Honest Information (HI)
“ အင်းစိန်ထောင်က ဘာနဲ့တူသလဲဆိုတော့ ငရဲခန်းနဲ့ တူတယ်လို့ပဲ ပြောပါရစေ”
အထက်ပါစကားကို ဆိုလာသူကတော့ သာကေတမြို့နယ်က အသက် ၂၆နှစ်အရွယ် မအေး (အမည်လွှဲ)ပဲဖြစ်ပါတယ်။ သူက ဆန္ဒပြမှုကြောင့် အဖမ်းခံရပြီး အင်းစိန်ထောင်ထဲမှာ တစ်လနီးပါးနေထိုင်ခဲ့ရသူပါ။
မအေးဟာ စစ်အာဏာရှင်ကို အလိုမရှိတဲ့အတွက် ကျောင်းသားသမဂ္ဂအဖွဲ့နဲ့အတူ နေ့စဉ်လမ်းပေါ်ထွက်ကာ ဆန္ဒ ဖော်ထုတ်နေသူလည်းဖြစ်ပါတယ်။
မတ်လ ၃ ရက်နေ့မနက် ၁၁ နာရီဝန်းကျင်မှာ မအေးတို့ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို တာမွေ – ကျောက်မြောင်းမှာ ရဲနဲ့ စစ်တပ်က နှစ်ဖက်ပိတ်ပြီး အင်အားအလုံးအရင်းသုံးကာ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ အသံဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ပြီး ဝင်ဖမ်းခဲ့တာ ဖြစ်ပါတယ်။
ပိတ်မိနေတဲ့ လမ်းကြားထဲမှာ ကျောင်းသားတွေဟာ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေ ထိမှန်ခဲ့တဲ့အတွက် ပြေးရင်း လူအုပ်စု အထပ်လိုက် လဲကျတဲ့အခြေအနေမျိုးမှာ ရဲနဲ့စစ်သားတွေက ဝိုင်းဖမ်းခဲ့တာပါ။ အဲ့ဒီနေ့က မအေးတို့ သပိတ်စစ်ကြောင်းမှာ အမျိုးသမီး ၂၈၀ ကျော်နဲ့ အမျိုးသား ၁၂၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းမိထားတဲ့သူတွေကို အင်းစိန်ထောင်ကို တစ်ခါထဲမပို့ဘဲ တာမွေရဲစခန်းရှေ့မှာ အချုပ်ကားရပ်ထားပြီး ၃နာရီဝန်းကျင် လောက်ထားပြီးမှ ကျိုက်က္ကဆံကွင်းနားက တပ်မတော်မှတ်တမ်းရုံးကို အရင်ပို့ပါတယ်။ အဲ့ဒီမှာ ဖမ်းဆီးခံရတဲ့ လူဦးရေ စာရင်း ဝင်ပေးပြီး ည ၁၀ နာရီထိုးမှ အင်းစိန်ထောင်ကိုပို့ခဲ့တာလို့ မအေးက ပြောပြပါတယ်။
အင်းစိန်ထောင်ကို မအေးတို့ အချုပ်ကားမောင်းသွားတဲ့ အချိန်မှာ အချုပ်ကားထဲပါလာတဲ့ မိန်းကလေး ၂၀ ကျော်ဟာ လက်သုံးချောင်းထောင်ပြီး “သွေးသစ္စာ” သီချင်းကို သံပြိုင်အော်ဆိုတဲ့အတွက် အနောက်ကရဲကားက ရာဘာကျည်တွေနဲ့ ပစ်တာကြောင့် ကားပေါ်က အမျိုးသမီးကို ရာဘာကျည် နှစ်ချက်ထိမှန်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ထောင်ထဲကိုဝင်ပြီဆိုတာနဲ့ သိမ်ငယ်စိတ်တွေ ဖြတ်ခနဲဖြစ်ပေါ်လာပေမယ့် တစ်ဦးကိုတစ်ဦးဖေးမပြီး “ငါတို့ပြန်လွတ်မှာ ပဲ လေ။ အထဲမှာနေရလည်း တစ်ရက်နှစ်ရက်ပေါ့”လို့ မအေးရဲ့အားပေးသံကြောင့် အဖမ်းခံရသူတွေရဲ့မျက်နှာတွေမှာ ပြုံးရောင်ပြန်သန်းလာပါတယ်။ သူကိုယ်တိုင်လည်း ပြန်ပြီးအားတက်စေတယ်လို့ မအေးက ဆိုပါတယ်။
