လင်းဇေ။ ။
ကျနော့်အဖေဆုံးသွားတာဟာ ဒီနှစ်ဆိုရင် ၁၇ နှစ်ရှိခဲ့ပါပြီ။ တိုက်ဆိုင်မှုရှိတဲ့အခါ အဖေ့ကိုသတိရတတ်သလို အဖေဆုံးတဲ့ ဇူလိုင်လ ရောက်ရင်လည်း သူ့ကို သတိရမိတယ်။ တခါတလေ အဖေ့အကြောင်း အိပ်မက်တွေ မက်ဖြစ်တယ်။ အိပ်မက်ထဲမှာ အဖေနဲ့စကားပြောဖြစ်တယ်ဆိုရင် သူစကားပြောနေတာကို ကြည့်ပြီး အဖေဟာ အပြင်မှာ တကယ်မရှိတော့ ပါလားဆိုတဲ့အသိနဲ့ အိပ်မက်က လန့်မနိုးသွားစေချင်ဘူး။ အိပ်မက်ကနေ လန့်နိုးသွားခဲ့ရင်တောင် အဲဒီအိပ်မက်လေးပြန်မက်ပါစေလို့ ဆုတောင်းပြီး ပြန်အိပ်မိတယ်။
အဲဒီလိုပြောလို့ မင်းအဖေကို ချစ်သလားလို့ မေးရင် ကိုယ့်အဖေပဲချစ်တာပေါ့လို့ ဖြေနိုင်စရာရှိပေမယ့် ဘယ်အချက်တွေကို ချစ်တာလဲလို့ ထပ်မေးရင် ကျနော့်မှာ ရေရေရာရာ ပြောပြစရာ အချက်အလက်မရှိဘူး။ ကျနော့်ဘဝမှာ အဖေနဲ့အတူ နေခဲ့ရတဲ့အချိန်ဆိုတာ ငါးနှစ်ကျော်လောက်ပဲရှိပါတယ်။ ကျနော့်အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အရွယ် လောက်ပေါ့။ လူပျိုပေါက်အရွယ်ဆိုတော့ အဖေဟာ ကျနော့်အတွက် ရင်ခုန်စရာ မကောင်းတော့ဘူး။
ကလေးဘဝမှာ အဖေနဲ့ပတ်သက်လို့ အစောဆုံးမှတ်မိနေတဲ့ အကြောင်းအရာဆိုလို့ အဖေ့ဖင်ကို ကျနော် တံမြက်စည်းနဲ့ ထိုးခဲ့တာပဲ။ အဲဒီအချိန်တုန်းက အမေနဲ့ ကျနော်တို့ ညီအစ်ကို နှစ်ယောက်ဟာ အဒေါ်အိမ်မှာရောက်နေကြတာပါ။ တစ်ရက်တော့ အဖေရောက်လာပြီး အမေနဲ့ မီးဖိုချောင်ထဲမှာ တိုးတိုး၊ တိုးတိုးနဲ့ စကားတွေများကြတယ်။ အဲဒါကို ကျနော်က ထမစိုင်းတံမြတ်စည်းကိုကိုင်ပြီး အဖေ့ဖင်ကို သွားထိုးတယ်။ အဖေက လှည့်ကြည့်ရင် ကျနော်နဲ့အစ်ကိုက တခစ်ခစ်နဲ့ရယ်ပြီး ထွက်ပြေးတယ်။ ခဏနေရင် အဲဒီလိုမျိုးထပ်လုပ်ကြတယ်။ အဖေ့ကိုတွေ့ရလို့ ကျနော်တို့ ညီအစ်ကိုနှစ်ယောက် ပျော်လည်း ပျော်၊ ရှက်လည်း ရှက်၊ ချစ်လည်း ချစ် ဖြစ်နေကြဟန်တူပါလေရဲ့။
အဖေဟာ စစ်သားတစ်ယောက်ပါ။ မကြာခဏ ရှေ့တန်းထွက်ရတယ်။ တစ်ခါတော့ ကျနော်တို့အတွက် ခွေးကြီး တစ်ကောင်ဝယ်လာပေးဖူးတယ်။ အဲဒီအကြောင်းလေးကလည်း ကျနော့်ဘဝအတွက် ငါ့အဖေကွလို့ သူငယ်ချင်းတွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောပြရတဲ့ အကြောင်းလေးတစ်ခုပါ။ ကျနော့်ဘဝရဲ့ အစောဆုံးကာလမှာ အဖေနဲ့ပတ်သက်လို့ အဲဒီ အကြောင်းအရာနှစ်ခုပဲ ကျနော်မှတ်မိတယ်။
ကျနော့်အသက် ခြောက်နှစ်အရွယ်ရောက်တော့ အဖေဟာ တာဝန်နဲ့ ရန်ကုန်ကို ပြောင်းသွားတယ်။ နွေရာသီကျောင်း ပိတ်ရက်ဆိုရင် ကျနော်တို့ မိသားစု အဖေရှိတဲ့ ရန်ကုန်ကို အလည်လိုက်သွားတတ်ကြတယ်။ အဖေဟာ သူ့တာဝန်တွေနဲ့ အလုပ်ရှုပ်နေတတ်တာကြောင့် သူ့ဆီကိုသွားလည်ခဲ့တဲ့ ငါးကြိမ်လောက်မှာ မှတ်မှတ်ရရ တစ်ကြိမ်သာ ကျနော်တို့ကို ရန်ကုန်တိရစ္ဆာန်ရုံ လိုက်ပို့ဖူးတယ်။ ကျန်နေရာတွေ သွားလည်တဲ့အခါ သူ့တပည့်တွေနဲ့လွှတ်တာရှိသလို ကျနော်တို့ ကိုယ့်ဘာသာကိုယ်သွားလည်ရတာတွေလည်း အများကြီးပါ။
