ဒေဝီ။ ။
အိမ်အနီးနားက စူပါမားကတ်မှာ အိမ်အတွက်လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေဝယ်ရင်း နှစ်နှစ်အရွယ်သမီးငယ် ပုံမှန် သောက်နေကျ နွားနို့ကိုပါ တခါတည်းဝယ်ယူဖို့ ဈေးနှုန်းကို ကြည့်လိုက်တဲ့အခါ ယခင်ဝယ်နေကျဈေးထက် ၃၀၀ တက်နေ တာကြောင့် ပါလာတဲ့ငွေကြေးနဲ့ ဝယ်ရမဲ့ပစ္စည်းတွေ လောက်ငပ့ါမလားဆိုတာ မခက်ခက် တွက်ချက်နေမိတယ် ။
သမီးငယ်သောက်နေကျ နွားနို့ကို လွန်ခဲ့တဲ့ ၁၁လ ဈေးနှုန်း ၂,၄၀၀ ကျပ်ကတည်းက ဝယ်ယူလာတာ နောက်ဆုံး ဝယ်ယူ ခဲ့တဲ့ စက်တင်ဘာလမကုန်ခင်ရက်ပိုင်းလေးကတောင် ၃,၄၀၀ ရှိတာကနေ အခု ၃,၇၀၀ ဖြစ်လာတာပါ။
အိမ်မှာ စားသောက်ဖို့ နေ့စဉ်ဈေးဝယ်နေတဲ့ မိခင်ကလည်း ဒီရက်ပိုင်းဈေးတွေသိသိသာသာတက်လာတယ်လို့ ညည်းညူ လာသလို၊ မခက်ခက် ပုံမှန်ဝယ်နေကျ ကလေးအတွက်မုန့်ပဲသရေစာတွေနဲ့ စားသောက်ကုန်တွေလည်း ပြီးခဲ့တဲ့ လဝက် ကျော်တုန်းကထက် တစ်ရာနှစ်ရာကနေ တစ်ထောင်ကျော်အထိ ဈေးတက်တာကိုပါသတိပြုမိတယ်။
” ဒီရက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေက သိသိသာသာကိုတက်လာတာ၊ အခုကနှစ်ဆလောက်တက်လာတယ်၊ ရှေ့ဆက်လည်း ပိုတက်ဖို့ပဲရှိတော့တယ် “လို့ မခက်ခက်ကပြောတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်မငြိမ်မှုတွေကြောင့် စီးပွားရေးမတည်ငြိမ်တာနေ ပြီးခဲ့တဲ့စက်တင်ဘာလလယ် ကစပြီး ဆီဈေးတွေ နှစ်ဆကျော်မြင့်တက်တာ၊ ဒေါ်လာဈေးရွှေဈေး စံချိန်တင်မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက် တိုက်ကျတာတွေ ဖြစ်လာပါတယ်။
ကိုဗစ်ပထမနဲ့ဒုတိယလှိုင်းတွေမှာကတည်း အလုပ်အကိုင်မတည်ငြိမ်တာ ကုန်ဈေးနှုန်းတက်တာတွေရှိပေမယ့် သိသိသာ သာ မရိုက်ခတ်သေးပါဘူး။ အာဏာသိမ်းပြီးကတည်းက ကုန်ဈေးနှုန်းတွေ တစ်စစမြင့်တက်လာခဲ့တာက လက်ရှိ အချိန်မှာ ယခင်ထက် နှစ်ဆနီးပါးမြင့်တက်လာနေတော့ ပြည်သူတွေမှာ ပိုလို့ရုန်းကန်လာရပါတယ်။
” ကုန်ဈေးနှုန်းတွေတက်လာလို့ အမတို့လစာကမတက်လာဘူးလေ၊ ဒေါ်လာဈေးတွေတက်လို့ ဒေါ်လာနဲ့ရတဲ့သူတွေ အတွက် အဆင်ပြေကောင်းပြေနိုင်ပေမယ့် အမတို့လိုသာမန်ပြည်သူတွေကျတော့ အရင်ထက်ပိုခက်ခဲလာမှာ”လို့ မခက်ခက် က ပြောပါတယ်။
