ခိုင်ရီ။ ။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာမွေး၊ သံတွဲမှာကြီးပြင်းပြီး၊ လက်ရှိလည်း သံတွဲမှာနေထိုင်တဲ့ ကျမအတွက်တော့ ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်မှာ ကြုံလိုက်ရတဲ့ ရေလွှမ်းမိုးမှုအတွေ့အကြုံက တကယ်ကိုထူးခြားခဲ့ပါတယ်။ ပြောစရာပေါင်းများစွာ ပေါ်လာပါတယ်။
သံတွဲမြို့ဟာ ချောင်းနံဘေးက မြို့ဖြစ်ပြီး ပင်လယ်နဲ့ငါးမိုင်ခန့်အကွာအဝေးမှာ ရှိပါတယ်။ သာမာန်မိုးများတဲ့ နှစ်တွေ မှာတောင် မြေအနိမ့်ပိုင်း ရပ်ကွက်တွေဟာ ရေလွှမ်းမိုးမှုဒဏ်ကို ခံရလေ့ရှိတဲ့မြို့ပါ။ မိုးရေချိန်လက်မ အမြဲများလေ့ရှိတဲ့မြို့ ဖြစ်တဲ့အတွက် မိုးသည်းသည်းထန်ထန် ရက်ဆက်ပြီးရွာမယ်၊ ချောင်းရဲ့အထက်ပိုင်း ချောင်းဖျားအရပ်ရခိုင်ရိုးမတောင်စွယ် တောင်ရိုးတွေပေါ်မှာ မိုးကြီးမယ်ဆိုရင် သံတွဲမြို့ပေါ်မှာ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံကြရပါတယ်။
မြန်မာပြက္ခဒိန်အရ ဝါထပ်နှစ်တွေမှာ ရေကြီးလေ့ရှိတယ်။ တနှစ်မှာ သုံးကြိမ်၊ လေးကြိမ်လောက်ထိရေကြီးလေ့ရှိပြီး များ သောအားဖြင့်တော့ ရေကြီးတာဟာ သံတွဲရဲ့ အမှတ်သညာလို့တောင်ပြောလို့ရပါတယ်။ ရေကြီးပြီဟေ့ဆိုရင် မြို့သူမြို့ သားတွေဟာ တန်ဆောင်တိုင်မီးထွန်းပွဲလျှောက်ကြည့်ကြသလိုမျိုး ရေတက်နေတဲ့ ရပ်ကွက်တွေကို တလမ်းဝင် တလမ်း ထွက် လျှောက်ကြည့်ကြမယ်။ လမ်းလျှောက်လို့မရတော့တဲ့ရပ်ကွက်တွေမှာ ထမင်းထုတ်ဝေတဲ့လှေ၊ ကမ်းပေါ်သွားချင်တဲ့ လူတွေကို ကူညီပို့ပေးတဲ့ လှေတွေ တော်တော်များများရှိကြတယ်။ လှေကြုံစီးပြီး ရပ်ကွက်လှည့်ပတ်ကြည့်ကြ၊ အချင်းချင်း နောက်ပြောင် နှုတ်ဆက်ကြမယ်။
သံတွဲရေကြီးတယ်ဆိုလည်း ရက်ပေါင်းများစွာ စိမ်ပြေနပြေကြီးနေတာမျိုးမဟုတ်ဘူး။ ၂၄ နာရီအတွင်း ပြန်ကျတာပဲ။ အရက် မူးမူးနဲ့ မြောင်းထဲပြုတ်ကျလို့၊ ညမှောင်မှောင်မှာ မျက်စိလည်ပြီး ရေစီးနဲ့ပါသွားလို့ အသေအပျောက်တချို့ရှိတာတွေက လွဲရင် ရေဘေးကြောင့် လူ၊ ကျွဲ၊ နွားတိရိစာန်တွေ ကြီးကြီးကျယ်ကျယ် ပျက်စီးဆုံးရှုံး ရတယ်ဆိုတာ မှတ်မိသလောက် မရှိခဲ့ ဖူးဘူး။
