ရှင်ငြိမ်း။ ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ ပြည်သူအများက လမ်းမတွေပေါ်ထွက်ကာ တခဲနက် ဆန္ဒပြဆန့်ကျင်နေကြပါတယ်။
ဒီအတွက်လည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းတာ လက်နက်မဲ့ပြည်သူတွေကို သေ နတ်တွေနဲ့ ပစ်ခတ်တဲ့အထိ လုပ်ခဲ့ကြပါတယ်။ ထို့အတူပဲ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာ ချိန်းခြောက်တာ တွေလည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။
အဲ့ဒီလို ဖိနှိပ် အန္တရာယ်ပြု ချိန်းချောက်တဲ့အထဲ သတင်းမီဒီယာသမားတွေလည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်းပြီး ၁၁ ရက်မြောက်နေ့က စစ်အစိုးရဟာ သူတို့ကို “အာဏာသိမ်းအစိုးရ”လို့ ရေးသားဖော်ပြရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမယ်လို့ သတိပေးစာပေးပို့ပြီး အစိုးရ၊ စစ်တပ်နဲ့ စစ်မှုထမ်းတွေအပေါ် မလိုမုန်းထား ဖြစ်အောင် ပြုမူ ပြောဆိုမယ်ဆိုရင် ထောင်ဒဏ်နှစ်၂၀အထိ ချမှတ်နိုင်မယ့် ရာဇသတ်ကြီးဥပဒေပုဒ်မတွေကို ပြင်ဆင်ထုတ်ပြန်ပါသေးတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဘူဂါးလျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ နေရာယူထားတဲ့ စစ်တပ်ကို ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲက အင်အားသုံးဖြိုခွဲမှုကို သတင်းယူနေတဲ့ သတင်းသမား ငါးယောက်ကို ဖမ်းဆီးမှု စလုပ်ခဲ့ပါတယ်။
ဒါကြောင့် ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ သတင်းသမားတွေဟာ မတရားစစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်းနဲ့ သတင်း လွတ်လပ်ခွင့်ရဖို့အတွက် အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်လာကြပါတယ်။
သတင်းသမားတွေဟာ အန္တရာယ်ကြားကနေ သတင်းတွေကို အချိန်နဲ့တပြေးညီ ပြည်သူလူထုအတွက် တင်ဆက်တာ၊ စစ်ဘက်ကို ထောက်ခံရေးသားတဲ့ သတင်းစာတိုက်တွေကနေ နုတ်ထွက်တာ၊ အစိုးရပိုင်မီဒီယာက သတင်းသမားအချို့ ဆိုရင် CDM လုပ်တာနဲ့ စစ်ကောင်စီက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုမတက်ရောက်ဘဲ သပိတ်မှောက်တာအထိ ပြုလုပ်ခဲ့ကြပါတယ်။
ဒီကာလမှာ စစ်အာဏာရှင်ကို မကြိုက်လို့ဖြစ်စေ၊ တိုက်မူဝါဒကိုမကြိုက်လို့ဖြစ်စေ အလုပ်ထွက်၊ အလုပ်ပြုတ်သွားကြတဲ့ သတင်းသမားတွေနဲ့ သတင်းပိုင်းနဲ့ဆက်စပ်တဲ့ ဝန်ထမ်းပေါင်း အယောက် ၃၅၀ နီးပါး ရှိပါတယ်။ ဒီအထဲမှာ အမျိုးသမီး သတင်းထောက်နဲ့ ဝန်ထမ်း ၁၅၀ကျော် ပါဝင်ပါတယ်။
