Home ဆောင်းပါး ရခိုင်တိုက်ပွဲရှောင် အမျိုးသမီးတို့၏ ခါးသီးလှသောနေ့ရက်များ

ရခိုင်တိုက်ပွဲရှောင် အမျိုးသမီးတို့၏ ခါးသီးလှသောနေ့ရက်များ


ရက္ခ။ ။

မခင်မိုးနွယ်သည် သစ်ကိုင်းခြောက်ကလေးများနှင့် ပလပ်စတိတ်အိတ်ခွံကလေးများကိုရောနှာကာ မီးဖိုကို မီးမွှေးသည်။ မိနစ်ပိုင်းအကြာ၌ သူ၏ထင်းမီးဖိုကလေးသည် တဖြည်းဖြည်းချင်း မီးစွဲလောင်လာ၏။ မီးဖိုကို မီးစွဲသည်ဆိုလျှင်ပင် တိုက်ပွဲရှောင်အခန်းကျဉ်းကလေးအတွင်း၌ ပလပ်စတစ်ညှော်နံ့များနှင့်အတူ မီးခိုးငွေ့များ မွှန်ထူနေတော့သည်။ မခင်မိုးနွယ်သည် မီးဖိုကိုမီးမွှေးပြီးသည်နှင့် ဆန်တစ်ဘူးခန့်ထည့်ထားသော ထမင်းအိုး ကလေးကို မီးဖိုတွင်တင်ကာ သက်ပြင်းရှည်တစ်ချက်ကို ဆွဲ၍ချမိသည်။

စင်စစ် သူချက်ပြုတ်နေသော ဆန်တစ်ဘူးခန့်သည် သူတို့မိသားစုလေးယောက်၏ ညနေစာ ထမင်းပင်ဖြစ်၏။ ဒါက မိသားစုလေးစုလေးယောက်စားသောက်နိုင်ရန် လုံလောက်မှုမရှိသည်မှာ သေချာသော်လည်း သူ့အနေဖြင့် မည်သို့မျှ မတတ်နိုင်ပါ။ သည်လိုနေ့ရက်မျိုးကို သူတို့မိသားစုဖြတ် ကျော်လာခဲ့ကြရသည်မှာ ကာလအတော် ပင်ကြာခဲ့ပြီဖြစ်သည်။ ဟင်းလျှာမြက်မြက်ကလေးစားနိုင်ရန်ကိုမဆို ထားနှင့် ထမင်းဖြူ သီးသန့်မျှကိုပင် ဗိုက်တင်းအောင်မစားသောက်နိုင်ခဲ့သောနေ့ရက်များ အလွန်ရှည်ကြာခဲ့ပြီဖြစ်၏။ သို့သော် မခင်မိုးနွယ်အတွက် ထိုအခြေအနေကို ပြောင်းလဲပစ်နိုင်ရန် မည်သို့မျှ မတတ်နိုင်ခဲ့ပါချေ။ မိမိ၏နေရပ်ကျေးရွာကလေးမှ အသက်ကိုလု၍ ထွက်ပြေးလာခဲ့ကြရသော တိုက်ပွဲရှောင်မိသားစုများ၏ အခက်အခဲကြီး မားလှပုံကိုတွေးကာ သက်ပြင်းရှည်တစ်ချက်က အလိုလို ကြွေကျလာပြန်လေသည်။

(တစ်)

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ စညင်းတိုက်ပွဲရှောင်စခန်းသည် တိုက်ပွဲရှောင်ဦးရေ(၃၀၀) ခန့် ခိုလှုံနေထိုင်လျှက်ရှိသော စခန်းတစ်ခုဖြစ်၏။ ထိုတိုက်ပွဲရှောင်များထဲတွင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင် များ၊ ကျောင်းနေအရွယ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများအပြားပါဝင်နေပြီး လက်ရှိအချိန်တွင် စားဝတ်နေရေးအခက်အခဲမျိုးစံုံနှင့် ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်ထဲတွင် ၂၀၁၈ ခုနှစ်မှစတင်ကာ မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသမှ ဒေသခံပြည်သူသိန်းနှင့်ချီကာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။ ထို သို့ တိုက်ပွဲရှောင်ပြည်သူများ၏ နေထိုင်စားသောက်ရေးကို ယာယီဖြေရှင်းပေးနိုင်ရန် အတွက် တိုက်ပွဲရှောင်စခန်း အမြောက်အမြားလည်း ပေါ်ပေါက်လာခဲ့သည်။