အဖေ့ဆီကိုသွားလည်ခဲ့တုန်းက ဒီနေ့ထိ မှတ်မိနေတဲ့အကြောင်းလေးတစ်ခုရှိပါတယ်။ အဖေတာဝန်ကျနေတဲ့ ရွှေတိဂုံ အရှေ့ဘက်မုဒ်က ဓမ္မာရုံတစ်ခုမှာ ကျနော်တို့မိသားစုတွေ ရေနွေးကြမ်းသောက်ခဲ့ရတဲ့ ညလေးတစ်ညပါ။ အမေက ညနေပိုင်းမှာ အမဲခြောက်လေးတွေ မီးဖုတ်ပြီး ဆီစိမ်ထားတယ်။ ညဘက်ရောက်တော့ အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ်၊ ကျနော်ရယ် ဆီစိမ်ထားတဲ့အမဲခြောက်ဖုတ်ကို ရေနွေးကြမ်းလေးနဲ့မြည်းပြီး စကားပြောကြတယ်။ ကျနော်တို့ ထိုင်နေတဲ့နေရာကနေ လှမ်းကြည့်မယ်ဆိုရင် ရွှေတိဂုံစေတီတော်ကြီးတစ်ခုလုံးကို အတိုင်းသားမြင်နေရပါတယ်။
ညဘက် ရှစ်နာရီကျော်ပြီဆိုတော့ ရွှေတိဂုံဘုရားလမ်းဟာ ကားရှင်းပြီး တိတ်ဆိတ်နေတယ်။ ရွှေတိဂုံစေတီတော်ကြီးဟာ ဆလိုက်မီးရောင်တွေအောက်မှာ ရွှေရောင်တဝင်းဝင်းနဲ့ တိတ်ဆိတ်ငြိမ်သက်ပြီး ကြည်ညိုစရာကောင်းလွန်းလှတယ်။ စေတီတော်ကြီးရဲ့ ထီးတော်က မြည်နေတဲ့ ခေါင်းလောင်းသံလေးတွေဟာ အဲဒီညလေးကို ပိုပြီးသာယာအေးချမ်းစေတယ်။
အဲဒီညက အမေ့ရဲ့အပြုံးတွေဟာလည်း ပေါ့ပေါ့ပါးပါးနဲ့ အေးချမ်းနေတယ်။ အဖေကလည်း ပတ်ပြေးဆော့ကစားနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး ပီတီဖြစ်နေတဲ့ အပြုံးနဲ့ပေါ။့ ကျနော်နဲ့ အစ်ကိုကတော့ အမေဖုတ်ပေးထားတဲ့ အမဲခြောက်ဖုတ် လေးကို လာစားလိုက်၊ အဖေနဲ့ အမေကို ပတ်ပြေးရယ်မောဆော့ကစားလိုက်နဲ့ပေါ့။ အဲဒီညလေးဟာ ကျနော့်ဘဝအတွက် မိသားစုဆိုတဲ့ အရသာကို ခံစားလိုက်ရတဲ့ တစ်ခုတည်းသော အခိုက်အတန့်လေးပါ။ ကျနော့်အသက် ရှစ်နှစ်အရွယ် လောက်မှာ ကြုံခဲ့ရတဲ့ အဲဒီမိသားစုညချမ်းလေးဟာ ဒီနေ့အထိ ရင်ဘက်ထဲမှာ နွေးထွေးနေတုန်းပါ။
အဖေ့ကြောင့် ပျော်ခဲ့ရတာလေး တစ်ခုရှိပါသေးတယ်။ အဲဒါက အိမ်မှာ အဖြူ၊ အမဲ တီဗီလေးတစ်လုံး ဝယ်ပေးတာပါ။ အဖေက တီဗီဝယ်ဖို့ ရန်ကုန်ကနေ ပိုက်ဆံလွှဲပေးလိုက်တယ်။ အမေကလည်း ကျနော်တို့ညီအစ်ကိုနှစ်ယောက်ကို မပြောပြထားဘူး။ ကျနော်တို့ ဘောလုံးကန်နေတဲ့အချိန် သူငယ်ချင်းတစ်ယောက်က မင်းအဖေက မင်းတို့ကို တီဗီဝယ်ပေး မလို့တဲ့ကွ ဆိုပြီး ဝမ်းသာအားရလာပြောပြတယ်။ ကိုယ်တွေကလည်း မယုံနိုင်လောက်အောင်ကို ဖြစ်သွားတာ။
၁၉၉၄ ကာလလောက်တုန်းကဆိုတော့ ရွာထဲမှာ တီဗီရှိတဲ့အိမ်ဟာ သုံးအိမ်လောက်ပဲရှိပါတယ်။ သူတို့က သူတို့မိသားစု တွေပဲ ကြည့်ကြတာ။ ကျနော်တို့အိမ်မှာ တီဗီရောက်လာတော့ ရွာထဲက လူတွေလာကြည့်ကြတယ်။ ဘောလုံးပွဲဆိုရင် ပရိသတ်က အိမ်အပြည့်။ မြန်မာဘောလုံးပွဲကြည့်ရင် ထခုန်လို့ အိမ်အဆင့်တောင် ကျိုးကျဖူးတယ်။ ကျနော်တို့အိမ်မှာ တီဗီကြည့်ခဲ့ရတဲ့အကြောင်းကို အခုချိန်ထိ ရွာထဲက လူတချို့က အမှတ်ရနေဆဲပါ။ အဲဒီအတွက်လည်း အဖေ့ကို ကျေးဇူး တင်မိပါတယ်။
