဝင်တာကြောင့် စစ်ကောင်စီဘက်က အသည်းအသန်လိုက်လံဖမ်းဆီးတာမရှိတဲ့အတွက် လွတ်မြောက်နယ် မြေကို အဆင်ပြေပြေနဲ့ ရောက်လာခဲ့တယ်။
” အမကလူသိပ်မသိတဲ့လူဆိုတော့ အရမ်းလိုက်တာတော့မရှိပါဘူး။ ကိုယ်ကလည်းလာမယ်ဆိုတော့ သီလရှင်ဝတ်နဲ့ပဲလာ တယ်။ ” လို့ မနန်းဝင့်ဝါကပြောပါတယ်။
လူထွက်ပြီ
လွတ်မြောက်နယ်မြေကိုရောက်တော့ သီလရှင်ဘဝကနေ လူဝတ်လဲပြီး တောထဲမှာပဲ စစ်သင်တန်းတချို့ တက်ခဲ့တယ်။ တော်လှန်ရေးကို ဘယ်နေရာကမဆိုပါဝင်နိုင်ပေမယ့် သီလရှင်ဝတ်ကြီးနဲ့ ဆက်လုပ်နေရင် ဝိနည်းနဲ့မညီဘဲ အများပြောစရာ ဖြစ်မှာဆိုးတဲ့အတွက် လူထွက်ပြီး တတ်နိုင်တဲ့နေရာကနေ တော်လှန်ဖို့ဆုံးဖြတ်ခဲ့တာလို့ဆိုတယ်။
” သင်္ကန်းဝတ်နဲ့ကျတော့ ဝိနည်းတွေဘာတွေကြည့်ရမယ်ဆိုတော့ ဒီလိုတော်လှန်ရေးပိုင်းမှာ ဘုရားဟောနဲ့မညီတာ လည်း ရှိတဲ့အတွက် လူဝတ်ထွက်ပြီးလုပ်ခြင်းကပိုသင့်တော်တယ်လို့ ခံယူထားတယ်။ သီလရှင်က အမစိတ်ထဲမှာ ဝတ်ချင်တဲ့အချိန် အချိန်မရွေး ပြန်ဝတ်လို့ရတယ်လေ။”လို့ မနန်းဝင့်ဝါကပြောပါတယ်။
သီလရှင်ဝတ်ဘဝကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ရုတ်တရက်ပြောင်းသွားပြီး သင်တန်းတစ်လျှောက် လေ့ကျင့် ရေးတွေလုပ်ရတာ၊ မိုင်ပေါင်းများစွာ လမ်းလျှောက်ရတာ၊ ပြေးရတာတွေ ရှိပေမယ့်လည်း နဂိုကတည်းက အပင်ပန်းခံနိုင်တဲ့ သူဖြစ်တဲ့အတွက် အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
” တောထဲမှာနေတဲ့ပြသနာက အမကအကောင်လေးတွေကြောက်တယ်။ ပိုးကောင်တွေခူကောင်တွေကြောက်တာ၊ ကျန်တာကတော့ မခက်ခဲဘူး။ သီလရှင်ဘဝတုန်းကလမ်းလျှောက်တာတွေရှိတော့၊ လှုတဲ့ဆန်အိတ်တွေတောင်ထမ်းပြီး သယ်ခဲ့တာ ဒီမှာသိပ်မပင်ပန်းပါဘူး။ မိုင်သုံးဆယ်လောက်လည်း လျှောက်နိုင်တယ်။” လို့ မနန်းဝင့်ဝါကပြောပါတယ်။
တောထဲဆိုတော အနေအစားဆင်းရဲတာ စားနပ်ရိက္ခာရှားပါးတာတွေရှိပေမယ့် ရှိတာနဲ့ ကြုံသလိုဖြေရှင်း စားသောက်ရပါ တယ်။ ဒါပေမယ့် အမျိုးသမီးသဘာ၀ ကရိကထများတဲ့ကိစ္စတွေကြုံရတဲ့အခါ အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေ ကလည်း လုံလုံလောက်လောက်မရှိတော့ အခြားအမျိုးသမီးတွေနည်းတူ အခက်အခဲဖြစ်တာမျိုးတော့ ကြုံရတယ်လို့ ဆိုတယ်။
” အမျိုးသမီးဆိုတော့ကစ္စအ၀၀တွေရှိတော့ အခြားမိန်းကလေးတွေလိုပဲ လဲစရာဘာညာသိပ်မရှိ မပြည်စုံတော့ ဒါက အခက်အခဲလို့ပဲပြောမလား…ခက်ခဲတာပေါ့။ အခြားကတော့ အထွေအထူးမရှိဘူး။ အမကလည်းစိတ်မာတော့ ကျန်တာတွေ က မခက်ခဲဘူး” လို့ မနန်းဝင့်ဝါကပြောတယ်။
