Home ဆောင်းပါး အမျိုးသမီးများအပေါ် ပစ်မှတ်ထား ကျူးလွန်သည့် လူမဆန်သည့် အပြုအမူများ

အမျိုးသမီးများအပေါ် ပစ်မှတ်ထား ကျူးလွန်သည့် လူမဆန်သည့် အပြုအမူများ

နန်းဆိုင်နွမ်။ ။

စစ်အာဏာသိမ်းမှု ရှစ်လအတွင်း မြန်မာပြည်တဝန်းမှာ စစ်အာဏာရှင် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား တိုက်ပွဲတွေ အရှိန်မြင့်တက်လာပြီး စစ်ကောင်စီဟာ တိုင်းရင်းသားနယ်မြေဒေသတွေမှာ စစ်ရေးအင်အား အဆ မတန် တိုးမြှင့်လာပါတယ်။

နိုင်ငံတဝန်းလုံး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာတဲ့အလျောက် အမျိုးသမီးတွေရဲ့လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ ကလည်း ပိုမိုများလာပြီး တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကရင်၊ ကရင်နီ(ကယားပြည်)နဲ့ ရှမ်းတွေမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး လူးသားဒိုင်း အဖြစ်အသုံးပြုလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ကြားစစ်ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အမျိုးသားတွေကို စစ်ကောင်စီမှ ပေါ်တာဆွဲမှုတွေ ပြုလုပ်လာတဲ့အတွက် အမျိုးသားတွေဟာ ကျေးရွာအတွင်းမနေထိုင်ရဲသဖြင့် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဟာ ကျေးရွာအတွင်း ကျန်ရှိတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး စစ်ကြောင်းလမ်းပြ လူသားဒိုင်း အဖြစ် ခေါ်သွားကြကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (The Karen Human Rights Group-KHRG)မှ ပြောရေးဆိုခွင့်ရှိ သူ နော်ထူးထူးက ပြောပါတယ်။

လူသားဒိုင်းအဖြစ် အသုံးပြုမှုဆိုတာ အရပ်သားတွေကို ဖမ်းဆီးထားချိန်အတွင်း ကြိုးတုပ်ထားပြီး လမ်းပြအဖြစ်ခိုင်းခြင်း၊ ရှေ့တန်းစစ်ကြောင်းမှာ ရှေ့ကနေသွားခိုင်းခြင်း၊ အထုပ်အပိုးတွေ သယ်ခိုင်းခြင်းတို့ဖြစ်ပါတယ်။

“ စစ်ကောင်စီက အရင်ခေတ်ကသုံးတဲ့ နည်းဗျူဟာတွေကိုပြန်သုံးနေတာ။ ရွာသားတွေက ပေါ်တာဆွဲမှာကြောက်လို့ ရွာ ပြန်မအိပ်ရဲတော့ ရွာမှာကျန်တဲ့အမျိုးသမီးတွေကိုပါ စစ်ကြောင်းလမ်းပြအဖြစ်ခေါ်သွားတယ်”လို့ နော်ထူးထူးက ဆိုပါတယ်။

လွန်ခဲ့တဲ့ သြဂုတ် ၁၉ရက် နေ့လည် ၁နာရီခန့်မှာ စစ်ကောင်စီအုပ်စုဟာ ကရင်ပြည်နယ်၊ မူတြော်ခရိုင် ၊ ဘူးသိုမြို့ နယ်ခေါပူကျေးရွာအုပ်စုတွင် ရပ်နားခဲ့ပြီး ကျေးရွာမှ အမျိုးသမီးသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဖမ်းဆီးစဉ် မေးမြန်းမှု ပြုလုပ်ရာတွင်လည်း ခြေဖြင့် ကန်ကျောက်မှုများပြုလုပ်ခဲ့ပြီး အထုပ်အပိုးတွေနဲ့ စစ်သုံးပစ္စည်းတွေကို သယ်ခိုင်းခဲ့ပါတယ်။

ဒါ့အပြင် ထိုအမျိုးသမီးသုံးဦးကို စစ်ကြောင်းရှေ့တွင် သွားခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးခဲ့ပါတယ်။

ထိုအမျိုးသမီးသုံးဦး ကျေးရွာကို ပြန်ရောက်လာချိန်မှာတော့ ခန္ဓာကိုယ်တွေမှာ အညိုအမည်းစွဲနေပြီး မျက်နှာတွေမှာလည်း ဒဏ်ရာ၊ ဒဏ်ချက်တွေပါလာခဲ့ပါတယ်။