ဒါပေမယ့် အခုလို ဈေး၊ ဆေးရုံနဲ့ မြို့ပေါ်ရပ်ကွက် အားလုံးလိုလို ရေလွှမ်းမိုးတဲ့ဒဏ်ခံရတဲ့ အခြေအနေကတော့ ထူးခြား ဖြစ်စဉ်ပါ။ ဒီလို ရေဘေးမျိုးကို ဒေသခံတွေကတော့ ရေမင်းကြီး ကြီးတယ်လို့သုံးနှုန်းကြပါတယ်။ ဒီနှစ်လို ထူးခြားဖြစ်စဉ် ရေဘေးအတွေ့အကြုံကို ကျမ တက္ကသိုလ်ကျောင်းသူအရွယ် ၂၀၀၄ ခုနှစ်မှာ ပထမဆုံးကြုံဖူးခဲ့တယ်။
ကုန်းမြင့်ပိုင်းရပ်ကွက်လေးတစ်ခုကလွဲရင် သံတွဲမြို့ရဲ့ ရပ်ကွက်အားလုံးနီးပါးရေနစ်မြုပ်ခဲ့တယ်။ ဆေးရုံပေါ်ထိ ရေတွေ တက်လာပြီး လူနာတွေဟာ ခုတင်တွေ အဆင့်ဆင့်လုပ်ပြီး တက်နေခဲ့ကြရတယ်။ ဈေးထဲကို ရေတွေဝင်ပြီး၊ စားသောက် ကုန်၊ အထည်အဝတ်၊ လူသုံးကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း စသဖြင့် အားလုံးဟာ ရေအောက်ကို ရောက်ခဲ့တဲ့အတွက် ဆုံးရှုံး မှုများခဲ့တယ်။ အရင်းအနှီးနည်းနည်းနဲ့ ယိုင်နဲ့နဲ့ရပ်တည်နေရတဲ့ လုပ်ငန်းငယ်လေးတွေ ဘဝတွေပျက်ကုန် ကြတယ်။ စိတ် ထောင်းကိုယ်ကြေဖြစ်ပြီး ကျန်းမာရေးချို့တဲ့ကုန်တဲ့သူတွေ ရှိခဲ့ကြတယ်။
နှစ်စဉ်ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံရဖူးပေမယ့် ၂၀၀၄ ရေမင်းကြီးရဲ့ နောက်ဆက်တွဲအဖြစ် မြို့ပေါ်မှာ တင်ကျန်ခဲ့တဲ့ နုန်းထု ထည်ကြီးဟာ ကြောက်ခမန်းလိလိပါပဲ။ အရင်က ခြေတံရှည်အိမ်တွေဟာ ၂၀၀၄ ရေမင်းကြီးကြောင့် ခြေတံတို အိမ်တွေဖြစ် ကုန်ကြတယ်။ မူလက ခြေတံတိုအိမ်တွေဟာမြေပြင်နဲ့တပြေးညီအိမ်တွေ ဖြစ်ကုန်တယ်။ အိမ်အောက်ထပ် မြေပြင်ဟာ ရွှံ့နွံ တွေ နှစ်ပေလောက်အထိ မြင့်တက်ခဲ့ကြတယ်။
ရခိုင်ရိုးမတောင်စွယ်တောင်ပွားတွေကို မြစ်ဖျားခံစီးဆင်းတဲ့ သံတွဲချောင်းဟာ ရေစီးနဲ့အတူ နုန်းမြေတွေကို သယ်ဆောင် လာပြီး မြို့ပေါ်မှာအနည်ချခဲ့ကြတယ်။ တောင်ပေါ်မှာ သစ်ပင်တွေမရှိကြတော့ဘူး၊ တောတွေ ပြုန်းကုန်ကြပြီ၊သံတွဲချောင်း မြစ်ကြမ်းပြင်ဟာ တစ်နှစ်နဲ့တစ်နှစ်တိမ်ကောလာနေတယ်ဆိုတာကို သံတွဲသူ၊ သံတွဲသားတွေ ကောင်းကောင်း သဘော ပေါက်ခဲ့ ကြပါတယ်။