သို့သော် တချို့သောတိုက်ပွဲရှောင်စခန်းများကို ပြည်နယ်အစိုးရ(ယခင် NLD အစိုးရ) မှ အသိအမှတ် ပြုကူညီထောက်ပံ့ပေးမှုများရှိခဲ့သော်လည်း တချို့သော တိုက်ပွဲရှောင်စခန်းများကိုမူ အသိအမှတ်ပြုလက်ခံခြင်း မရှိသည့်အပြင် မည်သည့်ကူညီထောက်ပံ့မှုမျိုးကိုမှလည်းမပေးအပ်ခဲ့ချေ။ အစိုးရ အသိအမှတ်မပြုသောတိုက် ပွဲရှောင်စခန်းများသို့ ICRC နှင့် WFP ကဲ့သို့သောနိုင်ငံတကာအဖွဲ့အစည်းများမှလည်း ထောက်ပံ့ကူညီနိုင်ခြင်း မရှိသဖြင့် ပရဟိတအဖွဲ့များ၏ထောက်ပံ့ကူညီမှုမျိုးနှင့်သာ ခက်ခဲကြမ်းတမ်းစွာရပ်တည်ခဲ့ကြရသည်။ ရခိုင်ပြည် နယ်၊ မြေပုံမြို့နယ်အတွင်းရှိ “စညင်း” တိုက်ပွဲရှောင်စခန်းသည် ပြည်နယ်အစိုးရမှ အသိအမှတ်ပြုရန်ငြင်းဆန် ထားသောတိုက်ပွဲရှောင်စခန်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသော တိုက်ပွဲ ရှောင်စခန်းတစ်ခု ဖြစ်သည်။

(နှစ်)

“ ကျွန်မက ဒီတိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေတာ အခုဆိုရင် တစ်နှစ်ကျော်ပါပြီ။ ပြီးခဲ့တဲ့နှစ် နတ်တော် လထဲမှာ ရွာကထွက်ပြေးလာခဲ့ရတာပါ။ ကျွန်မတို့ ဒီမှာ နေထိုင်စားသောက်ရတာ အခက်အခဲတွေ အများကြီးရှိ ပါတယ်။ ဒီစခန်းကို အစိုးရက အသိအမှတ်မပြုတော့ ထောက်ပံ့ကူညီမှုတွေမရပါဘူး။ ဒီမှာက ကိုယ်တော်တွေ (ဦးပဉ္ဗင်းတွေ) ထောက်ပံ့ကူညီမှုနဲ့ပဲ ရပ်တည်နေကြရတာပါ။ နေ့စဉ်စားဝတ်နေရေးအခက်အခဲရှိနေပါတယ် ” ဟု မခင်မိုးနွယ်က ရှင်းပြသည်။

သူသည် မြေပုံမြို့နယ်၊ စညင်းကျေးရွာတွင်နေထိုင်သူတစ်ဦးဖြစ်သည်။ စညင်းကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်မျှရှိသောကျေးရွာတစ်ခုဖြစ်ပြီး မြို့နှင့် သိပ်မဝေးလှသော်လည်း ကားလမ်းခရီးအဆင်မ ပြေလှသောကြောင့် ရေလမ်းခရီးကိုသာ အဓိကအားကိုးရသော ကျေးရွာတစ်ရွာ ဖြစ်သည်။