ထောင်ထဲရောက်တော့ တစ်ယောက်ချင်းစီရဲ့ နာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ မိဘအမည်နဲ့ ဖုန်းနံပါတ်တွေ တောင်းပြီး နေရမယ့် အခန်းကို ပို့ပါတော့တယ်။ အမျိုးသမီးနဲ့အမျိုးသား သီးသန့်ထားပါတယ်။ အမျိုးသမီးအဆောင်မှာ ၈ ခန်းတွဲ နှစ်ထပ်အဆောင်ဖြစ်ပြီး တစ်ခန်းကို လူဦးရေ ၇၀၊ ၈၀ ကနေ ၉၀ထိ ထားတဲ့အတွက် နေရအိပ်ရတာတော့ ချောင်ချောင် ချိချိတော့ မဟုတ်ပါဘူး။
မအေးတို့အုပ်စုနဲ့အတူ အဖမ်းခံရတဲ့ အသက်၁၉နှစ်အရွယ် မဖူးဖူး (အမည်လွှဲ)ကတော့ သူတို့အချုပ်ကားပေါ်တက် စဉ်က ရဲယူနီဖောင်းဝတ်ထားတဲ့ သုံးဦးထဲကတစ်ဦးက ရိုင်းရိုင်းစိုင်းစိုင်းနဲ့ နားမခံသာတဲ့စကားတွေ ပြောဆိုပြီး “ ဒီကောင်မ တွေရှုတ်တယ်။ လမ်းရောက်ရင် အကုန်ပစ်သတ်ပစ်လိုက်” အထိပြောဆိုခဲ့တယ်လို့ မဖူးဖူးက ပြန်ပြောပြပါတယ်။
တက္ကသိုလ် ပထမနှစ်စာမေးပွဲဖြေဆိုထားတဲ့ မဖူးဖူးဟာ ကျောက်မြောင်းမှာနေထိုင်ပြီး နေ့စဉ် လမ်းပေါ်ထွက် ဆန္ဒဖော် ထုတ်ခဲ့တာဖြစ်ပါတယ်။
“ လမ်းပေါ်ထွက်လို့ အဖမ်းခံရမှာမကြောက်ဘူး။ သူတို့ပစ်သတ်လို့ သေတာမျိုးတော့မခံချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီတိုက် ပွဲကို နိုင်အောင်တိုက်ချင်လို့ပဲ” လို့ သူရဲ့ခံယူချက်ကိုပြောပြပါတယ်။
ရှေ့က အဖမ်းခံရတဲ့သူတွေ ထောင်ထဲမှာ အလွန်ဆုံးနှစ်ရက်လောက်ပဲ နေခဲ့ရတဲ့အတွက် မအေးတို့အုပ်စုလည်း အ လွန်ဆုံးနေရ နှစ်ရက်လောက်ပဲတွက်ထားပေမယ့် ၂၁ရက်တိတိ နေခဲ့ရပါတယ်။
စပြီး ဖမ်းခံရတဲ့ မတ်လ ၃ရက်နေ့မှာ တနေကုန်ထမင်းတစေ့မှမစားရသေးတဲ့အတွက် ထောင်ထဲမှာ နာမည်စာရင်းပေး၊ နေရမယ့် အဆောင်သတ်မှတ်ပြီးတာနဲ့ ထမင်းကျွေးတာကြောင့် ဗိုက်ဆာဆာနဲ့ စားလိုက်မယ်လို့တွေးထားပေမယ့်လည်း မာခဲနေတဲ့ထမင်းနဲ့ မုန်လာဥအချဉ်ရည်ဟင်းသာကျွေးတဲ့အတွက် စားဖို့ဘယ်လိုမှအဆင်မပြေတာကြောင့် အဆာပြေရေ သောက်ပြီး အဲ့ဒီညကို ကျော်ဖြတ်လိုက်ပါတော့တယ်။
မအေးတို့အခန်းထဲမှာ မိန်းကလေး အယောက် ၇၀ ကျော်ရှိပြီး တခြားအခန်းတွေမှာ အယောက် ၉၀ ထိထားတာကို တွေ့ရပါတယ်။ တခန်းနဲ့တစ်ခန်းကို သံတိုင်တွေသာခြားထားတဲ့အတွက် စကားလှမ်းပြောလို့ရပါတယ်။
ရှစ်ခန်းတွဲ နှစ်ထပ်အဆောင်တိုင်းမှာ မိန်းကလေးတွေ ရှိနေပါတယ်။ အဆောင်တစ်ခုချင်းစီရဲ့ ကပ်လျက်မှာ အိမ်သာ ဆောက်ထားပြီး အိမ်သာကလည်း အရှက်လုံတဲ့ အိမ်သာမျိုးမဟုတ်ဘဲ သံတိုင်များသာ ကာထားတဲ့အတွက် ထိုင်လိုက်ရင် ခါးအောက်ပိုင်းအစ အကုန်မြင်ရတဲ့ပုံစံမျိုး ဆောက်ပေးထားတာဖြစ်ပါတယ်။