အလားတူ စက်တင်ဘာ၁ရက် နေ့လည် ၂နာရီမှာလည်း ကော့ကရိတ်မြို့နယ် ပိုင်ကလာဒုံကျေးရွာအုပ်စုအတွင်း စစ် ကောင်စီနဲ့ KNLAတပ်ဖွဲ့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်ပြီး လမ်းပြအဖြစ် လူသားဒိုင်းသဖွယ် အသုံးပြုခဲ့ခြင်းကို ကရင်အမျိုးသမီးအစည်းအရုံးနဲ့ ကရင်လူ့အခွင့်အရေး အဖွဲ့က ရူံ့ချကြောင်း စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ ရွာမှာ အမျိုးသားတွေပုန်းရင် အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးလမ်းပြအဖြစ် လူသားဒိုင်းအသုံးပြုတယ်။ ပြီးတော့ မေး မြန်းမရရင် ရိုက်နှက်တယ်။ ကန်တယ်။ ဒါက စစ်ကောင်စီရဲ့ ဗျူဟာတွေပါပဲ” လို့ နော်ထူးထူးက ဆိုပါတယ်။

စစ်ကောင်စီက ယခုလို အမျိုးသမီးတွေကို စစ်ကြောင်းရှေ့လမ်းပြအဖြစ် လူသားဒိုင်းအဖြစ် ခေါ်ဆောင်နေပေမယ့် လက်ရှိ ကာလမှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကြောင့် တစ်ခြားဒေသကို ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနေတာကြောင့် အမျိုး သမီးတွေကတော့ ကျေးရွာမှာပဲ စိုးရိမ်ပူပန်မှုတွေနဲ့ ဆက်လက်နေထိုင်နေဆဲပါ။

“ စစ်ကြောင်းတွေရောက်လာတိုင်း ရွာသူရွာသားတွေ တောထဲကိုပြေးပုန်းတယ်။ သတင်းရရင် တောထဲသွား ပြေးကြတယ်။ တခြားမှာ ပြောင်းရွှေ့နေထိုင်ဖို့ဆိုတာလဲ ကိုဗစ်နဲ့ အဆင်မပြေဘူး” လို့ နော်ထူးထူးက ရှင်းပြပါတယ်။

စစ်ကောင်စီအုပ်စုဟာ တိုင်းရင်းသားနယ်မြေဒေသတွေကို စစ်အင်အားတိုးချဲ့လာသလို ကျေးရွာအတွင်းလည်း လာရောက် နေထိုင်ကြတယ်လို့ဆိုကြပါတယ်။ ပြည်သူတွေကတော့ ကိုဗစ်-၁၉ စည်းမျဉ်း၊စည်းကမ်းတွေကြောင့် ထွက်ပြေးတိမ်းရှောင် ဖို့လည်း ခက်ခဲနေကြရကြောင်း KHRG နော်ထူးထူး က ပြောပါတယ်။

လက်ရှိကာလမှာ မြန်မာပြည်တဝန်း အသွားအလာကန့်သတ်ခြင်း၊ မိမိနေအိမ်တွင်သာနေထိုင်ခြင်း၊ တစ်မြို့နယ်နဲ့ တစ်မြို့ နယ် ကူးပါက ထောက်ခံစာ ယူဆောင်မည်ဆိုတဲ့ ကိုဗစ်-၁၉ စည်းမျဉ်း၊စည်းကမ်းတွေကို ထုတ်ပြန်ထားပါတယ်။

“ စစ်တပ်ကလာရင်လည်း ပြေးချင်တိုင်းပြေးမရတော့ အဲ့မှာပဲကြောက်ကြောက်နဲ့နေရတယ်”လို့ နော်ထူးထူးက ဆိုပါတယ်။

စစ်ကောင်စီအုပ်စုဟာ တိုင်းရင်းသားအမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုများကျူးလွန်ခြင်းဟာ အသစ်အဆန်းအရာ တခုမဟုတ်တော့ကြောင်း KHRG နဲ့ Karen Women’s Organization (KWO) က စက်တင်ဘာ ၃ ရက်က ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်အဓမ္မပြုကျင့်မှုနဲ့ ကျား၊မအခြေပြု အကြမ်းဖက် မှုတွေကို လက်နက်သဖွယ် အသုံးပြု လာခဲ့တာ ၁၀ စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီ။

လက်ရှိအမျိုးသမီးတွေကို စစ်ကောင်စီမှ လူသားဒိုင်းအဖြစ်အသုံးပြုနေတာ ကရင်ပြည် လေးဦးတင်မကဘဲ HI သတင်း ဌာန စုံစမ်းချက်အရ ကရင်နီ (ကယားပြည်နယ်)တွင် သုံးဦးနဲ့ ရှမ်းတောင်မှာနှစ်ဦး ရှိနေပါတယ်။