ကျနော် ကိုးတန်းတက်မယ့်နှစ်မှာ အဖေရှိတဲ့ ရန်ကုန်ကို ကျနော်တို့မိသားစု အပြီးပြောင်းလာခဲ့တယ်။ မိသားစုတွေ အတူပြန်စုံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အစ်ကိုဟာ ဆယ်တန်း အောင်လို့ အလုပ်ထဲရောက်နေပါပြီ။ ကျနော်တို့ဟာ ဖအေ၊ မအေ အနားကပ်တဲ့အရွယ်မဟုတ်တော့ပါဘူး။ အဖေဟာ တခါတလေ ကျနော်တို့ကို ပွေ့ဖက်ပြီး လာနမ်းတတ် ပေမယ့် ကျနော့်စိတ်ထဲ နွေးနွေးထွေးထွေး မခံစားရတော့ဘူး။ ကျနော် ဆယ်တန်းအောင်တဲ့နှစ်မှာ အဖေရယ် ကင်ဆာ ရောဂါဖြစ်တယ်။ နောက် ၂ နှစ်မှာ အဖေဆုံးတယ်။ ကျနော့်အတွက် အဖေနဲ့ ဆုံခဲ့၊ ကြုံခဲ့ရတာဟာ ဒါအကုန်ပါ။
ကျနော်တို့ဟာ အရွယ်ရောက်လို့ ကိုယ့်လမ်းကိုယ်လျှောက်တော့မယ့်အချိန်ရောက်မှ အဖေနဲ့အတူ နေခွင့်ရပြီး ကလေးဘဝ တစ်လျှောက်လုံးဟာ အဖေနဲ့အတူ မနေခဲ့ရဘူးလို့ ဆိုရမှာပါ။
ကျနော်တို့တွေဟာ မွေးကတည်းကနေ ၁၇၊ ၁၈ နှစ် အရွယ်ရောက်တဲ့အထိကာလတစ်ခုကို တိုက်ပွဲတစ်ခုလို့ မြင်ကြည့်ရင် ကျနော့်အတွက် အဖေနဲ့အမေအပေါ်မှာထားတဲ့ခံစားချက်က မတူဘူး။ အဖေ့အပေါ်မှာထားတဲ့ ခံစားချက်ဟာ တိုက်ပွဲပြီးမှ ဆုံရတဲ့ ရဲဘော်တစ်ယောက်အပေါ်ထားတဲ့ခံစားချက်မျှလောက်သာရှိပြီး အမေ့အပေါ်ထားတဲ့ခံစားချက်ဟာ တိုက်ပွဲကြီး တစ်လျှောက်လုံးမှာ ကြည့်ရှုစောင့်ရှောက်ပေးပြီး အတူတူအသေအကြေတိုက်ခဲ့တဲ့ ရဲဘော်ကြီးတစ်ယောက်အပေါ်ခံစားရ တဲ့ ခံစားချက်မျိုးပါ။
အခုအချိန် အမေ့ကို ဖုန်းဆက်ပြီး အမေလို့ ခေါ်လိုက်ရင် “အေး… ပြော သား” ဆိုတဲ့ အသံထဲမှာ ချစ်ချင်း မေတ္တာတွေ ထက်ပိုတဲ့ ယုံကြည်ရမှု၊ အားကိုးရမှုတွေက အပြည့်ပါ။ အမေဟာ ကျနော်တို့ကို မွေး၊ ကျွေး၊ စောင့်ရှောက်ပြီး လက်တွေ့ ကျကျလူဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ရသူတစ်ယောက်ပါ။ အဖေဖြစ်သူက “မင်းတို့နဲ့အတူရှိမနေရပေမယ့် မင်းတို့အတွက် ငါ ရှာဖွေနေတာပဲလေ”လို့ ဆိုလာရင် အဖေဟာ တိုက်ပွဲတစ်ခုအတွက် အဝေးကနေ ရိက္ခာထောက်ပံ့ရုံမျှသာဖြစ်ပြီး အမေဟာ နေ့စဉ် မြေပြင်မှာ လက်တွေ့ ရန်သူနဲ့ မျက်နှာချင်းဆိုင်တိုက်နေရတဲ့ စစ်သားတစ်ယောက်လို့ပဲ ဆိုရမှာပါ။
၁၉၉၈ ခုနှစ် ကျနော် ရှစ်တန်းတက်နေတုန်းက အမေဟာ ပိုက်ဆံလိုလို့ အဖေ့ဆီမှာ သွားယူခိုင်းဖူးတယ်။ အဲတုန်းက ပုသိမ်-ရန်ကုန် အဝေးပြေးကားလက်မှတ်ဟာ ၃၀၀ ကျပ် ဝန်းကျင်ပါ။ ဆန်တစ်ပြည်ဈေးနှုန်းကလည်း ရာဂဏန်း ပဲရှိပါ တယ်။ ဆင်မလိုက်အဝေးပြေးကနေ အဖေရှိတဲ့ မင်္ဂလာဒုံကို ကိုယ့်ဘာသာကိုယ်လိုင်းကားစီးသွားတယ်။ အဖေ့ရဲ့လစာ ၃,၅၀၀ ကျပ်ကိုယူပြီး ကျနော်အဝေးပြေးကို ကိုယ့်ဘာသာကိုယ်ပဲ ပြန်လာခဲ့တယ်။ အဲတုန်းက ပိုက်ဆံ ၃၅၀၀ ကျပ်ကို ကျောပိုးအိတ် အောက်ဆုံးက အင်္ကျီအခေါက်လေးထဲမှာ ထည့်ပြီး ပြန်လာခဲ့ရတာကို ကျနော် မှတ်မိနေသေးတယ်။