မြို့ရဲ့စီးပွားရေးကို အထိနာစေခဲ့တဲ့အတွက် ၂၀၀၄ ဘေးအတွေ့အကြုံဟာ အိပ်မက်ဆိုးလိုပါပဲ။ မြို့အထက်ဖက် ချောင်းရိုး တလျှောက်မှာရှိတဲ့ ရွာတချို့ဟာ ရွာလုံးကျွတ်နီးပါး ရေစီးနဲ့အတူ မျောပါပြီး ရွာပျက်တဲ့အထိ ဖြစ်ခဲ့ကြတယ်။ လူနဲ့ ကျွဲနွား တိရိစ္ဆာန်အသေအပျောက်လည်း ရှိခဲ့ကြတယ်။ ဒါ့အပြင် ချောင်းသဲကျောက်စုပ်ယူတဲ့လုပ်ငန်းတွေကို အလွန်အကျွံ ခွင့်ပြု ထားတဲ့အတွက် ကမ်းဘားမြေပြိုမှုတွေ ဖြစ်ပြီး ရွာလံုံးကျွတ်ပြောင်းရွှေ့ခဲ့ရတဲ့ သာဓကတွေများစွာရှိခဲ့ပါတယ်။ ယခုတိုင် လည်း ရှိနေဆဲဖြစ်ပါတယ်။
လူတွေရဲ့ စိတ်မှာ ၂၀၀၄ ရေဘေးဟာ အဆိုးဆုံးအခြေအနေပဲဆိုတဲ့ အသိက စွဲသွားခဲ့တယ်။ တချို့က သူတို့အိမ်တွေကို ပြန်ပြင်ဆောက်တဲ့အခါဖြစ်စေ၊ အိမ်အသစ်ဆောက်ကြတဲ့အခါဖြစ်စေ ၂၀၀၄ ရေရောက်တဲ့ အမှတ်အသားနဲ့ ချိန်ထိုးပြီး ပြင်ဆင်ဆောက်လုပ်ကြတယ်။ ၂၀၀၄ ရေဘေးက စံချိန်တခု ဖြစ်ခဲ့တယ်။ အဲဒီ နောက်ပိုင်း နှစ်စဉ်ရေကြီးတာတွေ ရှိခဲ့ ပေမယ့် ၂၀၀၄ စံချိန်ကိုတော့ မကျော်လွန်ခဲ့ဘူး။
အရင်နှစ်တွေကတော့ မိုးနည်းပါးတဲ့အတွက် သံတွဲမှာ ရေမကြီးတာ သုံးနှစ်လောက်ရှိခဲ့ပြီ။ ပြီးခဲ့တဲ့နှစ်က မြို့ထဲကနေ ချောင်းမကြီးဆီကို စီးထွက်တဲ့ သဘာဝရေစီးမြောင်းတွေကို စည်ပင်သာယာရေးကော်မီတီကနေ တူးဖော်ခဲ့တာတွေ ရှိခဲ့တာကလည်း အားသာချက်တစ်ခုလို့ဆိုမယ်ထင်ပါတယ်။ တော်ရုံမိုးသည်းထန်တာ၊ ရေတက်တာလောက်ကို မြို့ရဲ့ ရေမြောင်းတွေ ရေစီးရေလာကောင်းနေရင် ခံသာပါတယ်။
ဒီနှစ်မှာတော့ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေးအပြောင်းအလဲ ဒဏ်ကြောင့် ဒေသတွင်း စီးပွားရေးထိခိုက်နစ်နာမူတွေ ကြုံနေကြ ရတယ်။ ကံဆိုးစွာပဲ ဒီနှစ်မှာ ရေကြီးမှုနဲ့ ကြုံခဲ့ရပြီး အဲဒီရေကြီးမှုဟာ ၂၀၀၄ ရေမင်းကြီးရဲ့ စံချိန်ကိုကျော်လွန်ခဲ့ပါတယ်။ သံတွဲမြို့သူ၊ မြို့သားတွေဟာ ၂၀၂၁ ရေမင်းကြီး ဘေးကို အကူအညီမဲ့စွာ ကျော်လွန်ခဲ့ရပါတယ်။
ရေတကောင်းက သွန်ချနေသလို ဆက်တိုက်ရွာနေတဲ့မိုးကြောင့် ဇူလိုင်လ ၂၈ နေ့လည်ပိုင်းကစပြီး သံတွဲမြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေကို ရေတက်လာခဲ့တယ်။ ချောင်းဖျားမိုးရော၊ မြို့ပေါ်မှာပါ ဆက်တိုက်ရွာနေတဲ့ မိုးနဲ့ လပြည့်ကျော် ၁ရက် ရေထရက် ဖြစ်တဲ့အတွက်ရော အကြောင်းပေါင်းဆုံသွားတဲ့အတွက် နောက်နေ့မှာ မြို့ပေါ်ရပ်ကွက်တော်တော်များများ ကို ရေနစ်မြုပ်ခဲ့ပါတယ်။
