ခင်ဘုန်းမို့။ ။
(၁၆ ရက်တာလှုပ်ရှားမှုနေ့အတွက် အမှတ်တရဆောင်းပါး)
နိုဝင်ဘာလ (၂၅)ရက်နေ့ကနေဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ကာလဟာ အမျိုးသမီးများအပေါ် အကြမ်းမှုဖက်ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုကာလပဲဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေရပ်တန့်နိုင်ဖို့အတွက် လူထုအသိပညာပေးလှုပ်ရှားမှုတွေကို ၁၉၉၁ ခုနှစ်စတင်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ပုံစံအမျိုးမျိုးနဲ့ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း (၁၆)ရက်တာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အသိပညာပေးလှုပ်ရှားမှုတွေကို နှစ်စဉ်ပြုလုပ်နေပေမယ့် အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေက မပပျောက်နိုင်သေးပါဘူး။ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မမှုစတဲ့ အကြမ်းဖက်မှုမျိုးစုံကို အမျိုးသမီးတွေကရင်ဆိုင်နေရဆဲပါ။
လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ တစ်နည်းနည်းနဲ့ပါဝင်ပတ်သက်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အကြမ်းဖက်မှုတွေကတော့ လိင်ပိုင်းဆိုင်ရာညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေကို တိုက်ခိုက်မှုမျိုးတွေဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေက နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့အတွက် အစဉ်အလာနဲ့ ထိန်းချုပ်မှုဘောင်တွေထဲက သတ္တိယူ တိုးထွက်နေရတဲ့အမျိုးသမီးတွေကို သူတို့တွေရဲ့ နိုင်ငံရေးမှာပါဝင်ဖို့အတွက် ခြေလှမ်းနောက်တစ်လှမ်းဆုတ်သွားစေတဲ့ အခြေအနေတစ်ခုဖြစ်စေပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် နိုင်ငံရေးနဲ့မဆိုင်တဲ့တိုက်ခိုက်မှုတွေ၊ ညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ ဝေဖန်တဲ့အမုန်းစကားတွေက မဆုံးနိုင်အောင်ရှိနေပါသေးတယ်။
အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ၊ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေ၊ ကျောင်းသားအရေးလှုပ်ရှားတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အမျိုးသမီးငယ်တွေဟာလည်း နိုင်ငံရေးနဲ့မဆိုင်တဲ့တိုက်ခိုက်မှုမျိုးနဲ့ ပြောဆိုဝေဖန်တိုက်ခိုက်ခြင်းရဲ့သားကောင်တွေဖြစ်နေကြရပါတယ်။ ဒီအရာတွေဟာ အမျိုးသမီးဖြစ်တဲ့အတွက် ဒီလိုပိုမိုပြီး တိုက်ခိုက်ခံရတဲ့အခြေအနေကိုဖြစ်နေစေတာလားဆိုတာက မေးခွန်းထုတ်စရာပါ။
“နိုင်ငံရေးလောကထဲကိုဝင်ရောက်လာတဲ့အမျိုးသမီးတိုင်းကတော့ တိုက်ခိုက်ခံရတာပဲ၊ ပုံမှန် အမျိုးသမီးတွေတောင်တချို့နေရာတွေမှာ ဝေဖန်ခံရတယ်။ နိုင်ငံရေးလုပ်တဲ့အမျိုးးသမီးတွေကပိုပြီးခံရတာပေါ့” လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီက မဆိုင်းနူးပန်ကပြောပါတယ်။