အိုင်တီကုမ္ပဏီကြီးတစ်ခုရဲ့ဝန်ထမ်း မခက်ခက်ရဲ့လစာက ငါးသိန်းကျော်ဝန်းကျင်ရှိပေမယ့် အရင်က ဇနီးမောင်နှံနှစ်ဦးလုံး အလုပ်အကိုင်ရှိတော့ သွားနိုင်စားနိုင်နဲ့အတော်အသင့် အဆင်ပြေတယ်။ လက်ရှိချိန်မှာ ခင်ပွန်းကလည်း အဝေးရောက်နေ တော့ နှစ်နှစ်အရွယ်သမီးငယ်ရယ် မိခင်ဖြစ်သူရယ်နဲ့အတူနေထိုင်ရင်း စားဝတ်နေရေးအတွက် မခက်ခက်တစ်ဦးတည်း ရုန်းကန်နေရတာပါ။
“လစာရလို့ အရင်လိုလည်းကိုယ့်အတွက်မသုံးနိုင်တော့ဘူး။ အာဏာသိမ်းနောက်ပိုင်းကတည်းက ကိုယ်တစ်ဦးတည်း လုပ် စာပဲရှိတော့တာဆိုတော့ ရတဲ့လစာလေးနဲ့လောက်ငအောင် တော်တော့်ကိုစိစစ်ရတယ်”လို့ မခက်ခက်က ပြောပါတယ်။
မိသားစုမှာ သူ့တစ်ဦးစာဝင်ငွေနဲ့ပဲ ရပ်တည်ရချိန်ကတည်းက ချွေတာသုံးစွဲရပေမဲ့ တဖြည်းဖြည်းမြင့်တက်လာတဲ့ ကုန်ဈေး နှုန်းတွေကြောင့် ရတဲ့ဝင်ငွေကို ကလေးအတွက်နဲ့အိမ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကလွဲပြီး ဘာကိုမှ အပိုထပ် ဝယ်ဖို့ မစဉ်းစားနိုင်ဘူးလို့ ဆက်ပြောပါတယ်။
ပုံမှန်လစာရှိပေမယ့်လည်း တစ်စစမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြားထဲ အပိုဝင်ငွေရအောင် အွန်လိုင်းကနေ ကုန်ပစ္စည်း အရောင်းဝယ်လုပ်မလား တွေးကြည့်ပေမယ့် မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေရယ်၊ အဆမတန်မြင့်တက် လာတဲ့ ကုန်ဈေးနှုန်းတွေကြား အပြင်စီးပွားရေးလည်း မစနိုင်သေးဘူးလို့ မခက်ခက်ကပြောတယ်။
” ကလေးနဲ့အမေလည်းရှိတော့ သူ့တို့ရှေ့ရေးလည်းစဉ်းစားနေရတာ၊ တစ်ယောက်တည်းဆို ကိစ္စမရှိပေမယ့် အခုက ဘာဖြစ်မယ်မှန်းမသိတဲ့ အခြေအနေတွေကြား ရှေ့ဆက်ပြီးဘာလုပ်ရမယ်မှန်းမစဉ်းစားတက်အောင်ပဲ” လို့ မခက်ခက်က ပြောတယ်။
ကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာဈေးတက်တဲ့ရိုက်ခက်မှုတွေကြောင့် ပြည်ပကသွင်းတဲ့ကုန်ပစ္စည်းတွေက နှစ်ဆနီးပါးလောက် ဈေးနှုန်းမြင့်တက်လာပြီး ပြည်တွင်းက ကုန်ပစ္စည်းတွေကလည်း စက်သုံးဆီဈေးမြင့်တက်ကာ သယ်ယူပို့ဆောင်ရေးစရိတ် တွေပါ ကြီးမြင့်လာတာကြောင့် ဈေးနူန်းတွေလည်း လိုက်တက်လာပါတယ်။
” ပုံမှန်ဝယ်နေကျ ထောင့်ငါးရာတန်တန်ဆီတစ်ဗူးကို နှစ်ထောင့်ရှစ်ရာသုံးထောင်ဆိုတော့ ဘာလို့ အဲ့လောက်တက်လဲ စဉ်းစားလို့မရဘူး။ ငါးရာတန်အချိုမှုန့်ထုပ်တောင် တစ်ထောင်ဖြစ်နေပြီ”လို့ သာကေတမြို့နယ်မှာနေထိုင်တဲ့ ကလေးသုံးဦး မိခင် ဒေါ်မြင့်ဦးကပြောပါတယ်။