“ ဒီလိုအိမ်သာမှာတက်ရမယ်လို့ သိလိုက်တဲ့အချိန်မှာ လန့်တောင်လန့်သွားတယ်။ အိမ်သာက သုံးလုံးတန်းဆောက်ထား တာဆိုတော့ ထိုင်လိုက်ရင် သုံးယောက်စလုံးလည်း မြင်ရတဲ့အပြင် အရှေ့ကသူတွေ၊ လမ်းလျောက်နေတဲ့သူတွေ အကုန် မြင်ရတာ။ အနံ့တွေကလည်းဟောင်စပ်နေတာပဲ” လို့ မအေးက စိတ်ပျက်ဟန်နဲ့ ပြန်ပြောပြပါတယ်။
မနက် ၁၀နာရီဆို နေ့လည်စာကျွေးတာကြောင့် တိုရှည်ပန်းကန်(စတီးလင်ပန်းပုံစံ) ထမင်းနဲ့ဟင်းတွေကို ကိုယ့်အခန်းထဲ ကပဲ တန်းစီပြီးယူရတာဖြစ်ပါတယ်။ ထမင်းတွေမှာမာခဲနေပါတယ်။ ဟင်းကတော့ ကုလားပဲဟင်းရည်၊ အရွက်ကြော် တစ်ခုခုနဲ့ တစ်ပတ်ကို လေးရက် အသားဟင်းတစ်မျိုးနဲ့ ကျွေးပါတယ်။
“ သုံးရက်လောက်ထိ အိမ်ကပို့တာဘာမှမရောက်တော့ အားမပြတ်အောင် သူတို့ကျွေးတာဝင်သ၍ စားပြီးနေရတာပေါ့။ ထမင်းမျိုချလိုက်တာနဲ့အစာအိမ်ကတန်းအောင့်လာတာ။ ဘယ်လိုမှဆက်စားလို့မရဘူး။ ပဲဟင်းလေးပဲသောက်ပြီး နေရတာ ပိုများတယ်။ ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး။ တော်တော်များများမစားနိုင်ကြတာ”လို့ မအေးကဆိုပါတယ်။
ထောင်ထဲမှာ တစ်ရက်ကို ထမင်းသုံးနပ်ကျွေးပြီး မနက် ၆နာရီဆို ပဲပြုတ်နဲ့ထမင်း၊ နေ့လည်နဲ့ညနေဆို ပဲဟင်း၊ အရွက် ကြော်၊ ကြက်ဥနဲ့ တစ်ပတ်ကိုလေးရက်အသားဟင်းကျွေးတာ ဖြစ်ပါတယ်။
အများစုကမစားနိုင်တဲ့အတွက် တစ်ခါတစ်လေထောင်ပိုင်ကလာပြီး ထမင်းမစားတာကြားတဲ့အတွက် ဘာတွေ အခက်အခဲ ရှိလဲ၊ အဆင်မပြေတာဘာရှိလဲဆိုတာမျိုးတော့ မေးတာရှိတယ်လို့ အမျိုးသမီးတစ်ချို့က ပြန်ပြောပြပါတယ်။
မအေးတို့နဲ့ တစ်ရက်ထဲအဖမ်းခံရတဲ့ သန်လျင်က အသက်၂၀အရွယ် မချယ်ရီ(အမည်လွှဲ)က “ စစ်တပ်က အာဏာ သိမ်းတာကိုမကြိုက်ဘူး။ သူတို့အုပ်ချုပ်တာကိုမလိုချင်ဘူး။ ဒါတွေကို မကြိုက်ဘူးဆိုတာကို လမ်းပေါ်ထွက်ပြီးဆန္ဒပြတယ်။ ကိုယ့်ဆန္ဒကိုယ်ထုတ်ဖော်တာကို သူတို့ကအကြမ်းဖက်တယ်။ လူတွေကိုသတ်တယ်။ ဖမ်းတယ် ထောင်ထဲထည့်တယ်။ ထောင်ထဲရောက်တော့ လူကိုလူလိုမထားဘူး။ သူတို့လက်ခုပ်ထဲကရေဆိုတော့ လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ အထာတွေနဲ့ လုပ်နေတာ” လို့ ဆိုပါတယ်။
ထောင်ထဲနေခဲ့ရတဲ့ တစ်လနီးပါးမှာ ထောင်စောင့်အမျိုးသမီး ၁၀ဦးခန့်ဟာ အလှည့်ကျစောင့်ပြီး အထဲရောက်နေတဲ့ အမျိုး သမီးတွေ အိမ်နဲ့အဆက်အသွယ်ရဖို့ စာရေးခွင့်ပေးသော်လည်း တစ်ဘက်မှာ ရေးရင်းနဲ့ခံစားချက်ကြောင့် မျက်ရည်ကျနေ တာကို ကြည့်ပြီး လှောင်ပြောင်ကြတဲ့ ထောင်စောင့်အမျိုးသမီးတွေလည်းရှိတယ်လို့ မချယ်ရီက ဆိုပါတယ်။