စညင်းတိုက်ပွဲရှောင်စခန်း

ယမာန်နှစ်အတွင်းက မခင်မိုးနွယ်တို့နေထိုင်ရာ စညင်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော် နှင့် AA တို့ တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့ကြောင်းဆိုသည်။ မြန်မာ့တပ်မတော်နှင့် AA တို့သည် စညင်း ကျေးရွာအနီးရှိ လယ်ကွင်းပြင်များ၊ ရွာပြင်သင်္ချု ိင်းနှင့် ဥယျဉ်ခင်းစသောနေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ် ပွားကြခြင်းဖြစ်ပြီး လက်နက်ကြီးလက်နက်ငယ်များ နေ့စဉ်နှင့်အမျှ ကျရောက်ပေါက်ကွဲခဲ့ကြောင်းဆိုသည်။ ထိုသို့ အခြေအနေများကြောင့် ၎င်းတို့ မိသားစုအပါအဝင် စညင်းကျေးရွာလုံးကျွတ်မျှ ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြရပြီး လက်ရှိအချိန်တိုင် တိုက်ပွဲရှောင်စခန်း၌ နေထိုင်ရသည်မှာ စားဝတ်နေရေးအခက် အခက်အခဲများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရကြောင်း ဆိုသည်။

(သုံး)

မခင်မိုးနွယ်က “ အပျိုအရွယ် မိန်းကလေးတစ်ယောက်အနေနဲ့ပြန်တွေးကြည့်ရင်တော့ တိုက်ပွဲရှောင် စခန်းမှာနေထိုင်ရတာက အခက်အခဲတွေ အများကြီးပါပဲ။ အဓိကက ကိုယ့်အိမ်ကိုယ့်ယာမှာနေထိုင်သလို လွတ်လပ်မှုမရှိဘူးလို့ ခံစားရတယ်။ လုံခြုံမှုမရှိဘူးလို့ ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် အခြေအနေအကြောင်း တရားတွေကြောင့် ဒီလို လာရောက်ခိုလှုံနေကြရတာဆိုတော့ ဒီလိုအချိန်မျိုးမှာ ဘာကိုမှ ထွေထွေထူးထူး မပြောလိုပါဘူး။ ကျွန်မလိုအပျိုအရွယ် ကလေးငယ်အရွယ်တွေ သက်ကြီးရွယ်အိုတွေ ဒီလိုပဲ နေ ထိုင်နေကြရတာပါ။ အားလုံးမှာ အခက်အခဲတွေ အပြည့်ပါပဲ။ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပါတယ် ” ဟု ဆိုသည်။

သူ့တွင် ဖခင်မရှိတော့ပဲ မိခင်နှင့် မောင်ငယ်နှစ်ဦး ရှိသည်။ ဖခင်ကြီးဆုံးပွားသွားသည့် အချိန် မှစတင်ကာ မိသားစု၏စားဝတ်နေရေးကိုဦးဆောင်နိုင်ရန် မခင်မိုးနွယ်တစ်ယောက် ကျောင်းထွက်ခဲ့ရသည်။ သူ့ဘဝတွင် ပညာရေးကိုဆုံးခန်းတိုင်အောင်သင်ကြားတတ်မြောက်ခွင့်ရရှိလိုသော်လည်း ကံကြမ္မာက မျက်နှာသာ မပေးခဲ့ချေ။ မခင်မိုးနွယ်သည် သူ၏ရပ်ရွာတွင် လယ်ယာကိုင်းကျွန်းတို့၌ သူရင်းငှားလုပ်ကိုင်ရင်း မိသားစုကို ကျွေးမွေးစောင့်ရှောက်နေသူတစ်ဦးဖြစ်သည်။

စညင်း တိုက်ပွဲရှောင်စခန်းသည် ဝါးတိုင်နှင့် ဝါးကြမ်းခင်းကို ဓနိမိုး၍ တာလာ ပတ်ကာထားသော ယာယီတဲအိမ်ငယ်ကလေးများဖြစ်သည်။ ထိုတဲအိမ်ငယ်ကလေးများထဲတွင် အခန်းငယ်ကလေးများဖွဲ့ကာ တစ်ခန်းလျှင် မိသားစုတစ်စုမျှ နေထိုင်ကြရခြင်းဖြစ်၏။ သို့သော် နေထိုင်ရေးနှင့်ပတ်သက်၍ အဆင်ပြေမှုရှိ ကြောင်း မခင်မိုးနွယ်က ဆိုသည်။ သူနေထိုင်ရာ စညင်းတိုက်ပွဲရှောင်စခန်း၌ အဓိက ပူပန်နေကြရသည်မှာ နေ့စဉ်စားသောက်နေရေးသာဖြစ်ကြောင်း ရင်ဖွင့်သည်။

