အောင်မိုးဝင်း။ ။
(မြန်မာ့အမျိုးသမီးသမဂ္ဂ ချိုးလင်းပြာ အမျိုးသမီးစာစောင် အမှတ်(၆) ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ မှ ပြန်လည်ဖော်ပြသည်)
နိုဝင်ဘာ(၂၅)ရက်ကနေ ဒီဇင်ဘာ(၁၀)ရက်နေ့အထိကို ” အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်စေတဲ့နေ့” အဖြစ် ကုလသမဂ္ဂကသတ်မှတ်ခဲ့တယ်။ ဒီဇင်ဘာ ၁၀ရက်နေ့(လူ့ အခွင့်အရေးနေ့)မတိုင်ခင်အထိ (၁၆)ရက်လုံးလုံးလှုပ်ရှားမှုတွေလုပ်ကြတယ်။ အထူးသဖြင့် လက်တင်အမေရိကကကျောင်းသူကျောင်းသားတွေက ဒီလိုနေ့ကိုရောက်ရင် သူတို့ဆီက လှုပ်ရှားမှုသတင်းတွေ၊ ရုပ်ရှင်ခွေလေးတွေ ကျနော့်ကို လက်ဆောင်ပေးလေ့ရှိတယ်။ တကယ်တော့ ဒီလိုနေ့တနေ့ပေါ်ပေါက်လာစေဖို့အတွက်ပေးဆပ်ခဲ့ရတဲ့သမိုင်းက နည်းတာမဟုတ်ဘူး။ ကျောင်းကပွဲတွေမှာ ကျနော်တို့တွေ့ကြပြီဆိုရင် ကျနော်သူတို့ကိုပြောနေမိတယ်။
“ကြည့်စမ်းဘရာဇီး၊ ကိုလံဘီယာ၊ ဒိုမီနီကန်ရီပတ်ပလစ်၊ ဗင်နီဇွဲလားဆိုတဲ့နိုင်ငံမှာ တေးသီချင်းတွေကလည်း လှတယ်။ အမျိုးသမီး၊ အမျိုးသားတွေကလည်း ချောမောပြီး ဆွဲဆောင်မှု အားကောင်းလွန်းတယ်။ ပတ်ဝန်းကျင်ကိုရိုက်ခတ်နေတဲ့ ပင်လယ်ဆီကလှိုင်းတွေ၊ ပြီးတော့ နှစ်ယောက်တွဲကနေတဲံ လက်တင်အကတွေက ကမ္ဘာခြားတခုဆီကို သိမ်သိမ်မွေ့မွေ့ ခေါ်သွားလိမ့်မယ်”လို့ ဒါပေမယ့် အဲဒီမြင်ကွင်းတွေရဲ့နောက်ကွယ်က သွေးညှီနံ့လွှမ်းနေတဲ့ ကြေကွဲဖွယ်ဇတ်လမ်းတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ နိုင်ငံရေးပြဿနာတွေက စိမ်းပြာရောင်ထနေတဲ့ပင်လယ်ကို မင်သက်ငိုကြွေးစေခဲ့လိမ့်မယ်။
ဒိုမီနီကန် ရီပတ်ပလစ်ဆိုတဲ့ကျွန်းနိုင်ငံလေးမှာ အမျိုးသမီး(၃)ယောက်ရဲ့ရုပ်ထုကို ထုဆစ်ပြီး သမိုင်းဆိုင်ရာ အချက်အလက်တွေကိုခင်းကျင်းပြထားတဲ့ ပြတိုက်လေးတခုရှိတယ်။ အဲဒီအမျိုးသမီး(၃)ယောက်ကို လိပ်ပြာတွေလို့လူသိများကြတယ်။ စစ်အာဏာရှင်ဆန့်ကျင် ရေးကာလတုန်းက သူတို့ကိုမြေအောက်လှုပ်ရှားမှုရဲ့သင်္ကေတတွေအဖြစ် ပြည်သူတွေက ခေါ်ဆိုခဲ့တဲ့နာမည်လေး။ အထက်တန်းလွှာမိသားစုက မွေးဖွားလာခဲ့သူတွေဖြစ်ကြသလို၊ တကယ့်ကို လှပပြီးဆွဲဆောင်မှုရှိတဲ့သူတွေဖြစ်တယ်။ သူတို့(၃)ယောက်လုံး နိုဝင်ဘာ(၂၅)ရက်နေ့က ကြံစိုက်ခင်းတွေထဲရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတယ်။ ဂယက်ပြီးဆုံးမသွားဘူး။ လိပ်ပြာတွေကိုသတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်ထရူဂျီလိုတယောက်လည်း နောက်တနှစ်အကြာမှာလုပ်ကြံခံခဲ့ရတယ်။ ကျန်ရစ်ခဲ့တဲ့ညီမလေး ဂျူလီယာအယ်လဗာရက်စ် (Julia Alvarez)က အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးခဲ့ပြီး သူတို့မိသားစုကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးတွေ၊ လှုပ်ရှားရုန်းကန်မှုတွေကို စာအုပ်တအုပ်ရေးသားခဲ့တယ်။
“လိပ်ပြာတွေပျံဝဲနေချိန်မှာ(In The Time of the Butterflies) “ဆိုတဲ့ ရုပ်ရှင်အဖြစ် နာမည်ကြီးလက် တင်မင်းသမီး ဆယ်လ်မာဟိုက်က် (Salma Hayek)က သရုပ်ဆောင်ထားတယ်။ ခေါင်းစဉ်နာမည်က အတူတူပဲ၊ အချိန်ရမယ်ဆိုရင်တော့ဝတ္ထုကိုဖတ်စေချင်ပါတယ်။
ရုပ်ရှင်ကပေးချင်တဲ့အချက်အလက်တွေအခင်းအကျင်းတွေက ဦးတည်ချက်တွေကိုမပေါ်လွင်ဘူး။ ဇတ်အိမ်တခုလုံးအားနည်းသွားစေခဲ့တယ်။ ကျနော်ကတော့ ရုပ်ရှင်ထက် ဝတ္ထုကိုပိုကြိုက်တယ်။ ညီအမ(၃)ယောက်ရဲ့ဒိုင်ယာရီတွေ၊ နှလုံးသားဆီက ရိုက်ခတ်လာတဲ့အသံတွေကို နှစ်အလိုက်ခွဲပြီး စာရေးဆရာမက လှလှပပသီကုံးထားတယ်။ ဝတ္ထုထဲကအစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မီး မှောင်းထိုးပြထားတဲ့စကားပြောတွေ၊ ဖြစ်စဉ်တွေကို ဖော်ပြရင်းနဲ့အကြမ်းဖျင်းပဲ မိတ်ဆက်ပေးလိုက်ပါတယ်။ တချို့စကားတွေကိုတော့ တိုက်ရိုက်မယူတော့ပဲ မြန်မာလိုနားလည်နိုင်တဲ့စကားလုံးတွေအဖြစ် အစားထိုးပစ်ခဲ့တယ်။
လိပ်ပြာတွေပျံဝဲနေချိန်မှာ…
ကယ်ရစ်ဘီယံပင်လယ်ရဲ့ဟာရီကိန်းခါးပတ်လို့ခေါ်တဲ့ နယ်မြေအတွင်းမှာ အယ်သီလက်စ်ကျွန်းတန်းတွေရှီတယ်။ ကျွန်းတန်းတွေရဲ့အနောက်ခြမ်းသုံးပုံတပုံကို ဟေတီသမ္မတနိုင်ငံက နေရာယူထားပြီး၊ အရှေ့ခြမ်းသုံးပုံနှစ်ပုံကိုတော့ ဒိုမီနီကန်ရီပတ်ပလစ်က သိမ်းပိုက်ထားတယ်။ ဒိုမီနီကန်ရီပတ်ပလစ်ရဲ့အနောက်ဖက်မှာ ကျူးဘားနိုင်ငံတည်ရှိပြီး၊ အရှေ့ ဖက်မှာ တော့ ပေါ်တူရီကိုနိုင်ငံရှိတယ်။ ခရစ်တိုဘာ ကိုလံဘတ်စက်က ၁၅ ရာစုကတည်းက ပထမဆုံးစပိန်ကိုလိုနီချဲ့ထွင်မှုကို စတင်ခဲ့တယ်။ ဒိုမီနီကန်ရီပတ်ပလစ်မှာ ကိုလံဘတ်စ်ရဲ့”ရှာဖွေတွေ့ ရှိခြင်းနေ့”ကိုနှစ်စဉ်ကျင်းပတယ်။
