Home သတင်း စစ်ပဋိပက္ခတွင်း အုပ်စုလိုက် လိင်အကြမ်းဖက်ခံရသူတဦးရဲ့ ဒုက္ခ

စစ်ပဋိပက္ခတွင်း အုပ်စုလိုက် လိင်အကြမ်းဖက်ခံရသူတဦးရဲ့ ဒုက္ခ

မယ်လွန်း

၆ ရက်သားသာ ရှိသေးတဲ့ လူမမယ်အရွယ် ကလေးငယ်ရဲ့ ရုတ်တရက် “ဝါး” ခနဲ့ အော်ငိုသံဟာ သူမတို့ မိသားစုတစုလုံးရဲ့ ကံကြမ္မာကို အမှောင်တိုက်ထဲ တွန်းပို့လိုက်သလို ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

သူမတို့ ပုန်းအောင်းနေရာ အိမ်ပတ်ဝန်းကျင်နား ရောက်နေတဲ့ တပ်မတော်သား၄ ဦးဟာ ကလေးငိုသံကြားသွားပြီး ပုန်းနေရာကနေ အားလုံးထွက်ခဲ့ဖို့နဲ့ မထွက်လာရင် မီးရှို့ပစ်မယ့်အကြောင်း ပြောလိုက်တဲ့အချိန်မှာတော့ သူမတို့တတွေ ရွေးချယ်စရာ မရှိတော့ပါဘူး။

အုတ်နဲ့ကာထားတဲ့ ဘေးအိမ်အောက်ထပ်က ဗုံးခိုကျင်းဆန်ဆန် စပါးကျည်အနောက်ဘက်မှာ ပုန်းအောင်းနေသူ ၉ ဦးထဲက အမျိုးသမီး ၆ ဦးလုံး ပုန်းနေရာကနေ ထွက်လာရပါတော့တယ်။ ပုန်းတဲ့နေရာမှာ ကျန်ခဲ့သူတွေကတော့ သူတို့တွေရဲ့ ကလေးငယ်တွေပဲဖြစ်ပါတယ်။

“တအားကြောက်တယ်ပေါ့။ ကလေးအမေတောင်မှ ကြောက်ပြီး ငိုနေတယ်လေ။ အဲဒီအချိန်မှာ အရမ်းကြောက်ပြီး သူ့ကလေးကိုတောင်မှ သတ်မိတော့မလို၊ ရိုက်မိတော့မလို ဖြစ်တယ်။ ဒီကလေးအတွက်နဲ့ ငါတို့ အကုန်လုံး ဒုက္ခရောက်တော့မယ်ဆိုပြီး”

အသက် ၃၆ နှစ်အရွယ် အမျိုးသမီးက သူမဘဝကို ပြောင်းလဲခဲ့တဲ့ အခိုက်အတန့်ကို မှတ်မှတ်ရရ ပြောပြပါတယ်။

သူမကတော့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာကဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ညမှာ မြန်မာ့တပ်မတော်သား ၄ ဦးထဲက ၃ ဦးရဲ့ အုပ်စုလိုက် မုဒိမ်းကျင့်မှုကို ခံခဲ့ရမှုတွက် မကြာသေးခင်က အမှုဖွင့် တိုင်ကြားထားသူ ဖြစ်ပါတယ်။

သူမမှာ သားသမီး ၄ ဦးရှိပါတယ်။ အသက် ၁၇ နှစ်အရွယ် သားနဲ့ ၁၃ နှစ်အရွယ်သမီးကို အခြားမြို့က ဆွေမျိုးတွေက လုံခြုံရေးအတွက် စစ်ပွဲစဖြစ်ကတည်းက ခေါ်ထားပြီး သူမ အမျိုးသားကလည်း မိသားစု စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာပါ။ ဒါကြောင့် သူမနဲ့အတူ အသက် ၁၉ နှစ်အရွယ် သမီးအကြီးဆုံးနဲ့ အငယ်ဆုံး ၃ နှစ်အရွယ် သမီးငယ်ပဲ အတူနေထိုင်တာပါ။