(လေး)

“ ဒီမှာ လောလောဆယ်ခက်ခဲဖြစ်နေတာက ဆန်နဲ့ နေ့စဉ်စားသောက်ကုန်ပစ္စည်းတွေပါပဲ။ ဒီတိုက်ပွဲ ရှောင်စခန်းမှာခိုလှုံနေသူတွေ စားရေးသောက်ရေးအတွက် ရခိုင်အလှူရှင်တွေနဲ့ ပရဟိအသင်းအဖွဲ့တွေကပဲ တာဝန်ယူပြီး ကူညီဖြေရှင်းနေကြရတာပါ။ တချို့ အလှူရှင်တွေဆိုရင် လှူဒါန်းဖို့လာချင်ရင်တောင် လမ်းခရီး ဆက်သွယ်ရေးအခက်အခဲရှိတာကြောင့် မလာနိုင်ကြတာတွေလည်း ရှိပါတယ်။ အလှူရှင်တွေ လှူဒါန်းတာကို အားကိုးနေကြရတာဆိုတော့ စားသောက်ရေးအခက်အခဲက အမြဲတမ်းရှိနေပါတယ် ” ဟု စညင်းတိုက် ပွဲရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးပဉ္ဇင်း ဦးသုဝဏ္ဏစက္ကမှ မိန့်တော်မူသည်။

ဦးပဉ္ဇင်း၏ ပြောပြချက်အရ စညင်းတိုက်ပွဲရှောင်စခန်းကို တိုက်ပွဲများဖြစ်ပွားချိန်မှစတင်ကာ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လွန်ခဲ့သောနှစ်များက မြေပုံမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာဒေသမှ ဒေသခံကျေးရွာသားများ အစုလိုက်အပြုံလိုက် ထွက်ပြေးတိန်းရှောင်လာခဲ့သည်ကိုကြုံခဲ့ရပြီး ထိုသူများအတွက် နေထိုင်စားသောက်ရန် ယာယီစုရပ်တစ်ခုကိုဖန်တီးပေးရင်းဖြင့် စညင်းတိုက်ပွဲရှောင် စခန်းဖြစ်လာခဲ့ရကြောင်း ဆိုသည်။ သို့သော် စညင်းတိုက်ပွဲရှောင်စခန်းကို ပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ် မပြုခဲ့ကြောင်းနှင့် အစိုး ရထံမှ မည်သည့်ကူညီထောက်ပံ့မှုမျိုးကိုမှလည်း မရရှိခဲ့ကြောင်းဆိုသည်။

စညင်းတိုက်ပွဲရှောင်စခန်း

လက်ရှိအချိန်တွင် စညင်းတိုက်ပွဲ ရှောင်စခန်းအတွက် လိုအပ်ချက်များကို ရက္ခိုင်ရဟန်းတော်များ အဖွဲ့မှဦးဆောင်၍ ကူညီထောက်ပံ့ပေးနေရခြင်းဖြစ်ကြောင်းဆိုသည်။ စညင်းတိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲ ရှောင်များ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် နေ့ စဉ်စားသောက်ရေးကို ကူညီထောက်ပံ့ပေးကြရန် စညင်းတိုက်ပွဲ ရှောင်စခန်း၏ တာဝန်ခံ ဦးပဉ္ဇင်း ဦးဝဏ္ဏစက္ကကတိုက်တွန်းသည်။

(ငါး)

“ အိမ်ပြန်ချင်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ အရင်လိုပဲ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စား သောက်ချင်ပါတယ်။ အခုလိုဖြစ်ပျက်ခဲ့တာတွေအတွက်လည်း ဘယ်ဖက်ကိုမှ အပြစ်မမြင်ပါဘူး။ ဒါပေမယ့် ရွာကိုပြန်ရင်လည်း အရင်လိုမျိုး တောတောင်မြစ်ချောင်းတွေမှာ တဝမ်းတခါး လုပ်ကိုင်စားသောက်ဖို့က အခက် အခဲရှိနေပါတယ်။ မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ရပါတယ် ” ဟု မခင်မိုးနွယ်က စိုးရိမ်မှုများကို ဖွင့်ဟလာ သည်။