အဲဒီ ပိုက်ဆံ ၃၅၀၀ ကျပ်ကို တစ်လလုံးဘယ်လိုသုံးမလဲ။ ကျနော်အတွက် အဖြေမရှိပေမယ့် အမေ့အတွက် ဒီလိုကိစ္စတွေ ဟာ အဆန်းမဟုတ်တော့သလိုဘဲ။ အချိန်တန်ရင် ကျနော်တို့ ကျောင်းတက်နိုင်တယ်၊ ကျောင်းမုန့်ဖိုး တစ်ရက်ငါးကျပ်ရ တယ်၊ မနက်စာ မုန့်ဟင်းခါးစားရတယ်၊ ကျောင်းကနေ အိမ်ပြန်လာရင် အိုးထဲမှာ ထမင်းနဲ့ဟင်း အဆင်သင့်ရှိတယ်။
အဖေပို့ပေးတဲ့ ပိုက်ဆံနဲ့ မလောက်ငတဲ့အခါ အမေဟာ မှန်စက်ရုံမှာ အလုပ်ဝင်လုပ်ရတယ်၊ အုတ်ဖိုမှာ အုတ်ခဲတွေ လိုက်သယ်တယ်၊ သဲကျောက်သယ်တဲ့ ကားနဲ့လိုက်ပြီး သဲကျောက်တွေ လိုက်သယ်တယ်။ ထမင်းဟင်းချက်စရာ ပိုက်ဆံ မရှိတဲ့အခါ အိမ်မှာမွေးထားတဲ့ ကြက်ကလေးတွေကို ထုတ်ရောင်းတယ်။ ချက်စားတယ်။ ရောင်းစရာ ကြက်မကျန်တော့ရင် သူဝတ်တဲ့ လုံချည်ဝမ်းဆက်တွေကို အပေါင်ဆိုင် ပို့ပစ်တယ်။ သူ့ရဲ့လုံချည်တွေဟာ အိမ်နဲ့အပေါင် ဆိုင် ကို အမြဲကူးချီသန်း ချီပါ။
တစ်ခါက အိမ်မှာ ဟင်းချက်စရာ မရှိလို့ အမေအလုပ်လုပ်နေတဲ့ အုတ်ဖိုကို ကျနော်လိုက်သွားတယ်။ အမေက “သား ရှေ့က ပြန်နှင့်” လို့ဆိုပြီး ငါးတံခွန်ခြောက်ပြားတစ်ခုကို ဝယ်ပေးလိုက်တယ်။ အိမ်ရောက်တော့ ငါးတံခွန်ခြောက်ပြားကို ဖိနပ်ချွတ်မှာ တင်ထားပြီး ခြံထဲမှာ ကျနော် ဆော့နေမိတယ်။ ငါးခြောက်ကို သတိရလို့ ပြန်လာကြည့်တော့ အိမ်က ခွေးဟာ ခြံထောင့်မှာ ငါးခြောက်ပြားကို ကောင်းကောင်းစားနေတယ်။ ကျနော်က မောင်းပေမယ့် ခွေးဟာ လက်ကျန်ငါးခြောက်ကို ယူပြီး ထွက်ပြေး သွားတယ်။
အမေအလုပ်က ပြန်လာတော့ အမေရေ ငါးခြောက်ကို ခွေးချီသွားလို့ မရှိတော့ဘူးလို့ ပြောလိုက်တဲ့အခါ အမေဟာ မောမော ပန်းပန်းနဲ့အတော်လေးစိတ်ဓာတ်ကျသွားတယ်။ “ဝယ်စရာ ပိုက်ဆံမရှိပါဘူးဆို နင်တို့ကလည်း တစ်မျိုး” လို့ ငြီးထွားပြီး ဆိုင်မှာ နောက်ထပ် ငါးခြောက်ပြားအသေးလေးတစ်ခု အကြွေးနဲ့သွားဝယ်လိုက်တယ်။ အဲဒီနေ့က အမေ့ကို ကြည့်ပြီး ကျနော် သနားစိတ်ဖြစ်မိသလို ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်ခဲ့ရတယ်။
နွေရာသီကျောင်းပိတ်လို့ အဖေ့ဆီကို သွားလည်တဲ့အခါ တစ်ခါတလေ အမေက မလိုက်နိုင်ဘူး။ ကျနော်တို့က အမေ ရယ်လိုက်ခဲ့ပါဆိုပြီး အတင်းခေါ်ရင် “အမေ့မှာ ဝတ်စရာ အဝတ်အစား မရှိဘူး သားရေ” လို့ ပြောဖူးတယ်။ ဘီရိုထဲမှာ အဝတ်အစားကောင်းတွေရှိကြောင်းပြောတဲ့အခါ “ဒါတွေချည်းပဲ အမြဲဝတ်လာလို့ သင်္ဘာဆိပ်က လူတွေတောင် အမေ့ကို မှတ်မိနေပြီ သားရေ” လို့ ပြောပြီး ကျန်ခဲ့ရတဲ့အခေါက်တွေလည်းရှိတယ်။
တစ်ခါက အဖေ့ဆီသွားလည်တဲ့အခါ အမေဟာ အဖေ့ဆီတန်းမဝင်ဘဲ ရွှေတိဂုံအရှေ့ဘက်မုဒ်စောင်းတန်းမှာ ဆင်းတယ်။ ကျနော့်ကို ခပ်လှမ်းလှမ်းမှာနေစေပြီး သူက ရွှေဆိုင်လေးတစ်ခုထဲဝင်သွားတယ်။ ပြန်ထွက်လာတော့ ဆွဲကြိုးနဲ့ လက်စွပ် လေး ဝယ်လာတယ်။ အမေဘာလုပ်တယ်ဆိုတာကို ရိပ်မိပေမယ့် ချက်ချင်းမမေးဖြစ်ဘူး။ နောက်တော့ အမေက အဲဒီ ရွှေထည်တွေဟာ တန်ဖိုးမရှိကြောင်း၊ ရွှေရည်စိမ်ထားတာဖြစ်ကြောင်း ရှင်းပြတယ်။ လူ့ဘဝအကြောင်းကို အမေ့ဆီ ကနေ ကျနော်တို့ အစောကြီးသင်ကြားခဲ့ရတယ်လို့ဆိုရမယ်။