အာဏာသိမ်းပြီး ၁၆ ရက်မြောက်နေ့မှာ စစ်ကောင်စီက ပထမဆုံးပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို သတင်းသွားမယူဘဲ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုလုပ်ခဲ့တဲ့အခါ စစ်အစိုးရလက်အောက်ခံ သတင်းဌာနနဲ့ ပုဂ္ဂလိကသတင်းတိုက်တချို့မှ သတင်း သွားယူခဲ့တဲ့အတွက် ဒါကိုလက်မခံနိုင်တဲ့ သတင်းထောက်တွေဟာ အစုလိုက် အလုပ်ထွက်ခဲ့ကြပါတယ်။
“ အထက်က ဆိုသူတွေရဲ့ ခိုင်းစေမှုကြောင့် သွားရောက် သတင်းယူခဲ့တဲ့အတွက် ဒီလိုကိစ္စတွေကို မြန်မာတိုင်းမ် သတင်း သမားအားလုံး လက်မခံကြပါ။ ဒါကြောင့် တူညီတဲ့ဆုံးဖြတ်ချက်တွေနဲ့ မြန်မာတိုင်းမ်ကနေ ထွက်လိုက်တာပါ”လို့ အလုပ် ထွက်လာတဲ့ သတင်းထောက်တယောက်က ပြောပါတယ်။
ဒီလိုတိုက်ရဲ့မူဝါဒကိုမကြိုက်လို့ အလုပ်ထွက်ကြတဲ့ သတင်းသမားတွေက မြန်မာတိုင်းမ်တခုထဲတော့ မဟုတ်ပါဘူး။
စစ်တပ်ပိုင် မြဝတီသတင်းစာတိုက်မှာ နှစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ပြီး အလုပ်ထွက်ခဲ့တဲ့ မဇွန်သီတာကတော့ “အာဏာ သိမ်းမှုဖြစ်သွားတဲ့နောက်ပိုင်းမှာ လုံးဝအဆင်မပြေတော့လို့ ထွက်လိုက်တာ။ သတင်းရယူတဲ့အခါမှာ အင်တာဗျူးမဖြေတဲ့ သူရဲ့ အမည်တွေ၊ ဌာနတွေ၊ ရာထူး၊ လိပ်စာတွေ အတိအကျပေးပါလို့ တောင်းလာတဲ့အပေါ် စိတ်မချမ်းသာရတဲ့အတွက် အလုပ်ကနေထွက်လိုက်တာပါ”လို့ သူခံစားချက်ကို ရှင်းပြပါတယ်။
ဇွန်သီတာအနေနဲ့လည်း စစ်အာဏာရှင်က ဒီလိုမတရားအာဏာသိမ်းမှုကို လက်မခံနိုင်ပေမယ့် မိသားစုစားဝတ်နေရေး အတွက် ငဲ့ကွက်ပြီး စစ်တပ်ပိုင်မြဝတီသတင်းစာတိုက်မှာ ဆက်အလုပ်လုပ်နေတဲ့အတွက် ပြည်သူတွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရ ပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ သူ့ကို ရင်းနှီးခင်မင်ကြသူတွေက စကားမပြောကြတော့ဘဲ ဆိုရှယ်မီဒီယာတွေမှာ ပါဘလော့တာမျိုး၊ သူငယ်ချင်းမလုပ်တော့တာမျိုးအပြင် ဖုန်းနဲ့ပါဆဲဆိုတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေနဲ့ ရင်းနှီးမှုရှိတဲ့သူ့ကို အပြင်သတင်းတွေနှိုက်ပြီး အထဲကိုပြန်သတင်းပေးနေတယ်လို့လည်း စွပ်စွဲခံရပါ သေးတယ်။
“ ကိုယ့်မိသားစုအခက်အခဲကြောင့် နေနေရင်းနဲ့ ညဘက်ရောက်ရင် ခံစားရတဲ့ ခံစားချက်က ဘယ်သူနဲ့မှမတူဘူး။ ညဘက် ရောက်ရင် ငိုရတယ်။ နေ့ဘက်ရောက်ရင် သူတို့အလုပ်လုပ်ပေးနိုင်ဖို့ လုံးပန်းရတယ်။ အာဏာသိမ်းပြီးနောက် ငါးရက် လောက် အထိက အဲ့လိုလည်နေတာ”လို့ ဇွန်သီတာက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အင်တာဗျူးရမယ့် တဖက်လူရဲ့ ဆန္ဒသဘောထားမသိတဲ့အတွက် ဘယ်သတင်းတိုက်ကပါလို့ ပြောရမှာ စိုးရိမ်စိတ်ရှိလာတဲ့အထိ စိတ်ဖိစီးလာပြီး အင်တာဗျူးလုပ်တာကအစ အဆင်မပြေမှုများစွာ ရှိလာတာကြောင့် အဲဒီဒဏ်တွေကို ဆက်မခံစားနိုင်တော့တဲ့အတွက် အလုပ်ထွက်လိုက်တာပဲ ဖြစ်တယ်။