ရခိုင်ပြည်နယ်နယ်ထဲတွင် လက်ရှိအချိန်၌ တိုက်ပွဲ များဖြစ်ပွားခြင်းမရှိတော့သော်လည်း တိုက်ပွဲရှောင် များ အတွက် နေရပ်ပြန်နိုင်ရေးမှာ စိန်ခေါ်မှုများရှိနေဆဲပင်ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာ၊ တောတောင်နှင့် မြစ်ချောင်းတို့တွင် မမြင်နိုင်သော မြေမြှုပ်မိုင်းအန္တရာယ် များရှိနေသဖြင့် ယခင်ကကဲ့သို့ နေထိုင်လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိကြောင်း တိုက်ပွဲရှောင်များက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်မှ မိုင်းရှင်းလင်းရေးကို လုပ်ဆောင်နေသော်လည်း တောတောင် များသို့တိုင် ရောက်ရှိနိုင်ခြင်းမရှိပဲ မိုင်းပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများမှာ ဆက်လက်ရှိနေဆဲပင် ဖြစ် သည်။ လောလောလတ်လတ် မတ်လ ၈ ရက်နေ့က စညင်းကျေးရွာမှ တစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးမှု ဖြစ်ပွားသွားခဲ့သေးသည်။

မခင်မိုးနွယ်သည် တဗွက်ဗွက်ဆူနေသော ထမင်းအိုးကလေးကိုကြည့်ရင်း ရင်ထဲတွင် နာကျင်သလိုခံ စားရမိသည်။ ဆန်တစ်ဗူးစာခန့်မျှကို မိသားစုလေးယောက် မျှဝေစားသောက်ကြရသောအဖြစ်အပျက်မျိုး ယခင် က သူ့ဘဝတွင် မရှိခဲ့ဖူးချေ။ သူရင်းငှားဘဝဖြင့် မိသားစုကိုလုပ်ကိုင်ကျွေးမွေးနေရသော်လည်း သူတို့မိသားစု ၏ တဝမ်းတခါးကို ဖူလုံအောင် သူဖွေနိုင်ခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ခက်ခဲကြမ်းတမ်းလှသော စား ဝတ်နေရေး ခရီးကြမ်းများကို နေ့စဉ်နှင့်အမျှ သူ ဖြတ်ကျော်နေရသည်။ တနေ့ပြီးတနေ့ စားရေးသောက်ရေး ကို တွေးတောပူပန်နေရသည်။ သည်လိုအခြေအနေမျိုးမှ သူ လွတ်မြောက်ချင်လှသည်။ ဖြစ်နိုင်လျှင် အိမ်ပြန် ချင်လှသည်။ တိုက်ပွဲရှောင်အမျိုးသမီးတစ်ယောက်၏ အခါးရောင်နေ့ရက်များကို အဆုံးသတ်ပစ်ချင်လှသည်။

ကိုယ့်ရပ်ကိုယ်ရွာတွင် လွတ်လပ်ပျော်ရွှင်စွာဖြင့် ဘဝကိုရုန်းကန်ရင်း အဓိပ္ပါယ်ရှိရှိရှင်သန်ခွင့် ပြန်လည် ရရှိချင်မိသည်။ သို့သော် သူ၏ အိပ်မက်များသည် မည်သည့်အချိန်တွင်မှ ဖြစ်လာနိုင်မည်ကိုမတွေးတတ်ပါ။ လက်ရှိအချိန်တွင်တော့ တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦး၏ဘဝကိုတွေးကာ မခင်မိုးနွယ်တစ်ယောက် သက်ပြင်း ရှည်ကြီးများ အကြိမ်ကြိမ် ချတတ်နေခဲ့ပြီဖြစ်လေတော့သည်။

Related Articles