ကလေးဘဝကို ပြန်ကြည့်တဲ့အခါ အဖေက ကျနော့် နားရင်းကို တစ်ခါရိုက်ဖူးတယ်။ အဲတုန်းက ခေါင်းတွေမူးပြီး အတော်ကို ငိုလိုက်ရတယ်။ အမေကတော့ ကျနော်တို့ကို ရိုက်တယ်ဆိုတာမျိုး မတွေ့ရဘဲ မာန်တာ၊ ဆူတာ လောက်ပဲ ကြုံဖူးတယ်။ အမေဟာ ကျနော်တို့ကို တော်တော်လေး အလိုလိုက်ခဲ့တယ်လို့ဆိုရမယ်။
အမှတ်ရဆုံးကတော့ ကျနော်တို့ ညီအစ်ကိုနှစ်ယောက် ညတိုင်း ဗီဒီယိုရုံမှာ ဗီဒီယိုသွားကြည့်ကြတာပဲ။ ရုံဝင်ခက ဗီဒီယို နှစ်ကားကို ငါးမူး။ တခါတလေ ပိုက်ဆံမရှိလို့ ရုံထဲမဝင်ရရင် အလကားပြမယ့် နောက်တစ်ကားကို ကြည့်ရဖို့ ရုံအရှေ့မှာ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်တယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်လိုကာလမျိုးမှာ ကျနော်တို့ဘက်က ဘုန်းကြီးကျောင်း တွေမှာ ဗီဒီယိုမိုးတလင်း အလကားပြတာရှိတယ်။ ကျနော်တို့ ညီအစ်ကိုနှစ်ယောက် မိုးတလင်းကြည့် တယ်။ အမေဟာ ကျနော်တို့ကို မသွားနဲ့လို့ တစ်ခါမှ မတားဘူး။
အဲတုန်းက ကျနော်တို့နေတဲ့ရွာက လူနေကျဲတယ်၊ ချုံထူတယ်။ ခြံတွေက အကျယ်ကြီးတွေ။ ကျနော်တို့နဲ့ တစ်ခြံကျော် မှာက သင်္ချိုင်းကုန်းရှိတယ်။ ဗီဒီယိုသွားကြည့်ပြီဆိုရင်လည်း အိမ်ရှေ့မှာရှိတဲ့ မယ်ဇလီပင်တောကြီးကို ဖြတ်သွားရတာ။ အသွားမှ ပြဿနာမရှိပေမယ့် ညဉ့်နက်လို့မှောင်တဲ့အခါ အဖော်တွေနဲ့ ပြန်လာရတယ်။ ကျနော်တို့ ဗီဒီယိုသွားပြီဆိုရင် အမေဟာ မျက်စီမှုန်၊ နားလေးတဲ့ အဖွားနဲ့ နှစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ရတာပါ။
အဲတုန်းက အိမ်မှာ နေခဲ့ရတဲ့အခါ သရဲအခြောက်ခံရတဲ့အကြောင်း၊ အိမ်က ခွေးက တအားထိုးထိုးဟောင်လို့ ကြောက် ကြောက်နဲ့ မကြာခဏ ထကြည့်ရတဲ့အကြောင်းတွေကို ကျနော်တို့ သိတတ်တဲ့အရွယ်မှာ ပြန်ပြောပြတဲ့အခါ အမေ့ကို သနားမိသလို သားတွေအပေါ်နားလည်ပေးတဲ့ အမေ့ကိုလည်း ပိုပြီးချစ်ရတယ်။
အမေဟာ ညဘက်ဆိုရင် ပုတီးစိပ်၊ ဘုရားရှိခိုးလေ့ရှိတယ်။ ကျနော်တို့ကိုလည်း အိပ်ယာဝင်တဲ့အခါ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ သင်ပေးတယ်။ ဒါ့ကြောင့် ငယ်ငယ်ကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာကို နေ့စဉ်လိုလိုလုပ်ဖြစ်ခဲ့တယ်။ ပြီးတော့ အမေ ပုံပြင်ပြောပြတာတွေကိုလည်း မှတ်မိနေသေးတယ်။ ငှက်ညီအစ်ကို ရေသွားကူးတဲ့အကြောင်းပါ။ ကျနော့် မျက်လုံးထဲမှာ ငှက်မည်းမည်းလေးတွေ အဝေးကိုထွက်သွားတာပဲ ပြေးမြင်နေမိတယ်။ ငှက်အမေကြီးလည်းပါတယ်။