တကယ်တော့ ကယ်ရစ်ဘီယံရဲ့ညတွေဟာ အရိုင်းဗုံတီးသံတွေ၊ မတရားမှုကို အာခံတဲ့စစ်ပွဲတွေက ဟာရီကိန်း မုန်တိုင်းတွေနဲ့အတူရောက်လာတတ်တယ်။ ဒါပေမယ့် တော်လှန်ရေးတွေကရောလူတွေကို တကယ်ပြောင်းလဲပေးနိုင်ရဲ့လား။ ရက်စက်ထန်ပြင်းတဲ့အာဏာစက်တခုကနေ နောက်ထပ် လိမ်ညာလှည့်စားတဲ့ မိန့်ခွန်းတွေ၊ အညှိုးအတေးတွေ၊ အစီရင်ခံစာတွေဖြစ်နေမယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေတွေဆီမှာ ခရုတွေလိုက်ကောက်နေတဲ့ ကလေးတွေလို၊ ဘယ်အချိန်မှာ ရောက်လာမယ်မှန်းမသိတဲ့ လှိုင်းတွေကိုမေ့လျော့ထားလိုက်ပေတော့တဲ့။ ကျနော့သူငယ်ချင်းက ဂစ်တာကိုကြိုးညှိရင်း ဖီဒယ်ကပ်စထရိုးရဲ့မိန့်ခွန်းတွေထဲက “ငါ့ကိုသာအပြစ်တင်မယ်ဆိုတင်လိုက်ကြတော့၊ ပြဿနာမရှိပါ။ သမိုင်းက ငါ့ရဲ့အထက်မှာရှိနေလိမ့်မယ်”ဆိုတဲ့မိန့်ခွန်းကိုဝေါ့တ်(စ်)လို့ခေါ်တဲ့ စည်းသုံးချက်နှစ်ယောက်တွဲအက တေးသီချင်းတွေထဲထည့်ပြီး လက်ကွက်တွေကို ရွှေ့ ကြည့်နေတယ်။ ဗုံးကွဲသံတွေကြားနေတယ်။ ဂျွန်လ(၁၄)ရက်လှုပ်ရှားမှု၊ ဆန်တိုဒိုမင်ဂိုမြို့တော်နဲ့ ထရူဂျီလိုစစ်အစိုးရ၊ ဘုရားသခင်ရဲ့ ရက်စက်တဲ့ဖန်ဆင်မှုနဲ့လိပ်ပြာတွေတဲ့လေ…
ထရူဂျီလို(သို့မဟုတ်)အယ်ဂျက်ဖီ (EI Jefe)
နှစ်ဆယ်ရာစုရဲ့သွေးညှီနံ့လွှမ်းမိုးနေတဲ့ စစ်အာဏာရှင်အစိုးရတွေထဲက တစ်ယောက်ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးကိုးကွဝ်မှု ခံချင်လွန်းလို့သူ့ကိုယ်သူ အကြီးအကဲ (EI Jefe) ဒါမှမဟုတ်ကျေးဇူးရှင် (EI Benefactor) လို့ခေါ်ဝေါ်သမုတ်စေခဲ့တယ်။ ထရူဂျီလိုဆိုတဲ့ပုဂ္ဂိုလ်က သိပ်အကြံကြီးတယ်။ သူ့ နေရာတည်မြဲဖို့အတွက် သူ့အထက်က လူကိုလည်း သစ္စာဖော်ဖို့ဝန်မလေးဘူး။ ၁၉၃၀ ကာလတုန်းက ဆန်ဒီရေးဂိုးမြို့ဆီမှာ အခြေပြုပြီး၊ ပုန်ကန်မှုတွေစတင်လာတယ်။ မြို့တော်ဆန်တိုဒိုမင်ဂိုဆီကို ချီတက်လာနေပြီ။ နိုင်ငံတော်သမတ္တဗက်စ်ကက်ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတယ်။ အဲဒီတုန်းက ထရူဂျီလိုက စစ်တပ်အကြီးအကဲ၊ သမ္မတက ပုန်ကန်မှုတွေကို နှိပ်ကွပ်ပစ်ဖို့ထရူဂျီလိုကို အမိန့်ပေးတယ်။ သူက အမိန့်အတိုင်း လုပ်ပါ့မယ်လို့ကတိပေးတယ်။
ဒါပေမယ့် သူပုန်တွေလည်း မြို့တော်ဆီကို ရောက်လာရော…သူက သေနတ်တစ်ချက်မှ မပစ်ဖောက်ပဲ ပုန်ကုန်သူတွေနဲ့ပူးပေါင်းသွားတယ်။ ဒိုမီနီကန်ရဲ့နိုင်ငံတော် သမ္မတရာထူးက နှုတ်ထွက်ခဲ့ရတယ်။ သူပုန်ခေါင်းဆောင် Rafael Estrella က သမ္မတရာထူးကို ယာယီလက်ခံထားတယ်။ ထရူဂျီလိုက အသစ်ဖွဲ့စည်းတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်အဖြစ် လျာထားခဲ့တယ်။ နောက်သိပ်မကြာဘူး။ ရွေးကောက်ပွဲကို(၉၅)ရာခိုင်နှုန်းအနိုင်ရတယ်ဆိုပြီး အာဏာတက်ယူတော့တယ်။ သူ့ရဲ့အင်္ကျီမှာ “ဘုရားသခင်နှင့် ထရူဂျီလို”ဆိုတဲ့ စာတန်းကိုချိတ်ဆွဲထားလေ့ရှိတယ်။ လူတွေကတော့ တိုးတိုး၊ တိုးတိုးပြောဆိုနေကြတယ်။ ရွေးကောက်ပွဲက လိမ်ညာမှုတွေပြည့်နှက်နေတယ်တဲ့။ တဘက်မှာတော့ မြို့တော်ဆီကို ဆန်ဇီနွန်လို့ခေါ်တဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူသုံးထောင်ကျော်သေဆုံးကုန်တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာကရတဲ့အကူအညီတွေနဲ့မြို့တော်ကို ပြန်လည်တည်ဆောက်ပြီး၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ စတင်ကြိုးစားခဲ့တယ်။ သူ့ရဲ့မိန့်ခွန်းတွေထဲမှာ တသွေးတသံတမိန့်စနစ်နဲ့ နိုင်ငံတော်ကို ထိန်းချုပ်တော့မယ်ဆိုတာ သွယ်ဝိုက်ပြီးတမျိုး၊ တိုက်ရိုက်တမျိုး သတိပေးခြိမ်းခြောက်နေခဲ့တယ်။ လူတွေကို သူ့ရဲ့ပါတီမှာဝင်ဖို့အတင်းအကျပ်စေခိုင်းနေပြီ။
မင်နာဗား(Minerva)သို့မဟုတ် လိပ်ပြာ(တစ်)
အပိုင်း(၁)
ဖေဖေက ကျမတို့ကိုအဝေးဆီက စာသင်ကျောင်းတစ်ကျောင်းဆီဘာလို့ပို့ပစ်လိုက်တယ်ဆိုတာကို ကျမအခုထက်ထိသဘောမပေါက်ခဲ့ဘူး။ ဒါပေမယ့် အဲဒီအဖြစ်ကဘာနဲ့ တူလဲသိလား။ မယ်တော် မာရီယာက ဘုရားသခင်နဲ့ကိုယ်ဝန်ရခဲ့တယ်လို့ကြေငြာခဲ့တဲ့ နတ်သမီးလေးတယောက်ဝမ်းသာပျော် ရွှင်စွာသွားလာခွင့်ရဖို့အတွက်ရွေးချယ်လိုက်သလိုမျိုး။ ခရီးတခုကို အနှောင်အဖွဲ့ကင်းစွာ သွားခဲ့ရသ လိုမျိုးပေါ့။ တကယ်တော့ကျောင်းတက်ဖို့ဇတ်လမ်းက ကျမရဲ့အစ်မ ပက်ထရီရာက စတင်ခဲ့တယ် သူက သီလရှင်သိပ်ဖြစ်ချယ်တယ်။ သူက ပူဆာနေခဲ့တော့ ကျန်တဲ့ ညီမတွေကလည်း သွားချင်နေကြတယ်။ ဖေဖေကတော့ပထမပိုင်းမှာ သူ့ရဲ့အငယ်ဆုံးသမီးဖြစ်တဲ့သူကိုပြောရှာပါတယ်။
“သမီးတို့သာ အဝေးကိုထွက်သွားကြမယ်ဆိုရင် ဖေဖေ့ရင်မှာ ဘာတွေကျန်ရစ်ခဲ့တော့မှာလဲ”တဲ့။ ဒါပေမယ့် မေမေက ဘာသာရေးလုပ်တာကောင်းပါတယ်လို့နားချတော့ နောက်ဆုံးခွင့်ပြုလိုက်ရတယ်။ ကျမဘဝကိုစတင်စဉ်းစားစေခဲ့တာ ဒီစာသင်ကျောင်းတွေပဲ။ အဆောင်ကိုရောက်ကတည်းက ကျမသတိထားနေမိတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ပုံစံက ပိန်ပိန်ပါးပါးလေးပဲ။ အဆောင်မှာ ကျောင်းလာအပ်ကတည်းက ကျန်တဲ့သူတွေအားလုံးမှာ မိဘတွေပါပေမယ့်သူ့ကိုကြည့်ရတာ တစ်ယောက်တည်းပဲ။ နောက်မှ သူ့နာမည်ကိုသိရတယ်။ “စင်နီကာ”တဲ့။ သူက အရာအားလုံးကို ပျင်းရိစိတ်ပျက်နေသလိုမျိုး။