သူကိုယ်တိုင်လည်းရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ နိုင်ငံရေးနဲ့မပတ်သက်နဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပုတ်ခတ်မှုတွေကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
“ ကျွန်မကိုဆို ကေအိုင်အေရဲ့လူဆိုတာမျိုး၊ စစ်ဗိုလ်ကြီးရဲ့မယားငယ်ဆိုတာမျိုး လူမဆန်တဲ့ပုံစံတွေနဲ့ထိုးနှက်ခံရတာအများကြီးရှိတယ်၊ ဒီအပေါ်မှာတော့ဘာမှမတုန့်ပြန်ဘူး သူတို့ဘက်က မှားယွင်းစွပ်စွဲတယ်လို့ခံယူတယ်” လို့ မဆိုင်းနူးပန်ကသူ့အတွေ့အကြုံကိုပြောပြပါတယ်။
အမျိုးသမီးတစ်ဦးဦးအပေါ် နိုင်ငံရေးယုံကြည်ချက်၊ မတူကွဲပြားမှုတွေအပေါ်ဝေဖန်ပိုင်ခွင့်ရှိသော်လည်း လိင်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ပတ်သက်ပြီး ပြောဆိုဖို့မသင့်ဘူးလို့ Generation Wave အဖွဲ့က အထွေထွေအတွင်းရေးမှူး မအိအိမိုးက သူ့အမြင်ကိုပြောပါတယ်။
“ဘယ်အမျိုးသမီးကိုမှ လိင်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် တခြားအမျိုးသမီးအခွင့်အရေးတွေချိုးဖောက်ပြီးတော့မှ စော်ကားပိုင်ခွင့်မရှိဘူး၊ ဒီလိုစော်ကားရင်ဘယ်သူ့ကိုပဲဖြစ်ဖြစ် တားဆီးသင့်တယ်” လို့ မအိအိမိုးက ဆိုပါတယ်။
အမျိုးသမီးတွေအမှားကျူးလွန်မိပြီ သို့မဟုတ် အမှားတခုခုက အမျိုးသမီးအပေါ်ကို ကျရောက်ခဲ့ပြီဆိုရင်လည်း ပြသနာအရင်းအမြစ်ကို မြင်အောင်ကြည့်တာထက် အမျိုးသမီးကိုသာ အပြစ်တင်ဝေဖန်ဖို့ အသင့်ရှိနေကြတာကလည်း အစဉ်အလာတစ်ခုလိုဖြစ်နေပါတယ်။ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံရမှု၊ အဓမ္မမှုတွေမှာတောင် အမျိုးသမီးတွေအနေအထိုင်မတ်လို့ဆိုတဲ့ အပြစ်တင်မှုတွေက ယနေ့တိုင် ဆုံးခန်းမတိုင်သေးပါဘူး။
၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေမှာ အမျိုးသမီးပါဝင်မှု (၄)ရာခိုင်နှုန်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ (၁၃) ရာခိုင်နှုန်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တော့ (၁၇)ရာခိုင်နှုန်းအထိပါဝင်ခဲ့ပါတယ်။
အမျိုးသမီးတွေနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ ပါဝင်မှုပိုများလာအောင် အားပေးပြီးတော့ လှုံဆော် နေတဲ့ ကာလမျိုးမှာ အမျိုးသမီးတွေကို နိုင်ငံရေးနည်း၊ ပုဂ္ဂိုလ်ရေးနည်း၊လူမှုရေး စတဲ့နည်းပေါင်းစုံနဲ့ ဝိုင်းဝန်းထိုးနှက်တာတွေက လုံးဝမဖြစ်သင့်ဘူး လို့ Triangle Women အဖွဲ့ရဲ့ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လေးက သုံးသပ်ပါတယ်။
“ အမျိုးသမီးတွေဖြစ်တဲ့အတွက် သူတို့ရဲ့ယုံကြည်ချက်အတိုင်း လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရှိတယ်။ အဲ့လိုပြောဆိုတဲ့အခါမှာ အားနည်းချက် ရှိရင်တောင် အမျိုးသမီးမှရှိတာမဟုတ်ဘူး ၊ အမျိုးသားလည်းရှိတာပဲ ဆိုတဲ့ အမြင်မျိုးနဲ့ဖြည့်ပြီး ကြည့်ပေးသင့်တယ်။” လို့ ဒေါ်ခင်လေးကသူ့အမြင်ကိုပြောပြပါတယ်။