ငိုခဲ့တဲ့ ၆ ရက်သား ကလေးငယ်က သမီးကြီးရဲ့ ကလေး၊ သူမရဲ့ မြေးကလေးဖြစ်ပါတယ်။ စပါးကျည်အနောက်မှာ သူမတို့ မိသားစု ၄ ဦးနဲ့ သူမရဲ့ ယောက္ခမမိသားစုတွေ စုပြီး ပုန်းနေခဲ့ကြတာပါ။

“ထွက်ပြေးဖို့ကလည်း ပိုက်ဆံမရှိ၊ အိမ်တအိမ်မှာ ခိုရင်လည်း အဲလိုဒုက္ခတွေ ကြုံတယ်ဆိုတော့ အမျိုးမျိုး စဉ်းစားပြီး စိတ်ထိခိုက်ရတယ်”လို့ ကာယကံရှင်အမျိုးသမီးဖြစ်သူ သူမက ပြောပါတယ်။

လက်ရှိ စစ်ပွဲကာလအတွင်း ရွာထဲမှာ မြန်မာ့တပ်မတော်စစ်ကြောင်းရဲ့ သေနတ်ဖောက်သံတွေကြားတိုင်း ငွေကြေးတတ်နိုင်သူ ရွာသူရွာသားတွေအားလုံး နီးစပ်ရာ မြို့ဘက်ကို ထွက်ပြေးသွားကြပေမယ့် သူမတို့လို တိမ်းရှောင်ဖို့ စရိတ်မရှိသူတွေကတော့ လုံခြုံမယ်ထင်တဲ့ နီးစပ်ရာအိမ်တွေ၊ ရွာအနီးတဝိုက်မှာ ယခုလိုပဲ ပုန်းခိုကြလေ့ရှိပါတယ်။

အဲဒီညမှာတော့ ပုန်းအောင်နေသူ အမျိုးသမီး ၆ ဦးထဲမှာ သူမတစ်ယောက်ပဲ ကံဆိုးတဲ့မဲ ပေါက်ခဲ့ပါတယ်။

မှတ်ပုံတင်မှာ မသင်္ကာစရာရှိတဲ့အတွက် စစ်ဆေးဖို့ဆိုပြီး သူမတို့ ပုန်းအောင်းနေရာကနေ ဝါးတချောင်းစာ အကွာအဝေးမှာရှိတဲ့ ယောက်ခမအိမ်ပေါ်မှာ သူမကို သေနတ်တေ့ ခြိမ်းခြောက်ဆွဲခေါ်ပြီး တပ်မတော်သား ၃ ဦးက အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့တယ်လို့ ကာယကံရှင်အပါအဝင် အတူရှိနေသူ မိသားစုဝင်တွေက ပြောပါတယ်။

“အတင်းဆွဲပြီးခေါ်သွားတယ်။ မလိုက်ချင်ပေမယ့် မလိုက်လို့ မဖြစ်ဘူး၊ ပြေးမယ်ဆိုရင် သူပုန်လို့ သတ်မှတ်မယ်ဆိုပြီး ညီမကို သေနတ်တွေနဲ့ တေ့ပြီး ခြိမ်းခြောက်တယ်လေ၊ ပြေးလို့ရှိရင် ပစ်သတ်မှာပေါ့။ မပြေးလို့ရှိရင် ကျွန်တော်တို့လိုတဲ့ဟာကို အစ်မ ပေးရမယ်ဆိုပြီး ပြောတယ်။” လို့ မုဒိမ်းကျင့်ဖို့အတွက် အဓမ္မ ဆွဲခေါ်ခံရပုံကို သူမက ပြန်ပြောပြပါတယ်။

ပြုကျင့်သူ တပ်မတော်သား ၃ ဦးဟာ အသက်ကြီးပုံမပေါက်သလို အသက် ၂၀ ကနေ ၃၀ ကြားအရွယ်တွေလောက်ပဲ ရှိနိုင်တယ်လို့ သူမက ခန့်မှန်းပြောပြပါတယ်။