ဒါပေမယ့် ထရူဂျီလိုရဲ့အမည်ကို ကြားရင် သူက ချက်ချင်းပြောတယ်။ “အလကား ယုတ်မာတဲ့လူ။ မကောင်းတာတွေလုပ်နေတဲ့သူ”တဲ့။ ကျမအံ့အားသင့်ခဲ့တာအမှန်ပဲ၊ တကယ်တော့ “ထရူဂျီလို”ကျောင်းကိုလာလည်ပြီဆိုရင် အားလုံးကျေး ဇူးရှင်အဖြစ် သဲသဲလှုပ်ကြိုဆိုနေကြတာမို့လား။ ကျမစိတ်ဝင်တစားမေးကြည့်မိတော့ “နင်မသိပါဘူးဟာ၊ သူ့အကြောင်းကိုမကောင်းပြောမိရင် ငါတို့အားလုံးသေကုန်ကြလိမ့်မယ်၊ ဒါပေမယ့် နင့်ကိုတနေ့ကျရင်၊ အဲဒီထရူဂျီလိုရဲ့လျှို့ဝှက်ချက်တွေအကြောင်း ပြောပြမယ်” ကျမက
လျှို့ ဝှက်ချက်တွေအားလုံးကို “ပက်ထရီရာ”ကပြောပြခဲ့ပြီးပြီထင်နေတာ။ နောက်ထပ်လျှို့ ဝှက်ချက်တွေတဲ့။ ကျမသိချင်စိတ်တွေများလာခဲ့တယ်။
အပိုင်း(၂)
ကျမပက်လက်လှန်လဲလျောင်းနေမိတယ်။ အဖြူရောင်ခြင်ထောင်လေးကို ဦးတည်ရာမဲ့ငေးကြည့်လို့။ ဘယ်သူတွေများနိုးနေနှင့်မလဲလို့စဉ်းစားနေမိတယ်။ ငိုသံတချက်သဲ့သဲ့လေးကြားရတယ်။ ဒါကြိတ်ငိုနေတဲ့အသံပဲ။ ကျမကုတင်ရဲ့ဘေးမှာရှိနေသူက “စင်တီနာ”ဆိုတဲ့ကောင်မလေး။ ကျမထသွားမိတယ်။ သူ့ရဲ့ခြင်ထောင်ဇာခန်းဆီးလေးကိုမပြီးမေးကြည့်မိတယ်။ “ဘာဖြစ်လို့လဲ”လို့။ သူမနာမည်တလုံးရေရွတ်တယ်။ အဲဒါ”ဂျိုးလူးဝစ်စ်”လေတဲ့။ သြော်…ဒါနင့်အစ်ကိုမို့လားလို့ပြန်ပြော လိုက်မိတယ်။ သူမအစ်ကိုက ပြီးခဲ့တဲ့နွေရာသီတုန်းက သေဆုံးသွားခဲ့တယ်လို့ကြားဖူးခဲ့တယ်။ သူက တသိမ့်သိမ့်လှုပ်ငိုနေတော့ ကျမငယ်ငယ်တုန်းကငိုတိုင်း ကျမမေမေကကျမရဲ့ ကျောကိုပွတ်ပေးပြီးနှစ်သိမ့်ပေးသလိုမျိုး သူ့ကိုအားပေးနေမိတယ်။ သူမကပြောတယ်။ “သူ့ ဦးလေးတွေအကုန်လုံးကို ဗိုလ်ချုပ်ထရူဂျီလိုက အပြတ်ရှင်းပစ်တယ်”လို့ပြောရှာတယ်။
သူကထရူဂျီလိုအကြောင်းကို မရဲတရဲပြောတဲ့အခါ၊ ကျမနားထဲမှာ ခရစ်တော်က ကလေးတယောက်ကို ပါးရိုက်နေတဲ့ဖြစ်ရပ်လိုပြောပြနေသလိုမျိုးခံစားမိတော့ “ဖြစ်နိုင်ပါ့မလားဟယ်”လို့ မယုံရဲရဲမေးလိုက်မိ တယ်။ သူက “နေအုံးသူဘယ်လိုအာဏာရလာသလဲဆိုတာ နင်သိလား”တဲ့။ ကျမသူ့ ခန္ဓာကိုယ်နားပိုကပ်သွားပြီး သိချင်စိတ်တွေပိုမိုလွှမ်းမိုးလာတယ်။
“ဒီလိုဟ။ သူက သိပ်ဉာဏ်များပြီး ကောက်ကျစ်လှည့်စားတတ်တယ်။ သူအာဏာရဖို့အတွက် သူ့ ထက်က အကြီးအကဲတွေကို ဘယ်လိုလုပ်ကြံရမလဲဆိုတာ အမြဲစဉ်းစားနေတဲ့သူ။ စစ်တပ်မှာ သူ့ကို ဒုတိယစစ်ဦးစီးချုပ်အဖြစ် စတင်နေရာပေးလာတာက သူ့သူငယ်ချင်းအကြီးအကဲဗိုလ်ချုပ်ကြီးပေါ့။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းက လင်ရှိမိန်းမတယောက်နဲ့ငြိစွန်းနေတယ်။ အဲဒီမိန်းမရဲ့ ယောက်ျားကလည်း သိပ်ဒေါသကြီးပြီး မနာလို ဝန်တိုဖြစ်လွန်းတယ်။ ထရူဂျီလိုဆိုတဲ့သူက ဘာလုပ်လဲ။ သိလား။ အဲဒီမိန်းမရဲ့ယောကျာ်းကိုမိတ်ဖွဲ့တယ်”။
တနေ့ သူ့သူငယ်ချင်း ဗိုလ်ချုပ်က သူနဲ့ငြိစွန်းနေတဲ့ မိန်းမတယောက်အကြောင်း၊ ချိန်းဆိုထားတဲ့ ညတညကိုကြိုပြီးပြောမိတယ်။ သူ့ သူငယ်ချင်း”ထရူဂျီလို”ကိုယုံမိတော့နေရာကိုပါပြောလိုက်မိတယ်။ “ထရူဂျီလို”က ဘာလုပ်သလဲဆို ရင် အဲဒီမိန်းမရဲ့ယောကျ်ားကိုသွားပြောတယ်။ “မင်းမိန်းမနဲ့ဖောက်ပြန်နေတဲ့ လူတယောက် ဘယ်နေရာမှာ ချိန်းတွေ့လိမ့်မယ်ဆိုတာကို” ပေါ့။ အဲဒီကောင်က သူ့မိန်းမဖောက်ပြန်နေတဲ့နေရာကို လိုက်သွားပြီး လူမြင်ကွင်းရှေ့မှာ လက်ပူးလက်ကျပ်မြင်တွေ့နေတဲ့အခါ စိတ်မထိန်းနိုင်တော့ဘူး။ နှစ်ယောက်လုံးကို သေနတ်နဲ့ပစ်သတ်လိုက်တယ်။ သိပ်မကြာဘူး၊ ထရူဂျီလိုဆိုတဲ့သူ စစ်ဦးစီးချုပ်ဖြစ်လာတော့တာပဲ။
ကျမသူ့ရဲ့ဇတ်လမ်းအဆုံး မှာကောက်ချက်ချလိုက်မိတယ်။ “ငါ့အထင်တော့ အဲဒီစစ်ဗိုလ်ချုပ်ကကိုယ် ကျင့်တရားမကောင်းလို့အပြတ်ရှင်းပစ်လိုက်တာ နေမှာပါဟာ”လို့။ “စင်နိတ” သက်ပြင်းချက်ပြီး ကျမစကားကိုတားလိုက်တယ်။ “နေပါအုံး မင်နီဗား… ငါ့စကားကိုဆုံးအောင်နားထောင်ပြီးမှ နင်ကောက်ချက်ချစေချင်တယ်”
“သူက စစ်ဘက်မှာ အကြီးအကဲဖြစ်လာတော့ သမ္မတကိုမကြိုက်နှစ်တဲ့သူတွေနဲ့မဟာမိတ်သွားလုပ် ပြီး ပုန်ကုန်ဖို့မြှောက်ပေးတယ်။ သမ္မတနန်းတော်ကို အဲဒီလူတွေဝိုင်းဝန်းပိတ်ဆို့လိုက်ပြီး သမ္မတကိုရာထူးက နှုတ်ထွက်ခိုင်းတော့ သမ္မတက ရယ်မောပြီး သူ့သူငယ်ချင်း စစ်ဦးစီးချုပ်ကို ဆင့်ခေါ်လိုက်တယ်။ ထရူဂျီလိုဆိုတဲ့ စစ်ဦးစီးချုပ်က ပေါ်မလာဘူး။ နောက်ဆုံးတော့ နိုင်ငံရဲ့သမ္မတ ဒိုမီနီကန်ရီပတ်ပလစ်ကနေ ထွက်ခွာပေးရတယ်။ ပေါ်တူရီကိုကိုနိုင်ငံဘက်ဆီကို ပြည်ပြေးအဖြစ်ထွက်ခွါသွားတဲ့ည၊ သမ္မတဟောင်းက လေယာဉ်ပေါ်မှာ ရောက်သွြးတုန်းရှိသေးတယ်”
“ဗိုလ်ချုပ် ထရူဂျီလို”က သူ ဟာ ဒိုမီနီကန်ရီပတ်ပလစ်ရဲ့သမ္မတဖြစ်တယ်လို့ဟစ်ကြွေးတယ်။ အဲသလိုကြေညာချက်ကို သူ ရဲ့မဟာမိတ်တွေက အံ့အားသင့် မင်သက်နေကြတယ်။