အခုနောက်ပိုင်းမှာဆိုရင်လည်း ဆိုရှယ်မီဒီယာကိုအသုံးချပြီး အမျိုးသမီးရဲ့နိုင်ငံရေးရပ်တည်ချက်နဲ့မပတ်သက်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေကိုပိုမိုဦးတည် ပြီးတိုက်ခိုက်လာကြတာကိုလည်းတွေ့ရပါတယ်။
ကိုယ်တိုင်လည်းကျောင်းသားအရေးလှုပ်ရှားမှုတစ်ခုမှာပါဝင်ခဲ့ပြီး နိုင်ငံရေးရပ်တည်ချက်အရမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ တိုက်ခိုက်ခံခဲ့ရတယ်လို့ မအိသီရိကျော်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။
“ အမျိုးသမီးတွေနိုင်ငံရေးလုပ်တဲ့အခါ လုပ်ဆောင်ချက်အပေါ်ဝေဖန်တာမျိုးမဟုတ်ပဲ အမျိုးသမီးဖြစ်တည်မှုကိုပဲတိုက်ရိုက်ထားပြီးပြောကြတာပေါ့နော်။ နိုင်ငံရေးဦးဆောင်မှုတွေက ယောကျာ်းလေးတွေရဲ့နေရာပဲ ဒါမျိုးသတ်မှတ်ထားတဲ့ဓလေ့ထုံးစံတွေကို တိုက်ထုတ်ရမယ်လို့ထင်တယ်” တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ မအိသိရီကျော်ကပြောပါတယ်။
ဒီလိုဝေဖန်မှုတွေမှာ အမျိုးသားတွေက တိုက်ခိုက်ကြတာရှိသလို အမျိုးသမီးအချင်းချင်းဝေဖန်တိုက်ခိုက်ကြတာတွေလည်းရှိပါတယ်။ အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာတွေ၊အုပ်ချုပ်ရေးပိုင်းဆိုင်ရာနေရာတွေမှာ ပါဝင်လာဖို့အားနည်းခြင်းက အမျိုးသမီးအချင်းချင်းဖေးမကူညီမှု အားနည်းမှုကြောင့်လို့ မှန်းဆနိုင်ပါတယ်။
“ အမျိုးသမီးအချင်းချင်းဝေဖန်တဲ့အထဲမှာ အမျိုးသမီးတွေကိုအပြစ်မပြောဘူး။ ဘာကြောင့်ဒီလိုအမျိုးသမီးအချင်းချင်း ပြစ်တင်ဝေဖန်လည်းဆိုတော့ ဖြတ်သန်းလာရတဲ့စနစ်ကြောင့်လို့ပဲပြောရလိမ့်မယ်”လို့မအိသီရိကျော်ကသူ့အမြင်ကိုပြောပြပါတယ်။
အမျိုးသမီးတွေရဲ့နိုင်ငံရေးအပေါ်ပါဝင်မှုမှာ အမျိုးသားတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေအပြင် အမျိုးသမီးချင်းချင်း ဝေဖန်ကြတာတွေက ပိုပြီးစိတ်မကောင်းစရာဖြစ်တယ်လို့ Triangle Women အဖွဲ့ရဲ့ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လေးကဆိုပါတယ်။
အမျိုးသမီးတွေ နိုင်ငံရေးနဲ့ ကဏ္ဍအသီးသီးတွေမှာ ပါဝင်မှု ပိုမိုမြှင့်မားစေဖို့ဆိုရင် ဒီလိုပြသနာတွေကို အဖြေရှာဖို့လိုနေပါပြီ။
“ ဒီအပေါ်မှာ ပြည်သူ့နီတိကအရမ်းဆိုင်သွားပြီ ကျွန်မတို့ မြန်မာပြည်မှာဆို ငယ်ငယ်လေးထဲကလည်းသင်ခဲ့တယ်၊ ဒါပင်မယ့် ပြည်သူ့နိတိက ဘာလဲဆိုတာကျွန်မတို့သေချာမသိခဲ့ရဘူး။ အခု ဒီမိုကရေစီ သက်တမ်းလည်းဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေကို ကောင်းမွန်တဲ့ အကျင့်စာရိတ္တဖြစ်လာအောင် လေ့ကျင့်ပေးသင့်တယ်၊ စစ်အုပ်ချုပ်ရေးနဲ့ နှစ်ပေါင်း ၇၀ လောက်ဖြတ်ကျော်ခဲ့ရတဲ့အခြေအနေမှာက ကျွန်မတို့ ကောင်းမွန်တဲ့အကျင့်စရိုက်တွေရဖို့အတွက် အခက်အခဲတွေစိန်ခေါ်မှုတွေများတယ်၊ အခုအချိန်မှာတော့ လုပ်ဆောင်သင့်ပြီလို့မြင်တယ်” လို့မဆိုင်းနူးပန်ကတိုက်တွန်းလိုက်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021