၂၀၀၄ ရေနစ်မြုပ်ခဲ့တဲ့နေရာတွေအားလုံးကို အချိန်တိုအတွင်း ရေကတရိပ်ရိပ်နဲ့တက်လာခဲ့တယ်။ တချို့က အမြင့်ပိုင်းက အိမ်တွေ၊ ဓမ္မာရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့နေရာတွေကို ရှောင်တိမ်းကြတယ်။ တချို့က အတိုင်းအဆမရှိ ကူးစက်မှုမြန်ဆန်နေတဲ့ ကိုဗစ်ရောဂါကြောင့် လူစုဝေးရာနေရာတွေကို ရှောင်ကြဉ်ဖို့အတွက် အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြတယ်။
အရင်တုန်းကဆိုရင် ရေကြီးပြီဆို ရေဘေးသင့်ရပ်ကွက်တွေဆီ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေ ရောက်လာ ကြတယ်။ ပြည်သူနဲ့အတူ ပူးပေါင်းပြီး အကူအညီလိုနေတဲ့ လူနေအိမ်တွေက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုး သမီးတွေကို ဘေးလွတ်ရာကို ပြောင်းရွေ့ ပေးကြတယ်။ လူတွေဟာအရင်နှစ်တွေကလိုပဲ ကယ်ဆယ်ရေးလှေတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာမယ်လို့ မျှော်လင့်ခဲ့ကြပုံရတယ်။ ဒါ့အပြင် သူတို့ရဲ့စံချိန်ဟောင်းတစ်ခုဖြစ်တဲ့ ၂၀၀၄ ရေဘေးအခြေအနေကို ပြန်တွေးပြီး၊ အဲလောက်တော့ အခြေအနေမဆိုးနိုင်ဘူးလို့ တညီတညွတ်တည်း တွေးခဲ့ကြတယ်။
ရေကတရိပ်ရိပ်နဲ့ အတက်မြန်လာတဲ့အခါမှာ စိုးရိမ်မှုတွေနဲ့အတူ အိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာကိုပြေးဖို့ ဆုံးဖြတ်လိုက်ကြ ချိန်မှာ သူတို့ကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ၊ လှေတွေ လုံလောက်အောင်ရှိမနေခဲ့ပါဘူး။ သံတွဲသူ၊ သံတွဲသား တွေ သီးသန့်စုဖွဲ့ထားတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေဘေးသင့်ရပ်ကွက်အသီးသီးက ကယ်ဆယ်ရေးလှေ အကူ အညီတောင်းခံမှုတွေဟာ ကူကယ်ရာမဲ့နေတယ်ဆိုတာကို ပြသနေခဲ့တယ်။ အခြေအနေအဆိုးဆုံး နေရာတွေ မှာတော့ အိမ်ခေါင်မိုးတွေကို ကျော်လွန်နစ်မြုပ်ခဲ့ကြတယ်။ တချို့အိမ်တွေမှာ အိမ်အပေါ်ထပ်အထိ လူတစ်ရပ်မြုပ်တဲ့ ရေထဲမှာ ကယ်ဆယ်ရေးလှေတွေကို အော်ခေါ်ရင်း အချိန်အကြာကြီးနေခဲ့ကြရတယ်။