ကျမ “စင်နိတ”ရဲ့စကားတွေကို စိတ်ဝင်တစားနားထောင်နေမိတယ်။ “သူရဲ့လုပ်ရပ်တွေဟာ မရိုးသားဘူးလို့သိနားလည်လိုက်ကြတဲ့သူတွေက ပြန်လည်ဖြုတ်ချဖို့ဆွေးနွေးကြတယ်။ သူကလက်ဦးတယ်လေ။ သူ့ကိုမကောင်းပြောတဲ့သူတွေကို အကုန်သတ်ပစ်တယ်။ အဲဒီထဲမှာ ငါ့အဖေရယ်။ ငါ့ဦးလေးနှစ်ယောက်ရယ်၊ ပါသွားတာပေါ့။ သူ့ကို ဆန့် ကျင်တဲ့စကားတွေမပြောရဲအောင်ထိ လုပ်လာတယ်။ အဲဒီထဲမှာ ငါ့အစ်ကိုဖြစ်တဲ့ ဂျိုးလူးဝစ်စ်ကိုစောင့်ကြည့်နေခဲ့တယ်။ သူသွားလေရာ မိန်းမတွေနဲ့မျှားတယ် မကောင်းမှုတွေပေါ်တိမ်းညွှတ်လာအောင်ဆွဲဆောင်တယ် ဒါပေမယ့် ကောလဟာလတွေ့မြို့ထဲမှာပျံ့ နေတယ်ဟ။ ငါ့အစ်ကိုက အဖေနဲ့ဦးလေးတွေအတွက်လက်စားချေမယ်လို့ပြောနေတယ်တဲ့။ ဒါကြောင့်လည်း ငါ့အစ်ကိုကိုရှင်းပစ်ရမယ်လို့ဆုံးဖြတ်လိုက်ပုံရတယ်။ တနေ့ငါ့အစ်ကိုတယောက်မြို့ ထဲမှာ လပ်ကီးမဲဖောက်ဖို့အတွက် မဲဝယ်သွားခဲ့တယ်။ လကပ်ကီးမဲကို ဆွဲနှိုက်လိုက်စဉ်မှာပဲ သူ့ လက်ဖဝါးပေါ်မှာ ငွေရောင်တချို့လက်သွားတာကိုတွေ့လိုက်ရတယ်။ မကြာဘူး။ ငါ့အစ်ကိုတယောက် စူးစူးဝါးဝါးအော်ဟစ်ရင်း ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်သွားတယ်။ လမ်းမပေါ်မှာ ပွဲချင်းပြီးသောတော့တာပဲ။ အဆိပ်ထည့်လုပ်ကြံသတ်ဖြတ်တာလေ။ သူ့ကိုလည်း ကျူပင်ခုတ် ကျူငုတ်မကြံလုပ်ပစ်လိုက်တာပေါ့”
ကျမဘာပြောရမှန်းမသိအောင်ငြိမ်သက်သွားတယ်။ ဘုရားသခင်နီးပါး ကျမတို့ကိုးကွယ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲ “ထရူဂျီလို”ဆိုတာဒီလိုမျိုးလား။
အပိုင်း(၃)
လယ်တောထဲက လူတွေပြောနေသလိုမျိုးပေါ့။
“တူတချောင်းဟာသံကိုကောင်းကောင်းထိအောင်မရိုက်မချင်း၊ တူတချောင်းရဲ့အစွမ်းသတ္တိကို မယုံကြည်ချင်ကြဘူး”တဲ့။ “ပြောမှယုံ ကြုံဖူးမှသိ”ဆိုတဲ့စကားပုံလိုထင်ပါရဲ့။ စာသင်ကျောင်းတွေကို ကျမသတိထားမိလာခဲ့တယ်။ “ထရူဂျီလို”ကျောင်းကိုအလည်လာပြီဆိုရင် ကျောင်းတွေပိတ်လိုက်တာကို သတိထားလိုက်မိတယ်။ ကျမတို့ရဲ့ကျောင်းအုပ်က အားကစားမှာ နာမည်ကြီးတဲ့ကျောင်းသူလေးတွေကို အထူးဧည့်သည်တော်ကိုကြိုဆိုဖို့အဖြစ် ဆင့်ခေါ်လေ့ရှိတယ် ကျမသတိထားမိတဲ့အချက်တချက်ရှိတယ်။
ကျမတို့ကျောင်းကို စိုက်ဝင်မယ့် သံတချောင်းပေါ်ကို တူတချောင်းက အရှိန်ပြင်းပြင်းထုချလိုက်ပြီ ထင်ပါရဲ့။ ဗိုလ်ချုပ်ထရူဂျီလိုဆိုတဲ့သူက ကျမတို့ကျောင်းမှာ ဘောလီဘောကစားတဲ့ “လီနာလိုဗာတွန်”ဆိုတဲ့ကျမသူငယ်ချင်းကို မျက်စိကျနေတယ်။ လီနာက ခပ်တောင့်တောင့်ခပ်ချောချော။ ဆွဲဆောင်မှုတအားရှိတယ်။ သူ့ကို “ဗိုလ်ချုပ်ထရူဂျီလို”ကလာတွေ့ တဲ့နေ့ဆိုရင် ကျောင်းနားတဝိုက်မှာ အစောင့်အကျပ်တွေကများမှများ၊ အဆောင်တခုလုံးလည်း အသံတိတ်ပွက်လောရိုက်လို့။ ဗိုလ်ချုပ်ထရူဂျီလိုဆိုတာ ကျမတို့ကျောင်းသူတွေအတွက်တော့ အင်အားကြီးလွန်းတဲ့နတ်တပါးမို့လား။ သူကလီနာကိုလာမတွေ့ခင် ပန်းပို့တယ်။ ဖွဲ့နွဲ့ထားတဲ့ အချစ်ကဗျာလှလှလေးတွေပို့တယ် အိုးအစုံပဲ။ ဖူးဖူးညွှတ်ညွှတ်တွေနဲ့စီရီထားတဲ့ အိမ်မက်လေးတွေ။
လီနာက သူနဲ့တွေ့ပြီးပြန်လာပြီဆိုရင် သူမရဲ့ဘယ်ဘက်ရင်အုံမှာ ရင်ထိုးလေးတခုပါလာတတ်တယ်။ ပြီးရင် ဂုဏ်ယူဝံံ့ကြွားလှိုက်မောရီဝေတဲ့အသက်ရူသွင်းသံတွေနဲ့။ တိမ်လွှာလေးတွေထဲ သူ့ ဝိဉာဉ်တွေမျောလွှင့်နေသလိုမျိုး။ ကျမက မေးမိတယ် “နင်သူ့ကိုချစ်မိသွားပြီလား။ စိတ်ကူးမယဉ်ပါနဲ့ ဟာ။ သူ့မှာမိန်းမရှိတယ်”ဆိုတော့ ကျမသူငယ်ချင်းလီနာက “ဘာပဲဖြစ်ဖြစ် ငါ့အသည်းနှလုံးကိုလောင်းကြေးထပ်ရဲတယ် သူ့ကိုချစ်မိတာ ငါ့ဘဝထက်ပိုပါတယ်ဟာ”။
ဗိုလ်ချုပ်ထရူဂျီလိုကလက်ဆောင်ပစ္စည်းတွေဆက်ပို့နေဆဲ။ အချစ်ကဗျာတွေရွတ်ပြနေဆဲလေ။ မကြာခင် ကျမတို့ကျောင်းသူတွေကြားမှာ သတင်းတခုကြားလိုက်ရတယ်။ “လီနာ ဆိုတဲ့ကောင်မလေး ကိုယ်ဝန်ရနေပြီတဲ့။ အိမ်ကြီးတခုဆီကို ဗိုလ်ချုပ်ထရူဂျီလိုကရွှေ့ ပေးလိုက်တယ်”တဲ့။ တကယ်တော့အဲဒီအိမ်ဆိုတာ ဗိုလ်ချုပ်ထရူဂျီလိုရဲ့ခြေတော်တင်ခြင်းခံရတဲ့ မိန်းမငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားရာနေရာ။ ဘယ်သူမှ တွေ့ခွင့်မရှိဘူး။ သီးခြားကမ္ဘာတခုလေ။ သူလိုဘဝတူတွေကိုတွေ့ပြီး လီနာတယောက်အဲဒီအိမ်ကြီးမှာ ရင်ကွဲနေလောက်ပြီထင်ပါရဲ့။
အပိုင်း(၄)
ရှာတွေတွေ့ရှိတဲ့နေ့(Discovery Day) ကိုရောက်တိုင်း ဒိုမီနီကန်ရီပတ်ပလစ်နိုင်ငံမှာ ပွဲတော်ကျင်းပလေ့ရှိတယ်။ ဒီနှစ်တော့ ကျမတို့မိသားစုတတွေ၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ဖိတ်ကြားတဲ့ ပွဲတပွဲကိုတက်ရောက်ခွင့်ရတယ်။ ကျမက သိပ်ပြီးသွားချင်စိတ်မရှိဘူး။ ဖေဖေက မသွားလို့မဖြစ်ဘူးလို့ပြောတယ်။ ထရူဂျီလိုဆိုတဲ့ဗိုလ်ချုပ်က သူဖိတ်တာမလာလို့ အမျက်တော်ရှခဲ့ရင် အားလုံးဒုက္ခရောက်ကြလိမ့်မယ်ဆိုတာသဘောပေါက်နေကြတယ်။ တဘက်မှာတော့ အစိုးရကို ဆန့်ကျင်တဲ့အုပ်စုတွေနဲ့ ကျမသူငယ်ချင်းဖြစ်နေပြီ။ ကျမတို့ ကပွဲသွားခဲ့ကြတယ်။