ဒေါ်လာဈေးတက်တာ ရွှေဈေးတက်တာကို ကြားသိပေမယ့်လည်း ကုန်ဈေးနှုန်းတွေ အရင်ထက် အဆမတန်မြင့်မား လာတာဟာ နေ့စဉ်စားဝတ်နေရေးအတွက် ပိုကြပ်တည်းစေတယ်လို့ ပြောပါတယ်။
မိသားစုများတဲ့ ဒေါ်မြင့်ဦးတို့မှာ သားသမီးသုံးဦးနဲ့ သူကသာ အိမ်စရိတ်ရှာဖွေသူတွေဖြစ်ပြီး ယခင် NLD အစိုးရ လက်ထက် ကိုဗစ်ကာလကတည်းက စီးပွားရေးနဲ့အလုပ်အကိုင်မကောင်းပေမဲ့ ကုန်ဈေးနှုန်းကလည်း ယခုလောက်မကြီးသလို၊ အစိုးရ နဲ့ပြည်သူတွေရဲ့ ထောက်ပံ့တာတွေကြောင့် အခြေအနေမဆိုးရွားခဲ့ဘူးလို့ သူကဆိုတယ်။
အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သားသမီးတွေရဲ့ဝင်ငွေကလည်း လျော့ပါးလာတဲ့အပြင် ဒေါ်မြင့်ဦးကိုယ်တိုင်ကလည်း ဈေးအရောင်းအဝယ်မကောင်းတော့ လောက်ငအောင် မနည်းစိစစ်ချွေတာရတယ်လို့ဆိုတယ်။
အရင်က ငွေငါးထောင်ဆိုရင် ဟင်းချက်စရာသုံးထောင်နဲ့ ဆန်ဆီကြက်သွန်နှစ်ထောင်ဖိုး ဝယ်ယူသုံးစွဲတာကနေ ပြီးခဲ့တဲ့ လဝက်ကျော်ကျော်လောက်ကနေစပြီး ဆန်၊ဆီ၊အချိုမှုန့်တို့လို အခြောက်အခြမ်းဘက်ကို ငွေကြေးပိုသုံးစွဲရပြီး ဟင်းချက် စရာဈေးဖိုးကို နှစ်ထောင်ဝန်းကျင်နဲ့ လောက်ငအောင် ဝယ်ယူရတယ်လို့ ပြောပါတယ်။
” ဆန်တို့ဘာတို့ပိုဝယ်ရတော့ ဟင်းချက်စရာဈေးဖိုးလျော့သွားတာပေါ့။ သားသမီးတွေပေးတဲ့ပိုက်ဆံက ဆယ့်ငါးရက် ရက် နှစ်ဆယ်လောက်ဆိုပြတ်ပြီ” လို့ သူက ညည်းပါတယ်။
အဲ့ဒီအချိန်ကျရင် အိမ်နီးနားချင်းတွေဆီက ဆန်လေးဆီလေးချေးငှား၊ ဈေးရင်းထဲကနေ ဟင်းချက်စရာဖိုးယူသုံး၊ ဈေးရင်း ပျောက်လို့ အခြားသူတွေဆီက ချေးယူပြီး ဈေးပြန်ရင်း၊ သားသမီးတွေဆီက လစာရရင်ပြန်ဆပ်နဲ့ တစ်လတစ်လ လှည့်ပတ် နေရတယ်လို့ ဒေါ်မြင့်ဦးကပြောပါတယ်။
နဂိုကမှ စားလောက်ရုံ ရုန်းကန်နေရတဲ့အထဲ ဒီလိုသာကုန်ဈေးနှုန်းတွေပိုပိုပြီး ဆက်မြင့်လာမယ်ဆိုရင် ပိုခက်ခဲတော့မှာလို့ ဒေါ်မြင့်ဦးက ဆက်ပြောပါတယ်။
” အခုတောင် ဟင်းသီးဟင်းရွက်လေးကြော်စားလိုက် အသားဟင်းလည်း နှစ်ထောင်သုံးထောင်ဖိုးအစား တစ်ထောင်ဖိုး လောက်ဝယ်ပြီး မျှစားလိုက်ပေါ့၊ ကုန်ဈေးနှုန်းမကျဘဲနဲ့တောက်လျောက်တက်နေမယ်ဆို ခက်ခဲရုံပဲရှိတော့တယ်။” လို့ ဒေါ်မြင့်ဦးက ဆိုတယ်။