ထောင်ထဲရောက်ပြီး တစ်ပတ်အကြာမှာတော့ အိမ်ကပို့တဲ့ပစ္စည်းတွေ အမည်စာရင်းတကွ လာပို့ပေးသော်လည်း အကြည် ရောင် မုန့်ထုပ်ကအစ ဖောက်ပြီးသားအနေအထားဖြစ်နေပြီး ကြားညှပ်ပါလာတဲ့စာကို သူတို့ရှေ့ရောက်မှ တမင်ဆုတ်ဖြဲ လိုက်တာတွေလည်း ရှိတယ်လို့ အမျိုးသမီးတစ်ချို့က ပြန်ပြောပြပါတယ်။
“ တစ်ချို့ထောင်စောင့်အမျိုးသမီးတွေလူကိုလူလိုမဆက်ဆံတာရှိတယ်။ လူတစ်ယောက်ရဲ့ခံစားချက်ကို လှောင်ပြောင် တယ်ဆိုတည်းက ဘယ်လောက်အောက်တန်းကျလဲစဉ်းစားကြည့်။ ဒီလိုနေရာမျိုးမှာဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြည့်ဝ တဲ့ အမျိုးသမီးတွေကို ရွေးပြီးထားသင့်တယ်” လို့ မချယ်ရီက ဆိုပါတယ်။
ထောင်ထဲမှာလည်း ဆန္ဒပြအဖွဲ့က ခေါင်းဆောင်လိုမျိုး သူတို့ဆီမှာ နာမည်စာရင်းရှိနေတဲ့ အမျိုးသမီးတစ်ချို့ကို ခေါ်စစ် တာမျိုးတွေရှိပြီး တစ်ချို့အမျိုးသမီးတွေဆိုရင် ပြစ်ဒဏ်အနေနဲ့ တစ်ခါတစ်လေမှာ လက်သုံးချောင်းထောင်၊ ဒူးထောက် ခိုင်းပြီး သုံးနာရီဝန်းကျင်လောက် အပြစ်ပေးတာမျိုး လုပ်တယ်လို့ အမျိုးသမီးတစ်ချို့က ပြန်ပြောပြပါတယ်။
အဲ့ဒီလို စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးရင် ဆန္ဒပြဦးဆောင်သူ၊ ငြိမ်းချမ်းစွာအာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို သီးခြားစီခွဲထုတ်လိုက်ပြီး အခန်းပြောင်းတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ အဲ့လို အစစ်ခံရတဲ့အမတွေဆိုရင် ကျနော်တို့နဲ့အတူတူမထားတော့ဘူး အဆောင်ပြောင်းလိုက်တာများတယ်။ အဲ့တော့ သူတို့ပြန်ပြောပြတာ တိတိကျကျမသိရတော့ဘူး။ ပြန်လွတ်လာတော့လည်း အဲ့လိုအစစ်ခံရတဲ့သူတွေဆို ကျန်ခဲ့တာများ တယ်” လို့ မအေးက ဆိုပါတယ်။
ထောင်ထဲမှာရောက်နေတဲ့ အကျဉ်းကျခံသူအတူတူကိုတောင် ခွဲခြားဆက်ဆံတာမျိုးတွေရှိနေတယ်လို့လည်း ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ချို့က ဆိုပါတယ်။
“ ကျနော်တို့အဆောင်မှာ ဆရာဝန်မတွေလည်းတွေလည်းပါတယ်။ အဲ့ထဲကတစ်ယောက်ကျတော့ သူ့မိဘတွေနဲ့ ဒီက လူကြီးတွေနဲ့သိတော့ သတင်းစကားပါးလို့ရတယ်။ အစားအသောက်တွေဆိုလည်းပုံမှန်ရောက်တယ်။ ကျနော်တို့ကျတော့ အထဲနေတဲ့အချိန် အိမ်ကို စာသုံးစောင်ပို့တာ ပြန်ရောက်လို့မေးကြည့်တော့ တစ်စောင်တောင်မရောက်ဘူးတဲ့” လို့ မ အေးက ဆိုပါတယ်။