အဲဒီညက သူမကို မုဒိမ်းပြုကျင့်အပြီးမှာ သူမရဲ့ သမီးကြီးကိုလည်း တပ်မတော်သား ၄ ဦးထဲက တစ်ဦးက မုဒိမ်းကျင့်ဖို့ ကြံစည်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မီးဖွားခါစဖြစ်တဲ့အတွက် မလုပ်ဖို့ သူမအပါအဝင် ယောက်ခမ မိသားစုတွေပါ အားလုံး တောင်းပန်ခဲ့တာကြောင့် လွတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ တပ်မတော်သား ၄ ဦးဟာ မုဒိမ်းပြုကျင့်ပြီး နောက်တစ်ရက်မှာလည်း သူမတို့ အိမ်နား ရှိနေဆဲဖြစ်ပါတယ်။

ဒီအခြေအနေဟာ သူမကို တရားမျှတမှုရှာတဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ တွန်းပို့ခဲ့တဲ့ အကြောင်းတရားတခု ဖြစ်ခဲ့ပါတယ်။
လက်ထဲ ပိုက်ဆံ ကျပ် ၁ သောင်း-၂ သောင်းနီးပါးကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး သူမတို့မိသားစု ရွာကနေ အမြန်ဆုံး အဝေးဆုံးပြေးဖို့ ကျူးလွန်ခံရပြီး နောက်တစ်ရက်မှာပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။

“အဲဒီမှာ နောက်တစ်ည အိပ်လိုက်မယ်ဆိုရင် နောက်လည်း ထပ်ပြီး ပြုကျင့်ခံရမယ်ဆိုပြီး ကြောက်တဲ့စိတ်နဲ့။ ပြီးတော့ ထပ်နေသေးရင် ညီမရဲ့ သမီး၊ မီးဖွားခါစ သမီးပေါ့။ သမီးအတွက် အရမ်းစိုးရိမ်ပြီးကြောက်တယ်။ ညီမလို ဖြစ်မှာကို စိုးရိမ်တယ်၊ ကြောက်တယ်။ သမီးအတွက်ကို တွက်ပြီး ထွက်ပြေးလာတယ်” လို့ ကာယကံရှင် အမျိုးသမီးက ပြန်ပြောပြပါတယ်။

ဓာတ်ပုံ – RWN

ထိုင်းမှာ အလုပ်လုပ်တဲ့ အမျိုးသားဆီကနေ ၅ လလောက်နေမှ ကျပ် ၁ သိန်းခွဲ၊ ၂ သိန်း ထောက်ပံ့ငွေရတဲ့ သူမဟာ သားသမီးပညာရေးနဲ့ စားဝတ်နေရေးအတွက် ကြုံရာ ကျဘမ်းအလုပ်ဖြစ်တဲ့ တစ်ရက် ပျမ်းမျှ ၂ ထောင်လောက်သာရတဲ့ ကောက်စိုက်၊ စပါးထမ်းတဲ့အလုပ်လုပ်ပြီး ပင်ပင်ပန်းပန်း အသက်မွေးဝမ်းကျောင်းနေရသူပါ။

ဒါကြောင့် ဘေးလွတ်ရာ ထွက်ပြေးဖို့ဆိုတာ ငွေကြေးမရှိသူ သူမတို့အဖို့ မလွယ်ကူခဲ့ပါဘူး။

မနက်မိုးလင်းတာနဲ့ သူမတို့ အိမ်ရှိရာ ဦးဂါရွာလယ်ကနေ ရွာအစွန်ပိုင်းက လူမရှိတဲ့ အိမ်တစ်အိမ်မှာ မနက်စာ အမြန် ချက်ပြုတ်စားသောက်ပြီး လူအရိပ်အကဲကြည့်ကာ စစ်တွေမြို့ကိုသွားမယ့် ဆိပ်ကမ်းရှိရာဘက်ကို အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ကြပါတော့တယ်။