အခမ်းအနားကိုရောက်တဲ့အခါ ကျမတို့ဝိုင်းဆီကို အစိုးရထိပ်ပိုင်းထဲက လူတယောက်ရောက်လာတယ်။ ကျမက ထရူဂျီလိုရဲ့အထူးစားပွဲမှာထိုင်ရမယ်တဲ့။ ဖေဖေကတော့ ဂုဏ်ယူဝင့်ကြွားစွာ သွားခိုင်းတယ်။ ကျမစိတ်ထဲမှာ တမျိုးပဲ။ ကပွဲစတဲ့အခါ ကျမတို့တယောက် ကဘက်ကို ရွေးပြီး လက်တင်အကကို နှစ်နှစ်ခြိုက်ခြိုက်ကကြတယ်။ သိပ်မကြာဘူး။ ဗိုလ်ချုပ်ထရူဂျီလို ကျမနားကို ရောက်လာတယ်။ “မင်းနဲ့ကျေနပ်နှစ်သက်မှုတခုရချင်ပါတယ်တဲ့” ကျမအဖြေကိုမစောင့်ပဲ ကျမလက်ကိုဆွဲယူလိုက်တယ်။ သူက ကျမခန္ဓာကိုယ်ကိုတင်းတင်းကျပ်ကျပ်ဆွဲယူပြီး “အိုး အခုကျမှ တိုင်းပြည်ရဲ့ရတနာလေးနဲ့ စကားပြောနေရတာကိုး”တဲ့။ သူ့ဆီကရေမွှေးနံ့တွေက ကျမနှာခေါင်းဆီပြင်းပြင်းရှရှတိုးဝင်လာနေတယ်။
လူတကိုယ်လုံးကို သိမ်းကြုံးကြည့်နေတဲ့ သူ့ အကြည့်တွေက အရမ်းရိုင်းလွန်းတယ်။ “တိုင်းပြည်ရဲ့ရတနာလို့ကျမကိုယ်ကျမမထင်ပါဘူး။ ကျမမြို့ လေးမှာ အလဟဿအချိန်ဖြုန်းနေတဲ့လူလို ခံစားရတယ်”လို့ပြောလိုက်မိတယ်။ တကယ်တော့ သူက အကမကတတ်ပါဘူး။ စည်းချက်တွေကို မလိုက်နိုင်ပဲကြိမ်ဖန်များစွာ ကျမရဲ့ခြေချောင်းတွေကို တက်နင်းလေ့ရှိတယ်။ ဒါပေမယ့် ဘယ်တော့မှ “ဆောရီး”လို့တောင်းပန်စကားမပြောဘူး။ “အင်း ဒါဆိုရင် မင်းကို မြို့တော်ကြီးဆီခေါ်ယူသင့်တယ်ထင်တယ်”။ “ဟုတ်တယ်။ ကျမလည်း မြို့ တော်ကြီးဆီမှာ ဥပဒေကျောင်းတက်ဖို့အတွက်ဖေဖေ့ကိုပူဆာနေတာ”။ “အိုး အခုချိန်မှာ မိန်းကလေးတွေအတွက်တက္ကသိုလ်ဆိုတဲ့နေရာဟာမကောင်းပါဘူး”
“ဘာလို့လဲ”
“အစိုးရဆန့်ကျင်ရေးလုပ်ဖို့လှုံ့ဆော်နေတဲ့သူတွေများတယ်။ ကွန်မြူနစ်တွေကျောင်းထဲမှာ ထိုးဖောက်နေတယ်” သူ့မျက်လုံးတွေမှာ ဒေါသထွက်နေတဲ့အရိပ်အယောင်တွေကိုတွေ့နေရတယ်။ ခပ်လှမ်းလှမ်းကအခန်းထဲမှာ အော်ဟစ်နှိပ်စက်နေတဲ့အသံတွေကိုကြားချင်နေသလိုမျိုး။
“ဗာဂျီလီရိုမိုးရေးဆိုတဲ့ကောင်ကိုသိလား။ သူလည်း အယ်စီဘာအိုဆိုတဲ့မြို့ကလာတဲ့ကောင်။ မင်းအတွက် သိဖို့ကောင်းတဲ့ကောင်မဟုတ်ပါဘူး။ ဒီကောင်တွေအုပ်စုက တက္ကသိုလ်နယ်မြေတခုလုံး ကို ဝါဒဖြန့်ချိရေးနယ်မြေအဖြစ်ပြောင်းလဲပစ်တဲ့ကောင်တွေ၊ ငါစဉ်းစားနေတာ။ ကျောင်းတွေကို ပိတ်ပစ်လိုက်တော့ရင်ကောင်းမလားလို့”
“အိုး မလုပ်ပါနဲ့အကြီးအကဲရယ်။ ငါတို့ကျောင်းတွေက ကမ္ဘာသစ်ရဲ့အကောင်းဆုံးကျောင်းတွေပါ။ မင်းအဲသလိုလုပ်လိုက်ရင် ငါတို့နိုင်ငံကို ဖောက်ခွဲလိုက်သလိုဖြစ်မှာပေါ့”။ သူက ကျမရဲ့မှတ်ချက်ကို အံ့အားသင့်သွားပုံရတယ်။ ကျမကိုတင်းတင်းကျပ်ကျပ်ဖက်လာတယ်။ ကျမအတွက်တော့ အသက်ရူအကြပ်ဆုံးအခြေအနေပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်ကိုတွန်းပစ်နေမိတယ်။
“ဘာလို့လဲ”တဲ့။ သူကမေးတော့ ကျမက “ရင်ထိုးတွေက စူးလိုက်တာလို့”မဝံ့မရဲပြောလိုက်မိတယ်။ “မင်းအတွက်အနှောင့်အယှက်ဖြစ်မယ့်ဟာတွေဆိုရင် အင်္ကျီပါချွတ်ပစ်လို့ရပါတယ်”တဲ့။ သူ့ရဲ့ လက်တွေကျမခန္ဓာကိုယ်နေရာအနှံ့ပွတ်သပ်ကိုင်တွယ်နေတော့တယ်။ ကျမလည်းသည်းမခံနိုင်တော့ဘူး။ လက်က အလိုလိုမြှောက်လျှက်မိသားဖြစ်သွားတယ်။ သူ့ရဲ့ပါးကို ရိုက်ထည့်လိုက်မိတယ်။
အပိုင်း(၅)
ကပွဲကနေ ထွက်လာမိချိန်၊ အပြင်မှာ မိုးတွေတအားရွာနေတယ်။ ဒါဟာကျိန်စာမိနေတဲ့မိုးတွေပဲနေမှာပါ။ ကျမအဖေကသိနေတယ်။ ထရူဂျီလိုကို နှုတ်မဆက်ပဲထွက်လာတာတွေ၊ ပါးရိုက်ခဲ့တာတွေဟာ ကြီးလေးတဲ့ရာဇဝတ်မှု တခုဖြစ်တယ်လို့ လူတိုင်းနားလည်ကြတယ်။ အခန်းအနားတခုမှာပဲဖြစ်ဖြစ် အစည်းအဝေးမှာပဲဖြစ်ဖြစ် ထရူဂျီလိုရဲ့ ခွင့်ပြုချက်မရပဲထွက်လာရင် ဒါဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့လူတိုင်းနားလည်ကြတယ်။ နောက်တနေ့မှာ ကျမတို့အိမ်ကို စစ်ကားတစီးရောက်လာတယ်။ ကျမအဖေနဲ့ကျမကို မြို့ တော်ဝန်က ဆင့်ခေါ်ခိုင်းတယ်တဲ့။
တကယ်တော့ ဒါဟာ ကျမလုပ်ခဲ့တဲ့လုပ်ရပ်အတွက် ကျမတို့ မိသားစုကို ဒုက္ခစပေးဖို့အတွက်စတင်လှမ်းလာခဲ့တဲ့ခြေလှမ်းတွေပဲဖြစ်တယ်။ ကျမအမေက ကျမကိုခေါ်ရင် သူလည်း လိုက်မယ်ဆိုပြီးပါလာတယ်။ မြို့တော်ဝန်ရဲ့အိမ်ဝင်းအတွင်းကိုရောက်တော့ ကျမရဲ့အဖေကို တခြားတနေရာမှာ ခွဲခေါ်သွားဖို့စတင်စီစဉ်လိုက်တယ်။ အမေကတော့ ဒေါသအရမ်းထွက်နေတယ်။ ရန်မူလာတဲ့ အရာကို ပြန်လည်တိုက်ခိုက်မယ့်သားရဲတကောင်လိုပဲ။ ကျမတို့ကိုလည်းနေရာခွဲပြီး အကျဉ်းချထားလိုက်တယ်။ နောက်ရက်တွေမှာ ရဲဌာနချုပ်ဆီက အခန်းတခုဆီခေါ်ပြီးစစ်ဆေးပြန်တယ်။ အဲဒီအခန်းထဲကိုလည်းရောက်ရော လူတယောက်ရဲ့အပြုံးကို မြင်လိုက်တဲ့အခါ အန္တရာယ်ရဲ့အငွေ့အသက်တွေကို ခံစားရတယ်ဆိုတာကို သတိထားမိလိုက်တော့တယ်။ ကျမကိုစစ်တဲ့သူက နာမည်ကြီးစစ်ဆေးရေးအရာရှိ၊ သူ့ ကိုမှော်မျက်လုံးနဲ့သူလို့သိထားတယ်။ ဓါးခုတ်ပွဲတခုမှာ သူ့မှာ မျက်စိတဖက် ဆုံးရှုံးခဲ့တယ်။ ဒါပေမယ့် သူ့မျက်စိက သိပ်လျင်တယ်။