ပြည်သူအချင်းချင်း တပိုင်တနိုင် ကူညီ ကယ်ဆယ်နေကြတာကလွဲရင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရဲ့ စံချိန်သစ်ရေ လွှမ်းမိုး ဒဏ်ခံ ပြည်သူတွေဟာ အကူအညီမဲ့စွာနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ မြို့အုပ်ချုပ်ရေး အတွက် တာဝန်ယူထားတဲ့ သူတွေ မှာ ရေဘေးအတွက် စနစ်ကျတဲ့ စီမံခန့်ခွဲမှု လုံးဝမရှိနေခဲ့တာကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတယ်။
ခေတ်အဆက်ဆက် ရေဘေးကို ခံစားရတတ်တဲ့ မြို့တစ်မြို့ဖြစ်ပေမယ့် ကယ်ဆယ်ရေးအတွက်လုံလောက်တဲ့ ပစ္စည်း ကိရိ ယာ၊ လုံလောက်တဲ့အင်အား၊ လုံလောက်တဲ့ စီမံခန့်ခွဲမှုတွေလုံးဝရှိမနေခဲ့ပါဘူး။ စစ်အစိုးရခေတ် အဆက်ဆက်ရော၊ လူထု ရွေးချယ်တင်မြောက်ခံခဲ့ရတဲ့ အရပ်သားအစိုးရလက်ထက်မှာပါ လိုအပ်တဲ့ ကယ်ဆယ်ရေး စနစ်တွေကို ဖြည့်တင်းပေးခဲ့ ခြင်း မရှိခဲ့ပါဘူး။ ကျမတို့မြို့အတွက် ရေဘေးကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ထည့်သွင်းစဉ်းစား ဖြည့်တင်း ပေးထားတာမျိုး မကြားမိဘူး။
အရင်နှစ်တွေက ရေကြီးတယ်ဆိုတာ ရပ်ကွက်တချို့လောက်သာဖြစ်လို့ အဲဒီရပ်ကွက်တွေကို ကူညီကယ်ဆယ်ရေးတွေက အလွယ်တကူသွားရောက်ကူညီနိုင်ပေမယ့် အခုလို တစ်မြို့လုံးရေကြီးသွားတဲ့ အခြေအနေမှာ မြို့ရဲ့ ကူညီကယ်ဆယ် ရေးတွေဟာ ဘယ်လိုမှ လုံလောက်မှု မရှိတော့ဘူး။ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေဟာ ကိုယ့်ဘာသာကိုယ် ရုန်းကန် ကြရပါတော့တယ်။
သံတွဲမြို့ရဲ့ ပထဝီဝင်အနေအထားဟာ ရေဘေးသင့်ရပ်ကွက်တခုနဲ့ တခုကို ရေလမ်းကနေ ကူးလူးသွားလာဖို့ မလွယ်ကူတဲ့ အနေအထားမျိုးပါ။ ရေဘေးဒဏ်နှစ်စဉ်ခံရလေ့ရှိတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကို မြို့ရဲ့ အမြင့်ဆုံးရပ်ကွက်က အလယ်က ပိုင်းခြားထား သလို ရှိနေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခဲ့တဲ့အတွက် အိမ်ခေါင်မိုးတွေပေါ်မှာတက်နေခဲ့ရတာ၊ သောက်သုံးရေခပ်တဲ့ ရေပုံး တွေကို အသက်ကယ်ပစ္စည်းအဖြစ် အသုံးပြုပြီး ဘေးလွတ်ရာကိုပြေးနိုင်သူတွေက ပြေးကြရတယ်လို့ အမှတ်၄ ရပ်ကွက်က ရေဘေးသင့် ဒေသခံအမျိုးသမီးတဦးကပြောပြပါတယ်။