ပုံပြင်ရဲ့အကြောင်းအရာကို အသေအချာ မမှတ်မိတော့ပေမယ့် နားထောင်တိုင်း ငိုရတာကို မှတ်မိနေသေးတယ်။ အရွယ် ရောက်လာတော့ အဲဒီပုံပြင်တွေ ဘယ်ကဖတ်ရတာလဲလို့ အမေ့ကို မေးကြည့်တော့- “အမေလည်း ပါးစပ်ထဲရှိရာ ရှာကြံ ပြောရတာပေါ့ ဟဲ့” တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငယ်ငယ်တုန်းက အိပ်ယာဝင်တဲ့အခါ ပုံပြင်လေးတွေ နားထောင်ခဲ့ရတာကို တအားကို ကျေးဇူးတင်မိတယ်။
ပြီးတော့ ကိုယ့်မှာ စားစရာရှိတဲ့အခါ သူများတွေကို ဝေမျှပေးတတ်အောင်လည်း အမေက လက်တွေ့လုပ်ပြပေးခဲ့တာတွေ လည်းရှိပါသေးတယ်။ စားစရာမရှိတဲ့ မိသားစုတစ်စုကို မျှဝေကျွေးမွေးလိုက်လို့ အဲဒီမိသားစုလေး ပြန်လည် ကျန်းမာ ခဲ့တဲ့အဖြစ်လေးကို ပြန်တွေးတိုင်း ဒီနေ့အထိ ပီတိဖြစ်ရတုန်းပါ။ ဒါဟာ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်၊ မျှဝေကူညီ တတ်တဲ့စိတ်လေးတွေကိန်းအောင်းလာအောင် အမေက မွေးမြူသင်ကြားပေးခဲ့တယ်လို့ ခံစားရတယ်။
အမေ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်တာနဲ့ပတ်သက်လို့ မှတ်မိနေတာ တစ်ခုရှိသေးတယ်။ အဖေရယ် ချောင်းဆိုးပြီး အသံမထွက် တော့ လို့ ဆေးရုံတက်၊ လည်ချောင်းဖောက်ပြီး အသားစကို စစ်တယ်။ တစ်ရက် ကျနော် လူနာစောင့်ကျပြီး အဖေနဲ့ နှစ်ယောက်တည်းရှိနေတဲ့အချိန် သူနာပြုဆရာတစ်ယောက် ကျနော့်ကိုလာခေါ်တယ်။ သူနာပြု ဆရာ၊ ဆရာမတွေ နားနေ တဲ့နေရာရောက်တော့ ဆရာက “ညီလေး မင်းအဖေရဲ့ဆေးအဖြေက ကင်ဆာလို့ အဖြေ ထွက်တယ်။ အခုချက်ချင်းလူနာ ကိုတော့ သွားမပြောနဲ့ဦး” ဆိုပြီး ပြောတယ်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့” လို့ ပြောပြီး ကျနော်ဟာ အဖေ့ကုတင်ဆီ ခေါင်းငိုက်စိုက်ကျပြီး ပြန်လာတယ်။ ကျနော့်မျက်နှာဟာ ဘယ်လိုမှ ဖုံးလို့ဖိလို့ မရအောင် ပျက်နေတော့ အဖေက “ဘာပြောတာလဲ”လို့ မေးတယ်။ ဘာမှမဟုတ်ဘူးလို့ ပြောပေမယ့် အမူအရာတွေက ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အဲဒါနဲ့ အဖေက လက်ကိုကိုင်ပြီး “ဘာပြောလိုက်လို့လဲ” လို့ ထပ်မေး တယ်။ အဲဒီအခါ ကျနော်ဟာ ငိုချလိုက်ပြီး “အဖေ့မှာ ကင်ဆာဖြစ်နေတာလို့ ပြောတယ်” လို့ ပြောချလိုက်တယ်။
အဖေဟာ သူ့နဖူးသူ လက်ဝါးနဲ့ရိုက်ပြီး “ဟာ” လို့ အော်လိုက်ပေမယ့် သူ့ပါးစပ်က အသံမထွက်ရှာဘူး။ ပြီးတော့ သူနဲ့ ကျနော် နှစ်ယောက်သား ငိုကြရော။ အဲဒီအချိန် အမေဟာ နေ့လယ်စာထမင်းချိုင့်လေးကိုင်ပြီး ပြုံးပြုံး၊ ပြုံးပြုံးနဲ့ ရောက် လာတယ်။
“ ဟဲ့ ဒီသားအဖတွေ ဘာဖြစ်နေတာတုန်း။ သူများတွေ ကြည့်နေဦးမယ် ဘာလို့ငိုနေတာတုန်း” လို့ အသံကိုအုပ်ပြီး တိုးတိုး လေးမေးတယ်။ ကျနော်က အကြောင်းကို ပြောပြလိုက်တော့ “အဲဒါ ဘာဖြစ်တုန်း၊ ဒီခေတ်ကြီးမှာ ဆေးတွေ ဒီလောက် ပေါနေတာ။ ကုလို့ပျောက်တဲ့သူတွေ အများကြီးပဲ။ သေသွားတာလည်း မဟုတ်ဘူး။ ငိုမနေနဲ့ ထမင်းစား၊ ထမင်းစား” ဆိုပြီး ဘာမှ မဖြစ်တဲ့မျက်နှာနဲ့ အမေက ပြောတယ်။