ဒါကြောင့်လည်း ထရူဂျီလိုရဲ့ညာလက်ရုံးဖြစ်ခဲ့တယ်။ ကျမကိုမေးခွန်းတွေစတင်မေးတယ်။ ကျောင်းသားခေါင်းဆောင် ဗာဂျီလီရိုမိုးရေးရဲ့အကြောင်း၊ အဆက်အသွယ်ရှိမရှိ၊ နောက်စစ်ဆေးနေတုန်း နောက်ထပ် ဗိုလ်ချုပ်တယောက်ရောက်လာတယ်။ ကျမကိုအကြံပေးတယ်။ တကယ်လို့အကြီးအကဲထရူဂျီလို စိတ်ကျေနပ်အောင် အိပ်ပေးမယ်ဆိုရင် ဗိုလ်ချုပ်နေတဲ့နေအိမ်ဆီကို ကျမကိုသယ်သွားမယ်။ စစ်ကြောရေးစခန်းကစစ်ဆေးမှုအားလုံးကို ဖျောက်ဖျက်ပစ်လိုက်မယ်လို့ကမ်းလှမ်းတယ်။ “ကျမသဘောမတူတဲ့အရာကို ဇွတ်အတင်းလုပ်မယ်ဆိုရင် ဟောဒီတံခါးပေါက်ကနေ ကိုယ့်ဘာသာခုန်ချသတ်သေသွားတာကမှ ကောင်းမယ်လို့”အဖြေပေးလိုက်တယ်။
ကျမက ထရူဂျီလိုရဲ့ နန်းတော်ဆီသွားပြီး မအိပ်တဲ့အတွက်၊ ကျမတို့တည်းခိုနေတဲ့နေရာကနေ ဘယ်ကိုမှ သွားခွင့်မပေးဘူး။ အကျယ်ချုပ်ထားတယ်။ သုံးပတ်၊ လေးပတ်လောက်ကြာမယ်ထင်တယ်။ မကြာခင် ထရူဂျီလိုနဲ့တွေ့ခွင့်ရမယ့် အခြေအနေတခုကို ရခဲ့တယ်။ ထရူဂျီလိုကလည်း ကျမအဖေကို လွှတ်ပေးမယ်လို့ဆိုတယ်။ သူ့ဆီကို ရောက်တော့ ကျမအဖေရဲ့ပုံကိုကြည့်ရတာ စိတ်ထဲမှာ ကြေကွဲလိုက်တာ။ အဖေ့ရဲ့တကိုယ်လုံး စုတ်ပြတ်သတ်နေတယ်။ မကြာဘူး ။ထရူဂျီလိုနဲ့ ကျမအပေးအယူလုပ်ဖို့စတင်တော့တယ်။ သူက သူ့ရဲ့မြို့တော်ဆီကို လာပြီး ဥပဒေကျောင်းတက်ချင်တဲ့ကျမရဲ့ဆန္ဒကိုအမှတ်ရနေတုန်းပဲ။ သူက အံစာတုံးတွေကိုဆွဲထုတ်လိုက်တယ်။ ” တကယ်လို့အံစာတုံးပစ်ပွဲမှာ မင်းကနိုင်ခဲ့ရင်၊ မင်းရဲ့ အလိုဆန္ဒကိုယ်ဖြည့်ပေးမယ်။ မင်းရှုံးခဲ့ရင်တော့ ကိုယ့်ရဲ့ဆန္ဒကိုမင်းလိုက်လျောရမယ်” လို့ လောင်းကြေးသတ်မှတ်လိုက်တယ်။ သူက ကျမခန္ဓာကိုယ်တကိုယ်လုံးကို ကြည့်ပြီးပြောနေကတည်းက ဘာကိုဆိုလိုတယ်ဆိုတာ ကျမသဘောပေါက်ပါတယ်။ ဘာရယ်လို့ တော့မဟုတ်ဘူး။ ကျမဒီကစားပွဲမှာ အနိုင်ရလိမ့်မယ်လို့ကိုယ့်ဘာသာကိုယ်ယုံကြည်တယ်။ ကျမတို့ အံစာတုံးတွေကိုပစ်ကြည့်လိုက်ကြတယ်။ ကျမ ဗိုလ်ချုပ်ထရူဂျီလိုကို အနိုင်ရခဲ့တယ်။ ကျမတို့လွှတ်ပြီး ဥပဒေကျောင်းကိုတက်ခွင့်ရခဲ့တယ်။
မာရီယာတယ်ရီစာ(သို့မဟုတ်)လိပ်ပြာ(နှစ်)
၁၉၆၀ မတ်-သြဂုတ်
အပိုင်း(၁)
အကျဉ်းထောင်ထဲမှာ မင်နားဗားငိုတဲ့ နေ့တနေ့ကို ကျမတွေ့ဘူ့တယ်။ အမှုတွဲကောင်မလေးတယောက်ဖြစ်တဲ့ “စင်န” ကို စစ်ကြောရေးစခန်းမှာ စစ်တုန်းကအဖြစ်အပျက်ကို ပြန်ကြားခဲ့ရတဲ့နေ့က။ စစ်ကြောရေးစခန်းမှာ ” စင်န” ကို ခေါ်သွားပြီး ယောကျ်ားအကျဉ်းသားတွေ ရှေ့မှာ အင်္ကျ ီတွေအားလုံးချွတ်ပြီး ကိုယ်လုံးတီးနေခိုင်းတယ်။ အကျဉ်းသားယောကျ်ားတွေလည်း အတူတူပဲ အဝတ်အစားတခုမှမရှိကြဘူး။ ပြီးတော့ရေဗုံးလွတ်တခု ဆွဲယူပြီး အုပ်စုထဲကခေါင်းဆောင်ဆိုတဲ့ သူကို”ကဲ မင်းတို့ရဲ့တော်လှန်ရေးသတင်းစကားလေးတွေ မင်းရဲ့ ရဲဘော်တွေကို မိန့်ခြွေပါအုံး” ဆိုပြီး မခံချင်အောင် စတယ်။ ဒါပေမယ့်ခေါင်းဆောင်က တည်တည်ငြိမ်ငြိမ်ပဲ။
” ရဲဘော်တို့လောလောဆယ်မှာတော့ ငါတို့နောက်ကိုနည်း နည်းပြန်ဆုတ်နေရတယ်။ ဒါပေမယ့် တိုက်ခိုက်မှုခေမှုန်းမှုကိုတော့ မခံခဲ့ရပါဘူး။ လွတ်မြောက်မှုလား။ သေခြင်းတရားလား ဘယ်အရာကိုရွေးမလဲတဲ့။ အသံကဟိန်းနေတုန်းပဲ။ မင်နားဗားက ဂုဏ်ယူဝံ့ကြွားစွာ နားထောင်တယ်။ နောက်တော့ သူငိုတော့တာပဲ။ စိတ်မကောင်းလို့နေမှာပေါ့။ တကယ်တော့ အကျဉ်းထောင်ထဲကနေ ခဏခဏထုတ်ပြီးစစ်ဆေးခံရတဲ့သူတွေက မင်နားဗားနဲ့ စင်နဆိုတဲ့ အမျိုးသမီးနှစ်ယောက်။ ဗိုလ်ချုပ်ထရူဂျီလိုက လှုပ်ရှားမှုတခုခုံးရဲ့နောက်ကွယ်မှာ မင်နားဗားရှိနေတယ်ဆိုပြီး သူ့သားကို စေလွှတ်စစ်ဆေးခိုင်းခဲ့သေးတယ်။
အပိုင်း(၂)
ကြောက်ရွံ့မှုကတော့ အဆိုးဆုံးအရာလို့ ပြောရမယ်ထင်တယ်။ လူတယောက်လမ်းလျှောက်လာတဲ့အသံကို ကြားတဲ့အခါတိုင်း၊ သော့ခလောက်ဖွင့်သံပိတ်သံတွေကို ကြားရတဲ့အခါတိုင်း ကျမရဲ့ခန္ဓာကိုယ်ကို အကျဉ်းထောင်အခန်းရဲ့ ထောင့်တနေရာဆီပြေးလိမ့်ကပ်နေမိတယ်။ ဒဏ်ရာရနေတဲ့တိရိစ္ဆာန်တကောင်လိုပဲ။ တိုးတိုးလေးညည်းပြီး လုံခြုံအောင်နေဖို့ကြိုးစားနေသလိုမျိုးပေါ့။
တမနက်မှာ ကျမကိုအရင်လိုပဲ အရာရှိတယောက်ရဲ့အခန်းတခုဆီကိုခေါ်သွားပြီး နောက်မှ အခန်းတံခါးကိုဖွင့် အပြင်ကိုဆွဲထုတ်သွားတယ်။ စောင့်နေတဲ့ ကားတစီးပေါ်ကို ကျမကိုတင်လိုက်တယ်။ မိနစ်အတော်ကြာမှ သိလိုက်တယ်။ ကျမတို့ ဘယ်ကိုဦးတည်သွားနေပြီဆိုတာ။
LA(40)လို့ခေါ်တဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းကိုပေါ့။ ကားပေါ်ကနေ ကျမခုန်ချနိုင်တဲ့အင်အားမရှိတာကိုတော့ ကျမဘာသာရှက်မိတယ်။ နေရောင်က ဘာမှအပြစ်မရှိသလိုမျိုး ထူးထူးခြားခြားတောက်ပနေတယ်။ လူတွေကလည်း ဘာမှ သတိထားမိပုံမရဘူး။ စစ်ကြောရေးစခန်းထဲမှာ လူတွေတော်တော်များများရောက်နှင့်နေပြီ။ ဟစ်တလာနှုတ်ခမ်းမွှေးနဲ့၀၀ဖိုင့်ဖိုင့် ဂျော်နီဆိုတဲ့ကောင်ရယ်။ ဂျပိုးမျက်လုံနဲ့ အော်ဂလီဆန်စရာကောင်တကောင်ရယ်၊ သူတို့က ကျမအဝတ်အစားတွေကို အကုန်ချွတ်ပစ်လိုက်တယ်။ ပြီးတော့ သတ္တု စားပွဲရှည်တခုပေါ်မှာ အိပ်ခိုင်းလိုက်တယ်။ သူတို့ကျမကို ခါးပတ် ပတ်မထားပေမယ့် ကျမရင်တခုလုံးအသက်ရှူလို့မရတော့လောက်အောင် အောင့်နေတယ်။ တံခါးတချက်ပွင့်လာတယ်။ အရိုးစုတခု ရွေ့လာတာကို ကျမကြည့်နေမိတယ်။ ချက်ချင်းမမှတ်မိသေးဘူး။ နောက်မှမှတ်မိလာတယ်။