“အဲဒီနေ့ကဆိုရင် မိုးကလည်း တအားရွာတယ်။ ပြေးလာတဲ့အချိန်မှာ ရွှဲရွှဲစိုစိုနဲ့ပေါ့။ ဗမာ့စစ်တပ်တွေ(မြန်မာ့ တပ်မတော်သားတွေ) နဲ့ လမ်းတွေမှာ တွေ့မှာလား၊ မတွေ့ဘူးလားဆိုပြီး ကြောက်တဲ့စိတ်နဲ့ပေါ့။ မနားမနေလျှောက်ပြီး ပြေးလာတာ” လို့ သူမ ပြောပြပါတယ်။

မိုးရေထဲမှာ ၆ ရက်သား လူမမယ်ကလေးကို ပိတ်စတွေနဲ့ ပတ်၊ ပလစ်စတစ်အပါးစနဲ့ အပေါ်က ခြုံပြီး မိခင်ရင်ခွင်ထဲ ဖက်ပြီး သူမတို့ မိသားစု ၄ ဦး မိုးရေထဲ မနားတမ်း ခြေကျင်ထွက်ပြေးခဲ့ကြပါတယ်။

၃ နာရီကြာ လမ်းလျှောက်ပြီးနောက်မှာ ညောင်ပင်လယ်ကျေးရွာကို ရောက်ခဲ့ပြီး ရွာသားတွေရဲ့ အကူအညီနဲ့ အဲဒီရွာမှာ အစားအစာနဲ့၂ ရက်ကြာ နားခိုခွင့် ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆိပ်ကမ်းရှိရာကို မိနစ် ၂၀ လောက် ခြေကျင်လျှောက်ကာ လက်ထဲပါလာတဲ့ငွေစနဲ့ မော်တော်ဘုတ်စီးပြီး စစ်တွေကို ရောက်လာပါတော့တယ်။

စစ်တွေရောက်ပေမယ့်လည်း သူမတို့ မိသားစု သက်မ မချနိုင်သေးပါဘူး။

အသိမိတ်ဆွေမရှိ၊ ဘယ်သွားလို့ သွားရမှန်းမသိပဲ လမ်းဆုံးလို့ ကားသမားချထားပေးတဲ့ စစ်တွေမြို့ပေါ်က မီးစက်ရှိရာ လမ်းလေးခွဆုံက လမ်းဘေးတနေရာမှာ သားအမိတွေ လမ်းစပျောက်ပြီး ငုတ်တုတ်လေး အချိန်အတော်ကြာထိ ထိုင်နေခဲ့ကြပါတယ်။

အဆိုးထဲက အကောင်းလို့ဆိုရပါမယ်။ အဲဒီအချိန်မှာပဲ ကူညီသူနဲ့ သူမတို့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ဆုံခဲ့ပါတယ်။

“သူတို့ငုတ်တုတ်ကြီး ထိုင်နေတဲ့အချိန် အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျမ အဲဒီမှာ ဓညဝတီရပ်ကွပ်ထဲကို ကိစ္စလေးတစ်ခုနဲ့ သွားမယ်ဆိုပြီးတော့ ကျမက လမ်းဆုံကနေဆင်းပြီး ဓညဝတီရပ်ကွပ်ထဲကို ဝင်မယ်လုပ်တာ။ အဲဒီမှာ သူတို့တွေ ကုပ်ကုပ်လေးထိုင်နေတော့ ကျမက မိန်းမလေ။ ဟာ..မိန်းမကလည်း နှစ်ယောက်၊ ကလေး ရင်ခွင်ပိုက်လေးကလည်း နှစ်ယောက်။ စစ်ပြေးဒုက္ခသည်တွေ အောက်မေ့လို့ ကျမက ဘယ်သွားချင်လဲ၊ ကျမ ဘာကူညီရမလဲပေါ့နော် မေးလိုက်တဲ့အချိန်မှာ သူတို့နဲ့ကျမ တွေ့ပြီးတော့ ခေါ်လာတာ။” လို့ စတင်တွေ့ရှိ ကူညီခဲ့သူ ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးက ပြောပြပါတယ်။