ယခင်ထက်ကုန်ဈေးနှုန်းတွေ ခုန်တက်လာလည်း အလုပ်လက်မဲ့တွေများလာတာ၊ လူတွေမှာ ငွေပိုငွေလျှံမရှိတာတွေ ကြောင့် စီးပွားရေးတွေလည်း တဖြည်းဖြည်းနဲ့ ပိုခက်ခဲလာကြတယ်လို့ တာမွေမြို့နယ်မှာနေထိုင်တဲ့ မနန္ဒာကပြောပါတယ်။
မနန္ဒာက အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အလုပ်ကရပ်နားခဲ့ရကာ နေအိမ်ရှေ့မှာ ထမင်းကြော် အသုတ်စုံတို့ကို ရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုနေသူပါ။
ဈေးစရောင်းတဲ့အစောပိုင်းကာလက အရောင်းအဝယ်က မဆိုးလှပေမယ့် ကိုဗစ်တတိယလှိုင်းမှာ ဆိုင်ယာယီပိတ်ထားခဲ့ရ တယ်။ ကိုဗစ်ရောဂါတွေငြိမ်သက်ချိန် စက်တင်ဘာမှာဈေးဆိုင်လေးပြန်ဖွင့်ခဲ့ပေမယ့် လူတွေကကျပ်တည်းလာတော့ ထင်သ လောက်မရောင်းရ၊ ဒီကြားထဲကုန်ဈေးနှုန်းတွေက နှစ်ဆလောက်တက်လာတော့ ဈေးတက်ရောင်းချိန် လာစားတဲ့ သူ မရှိသလောက်ဖြစ်နေတော့ ဆိုင်ပါပိတ်ထားရတယ်တယ်လို့ သူကဆိုပါတယ်။
” အရောင်းအဝယ်မကောင်းရတဲ့ကြားထဲ ကုန်ဈေးနှုန်းတွေက နှစ်ဆလောက်တက်တော့ ဈေးတက်ရောင်းလည်း ရောင်း ကောင်းမှာမဟုတ်တဲ့အတွက် ရှိတာလေးနဲ့စားနေရတာ တစ်ပတ်ကျော်ပြီ”လို့ မနန္ဒာကပြောတယ်။
တစ်ကိုယ်တည်းရုန်းကန်နေရတဲ့ မနန္ဒာအတွက် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ခက်ခဲလာတာ အခုအချိန်က အဆိုးဆုံးပဲလို့ဆိုတယ်။ အလုပ်လက်မဲ့ဖြစ်လို့ ဈေးရောင်းပေမယ့် အရောင်းအဝယ်အဆင်မပြေတာ၊ အိမ်ငှားနေရတဲ့ အတွက် ငွေကြေးမတတ်နိုင်လို့ဆက်မငှားနိုင်တော့တာ၊ အလုပ်ရှိစဉ်တုန်းက ယူထားတဲ့အကြွေးတွေအတွက် အတိုး ပုံမှန်မပေးနိုင် တာတွေကြား စိတ်ပင်ပန်းရတယ်လို့ ဆိုတယ်။
” လာမယ့်ဒီဇင်ဘာဆို အိမ်ငှားတာပြည့်တော့မယ်၊ ထပ်ငှားဖို့အခက်အခဲရှိတော့ အဒေါ်အိမ်မှာပဲနေဖို့စဉ်းစားထားတယ်၊ ကျပ်တည်းတာ တော်တော်ကျပ်တည်းတယ်။ တခါတလေ သတ်သေချင်စိတ်တောင်ပေါက်တယ်။” မနန္ဒာက ပြောပါတယ်။