ဘုရားဘုရား ဒါကျမရှိရတဲ့ကျမအားရှိသမျှရုန်းပြီး ထအော်ဖို့ကြိုးစားတယ်။ သွေးဆာနေတဲ့ ဂျူရီယန်က ကျမရဲ့ခန္ဓာကိုယ်ကို တွန်းချတယ်။ ဂျပိုးမျက်လုံးနဲ့လူက ” ညရောက်ရင် အသင့်စောင့်စားနေတဲ့ မိန်းမတယောက်လို ကောင်းကောင်းမွန်မွန် လှဲလျောင်းနေစမ်းပါ” လို့ပြောလိုက်တယ်။ ပြီးတော့ သူက ဆက်ပြီး ” လိုအပ်ရင် မိန်းမအင်္ဂါကအစ နှိပ်စက်ဖို့ပြင်ထားတယ်”တဲ့။ ဂျော်နီက ” မင်းပါးစပ်ပိတ်ထားစမ်း”လို့ ဂျပိုးမျက်လုံးနဲ့လူကို ငေါက်လိုက်တယ်။
” သူ့ဆီက မင်းတို့ဘာလိုချင်လို့လဲ၊ အခုကိစ္စ သူနဲ ံဘာမှမဆိုင်ဘူး”လို့အရိုးစုက မေးပြီးငိုတယ်။ သူကြောက်နေတယ်ဆိုတာ အထင်းသားမြင်နေရတယ်။ ” မင်းငါတို့မေးထားတဲ့ကိစ္စကို ပြန်စဉ်းစားပေါ့”တဲ့။ ဂျော်နီရဲ့ပြန်မေးတဲ့ စကားအဆုံးမှာအရိုးစုက ” မင်းတို့သူ့ ကိုလွှတ်မပေးမချင်းအဲဒီကိစ္စအကြောင်းဆွေးနွေးစရာမရှိဘူး” လို့ဖြေလိုက်တယ်။
ဂျပိုးမျက်လုံးနဲ့လူက မျက်နှာကိုဖြတ်ထိုးတယ်၊ ဆောင့်ကန်တယ်။ အခန်းထဲမှာရှီတဲ့ လူတွေအားလုံးလည်း ဝိုင်းကန်ကြတယ်။ ဂျော်နီကပြောတယ်ထင်တယ် ” ဒီလောက်ရှိတာ အဲ့ဒီကောင်မကို ခါးပတ်ကြိုးချည်လိုက်ကွာ”တဲ့။ ဂျပိုးမျက်လုံးနဲ့ကောင်ရဲ့လက်ထဲမှာ သတ္တုချောင်းတချောင်း၊ ကျမခန္ဓာကိုယ်ကို ဝါယာရှော့တိုက်တော့တယ်။ ကျမဝိညာဉ်တွေပျောက်သွားသလိုပဲ။ နာကျင်မှုတွေက ရေရာအနှံ့၊ တိတ်တွေထဲမှာ ပြိုးပြိုးပျက်ပျက် ကျမမျောနေတယ်။ နောက်တော့ရေသွင်းမြောင်းတခုမှာ ဖောက်ချခံလိုက်ရတဲ့ ရေစီးတခုလိုမျောပါသွားပြန်တယ်။ နောက်ဆုံးကြားရတဲ့အသံက ” မင်းတို့လိုချင်တာကိုလုပ်ပေးပါမယ်။ မင်းတို့လိုချင်တာကိုလုပ်ပေးပါမယ်”ဆိုတဲ့ သူ့ရဲ့ကွဲအက်နေတဲ့အသံ။ သူ့ကို ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ ကျမကိုအဝတ်အစားတွေဝတ်ပေးပြီး ပြန်ခေါ်သွားတော့တဲ့။ ဂျော်နီရဲ့အမိန့်သံကိုကြားရတယ်။ အစောင့်တွေက ဘေးမှာရှိနေပေမယ့် ကျမမျက်လုံးကို မကြည့်ရဲ ဘူး။ သူတို့ရှက်ရွံ့နေကြတယ် ဆိုတာ ကျမအတတ်ပြောရဲတယ်။ ကျမဘယ်သူ့အကူအညီမှ မယူပဲ ကိုယ့်ဘာသာ အဝတ်အစားဝတ်ပြီးအပြင်က ကားဆီကို ထွက်လာခဲ့တယ်။
ပက်ထရီရာ(သို့မဟုတ်) လိပ်ပြာ(သုံး)
တောင်တန်းတွေပေါ်ကပြေးဆင်းလာကတည်းက ငါဟာပြောင်းလဲသွားတဲ့ မိန်းမတယောက်ဖြစ်သွားပြီဆိုတာ ငါ့ကိုယ်ငါသတိထားလိုက်မိတယ်။ ငါ့မျက်နှာပေါ်မှာ အရင်လိုပဲ ချိုမြတဲ့အပြုံးတွေရှိမယ်။ ဒါပေမယ့် အခုတခါကျတော့ သေဆုံးနေတဲ့ ကလေးတယောက်ကို ပွေ့ ဖက်သယ်ဆောင်လို့။ ငါငိုကြွေးနေမိတယ်။ ငါပိုင်ဆိုင်ခဲ့ရတဲ့ လူ့အဖွဲ့အစည်း၊ ငါချစ်ခဲ့ရတဲ့ဝန်းကျင် အရာအားလုံး တရဲရဲလောင်နေတဲ့မီးတောက်တွေကြားမှာ မချိမဆန့်။ အမဲရောင်မီးခိုးတွေကြားမှာ ငါ့ရဲ့တရားဟောဆရာကို ရှာနေမိတယ်။ ဒါပေမယ့် သူ့ရဲ့မျက်နှာကို မတွေ့ခဲ့ရဘူး။
တောင်တန်းတွေကြားမှာ မြင်ကွင်းတွေအားလုံး ပိတ်ပိတ်မှောင်နေခဲ့တယ်။ ဗုံးသံတွေ၊ အားလုံးဝပ်ကြဝပ်ကြဆိုတဲ့အသံတွေ၊ သေနတ်ကျည်ဆံတွေ၊ တရစပ်ပြေးဝင်လာတဲ့ပေါက်ကွဲသံတွေ၊ ငါ့လက်ထဲမှာ သေဆုံးခဲ့တဲ့ကလေးအတွက် ငါလျှောက်ဖြစ်နေတုန်းပဲ။ ဘယ်သူ့ကိုမှ စကားမပြောချင်ဘူး။ နောက်တနေ့မနက် သတင်းစာမှာဖတ်လိုက်ရတယ်။ တောင်တန်းတွေကြားမှာ စုစုပေါင်း သေဆုံးခဲ့သူ(၄၉)ယောက်တဲ့။ (၄)ယောက်လောက်ပဲ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့တယ်။ လေယာဉ်ကနောက်တနေ့အထိတောင်တန်းတွေကြားမှာ နိမ့်ပြေးနေတုန်းပဲ၊ ကျန်တဲ့လူတွေကို အပြတ်ရှင်းချင်ပုံရတယ်။
ဂျွန်လ(၁၄)ရက် ဆုတ်ခွာခဲ့ရတဲ့နေ့ကို ဘယ်လိုမေ့လို့ရမှာလဲ။ ဘုရားကျောင်းတွေ ဗုံးကျဲခံခဲ့ရတယ်။ ကလေးတွေ၊ တရားဟောဆရာတွေလည်းအသတ်ခံခဲ့ရတယ်။ ငါတို့အိမ်လေးမှာ မြေအောက်လှုပ်ရှားမှုအစည်းအဝေးစတင်တော့တယ်။ ငါ့ယောက်ျားက ” မင်းဘယ်လိုပြောင်းလဲသွားတာလဲတဲ့”၊ ” မင်းရဲ့အလုပ်က မိသားစုကိုစောင့်ရှောက်ဖို့၊ ကလေးနဲ့ ယောက်ျားကို ဂရုစိုက်ဖို့” သူက ဒေါသနဲ့အော်ပြောနေတယ်။ ငါလည်းသူ့ကိုမေးခွန်းတခုချင်း ထုတ်နေမိတယ်။ ” တောင်တန်းတွေကြားမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ နင်သိရဲ့နဲ့ဟာ၊ သေဆုံးသွားတဲ့ ငါတို့ကလေးတွေအတွက် နောက်ဆုတ်ဝမ်းနည်းနေမယ့် မိန်းမတွေထဲမှာ ငါမပါဘူး”လို့။ ပြောသာပြောနေရတာပါ။ သူလည်း တတိုင်းပြည်လုံးမှာ ဘာတွေဖြစ်ပျက်နေတယ်။ တိုင်းပြည်ကို ပြောင်းလဲချင်တဲ့သူတွေအသက်နဲ့ ရင်းပြီးလုပ်ကိုင်နေကြတယ်ဆိုတာ။ အဲဒီ ဂျွန်(၁၄) ဆုတ်ခွာမှု စစ်ပွဲနောက်ပိုင်းမှာတော့ ငါ့တို့အိမ်က မြေအောက်လှုပ်ရှားမှုရဲ့ ဌာနချုပ်တခုဖြစ်လာခဲ့တယ်။