ဒါ့အပြင် ထောင်ကျနေတဲ့ ၁၅ ရက်မြောက်ညပိုင်းမှာ အမျိုးသမီးအဆောင်ဘက်ကို တာဝန်ကျထောင်စောင့်တွေက လာပြီး မူးယစ်ဆေးဝါးသုံးထားတာရှိမရှိ ဆီးစစ်ရမယ်ဆိုပြီး ဆီးတွေလာတောင်းတဲ့အတွက် တစ်ချို့တွေက ချက်ချင်းပေးလိုက် သော်လည်း မယ်အေးတို့အဖွဲ့မှာမပေးတဲ့အတွက် အဲ့ဒီညက ထောင်ထဲမှာဆူညံမှုတွေဖြစ်ခဲ့သေးတယ်လို့ မအေးက ဆိုပါတယ်။
“ မပေးနိုင်ဘူးဆိုတာက သူတို့ကိုဘယ်လိုယုံရမှာလဲ။ ဒီနှစ်ပတ်စလုံးက သူတို့ကျွေးတာစားတယ်။ သူတို့တိုက်တဲ့ရေပဲ သောက်ရတယ်။ ဒီအထဲမှာဘာပါလဲ ဘယ်သူမှမသိနိုင်ဘူးလေ။ ဒါမို့မပေးနိုင်ဘူးပြောတာ။ မနက်ခင်းကျတော့ ထောင် ပိုင်ကလာညှိတယ်။ မပေးရင်နင်တို့အုပ်စုလောက်ပဲကျန်ခဲ့နိုင်တယ်။ တကယ်လို့အဖြေက Positiveထွက်လည်း အပြင်က ဆရာဝန်နဲ့ ပြန်စစ်ပေးမယ်။ အာမခံတယ်။ ဒီလိုပြောလိုက်ပေးလိုက်တာ” လို့ မအေးက သူကြုံခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ထောင်က ထွက်လာတဲ့နောက်ဆုံးရက်အထိ ဆီးစစ်ထားတဲ့အဖြေကို တစ်စုံတစ်ယောက်ကိုမှ လာပြောတာမရှိဘဲ၊ မထွက် ခင် အဖြေဘယ်လိုလဲမေးတော့လည်း ရခါနီးပြီးစစ်နေဆဲဖြစ်တယ်လို့သာ ပြန်ဖြေတယ်လို့လည်း မအေးကဆိုပါတယ်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ ဒေါ်နန်းဖြူဖြူလင်းက “ အထဲကိုရောက်အောင် ဖမ်းသွားကတည်းက လူသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ၊ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် ချိုးဖောက်ခံရပြီး မတရားဖမ်းဆီးခံရတာလေ။ အထဲရောက်တော့လည်း ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။ ICRC တွေ ကလည်း အဆင့်တန်းမီမီထားပေးဖို့ ၊ ရေသန့်ထားပေးဖို့ ပြောနေပေမယ့်လည်း ဘာမှပြောင်းလဲလာတာမရှိဘူး” လို့ ပြောပါ တယ်။
အရှိုအမျိုးသမီးအဖွဲ့အစည်းမှ ဒါရိုက်တာမိုင်သန့်စီဦးကလည်း “ ဒီကာလမှာ ထောင်ထဲရောက်နေတဲ့ကလေးတွေ လူ့အခွင့် အရေးချိုးဖောက်ခံနေရမှန်းသိတယ်။ အကြမ်းဖက်ခံနေရမှန်း သိမှန်းသိပေမယ့်လည်း ဒီအချိန်မှာ အပြင်ကသူတွေကပါ ဘာမှလုပ်ပေးလို့မရတဲ့ အနေအထားဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် ပိုပြီးစိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်” လို့လည်း ဆိုပါတယ်။
“ အခုက ဥပဒေဆိုတာမရှိတဲ့ အခြေအနေဖြစ်နေတဲ့အတွက် ဥပဒေမဲ့လုပ်နေတဲ့အပေါ်မှာ အကြမ်းဖက်အဖွဲ့အစည်းက လုပ်ချင်သလို လုပ်နေတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့် ရင်နာနာနဲ့ပဲ ခံနေရတဲ့အချိန်ဖြစ်နေတာပေါ့” လို့ မိုင်သန့်စီဦး ကမှတ်ချက်ပြုပါတယ်။