မြဝတီသတင်းစာတိုက်ကနေ အလုပ်ထွက်လာတဲ့ သတင်းသမား သုံးယောက်ရှိတဲ့အထဲမှာ အမျိုးသမီး သတင်းထောက် နှစ်ယောက်ပါဝင်ခဲ့တယ်။
“ မိသားစုအတွက် ဒီအလုပ်မလုပ်ရလို့ ငတ်မယ်ဆိုလည်း ငတ်ပါစေတော့ဆိုပြီး ထွက်လိုက်တာ။ ကျွန်မစိတ်ထဲမှာ ကျွန်မ မြဝတီသတင်းစာကပါလို့ အင်တာဗျူးလုပ်လိုက်တဲ့အခါမျိုးမှာ သူတို့ဘက်က တိတ်ဆိတ်သွားတာက နားထောင်ပြီးတော့ ကိုယ်တိုင် အပြစ်သားတယောက်လို ခံစားရတယ်”လို့ သူက ဆိုပါတယ် ။
သူ့ကို ဘယ်လိုမုန်းတီးပြီး ဘယ်လိုပဲတိုက်ခိုက်ပါစေ သူ့အနေနဲ့ကတော့ ဘယ်သူအပေါ်မှာမှ မုန်းတီးတာမရှိဘဲ သူယုံ ကြည်ချက်အတိုင်း ညစဉ် သံပုံးတီးတာ၊ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်လုပ် ဆောင်နေပါတယ်။
တစ်ချို့အစိုးရပိုင်မီဒီယာတွေက သတင်းသမားအချို့လည်းအလုပ်ထွက်လိုက်ကြသလို တစ်ချို့ကလည်း CDM လုပ်ကြ ပါတယ်။ CDMလုပ်နေတဲ့ သတင်းသမားတွေထဲမှာ စစ်အစိုးရလက်အောက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာ့ရုပ်မြင်သံကြား (MRTV) ၊ မြဝတီ(MWD)၊ မြန်မာ့အလင်း၊ ကြေးမုံနဲ့ သတင်းစဉ်မှ မီဒီယာနဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။
ဒါကြောင့်လည်း စစ်အစိုးရဟာ သူတို့လက်အောက်က ဝန်ထမ်းတွေ CDM မှာ မပါဝင်နိုင်အောင် စစ်ကားတွေနဲ့ ပိတ်ဆို့ ဖမ်းဆီးတာတွေ လုပ်တဲ့အတွက် ဝန်ထမ်းတချို့ဟာ နေအိမ်ကနေ တိမ်းရှောင်နေကြရပါတယ်။
အမျိုးသမီးသတင်းသမားတွေ နည်းသွားတဲ့အတွက် သတင်းထုတ်လုပ်မှုအပိုင်းတွေမှာ အမျိုးသမီးတွေရဲ့ အသံတွေ ထုတ် လုပ်ပေးရာမှာ အားနည်းသွားနိုင်ပေမယ့် တဖက်မှာလည်း သတင်းသမားတွေ လှုပ်ရှားနေတဲ့ CDM မှာ အမျိုးသမီးတွေ ပါဝင်မှု အားကောင်းလာမှာ ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့အကြံပေး ဒေါ်တင်တင်ညိုက “စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မီဒီယာတွေကနေ အခုလို CDM မှာပါဝင်ဖို့အတွက် သတင်းထောက်တွေ အများကြီးပေါ်ထွက်လာတာကိုတော့ ဒီအချိန်မှာ ကျမအနေနဲ့ ကြို ဆိုတယ်။ အမျိုးသမီးတွေ အများစုပါတာကလည်း နိုင်ငံရေးအရပြောမယ်ဆိုရင်အရမ်းကောင်းတယ်။ ဒါတကယ့်ကို သူရဲ ကောင်းတွေလို့ သတ်မှတ်နိုင်ပါတယ်”လို့ သုံးသပ်ပါတယ်။
တိုက်မူကိုမကြိုက်လို့ ကိုယ်တိုင်အလုပ်ထွက်လာခဲ့တဲ့သူတွေအပြင် တိုက်ကနေ စစ်အာဏာရှင်ကို ထောက်ပံ့ရေးသားခိုင်း တာတွေလည်းရှိနေပါတယ်။ မရေးပေးနိုင်သူဆိုရင် အလုပ်က ထုတ်ပစ်တဲ့အထိ အရေးယူခဲ့တာပါ။ ဒီထဲမှာ The Fifth Wave မှာ ၇ လကြာအလုပ်လုပ်ခဲ့တဲ့ အမျိုးသမီးသတင်းထောက် မသူဇာဝင်းလည်း ပါဝင်ခဲ့ပါတယ်။
The Fifth Waveမှာ သူအပါအဝင် သတင်းသမား ငါးယောက်ကို လူလျော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က အလုပ်ဖြုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