အဲဒီအခါ အဖေဟာ အသိပြန်ဝင်လာပြီး “ဟုတ်တယ်၊ ငါမသေသေးဘူး။ ငိုမနေနဲ့” ဆိုပြီး ကျနော့်ကို အငိုရပ်ခိုင်းတယ်။
ညနေစောင်းလို့ လူနာစောင့်ရောက်လာတဲ့အခါ အမေနဲ့ ကျနော် အိမ်ပြန်ကြတယ်။ ကျနော် လမ်းတလျှောက်လုံး မျက်ရည် တွေကျနေမိတယ်။ လိုင်းကားပေါ်မှာလည်း မျက်ရည်တွေဟာ ဘယ်လိုမှ ထိန်းမရဘူး။ အိမ်ရောက်တော့ ညစာ မစားဘဲ အဖေ့အကြောင်းပဲ တွေးနေမိတယ်။ အမေက ထမင်းစားဖို့ပြောပေမယ့် ကျနော်မစားနိုင်ဘူး။
အမေဟာ ဘာမှမဖြစ်သလို ပုံစံမျိုးပါ။ တကယ်တမ်း ပြန်စဉ်းစားကြည့်တဲ့အခါ ကျနော်က ကိုယ့်အဖေမှာ သေစေနိုင်တဲ့ ကင်ဆာရောဂါဖြစ်လို့ ခံစားရရုံလောက်ပါ။ ဒါပေမဲ့ အမေကျတော့ သူနှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့ဘဝအဖော် ယောင်္ကျားမှာ ကုသဖို့ခက်ခဲ့တဲ့ ရောဂါတစ်ခုဖြစ်တာ၊ သားတွေက ဝင်ငွေကောင်းကောင်းမရသေးဘူး။ ဆွေမရှိ၊ အမျိုးမရှိတဲ့ ရန်ကုန်မှာ ယောင်္ကျားကို ဆေးကုရင်း သားနှစ်ယောက်နဲ့ ခရီးဆက်ရမယ့်ကိစ္စ။ သူဘယ်လောက်အထိပူလောင်နေမယ်ဆို တာ တွေးကြည့်လို့ရတယ်။ ဒါပေမဲ့ အမေဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။
အစ်ကိုနဲ့ ကျနော်ဟာ အမေနဲ့ကြီးပြင်းခဲ့ရတဲ့ သားတွေပါ။ ကလေးဘဝတုန်းက အမေဆီက သွန်သင်ဆုံးမမှုတွေ သင်ယူခဲ့ ရတယ်။ ဒါပေမဲ့ အဖေနဲ့တော့ အတူမနေခဲ့ရတဲ့အတွက် ဘာမှကို လေ့လာခွင့် မရလိုက်ဘူး။ အဲဒါနဲ့ပတ်သတ်လို့ ကျနော့် ပတ်ဝန်းကျင်က မိသားစုတွေကိုလည်း လေ့လာကြည့်မိတယ်။ မိသားစုအများစုမှာ အမေဟာ မိသားစု တစ်လုံးရဲ့တာဝန်ကို အပြည့်အဝယူထားကြတာကို တွေ့ရတယ်။ ကလေးနှစ်ယောက်၊ သုံးယောက်မွေးထားလည်း အဲဒီကလေးတွေကို မိခင် ဖြစ်သူကသာ ထိန်းကျောင်းစောင့်ရှောက်ရတာကများတယ်။
တစ်ဖက်မှာလည်း မိသားစု စားသောက်ရေးအတွက် သူများအိမ်တွေမှာ အဝတ်လျှော်တယ်၊ ရေခပ်ပေးတယ်၊ ဝက်စာ ကောက်ပေးတယ်၊ ကောက်ညှင်းပေါင်းရောင်းတယ်၊ ဟင်းသီးဟင်းရွက်တွေရောင်းတယ်။ ပြီးတော့ ကြုံတဲ့အလုပ်ကို ဝင်လုပ်တယ်။
ဒါပေမဲ့ ဖခင်ဖြစ်သူတွေကတော့ အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အိမ်မှာ မရှိတာများတယ်။ သားသမီးကို မကြည့်တာ များကြတယ်။ သူတို့ရဲ့အလုပ်ကလည်း ပန်းရံအလုပ်၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့အလုပ်။ အလုပ်မရှိတဲ့အခါ အပေါင်းအသင်းတွေနဲ့ စုရုံးစုရုံးလုပ်တာများတယ်။ အဲတော့ သားသမီးဆိုတာ သူတို့နဲ့မဆိုင်သလိုဘဲ။ မိန်းမလုပ်သူကသာ စောင့်ရှောက်ရမယ့် တာဝန်ရှိသလိုမျိုး။