ကရင်နီ (ကယားပြည်) ဖလူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာလဆန်းပိုင်းမှစပြီး အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက လမ်းပြလူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားခဲ့တာ ယနေ့ချိန်ထိ ပြန်လွတ်မြောက်လာခြင်းမရှိသေးကြောင်း စစ်ဘေးရှောင် ကူညီ ပေးနေသူတစ်ဦးက ပြောပါတယ်။

“ အခုထိ ဘာသတင်းမှမကြားရသေးဘူး။ အသက်ရှင်လား၊ မရှင်လား မကြားရသေးဘူး၊ စစ်ကြောင်းကာဗာယူဖို့ လူသား ဒိုင်း လုပ်ဖို့ခေါ်သွားတာ။ နောက်တစ်ယောက်ကတော့ ဖယ်ခုံဘက်ကပါ ” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က အဆိုပါ အမျိုးသမီးနှစ်ဦးကို လိင်လုပ်သားသဖွယ်အသုံးပြုမှာကို အဓိက စိုးရိမ်နေရကြောင်းလည်း အထက်ပါ လူငယ်က ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၈ရက်မှာ စစ်ကောင်စီနဲ့ အောင်ပန်းPDFနှင့်ကလောPDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲပြီးနောက် စစ်ကောင်စီမှ အောင်ပန်းမြို့နယ်၊ နောင်ရဲရွာအနီး နွားကျောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို လမ်းပြ အဖြစ်ခေါ်ဆောင်သွားခဲ့ပါတယ်။

“ နွားကျောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ ခေါ်သွားတယ်လို့ ကြားတယ်။ အဲ့နေ့က သတင်းတွေ ကြားရတယ်။ သတင်းအချက်အလက်က ကျမတို့လည်း သေချာမသိရဘူး” လို့ အောင်ပန်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ယခုလို အမျိုးသမီးတွေကို ဖမ်းဆီးပြီး လမ်းပြအဖြစ်ခေါ်ဆောင်သွားတာတွေကြောင့် ဒေသခံအမျိုးသမီးတွေဟာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေထိုင်နေရကြောင်း အဆိုပါအမျိုးသမီးက ဆိုပါတယ်။

KHRG နဲ့ KWOက မြန်မာပြည်အတွင်း မတည်ငြိမ်မှုတွေ ပိုမိုဆိုးရွားလာပြီး ယခုလိုအချိန်မျိုးဟာ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိကြောင်းနဲ့ မည်သူတစ်ဦးတယောက်ကိုမျှ လူသားဒိုင်းအဖြစ်အသုံးပြုခံရတဲ့ အဖြစ်ဆိုးကို မကြုံစေချင်ကြောင်း ပြောဆိုကြပါတယ်။

စစ်ကောင်စီတပ်မှာ ရှေ့တန်းနယ်မြေများမှ စစ်သည်တော်တွေ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို ပြဌာန်းထားပြီး ထိုပြဌာန်းချက်တွေမှာအရပ်သားအသက်အန္တရာယ်ဖြစ်အောင်ပြုလုပ်တာ၊ ချိန်းခြောက်တာ၊ အရပ်သားတွေကို တိုက်ပွဲ အတွင်း အသုံးမချရကြောင်းပါရှိပေမယ့် ထိုအချက်တွေကို စစ်ကောင်စီတပ်တွေဟာ လိုက်နာခြင်းမရှိကြပါဘူး။

ဒါ့အပြင် ဂျနီဗာကွန်ဗန်းရှင်းရဲ့ ပြဌာန်းချက်တွေမှာလည်း ပဋိပက္ခအတွင်း လက်နက်ကိုင်ထားတဲ့ စစ်သားတွေက အရပ် သားတွေကို ချိန်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းတွေ မပြုလုပ်ရကြောင်း ပြဌာန်းထားပါတယ်။

ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (IHL) ကလည်း တားမြစ်ထားပါတယ်။

ဒါ့ပေမယ့် တိုင်းရင်းသားဒေသတွေ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ စစ်ကောင်စီက အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြည်သူ တွေကို လူသားဒိုင်းအဖြစ် အသုံးချလာတာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ကြောင်း WLB အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲ က ဆိုပါတယ်။

“ ကျမတို့ တိုင်းရင်းသားဒေသတိုက်ပွဲဖြစ်တဲ့ဒေသမှာ အမျိုးသမီးတွေ၊ကလေးတွေ ပြည်သူလူထုတွေ အဲ့လိုမျိုးလူသားဒိုင်း အသုံးချတာက နှစ်ပေါင်းများစွာ ကြုံခဲ့ရတယ်။ တစ်ခုပဲကျမတို့ ဆိုရှယ်မီဒီယာမှာ ပေါ်တင်မထုတ်ပြန်နိုင်တာပဲရှိခဲ့တယ်။ အမျိုးသမီးတွေ အခုအခြေအနေအရ ဘယ်နေရာမှ မလုံခြုံတော့ဘူး” လို့သူကဆိုပါတယ်။