အမျိုးသမီးအဖွဲ့ရဲ့ ကူညီကယ်ဆယ်မှုခံရပြီးနောက်ပိုင်း ၄ ရက်မြောက်နေ့မှာတော့ ကျူးလွန်ခံရမှုအတွက် အမှုစွဲဖို့ သူမ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါပေမဲ့ လွယ်လွယ်တော့ မဟုတ်ခဲ့ပါဘူး။

“သူတို့တွေက တော်တော်လေးကို စိတ်ဒဏ်ရာ ရလာတာ။ နောက်မှ နည်းနည်းချော့မော့မေးကြည့်မှ ပြောပြတာ။ တရက်တည်းနဲ့ အကုန်လုံးပြောတာမဟုတ်ဘူး။ သူတို့က သတိရလိုက် နည်းနည်းလေးပြောလိုက်၊ ဒါဆိုရင် သမီးဘယ်လိုလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲဆိုရင်။ သူတို့ ကျမတို့ အိမ်ပေါ်က တီဗီလေးမှာကြည့်လိုက်၊ သတင်းလာလို့ရှိရင် ငိုလိုက်ပေါ့နော်။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ သူက ဒါကို ဘာလုပ်လို့ရလဲ၊ အမှုဖွင့်လို့ရလား၊ ကျမမှာတော့ အရှက်ကုန်သွားပြီ။ အမှန်ကိုပြောလိုက်ရင် တခြားသူတွေ အကုန်လုံးသိဖို့လိုတယ်။ အမှုမှန်လေး ဖော်ချင်တယ်ပေါ့နော်။ သူ့ကို ပြုကျင့်သွားတဲ့သူတွေကလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရစေချင်တယ် အဲလိုသဘောမျိုးတွေ သူက စပြောလာတယ်” လို့ အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်ညိုအေးက ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

ဒီလို စစ်ပဋိပက္ခနယ်မြေတွေအတွင်း အမျိုးသမီးတွေကို မြန်မာ့တပ်မတော်သားတွေက လိင်အကြမ်းဖက်မှု ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေက စဉ်ဆက်မပြတ် ဝေဖန်ထောက်ပြမှုတွေ ရှိနေပေမယ့် ကျူးလွန်ခံရသူ အမျိုးသမီးကိုယ်တိုင် ရဲစခန်းသွားပြီး အမှုဖွင့်တိုင်ကြားမှုဆိုတာ မရှိသလောက် ရှားပါတယ်။

သူမကတော့ ကျူးလွန်ခံရမှုအတွက် “တရားမျှတမှု” ရဖို့ စစ်တွေမြို့မ အမှတ် ၁ ရဲစခန်းကို သွားရောက်ပြီး သူမကို ကျူးလွန်သူလို့ ဆိုတဲ့ တပ်မတော်သား ၃ ဦးကို ပုဒ်မ ၁၁၄(ပူးပေါင်းပါဝင်မှု) ၊ ပုဒ်မ ၃၃၆ (မတရားသဖြင့် ကာမ ယှက်စပ်မှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

ဒီလိုသွားရဲဖို့အတွက် သူမကို တွန်းအားပေးတာကတော့ “မိခင်စိတ်” ပဲလို့ ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။
“ညီမဘ၀ ပျက်သလိုမျိုး နောက် နောင်လာသားသမီးတွေ ရခိုင်အမျိုးတွေ၊ သမီးတွေ အစ်မတွေ၊ ညီမတွေ ဒီလိုမျိုး မကြုံဖူးရအောင်ဆိုပြီး ညီမဆုံးဖြတ်ပြီး တိုင်လိုက်တာ။” လို့ သူမက ပြောပါတယ်။