“ ရေစပ်နားကို လူကြီး(မြို့က တာဝန်ရှိတဲ့သူတွေ)တချို့ လာကြည့်တယ်၊ ကားပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်ပြီး ပြန်သွားတာ ပဲ၊ ဘာမှအကူအညီ မရခဲ့ပါဘူး၊ ဦးလေးတစ်ယောက်ဟာ သူ့လှေတစင်းနဲ့ အနီးအနားကို ပတ်ကယ်နေပေမယ့် ဟိုးအတွင်း ပိုင်းတွေမှာ အကူအညီလိုတဲ့ အိမ်တွေ အများကြီးပဲရှိနေခဲ့တယ်” လို့ သူက ဆိုပါတယ်။
“ ရေဘေးဒုက္ခကြုံနေတုန်းမှာ ထမင်းတစ်နပ်ငတ်တာ ကိစ္စမရှိဘူး၊ အသက်ဘေးက လွတ်အောင်ကယ်မယ့် ကယ်ဆယ်ရေး အဖွဲ့တွေ၊ ကယ်ဆယ်ရေးလှေတွေလိုတာပါ”လို့ အိမ်ခေါင်မိုးတွေမြုပ်တဲ့အထိ ရေတက်ခဲ့တဲ့ သမုတ်ချောင်းရပ်ကွက်က အမျိုးသမီးတစ်ယောက်ကပြောပြပါတယ်။
ဒါတွေအပြင် ငါးလသားအရွယ်ကလေးငယ်အပါအဝင် ကလေး သုံးဦးနဲ့ သက်ကြီးရွယ်အို မိဘနှစ်ဦးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သူတို့နှစ်အိမ်ကျော်မှာရှိတဲ့ ထမင်းထုတ်ဝေနေတဲ့ လှေတစင်းကို အစောပိုင်းကတည်းက အကူအညီတောင်း ခံခဲ့ပေမယ့် အကူအညီ မရခဲ့ဘူးလို့ သံတွဲမြို့၊ အမှတ် ၆ ရပ်ကွက်မှ ရေဘေးဒဏ်ခံခဲ့ရသူအမျိုးသားတဦးက ပြောပါတယ်။
ညနေစောင်းအချိန်ရောက်မှ တခြားရပ်ကွက်က ကူညီရေးလှေတစ်စီးရောက်လာပြီး ကူညီပေးလို့သာ ရေလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အဲဒီမိသားစုဝင်တွေကို ကူညီကယ်ဆယ်ပေးခဲ့တဲ့ ကိုအောင်နိုင်က “ရေပြန်ကျသွားလို့တော်တယ်။ ဒီထက် ရေထပ်တက် လာမယ်ဆိုရင် အသေအပျောက်များပြီး ဒီတိုင်းထိုင်ကြည့် နေရမယ့် အခြေအနေပါ”လို့ သူက သုံးသပ်ပါတယ်။
သံတွဲမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို ရေလွှမ်းမိုးမှုဟာ အချိန်အားဖြင့် နာရီ ၃၀ကျော် ကြာမြင့်ခဲ့ပြီး နောက် တဖြည်းဖြည်း ရေပြန်ကျလာခဲ့တာကြောင့် ရေဘေးသင့်သူတချို့ဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ကြ တယ်လို့ ဆိုရမှာပါ။