စစ်ကောင်စီဟာ နှစ်ပေါင်းများစွာ တိုင်းရင်းသားဒေသတွေမှာလုပ်သလို အခုအချိန်မှာလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြစ်မှုတွေကို ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့အစုအဖွဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ကာ နိုင်ငံတကာက အရေးယူရန် လည်း WLB က တိုက်တွန်းလာတာလည်း နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း နော်ဆဲဆဲက ပြောပါတယ်။

လက်ရှိကာလမှာ စစ်အာဏာရှင်ကို မဆန့်ကျင်ဘဲ ဝမ်းရေးအတွက် သာမာန်လုပ်စားနေတဲ့ ပြည်သူတောင် ကြောက် စိတ်ဖြင့် ရှင်သန်နေရကြောင်း ထိုအခြေအနေ အရပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ အမျိုးသမီးဘဝတွေဟာ အလွန်ပင် စိုးရိမ်ပူပန်စရာဖြစ်လာနိုင်ကြောင်းလည်း အမျိုးသမီး အဖွဲ့တွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းလာတဲ့ ရှစ်လကာလအတွင်းမှာ စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အချက် အလက်တွေကို သေချာကောက်ယူနေကြောင်း လက်ရှိမှာတော့ အချက်အလက် တိကျစွာမရရှိသေးကြောင်းလည်း WLB အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

“ အောက်ခြေမှာကြားရတယ်။ မဖော်ပြနိုင်တာအများကြီးရှိတယ်။ တစ်တိုင်းပြည်လုံးရှိနိုင်တယ်။ အိမ်သားထဲက ယောက်ျား သားတစ်ယောက်ယောက်ကို မတွေ့ရင် အမျိုးသမီးကို ပစ်မှတ်ထားဖမ်းတယ်။ အမေအိုတွေတောင် မကျန်ဖမ်းတယ်။ ဒါက တော်တော်ယုတ်တဲ့နည်းပါ”လို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နော်ဆဲဆဲ က ပြောပါတယ်။

ပြည်တွင်းစစ်မီးတွေ တရိပ်ရိပ်တောက်လောင်နေတဲ့ကာလဖြစ်တဲ့အတွက် လက်ရှိပြဿနာတွေကို ဖြေရှင်းရန်ခက်ခဲနေ ပါတယ်။

စစ်ကောင်စီအဖွဲ့မှာ ခေါင်းဆောင်တွေသာပြောင်းလဲခဲ့ပေမယ့် ကျူးလွန်တဲ့အဖွဲ့က မပြောင်းလဲသွားတဲ့အတွက် နိုင်ငံတကာ အနေနဲ့ အမြန်ဆုံး တုန့်ပြန်အရေးယူမှုမပြုလုပ်နိုင်ပါက အမျိုးသမီးတွေဟာ လူသားဒိုင်းအဖြစ်ရော လိင်ပိုင်းစော်ကားမှုရော ပိုပြီး ကျူးလွန်လာနိုင်တယ်လို့ နော်ဆဲဆဲက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ဆိုးရွား တဲ့ပြစ်မှုတွေ ကျူးလွန်နေမှုတွေကို နိုင်ငံတကာက အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကလည်း အောက်တိုဘာ ၅ ရက် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံတွင် တင်ပြမေးခွန်းထုတ်ခဲ့ပါတယ်။

စစ်ကောင်စီရှိနေသမျှ အမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေ၊ ယန္တရားလည်း မရှိတဲ့တော့တဲ့အပြင် တာဝန်ယူမှု တာဝန် ခံမှုတွေလည်း မရှိနိုင်ဘူးလို့ ထောက်ပြကြပါတယ်။

ဒ့ါကြောင့် စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ အမျိုးသမီးတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတွေကို မှတ်တမ်းအဖြစ်ကောက်ယူပြီး နိုင်ငံတကာကိုသာ ချပြသွားမှာဖြစ်ပြီး နောင်တစ်ချိန်မှာ ဒီအမှုတွေ လွတ်မြောက်မသွားဖို့၊ ပြစ်ဒဏ်ပေးနိုင်ဖို့ မှတ်တမ်းယူသွားမှာဖြစ်ကြောင်း အမျိုးသမီးအရေးတက်ကြွဆောင်ရွက်သူတွေက

Author:

Related Articles