အဲဒီအခြေအနေကို ကြည့်ပြီး ကျနော်ဘာတွေးမိလဲဆိုရင် ကြက်ဖကြီး စောင့်ရှောက်တဲ့ ကြက်ကလေးတွေဆိုတာ မရှိသလို ဘဲထီးကြီးက စောင့်ရှောက်တဲ့ ဘဲလေးတွေဆိုတာလည်း မကြားဖူးပါဘူး။ အလားတူ နွားထီးကြီးစောင့်ရှောက်တဲ့ နွားပေါက်လေးဆိုတာလည်း မရှိသလောက်ပါဘဲ။ အချိန်တန်လို့ သားပေါက်လာတဲ့အခါ ကြက်မ၊ ဘဲမနဲ့ နွားမကြီးတွေကပဲ သားသမီးတွေ အတောင်စုံပြီး အရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ပေးတယ်။
အဲတော့ ကျနော်တို့အဖြစ်ဟာလည်း ဘဲမ၊ ကြက်မနဲ့ နွားမကြီးတွေနဲ့ သိပ်မခြားသလိုမျိုးဖြစ်နေတယ်။ ကျနော့်မိဘ အပါ အဝင် ကျနော့်ပတ်ဝန်းကျင်က မိဘတွေဟာ ကလေးမွေးလာလို့သာ ယူလိုက်ကြတယ် သားသမီးတွေ ရှေ့ရေးအတွက် ဘာမှထွေထွေထူးထူး စဉ်းစားထားဟန် မတူပါဘူး။
သားသမီးရလာတဲ့အခါ အမေက ကျွေးမွေးစောင့်ရှောက်၊ အဖေက အပြင်ထွက်ပြီး စီးပွားရှာ။ အဲဒါဟာ ကြားလို့ပဲကောင်း တယ်။ တကယ်တမ်းရုန်းကန်ရတဲ့အခါ အမေတွေဟာ အဖေတွေထက် ပိုပြီးရုန်းကန်ရတာတွေ့ရတယ်။ အဖေတွေဟာ နေသာသလို နေလိုက်ကြတာ တွေ့ရတယ်။ အဲဒီအကျင့်ဟာ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အရိုးစွဲနေတဲ့ အကျင့်တစ်ခု လိုဖြစ်နေတာပါ။
ကျနော်ရဲ့ကလေးဘဝမှာ အဖေနဲ့အတူထိုင်ပြီး စကားပြောရတာ၊ အဖေနဲ့အတူတူဆော့ကစားရတာဆိုတာ မကြုံဖူးဘူး။ အဝေးကိုရောက်နေလို့ လူချင်းမတွေ့ရဘူးဆိုရင်တောင် ဖုန်းကနေတဆင့် အဖေဟာ ကျနော်တို့ကို ဘာလို့ စကားမပြော ခဲ့တာလဲဆိုတာ မတွေးတတ်ဘူး။
ကျနော့်ရဲ့ မိတ်ဆွေတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက ကွဲကွာသွားတဲ့ အဖေကို အသက် ၃၀ နားရောက်မှ ပြန်တွေ့ရတယ်။ အဖေကို တွေ့ရတာဟာ သာမန်ယောင်္ကျားတစ်ယောက်ကို တွေ့ရတာနဲ့ ဘာမှ မခြားနားကြောင်း၊ သူ့စိတ်ထဲမှာ ဘယ်လိုမှ မခံစားရတဲ့အကြောင်း၊ ဝမ်းသာမျက်ရည်ကျတယ်ဆိုတာ ရုပ်ရှင်ထဲမှာသာဖြစ်ကြောင်း ဖေ့ဘွက် မှာ ပို့စ်တင်တယ်။ သူ့ရဲ့ခံစားချက်ကို ကျနော် နားလည်တယ်။ အဖေကို ပြန်တွေ့တာ ဝမ်းမသာရကောင်းလားဆိုပြီး သူ့ကို အပြစ်ဆိုတဲ့ လူတွေကို ကျနော် ဒေါသဖြစ်တယ်။
ကျနော်တို့ဟာ မိဘမဲ့သွားတဲ့သူတွေ၊ မိဘတစ်ခြမ်းပဲ့သွားတဲ့ လူတွေထက်စာရင် အများကြီးသာပါတယ်။ ဒါပေမဲ့ ကျနော် တို့ဟာ အမေ၊ အဖေတွေ ရှိပါလျက်နဲ့ အဖေ၊ အမေ မေတ္တာကို အပြည့်အဝမရခဲ့တဲ့ သားသမီးတွေပါ။ အထူးသဖြင့် အမေ့ မေတ္တာထက် အဖေ့မေတ္တာကို မရကြတဲ့ သားသမီးတွေ ကျနော်တို့ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါ။
ကျနော်ဟာ အဖေ့မေတ္တာကို ရဖို့မဖြစ်နိုင်တော့ပေမယ့် သားသမီးတွေကို မေတ္တာပေးနိုင်တဲ့ အဖေတစ်ယောက်တော့ ဖြစ်ခွင့်ရှိပါသေးတယ်။ အခု ကျနော့်သားနဲ့အတူ နေခွင့်ရခိုက်မှာ ကျနော်မရခဲ့တဲ့ မေတ္တာတွေ သူ့ကို အပြည့်အဝပေးဖို့ ကြိုးစားနေပါတယ်။ အလားတူပဲ အဖေရှိတဲ့သားသမီးတွေအားလုံးလည်း အဖေ့မေတ္တာကို အပြည့်အဝရနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။