ရေပြန်ကျသွားပြီးတဲ့နောက်မှာ ထပ်ပြီးကြုံရတာကတော့ ၂၀၁၄ တုန်းကလို တောင်ကျရေနဲ့အတူပါလာတဲ့ ရွှံ့နွှံတွေပါပဲ။ သံတွဲတစ်မြို့လုံးကလူတွေဟာ ဒီရက်ပိုင်းမှာ အပျက်အစီးတွေ၊ ရွှံ့နွှံတွေနဲ့ နပန်းလုံးနေရတဲ့ကာလတွေဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် ကုန်ဈေးနှုန်းတက်မှာစိုးလို့ ဝယ်ခြမ်းစုဆောင်းထားတဲ့ ဆန်အိတ်လေးတွေ၊ စားနပ်ရိက္ခာလေးတွေ ဆုံးရှုံး လိုက်ရတဲ့ သာမာန်လက်လုပ်လက်စားတွေရဲ့ဘဝဟာ ရေတက်တဲ့ဒဏ်ကြောင့် တော်တော်အထိနာခဲ့တယ်။ ဒီနေ့ဆိုရင် ရေဘေးကနေ လွတ်မြောက်ခဲ့ကြတာ လေးရက်ရှိပါပြီ။ သံတွဲသူ၊ သံတွဲသားတွေဟာ အပျက်အစီးတွေကြားမှာ အခုထိ ပုံမှန် အခြေအနေကို မရောက်ကြသေးပါဘူး။
အိမ်လုံးကျွတ်ရေနဲ့ပါသွားလို့ ခိုကိုးရာမဲ့နေသူတွေ အပါအဝင် ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ရေဘေးလွတ် အနီးဝန်းကျင်ဒေသက ပြည်သူတွေ၊ သံတွဲမြို့ပေါ်ကလူငယ်အဖွဲ့တွေက ဝိုင်းဝန်းကူညီနေကြတယ်။ ဒါ့အပြင် ရေဘေးဒဏ် မခံရတဲ့ ငပလီကမ်းခြေမြို့က ဒေသခံပြည်သူတွေဟာ အစားအသောက်နဲ့ ရေသန့်ရှိဖို့အတွက် ကူညီထောက်ပံ့ရေးတွေကို ပိုပြီး အားစိုက်လုပ်ပေးကြတယ်။ အားကြိုးမာန်တက် ဝိုင်းဝန်းကူညီကြတယ်။
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စောင်၊ ခြင်ထောင်၊ တာပေါ်လင်စ၊ အဝတ်နှာခေါင်းစည်း၊ဆပ်ပြာ၊ အသင့်စားခေါက်ဆွဲခြောက်တွေ ပို့ဆောင်ကူညီခဲ့တယ်ဆိုတဲ့ သတင်းတွေတက်လာတာ ဖတ်ရပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲကူညီရေးလုပ်ငန်းတွေမှာ နိုင်သလောက်ဝိုင်းကူပေးနေတဲ့ ကျမကတော့ ကျမ ရောက်တဲ့နေရာတွေက ဒေသခံ တွေဆီကနေ အဲဒီပစ္စည်းတွေ လက်ခံရရှိတယ်ဆိုတဲ့ ပြောဆိုသံကို ဒီနေ့အထိတော့ မကြားရသေးပါဘူး။
ကြိုတင်သတိပေးချက်တွေမရှိ၊ အရေးပေါ်အခြေအနေကြုံတွေ့နေစဉ်မှာလည်း လုံလောက်တဲ့ ကယ်ဆယ်ရေး အကူအညီ တွေ မရခဲ့ဘဲ အဆိုးဆုံးစံချိန်တင်ရေဘေးကနေ လူ့အသက်တွေ မဆုံးရှုံးဘဲ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ကြတဲ့ ကျမတို့မြို့သူမြို့သားတွေအတွက် ဝမ်းမြောက် ဝမ်းသာဖြစ်မိတယ်။