နိဂုံး
၁၉၆၀ ကာလတွေတုန်းကပါ။ ဒိုမီနီကန် ရီပတ်ပလစ်ဆိုတဲ့နိုင်ငံက အာဏာရှင်ကိုပုန်ကုန်ဖို့အတွက် ကျောင်းသူတွေကအစ လက်နက်ကိုင်ပုန်ကန် ကြတယ်။ အာဏာရှင်ထရူဂျီလိုက အမျိုးသမီးချောချောတွေကိုမြင်တိုင်းခြေတော်တင်ချင်တဲ့ စိတ်ယုတ်မာရှိတဲ့အပြင် အတိုက်အခံတွေကိုလည်း အပြင်းအထန် နှိပ်ကွပ်တယ်။ လိပ်ပြာတွေလို့လျှို့ဝှက်နာမည်ပေးထားတဲ့ ညီအမအားလုံးရဲ့ရည်းစားတွေကလည်း ကျောင်းသားခေါင်းဆောင်တွေ၊ သူပုန်ခေါင်းဆောင်တွေ၊ အဲဒီအထဲက အလှဆုံးကောင်မလေးဖြစ်တဲ့ မင်နာဗားရဲ့ချစ်သူက လက်နက်ကိုင်ပုန်ကန်မှုကိုစတင် ချိတ်ဆက်ခဲ့တယ်။ ကပ်ထရိုရဲ့တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး အကူအညီရဖို့ ကြိုးစားတယ်။
မကြာဘူး၊ တိုက်ပွဲမှာ ကျဆုံးတယ်။ ထရူဂျီလိုနဲ့အံစာတုံးကစားပွဲမှာ အနိုင်ရခဲ့ပြီး ဥပဒေပြု ကျောင်းကိုတက်ခွင့်ရခဲ့ပေမယ့်၊ ဘွဲ့တက်ယူတဲ့အခါမှာတော့ မင်နာဗာကို ဘွဲ့မပေးခဲ့ဘူး။ ထရူဂျီလိုကကျောင်းတက်ခွင့်ပေးမယ်လို့ပဲ ကတိပေးခဲ့တာလို့ဆိုတယ်။ အသက်မွေးမှုအတွက် လုပ်စားခွင့်ကိုတော့ မပေးခဲ့ဘူး။ အာဏာရှင်ရဲ့ယုတ်မာပက်စက်မှုတွေကို သိနေခဲ့တဲ့အတွက် မင်နားဗားတို့ညီအစ်မတတွေ ကျောင်းသူဘဝမှာကတည်းက မြေအောက်ကလပ်စည်းတွေနဲ့ ဆက်တယ်။ ထရူဂျီလိုကို ဖြုတ်ချဖို့ကြိုးစားခဲ့ကြတယ်။
တောင်နံရံတွေကြားထဲ ခဏခဏရောက်ခဲ့တယ်။ ရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ လိပ်ပြာတွေက ချမ်းသာတဲ့မိသားစုကမွေးဖွားတဲ့အပြင် ချောမောလှပကြတော့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေက ပိုမိုထောက်ခံများပြားလာခဲ့တယ်။ အကျဉ်းကျနေတဲ့ ကာလတွေမှာတောင်ပြည်သူတွေက ထောင်အပြင်ဘက်အုတ်တံတိုင်းပေါ်ကနေ လိပ်ပြာရုပ်တွေကို ဝှေ့ယမ်းပြီး ထောက်ခံအားပေးကြတယ်။ ထရူဂျီလိုဆိုတဲ့ပုဂ္ဂိုလ်က အငြိုးကြီးတယ်။ သူ့ အလိုဆန္ဒကိုမလိုက်လျော်တဲ့အတွက် လိပ်ပြာတွေရဲ့မိသားစုတွေကို ဖရိုဖရဲဘဝပျက်အောင်လုပ်တယ်။ မင်နားဗား၊ မာရီယာတယ်ရီစာ၊ ပက်ထရီရာတို့ ညီအမ(၃)ယောက်လုံးထောင်ကလွတ်ခဲ့ပေမယ့် သူတို့ရဲ့ယောက်ျားတွေကိုလည်း အကျဉ်းထောင်တွေမှာ ဆက်လက်ဖမ်းဆီးထားခဲ့တယ်။
တရက်မှာတော့ သူတို့ယောကျ်ားတွေ နဲ့တွေ့ ခွင့်ရမယ်ဆိုတဲ့အခွင့်အရေးကို ကမ်းလှမ်းခဲ့ပြီး ထောင်ကနေ အပြန်လမ်းခရီးမှာ စစ်အာဏာရှင်တွေ လက်သပ်မွေးထားတဲ့သူ့လူတွေက ညီအစ်မ(၃)ယောက်အပါအဝင် ကားဆရာကိုပါကြံခင်းတွေထဲခေါ်ပြီး ရိုက်နက်သတ်ဖြတ်ပစ်ခဲ့ကြတယ်။ ထရူဂျီလိုအတွက်မှားခဲ့တယ်ထင်ပါရဲ့။ မင်နားဗားတို့ ညီအစ်မတတွေကို သတ်ဖြတ်ပစ်လိုက်ရင်၊ ပုန်ကန်မှုတွေ ငြိမ်သက်သွားလိမ့်မယ်လို့ထင်ကြတယ်။ ဒါပေမယ့် လိပ်ပြာတွေကို ချစ်တဲ့သူတွေရဲ့ မကျေနပ်မှုက အမြင့်ဆုံးကိုရောက်သွားတယ်။ နောက်(၆)လလောက်အကြာ ၁၉၆၁ မေလထဲမှာတော့ သမ္မတထရူဂျီလိုကို ပြန်လည်လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြတယ်။ လိပ်ပြာညီအစ်မတွေအသတ်ခံခဲ့ရတဲ့
နိုဝင်ဘာ(၂၅)ရက်နေ့ကနေစပြီး ဒီဇင်ဘာ(၁၀)ရက်နေ့အထိ(၁၆)ရက်လုံးလုံး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေပပျောက်ရေးနေ့ကာလအဖြစ် ကုလသမဂ္ဂကသတ်မှတ်ထားခဲ့တယ်။
ဒိုမီနီကန်ရီပတ်ပလစ်က အသုံးပြုတဲ့ ပိုက်ဆံတွေမှာ အဲဒီညီအစ်မ(၃)ယောက်ရဲ့ပုံတွေကို တွေ့ရမယ်။ သူတို့ကို အလေးအမြတ်ပြုတည်ဆောက်ထားခဲ့တဲ့ ပြတိုက်လေးရှေ့မှာ ညီအစ်မ(၃)ယောက်ရဲ့ ရုပ်ထုတွေရှိတယ်။ စိမ်းမြနေတဲ့ မြက်ခင်းတွေပေါ်မှာ တခါတလေ ပင်လယ်ဆီကပျံလာတဲ့ဌက်တွေ အစာလာကောက်ြ့တယ်။ ကယ်ရီဘီယံအကတွေဆီ၊ ပင်လယ်လှိုင်းတွေဆီကို အလည်တခေါက်လောက် သွားကြည့်စေချင်တယ်။ သြော်…ခင်ဗျားတို့ရဲ့ရင်အုံဆီကို “မင်နားဗား၊ ပက်ထရီရာ၊ မာရီယာ တယ်ရီဆာ၊ ဒီဒီး ” ဆိုတဲ့ကောင်မလေးတွေရဲ့ရယ်သံတွေလာနားလိမ့်မယ်။ ယူကြုံးမရခံစားရတိုင်း ကျနော်တို့မျက်ရည်ကျခဲ့ကြရတယ်။ ခုလည်း အိမ်မပြန်နိုင်သေးတဲ့ ဆောင်းခိုဌက်တွေ ကမ္ဘာမြေရဲ့ထောင့်တနေရာမှာရှိနေလေရဲ့…
(မှတ်ချက်။ ။ ဝတ္ထုတခုလုံးရဲ့တည်ဆောက်ပုံကရှည်နေတော့ အရေးကြီးတဲ့ စကားပြောတွေကိုသာအတိုချုပ် ပြန်ပေးလိုက်ပါတယ်။ ထောင်ထဲမှာနှိပ်စက်တာတွေကို ဖတ်ရတာ တခါတလေ ဆက်ပြီးမဖတ်ချင်တော့လောက်အောင်မွန်းကျပ်သွားတယ်။ ဆက်မရေးဖြစ်ခဲ့ဘူး။ နှလုံးသားကပင်ပန်းလွန်းလို့ပါ။ တကယ်လို့ဘာသာပြန်မှုက လွဲချော်ခဲ့ရင်ကျနော့်ရဲ့ချို့ ယွင်းမှုသာဖြစ်ပါလိမ့်မယ်။ အချိန်ရရင်တော့ ရုပ်ရှင်ကိုပဲခံစားလိုက်ပေါ့။)
အောင်မိုးဝင်း
ရည်ညွှန်း- In The Time of Butterflies’ By Julia Alvarez