အမျိုးသမီးအဖွဲ့ကူညီမှုအောက် ရောက်ပြီဖြစ်သော ကာယကံရှင်အမျိုးသမီး ဓာတ်ပုံ – RWN

သူမအမှု စစဖွင့်ချင်းမှာ တပ်မတော်အနေနဲ့ ဒီလိုကျူးလွန်မှုမျိုးမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာတွေကို ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တပ်အတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကာယကံရှင်ဘက်က နစ်နာကြောင်းတိုင်ကြားမှုအပေါ် လက်ခံထားတဲ့ ရဲစခန်းက သူ့ရဲ့ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ဧရာဝတီသတင်းအင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ သူမအမှုကို ကူညီပေးသူ ရခိုင်အခြေစိုက် လူမှုအဖွဲ့အစည်းတွေကတော့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တရားမျှတမှုရှိဖို့အတွက် တပ်အတွင်း စုံစမ်းစစ်ဆေးမှုအပြင် အမှုကို ဥပေဒရှေ့မှောက် ပြည်သူ့တရားရုံးပေါ်ကို ရောက်ဖို့ လိုအပ်တယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။

“ရေရှည်မှာ ပျောက်သွားမှာကို ကျမတို့ ကြောက်တယ်လေ။ အမှုမှန်မပေါ်လိုက်ပဲနဲ့ ပျောက်သွားမှာစိုးရိမ်တာရှိတယ်။” လို့ အကူအညီပေးနေသူ အမျိုးသမီးခေါင်းဆောင် ဒေါ်ညိုအေးက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ထံကို စာပို့ထားသလို လူမှုအဖွဲ့အစည်းတွေက သက်ဆိုင်ရာ ရဲဌာနတွေမှာလည်း အမှုအခြေနေနဲ့ပတ်သက်ပြီး မျက်ခြေမပြတ် စောင့်ကြည့်သတင်းမေးနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ လူ့အခွင့်အရေးကော်မရှင်ထံကနေ အကြောင်းပြန်ဆက်သွယ်မှု တစုံတရာ မရှိသေးဘူးလို့ ကူညီသူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်တဝိုက်က ကျေးရွာတွေထဲမှာ တိုက်ပွဲကာလအတွင်း တပ်မတော်သားတွေရဲ့ မုဒိမ်းကျင့်ခံရတာ သူမတဦးတည်း မဟုတ်ဘူးလို့လည်း ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။ သူမဖြစ်ရပ်မတိုင်ရင် ရက်ပိုင်းအလိုမှာလည်း သူမတို့ရွာအနီးတဝိုက်က ကျေးရွာတွေမှာ အမျိုးသမီးငယ်တွေကိုလည်း ကျူးလွန်မှုတွေရှိတယ်လို့ သူမ ကြားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အရှက်အကြောက်ကြီးမှုနဲ့ ခြိမ်းခြောက်ခံရမှုကြောင့် ကျူးလွန်ခံရသူတွေအပါအဝင် ဘယ်မိဘတွေကမှ ထုတ်မပြောရဲကြဘူးလို့ သူမက ဆိုပါတယ်။

“ညီမတို့ ရွာအနီးနားမှာလည်း တအားဖြစ်တယ်။ ညီမအရွယ်တောင်မဟုတ်ဘူး။ ၁၅ နှစ်-၁၆ နှစ်အရွယ်တွေလည်း အကုန်လုံး အဲလိုမျိုးခံရတယ်၊ ညီမလိုမျိုး ကြုံခဲ့ရတယ်လို့ ကြားတယ်။ ဒါပေမဲ့ အဲဒီဟာ ဖော်ထုတ်လို့ရှိရင် အကုန်လုံးကို သတ်မယ် ရိုက်မယ် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တဲ့အခါ ကြောက်လို့ ဘယ်သူ့ကိုမှ ဖွင့်မပြောကြဘူး” လို့ ကာယကံရှင် အမျိုးသမီးက သူကြားတဲ့အကြောင်း ပြောပါတယ်။