လူမသတ်လိုတဲ့ သီလရှင်လူထွက်
တော်လှန်ရေးလိုအပ်ချက်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်လေ့ကျင့်ရေးတွေလုပ်ရပေမယ့် မနန်းဝင့် ဝါက လက်နက်ကိုင်တိုက်ခိုက်တာတော့ မလုပ်ချင်ဘူးလို့ဆိုပါတယ်။ လက်ရှိမှာတော့ စခန်းအတွက် လိုအပ်တဲ့ငွေကြေးနဲ့ ရိက္ခာတွေကို နီးစပ်ရာတွေဆီအလှူခံတာ၊တော်လှန်ရေးအတွက် လိုအပ်တာတွေကို ဝင်ကူလုပ်ပေး တာတွေနဲ့ ဖြတ်သန်းနေရတယ်။
” လက်နက်လည်း မကိုင်ချင်ဘူး၊လူလည်းမသတ်ချင်ဘူး၊ ဒါပေမယ့်ကိုယ့်ကိုယ်ကိုတော့ ကာကွယ်ရမှာဆိုတော့ လုပ်သင့် လုပ်ထိုက်တာတော့ လုပ်ရမှာ။”လို့ မနန်းဝင့်ဝါကပြောပါတယ်။
မနန်းဝင့်ဝါက လူဘဝတုန်းကလည်း ပြည်ပနိုင်ငံက ကုမ္ပဏီမှာ လစာကောင်းကောင်းနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ခဲ့ရသလို၊ သီလရှင်ဘဝမှာလည်း ဒါယိကာ ဒါယိကာမတွေရဲ့ လှူဒါန်းမှုနဲ့ ကောင်းကောင်းမွန်မွန် တရားဘာဝနာ လုပ် ဆောင်တာကနေ ခက်ခဲပင်ပန်းတဲ့ တောတွင်းမှာနေထိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တော်လှန်စေဖို့ အဓိက မောင်းနှင်ခဲ့တာက စစ်ကောင်စီရဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် ယုတ်မာရက်စက်မှုကြောင့်လို့ ဆိုတယ်။
ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ အကြမ်းဖက်ဖမ်းစီးတာ၊ပရဟိတသမားတွေ၊ကလေးသူငယ် အမျိုး သမီးနဲ့ သက်ရွယ်ကြီးရင့်သူတွေသာမက ရဟန်းသံဃာတွေ သီလရှင်တွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်မှုတွေ၊ ပြည်သူတွေကို ညနေဖမ်းပြီး မနက်အလောင်းလာယူခိုင်းတာတွေကို လက်မခံနိုင်တာကြောင့် ပါဝင်ဖြစ်တာလို့ဆိုပါတယ်။
” ပြည်သူပေါ်ရက်စက်လေလေ ကြောက်သွားတဲ့စိတ်မဖြစ်ဘဲနဲ့ပိုပြီးတော့ တော်လှန်ချင်စိတ်တွေပေါ်လာတာ။” လို့ မနန်းဝင့်ဝါ ကပြောတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ သူတို့ကိုထောက်ခံသူတွေအမြဲတမ်းပြောတဲ့လက်သုံးစကားက အမျိုးဘာသာသာသနာကို ထိန်း သိမ်းစောင့်ရှောက်ဖို့ပါ။ ဘာသာရေးအသုံးချပြီး အမျိုးဘာသာသနာကိုထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ အမြဲတစေ ပြောဆိုနေပေမယ့်သံဃာတော်တွေ သီလရှင်တွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းစီးတာ၊ လူမြင်ကွင်းမှာ နှိပ်စက်ညှင်းပန်း တာ တွေက တကယ်ပဲ သာသနာ စောင့်ရှောက်တာလားဆိုတာ မေးခွန်းထုတ်စရာလို့ဆိုပါတယ်။