ဆန္ဒပြလို့ အဖမ်းခံရပြီး ထောင်ထဲကိုရောက်သွားတဲ့ ပြည်သူတွေအတွက် မြို့နယ်များအလိုက် “ ပရဟိတဥပဒေ ရှေ့နေ များ” အဖွဲ့ဆိုပြီး အခမဲ့လိုက်ပြီး ဆောင်ရွက်ပေးနေတာလည်းရှိပါတယ်။
“ အစောပိုင်းတုန်းက ရှေ့နေတွေလိုက်ပေးတာက အမြန်အဆန်ဆွဲထုတ်လို့ ရတယ်။ အခုနောက်ပိုင်းကြာတာက ရှေ့နေ တွေရဲ့ ကောင်းခြင်း၊ ညံ့ခြင်းကြောင့်တော့မဟုတ်ဘူး။ ပေါ်လစီကြောင့် ဖြစ်တယ်။ ရှေ့နေလိုက်ပေးတယ်ဆိုတာက တာ ဝန်တစ်ခုအနေနဲ့၊ စာနာစိတ်နဲ့လိုက်ပေးတာပါ။ အဲ့ဒါကထိရောက်ချင်မှလည်းထိရောက်မယ်။ ထိရောက်မှလုပ်ပေးမယ် ဆိုတဲ့စိတ်တော့ ရှေ့နေတွေဆီမှာမရှိဘူး” လို့ ဖမ်းဆီးခံရတဲ့သူတွေအတွက် အခမဲ့ လိုက်လံဆောင်ရွက်ပေးနေတဲ့ အမည် မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအတွက် တရားမျှတမှုရရှိဖို့အတွက် လိုက်ပြီးဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေဟာ အခုချိန်မှာအန္တရာယ်ရှိတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ အနေအထားရှိနေပြီး အထဲမှာရှိနေတဲ့ကလေး တွေအတွက် ထိရောက်သလားဆိုရင်တော့ သူတို့အတွက် ရှေ့နေလိုက်ပေးတယ်ဆိုရင်ပဲ တစ်စုံတစ်ရာ စိတ်သက်သာခွင့် ရမယ်ဆိုတဲ့စိတ်နဲ့ လိုက်ပြီးဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းအရ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၃၀ရက်နေ့ အထိ ဖမ်းဆီးချုပ်နှောင်ခံရသူ ၂,၆၀၈ ဦးရှိပြီး၊ အဲ့ဒီအထဲက ၃၇ ဦးမှာ ထောင် ဒဏ်ချမှတ်ခံထားရပါတယ်။ သေဆုံးသူမှာ ၅၂၁ ဦးရှိခဲ့ပြီး ကောက်ယူထားတဲ့စာရင်းတွေထက် ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မ အေးတို့အဖွဲ့ကတော့ မတ်လ ၂၄ ရက်မနက်ခင်းပိုင်းမှာ လွတ်မြောက်လာပြီး အဲ့ဒီနေ့က ၆၂၈ဦး လွတ်မြောက်ခဲ့တယ် လို့လည်း အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေများက ဆိုပါတယ်။
မအေးကတော့ ထောင်ထဲမှာ အနေအစားဆင်းရဲတာတွေနဲ့ ဒုက္ခတွေကြုံရပေမယ့် လက်မလျော့ဘဲ တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ယခုလိုဆိုပါတယ်။
“ ထောင်ထဲမှာ ငရဲလို နေရပေမယ့်လည်း စစ်အုပ်ချုပ်မှုအောက်မှာ မနေနိုင်တဲ့အတွက် ထောင်ထဲကထွက်ခါနီး နောက် တစ်ကြိမ်ဆန္ဒမပြတော့ပါဘူးလို့ ထိုးခဲ့တဲ့လက်မှတ်က ထောင်ထဲကထွက်ရဖို့ ထိုးတဲ့လက်မှတ်ပဲဖြစ်လို့ ဒီတိုက်ပွဲကို နိုင် အောင် ဆက်တိုက်သွားမှာပါ”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021