စီးပွားရေးသုတေသီတစ်ဦးကတော့ ဒေါ်လာဈေးရွှေဈေးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းအကြောင်းအရင်း တွေမှာ နိုင်ငံရေးစီးပွားရေးတွေလည်းဆက်စပ်နေပြီး ကျပ်ငွေတန်ဖိုးဟာ သူ့ရဲ့ပင်ရင်းတန်ဖိုးရော၊ နှိုင်းယှဉ်တန်ဖိုးရော ကျနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ကျပ်ငွေပမာဏ အရေအတွက်ဟာ ဈေးကွက်ထဲမှာကောင်းစွာမလည်ပတ်ဘဲ ငွေကြေးပိုမိုလည်ပတ်စေဖို့ ငွေစက္ကူသစ်တွေ ထပ်ရိုက်ထုတ်တဲ့အခါ ထုတ်လုပ်မှုကျဆင်းချိန် ငွေပမာဏများလာပြီး သဘာဝအရ ကုန်ဈေးနှုန်းတွေ တက်လာတာလို့ဆို ပါတယ်။
” သတင်းတွေအမျိုးမျိုးကြားနေကျတော့ ကျပ်ငွေကို မယုံကြည်မှုတွေဖြစ်ဖြစ်လာပြီး ကျပ်ငွေအကိုင်လျှော့ အခြားအရာ တွေကို အကာအရံ လိုက်ဝယ်နေတော့ ကျပ်ငွေတန်ဖိုးဟာ ကျပြီးရင်းကျလာတာ”လို့ ယင်းသုတေသီက ဆိုပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းက ကဏ္ဍအားလုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နေတာ ဖြစ်တဲ့အတွက် လက်ရှိမှာလည်း လုပ်ငန်းအကြီးကြီးတွေကနေ အောက်ခြေ အရောင်းဆိုင်လေးတွေ အိမ်တွင်းမှုလုပ်ငန်း လေးတွေ အားလုံးပြိုလဲနေပြီး ပြည်သူတွေက ဒီထက်အခြေအနေဆိုးကို ရင်ဆိုင်ရမယ်လို့ သူ့အမြင်ကို ဆိုပါတယ်။
” တစ်ဦးချင်း၊တစ်ယောက်ချင်း၊ မိသားစုတစ်စုခြင်းမှာ ထမင်းငတ်သေသွားနိုင်တယ်လို့ ပြောမကောင်းပေမယ့် အာဟာရ ပြတ်လို့၊ ဆေးတွေဈေးကြီးလို့ မတတ်နိုင်လို့ စတဲ့အသက်ဘေးအန္တရာယ်အထိတောင် သက်ရောက်နိုင်တယ်”လို့ ယင်း သုတေသီက ဆက်ပြောပါတယ်။
မြန်မာ့စီးပွားရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေက တိုးတက်မှု အနုတ်လက္ခဏာအဆင့်တောင် ခန့်မှန်းထားကြတာ ဖြစ် တဲ့အတွက် နိုင်ငံ့စီးပွားရေးဟာ တိုးတက်ဖို့မဆိုထားနဲ့ ပုံမှန်ပြန်လည်လည်ပတ်ဖို့တောင် အချိန်တော်တော်ယူရဦးမယ်လို့ သူက ဆိုတယ်။
မခက်ခက်ကတော့ လက်ရှိအချိန်မှာ ပြည်သူတွေမှာ နိုင်ငံရေးမတည်ငြိမ်တဲ့ဒဏ် စီးပွားရေးမတည်ငြိမ်တဲ့ဒဏ်တွေကြား နှစ်သထက် နှစ်နေပြီး ဒီလိုအခြေအနေတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူအပါအဝင် သာမန်ပြည်သူတွေဘဝတွေက အခက်အခဲတွေကြား ပိုပြီးလဲပြိုရုံသာ ရှိတော့မယ်လို့ ဆိုတယ်။
ဒါကြောင့် ” အခုကတော့ ချွေတာရုံအပြင် ဘာမှမလုပ်နိုင်တော့ဘူး၊ ကိုယ်လည်း တောင့်ခံနိုင်သလောက်တော့ တောင့်ခံ သွားရမှာပဲ “လို့ ဆိုပါတော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021