ရေဘေးသင့်သူတွေဆီက ဒီနှစ်မှာ ထူးထူးခြားခြားကြားရတဲ့ စကားကတော့ “သူများလာကယ်တာကို စောင့်နေလို့မရတော့ ဘူး၊ တရပ်ကွက်မှာ လှေ ဘယ်နှစ်စီးရှိတယ်ဆိုတာမျိုး ကိုယ်ထူကိုယ်ထ စုဆောင်းဝယ်ထားဖို့လိုနေပြီ” ဆိုတာပါပဲ။ အားလုံး ရဲ့စိတ်မှာ မြို့ရဲ့ သဘာဝဘေး စီမံခန့်ခွဲ့ရေးအတွက် တာဝန်ရှိတဲ့ ဌာနဆိုင်ရာကယ်ဆယ်ရေးအဖွဲ့တွေထက် မိမိကိုယ်သာ အားကိုးရာဆိုတဲ့ တွေးတောချက်ကို တွေ့ရပါတယ်။ ပြည်သူ့မှာ ပြည်သူပဲရှိတယ်ဆိုတဲ့အတွေ့အကြုံကို ဒီရေဘေးကနေ ရရှိခဲ့ကြတယ်။
သံတွဲဆိုတာ ရေအမြဲတမ်းကြီးလေ့ရှိတယ်၊ မထူးဆန်းပါဘူးလို့ ပြောလို့မရတော့တဲ့ အခြေအနေကို ၂၀၀၄ က တစ်ကြိမ်၊ အခု ၂၀၂၁ မှာ တစ်ကြိမ် ဆိုးဆိုးရွားရွား ခံစားလိုက်ရပါပြီ။ အဲဒီနောက်မှာ သဘာဝဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေး အတွက် ကိုယ်ထူကိုယ်ထ ကြိုတင်ပြင်ဆင်ရမယ်ဆိုတဲ့ အတွေးကို စတင်တွေးတောလာတာဟာ အဆိုးထဲက အကောင်းလို့ ဆိုရမှာပါ။
ဒါပေမယ့် သဘာဝဘေးမကြုံရခင်မှာ ကြိုတင်ပြင်ဆင်တာ၊ လတ်တလောရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေမှာ သဘာဝဘေးကယ်ဆယ်ရေးနဲ့ နောက်ဆက်တွဲပြန်လည်ထူထောင်ရေးတွေအတွက် လုပ်ကိုင်ကြရတဲ့အခါ ပြည်သူတွေ ချည်းပဲ လုပ်ဆောင်လို့မရတဲ့ အရာတွေ၊ အစိုးရတရပ်က တာဝန်ယူပေးရမယ့်အရာတွေရှိပါတယ်။
ရေစီးကြောင်းပြောင်းလဲစေတဲ့ ချောင်းသဲကျောက်စုပ်ယူမှုတွေ အလွန်အကျွံခွင့်ပြုခဲ့တဲ့အတွက် ရေကြီးခြင်းရဲ့ နောက်ဆက် တွဲအဖြစ် ချောင်းကမ်းပါး မြေပြိုနိမ့်ဆင်းတဲ့ ပြဿနာတွေ၊ မြို့တွင်း ရေနှုတ်မြောင်းတွေကောင်းမွန်ဖို့၊ ပြည်သူတွေ ရေသန့် ရရှိစေဖို့စတဲ့အရာတွေများစွာရှိပါတယ်။
တိုင်းပြည်အုပ်ချုပ်ချင်တဲ့ ဘယ်အစိုးရမဆို ဒီတာဝန်တွေရှိတဲ့အတွက် တာဝန်ရှိမှန်းသိသိ၊ တာဝန်ယူစိတ်ရှိတဲ့၊ အစိုးရတရပ် ပေါ်လာပါစေလို့ပဲ ဆုတောင်းရမှာပါပဲ။ ဆုတောင်းမပြည့်ခင်ကြားကာလမှတော့ ကျမတို့ပြည်သူတွေမှာ ကျမတို့ပဲရှိပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021