ဒေသတွင်း လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေကို AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲမှုတွေရှိနိုင်သလို အမျိုးသမီးတွေကိုယ်တိုင်ကလည်း ကြောက်ရွံ့စိတ်တွေ ရှိနေခြင်းကြောင့် ယခုအမှုတစ်ခုကလွဲပြီး ကျေးရွာတွေအတွင်း အလားတူ လိင်အကြမ်းဖက်မှုတွေ ဘယ်လောက်ဖြစ်ပွားနေလဲဆိုတဲ့ အဖြစ်မှန်စုံစမ်းဖော်ထုတ်ဖို့နဲ့ တရားဥပဒေရှေ့မှောက်ရောက်လာဖို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေကြောင်း ကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

ကျူးလွန်ခံရသူ အမျိုးသမီးအတွက်ကတော့ သူမရဲ့အမှု တရားမျှတရေးရဖို့ ပူပန်နေရသလို တဖက်မှာလည်း သူမရဲ့ အဖြစ်အပျက်အပေါ် ခင်ပွန်းသည် နားလည်ပေးပါ့မလားဆိုတဲ့ စိုးရိမ်ခြောက်ခြားစိတ်က သူမကို လွှမ်းမိုးနေပါတယ်။
သူမ စိုးရိမ်လည်း စိုးရိမ်စရာလို့ ပြောရမှာပါ။ သူမရဲ့ သတင်းတွေ လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်ပြီးနောက်ပိုင်းမှာတော့ သူမအမျိုးသားကို အွန်လိုင်းပေါ်မှာတွေ့ပေမယ့် သူမ နည်းမျိုးစုံနဲ့ အကြိမ်ကြိမ်ဆက်သွယ်မှုကို အခုချိန်ထိ ပြန်ဆက်သွယ်ဖြေကြားမှု မလုပ်သေးပါဘူး။

“ကလေးကလည်း ၄ ယောက်ရှိတယ်။ ဘယ်သူမှလည်း ကြီးပျင်းသေးတာမဟုတ်ဘူး။ သမီးအကြီးလေးတယောက်ပဲ အိမ်ထောင်ကျသေးတယ်ပေါ့နော်။ အဲလိုအချိန်မှာ ကျမယောက်ျားက ကျမကို ထားပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုသွားရင်တော့ ကျမဘဝကတော့ သွားပြီ” လို့ အသံ ခြောက်အက်အက်နဲ့ သူမ ပြောပါတယ်။

နိုင်ငံခြားထွက်သွားတဲ့အမျိုးသား အလုပ်အဆင်ပြေရင် အလုပ်အကိုင်တည်တည်တံ့တံ့လေးနဲ့ မိသားစု သိုက်သိုက်ဝန်းဝန်းနေရဖို့ မျှော်လင့်ခဲ့တဲ့သူမဟာ အခုတော့ ရွာပြန်လို့လည်းမဖြစ်၊ ဘယ်သူ့ကိုမှလည်း မျက်နှာမပြရဲပဲ သူမ ကြုံတွေ့ခဲ့တဲ့ အရိပ်မည်းအောက်မှာ သားသမီးတွေရဲ့ အနာဂတ်ရှေ့ဆက်ဖို့အတွက် မျှော်လင့်ချက်မဲ့ပြီး ကမ္ဘာပျက်သလို ဖြစ်နေပါတော့တယ်။

“ဒီအချိန်မှာ အမျိုးသားဆီကနေ ဘာမှမဖြစ်ဘူး အားမငယ်နဲ့ဆိုတဲ့ အားပေးစကားလေး နည်းနည်းကြားရရင် ညီမ အားရှိတယ်လို့ ခံစားရတယ်။ ညီမဖြစ်ပျက်ခဲ့တာတွေ အမျိုးသားကို အကြောင်းစုံပြောပြချင်တယ်။ ပြောပြလို့ရှိရင် ညီမရဲ့ အမျိုးသားက ညီမကို နားလည်ပေးမှာလား။ နားလည်ပေးပါစေလို့လည်း ညီမလည်း အမြဲဆုတောင်းတယ်။”

Author:

Related Articles