“ သူတို့က ဒီအလုပ်မထွက်ရခင် တရက်က ရွေးကောက်ပွဲပြီးတော့ ရုံးက သီးသန့်ခေါ်ပြီး မဲမသမာမှုဟာတွေရေး ပေးဖို့ပေါ့ ပြောတယ်။ သူတို့ကောင်းကြောင်းပဲ ဦးစားပေးရေးပေးဖို့ပေါ့။ သူတို့ရေးခိုင်းတာက ကျင့်ဝတ်နဲ့ မညီလို့ ရေးမပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ အဓိကက သူတို့နဲ့ ပနာမသင့်တဲ့သူ၊ ကြံခိုင်ရေးကောင်းကြောင်းကို လုံးဝ မရေးပေးနိုင်တဲ့သူ ဖြုတ်တာ ပေါ့”လို့ မသူဇာဝင်းက သူရဲ့ထင်မြင်ချက်ကိုပြောပါတယ်။
The Fifth Wave က သူတို့ကို ဘာအကြောင်းပြမှ မပေးဘဲ လူလျော့တယ်ပြောပြီး ထုတ်ပစ်လိုက်တာဟာ သတင်း ထောက်တယောက်ကို စော်ကားလိုက်သလိုပဲလို့ သူကမှတ်ချက်ပေးပါတယ်။
လက်ရှိမှာ စစ်အစိုးရဟာ လက်ရှိမှာတော့ သူတို့ လက်အောက်က သတင်းဌာနကလွှဲလို့ တခြားသတင်းဌာနတွေရဲ့ ရုပ်သံ ထုတ်လွှင့်မှု အစီအစဉ်တွေကို ပိတ်လိုက်တဲ့အပြင် ဖုန်း၊ အင်တာနက်လိုင်းတွေ ပိတ်ကာ သတင်းအမှောင်ချထားဆဲ ဖြစ် တယ်။ ဒါ့အပြင် စစ်အစိုးရဟာ ဥပဒေတွေကို ပြင်တာ၊ပြဌာန်းတာ၊ပယ်ဖျက်တာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာပြီး သတင်းမီဒီယာသမားတွေကို တင်းကြပ်လာပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို သူတို့အနေနဲ့ အကာအကွယ်ပေးနိုင်မှာ မဟုတ်တော့တဲ့အတွက် ကောင်စီဝင် ၁၅ ယောက်ဟာ ကောင်စီဝင်အဖြစ်ကနေ နုတ်ထွက် ခဲ့ကြပါတယ်။
သတင်းမီဒီယာကောင်စီဝင်တယောက်ဖြစ်တဲ့ ဒေါ်ဝေမာသိမ့်က“အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီမှာ ဥပဒေအရ ပေး ထားတဲ့ သတင်းသမားအတွက် အခွင့်အရေးတွေ အကာအကွယ်တွေကို လုပ်နိုင်မှာမဟုတ်ဘူးလို့ယုံလို့ ထွက်လိုက်တာ” လို့ ရှင်းပြပါတယ်။
လက်ရှိမှာတော့ သတင်းယူစရာမလိုတော့တဲ့ အမျိုးသမီးသတင်းထောက်တွေအနေနဲ့ နိုင်ငံရေးအခြေအနေကို စောင့်ကြည့် ရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးပဲ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုကြပါတယ်။
အခုလိုနိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့အချိန်မျိုးမှာ သတင်းသမားတွေအနေနဲ့ သတင်းရယူရမှာ ဆူးခင်းလမ်းလျှောက်ရ သလို အချိန်မရွေး အသက်အန္တရာယ် ကြုံရနိုင်ပါတယ်။ ဒါပေမယ့် သတင်းသမားတိုင်းက ပြည်သူတွေ သတင်းမှန်သိခွင့်ရဖို့ ရေကုန်ရေခမ်း ကြိုးစားသွားကြမယ်လို့ဆိုကြပါတယ်။
အမျိုးသမီးသတင်းထောက်တွေအနေနဲ့လည်း သူတို့ရဲ့အခွင့်အရေးဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်မရသေးသရွေ့ ဘယ်လိုဖိ အားတွေပဲ ရှိလာလာ တွန်းကန်ရုန်းထွက်ဖို့ ကြိုးစားနေမှာ အမှန်ပါပဲ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021