“သူတို့ကပဲ သာသနာကိုပံ့ပိုးတယ် ကာကွယ်တယ်။ အမျိုးဘာသာသနာကိုစောင့်ရှောက်ရေး ဘာညာလျှောက်အော်ပြီး ရမ်းတုတ်နေတာ၊ တကယ့်တကယ်ကျတော့ ဘုန်းကြီးတွေကိုဖမ်း သံယာအစစ်မှန်တွေကို လမ်းပေါ်ဖားခုန်ခိုင်းရတာနဲ့ သင်္ကန်းဆွဲချွတ်ရတာနဲ့”လို့ မနန်းဝင့်ဝါကပြောပါတယ်။
သီလရှင်ဝတ်နဲ့ ဒေါ်ဝရဉာဏီကိုလည်း မေးစရာရှိလို့ဆိုပြီး ညကြီးအချိန်မတော် သီတင်းသုံးနေတဲ့ ကျောင်းဆောင်ထဲက ဆွဲထုတ်ပြီး အကြမ်းဖက်တာ၊ခန္ဓာကိုယ်ကိုထိပါးနှိပ်စက်တာ၊ ရုတ်ရင်းကြမ်းတမ်းတဲ့စကား တွေပြောတာတွေက သာသနာ့ နွယ်ဝင် အမျိုးသမီးတစ်ဦးကို မပြုမှုသင့်တဲ့ လုပ်ရပ်လို့ဆိုပါတယ်။
ရာသက်ပန် သီလရှင်ဝတ်ပြီး ငြိမ်းအေးတဲ့ တရားကျင့်ကြံအားထုတ်မှုတွေလုပ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကနေ စွန့်ခွာပြီး တော်လှန်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့လမ်းကိုရွေးချယ်ခဲ့ပေမယ့်လည်း မှန်တယ်ထင်လို့ ရွေးချယ်ခဲ့တဲ့လမ်းကို နောင်တရတာမျိုးမရှိဘူလို့ ဆိုပါတယ်။ ဘယ်အခြေအနေမျိုးမှာမဆို ခေါင်းအေးအေးထား လုပ်သင့်လုပ်ထိုက် တာတွေကို လုပ်ဆောင်မယ်လို့ မနန်းဝင့်ဝါကပြောတယ်။
တော်လှန်ရေးအောင်မြင်ဖို့ ပြည်သူတွေပါဝင်မှုကလည်းအရေးကြီးတဲ့အတွက် မြို့ပြနဲ့အနယ်နယ်အရပ်ရပ်က ပြည်သူ တွေ အနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့တော်လှန်ရေးမှာ လူအားငွေအားနဲ့ဖြစ်စေ၊ Click Donate တို့လို အွန်လိုင်းကနေ အလွယ်တကူပါဝင်နိုင်တဲ့ နည်းလမ်းတွေနဲ့ဖြစ်စေ တတ်နိုင်တဲ့ဘက်ကပါဝင်ပေးဖို့လိုသလို၊ ဒီလို မပါဝင် နိုင်ရင်တောင် တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်စေမယ့်နည်းလမ်းတွေမလုပ်ဖို့ လိုတယ်လို့ မနန်းဝင့်ဝါကဆိုပါ တယ်။
မနန်းဝင့်ဝါရဲ့ တော်လှန်ရေးမျှော်မှန်းချက်ကတော့ စစ်အာဏာရှင်ပြုတ်ကျရေးပါပဲ။ စစ်အဏာရှင်ပြုတ်ကျဖို့ တတ်နိုင်တဲ့ နေရာတွေကနေ လုပ်ဆောင်သွားပြီး တော်လှန်ရေးအောင်မြင်ရင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဆက် လက်ပါဝင်သွားမယ်၊ ပြီးမှနဂိုရည်မှန်းထားတဲ့အတိုင်း သီလရှင်ဝတ်ပြီး ငြိမ်းအေးရာ တရားဘာဝနာတွေလုပ်ဆောင်သွား ချင်တယ်လို့ ယခုလို ဆိုတယ်။
” အကုန်လုံးက သူ့သဘောနဲ့သူဖြစ်နေတာ။ ဖြစ်လာသမျှတိုင်းပေါ့။ ဖြစ်ချင်တာကတော့ သီလရှင်ဘဝလေးနဲ့ အေးအေး ဆေးဆေးနေချင်တာပေါ့။ ဒီကြားထဲကိုယ်ဘာဖြစ်သွားမလဲဆိုတာတော့မသိဘူး”