Home သတင်း ရခိုင်အမျိုးသမီး မုဒိမ်းကျင့်ခံရမှု အမှုမှန်ပေါ်ပေါက်ရန်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

ရခိုင်အမျိုးသမီး မုဒိမ်းကျင့်ခံရမှု အမှုမှန်ပေါ်ပေါက်ရန်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

မိုးမိုး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ဒေါ်ဦးဌေးဝင်းကို တပ်မတော်သား ၃ ဦးက သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့တယ်ဆိုသည့် အမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးနှင့်တရားမျှတမှု ရရှိရေး အတွက် အရပ်ဖက် အဖွဲ့ အစည်းများမှ ထုတ်ပြန်ကြေညာခဲ့သည်။

“တရားဥပဒေ ရှေ့မှောက်ကို ရောက်ရင်တော့ ဒီအမှုကို ကျမတို့ အများကြီး မျှော်လင့်ထားတယ်။ ကာယကံရှင် အမျိုးသမီး က လက်တွေ့ခံစားရတာလေ။ လီဆယ်လုပ်ကြံပြီး ပြောမယ့် အရွယ်လည်း မဟုတ်ဘူး” ဟု ယခုအမှုအား လိုက်ပါဆောင် ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

အရက်ဘက်အဖွဲ့အစည်း ၁၁၈ ဖွဲ့၏ အချက် ၈ ချက်ပါ သဘောထားကြေညာချက်ကို ဇူလိုင်လ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်က တပ်မတော် စစ်ကြောင်း တစ်ကြောင်း အဆိုပါ ရသေ့တောင် မြို့ နယ် ဦးဂါကျေးရွာသို့ ရောက်လာခဲ့ပြီး ကျေးရွာတွင် တစ်ညအိပ်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက သတင်းထောက်များကို ဖြေကြားချက်တွင် ပါရှိသည်။

ထိုသို့ တပ်မတော်စစ်ကြောင်း ရွာတွင် တည်းခိုစဉ် ည ၁၁ နာရီခန့်က ကာယကံရှင် အမျိုးသမီး၏ အိမ်ဘေးနားတွင် ရှိ သည့် တပ်မတော်သားများထဲမှ တပ်ဖွဲ့ဝင် ၃ ဦးက ၎င်းတို့ မိသားစု နေအိမ်အတွင်း ပုန်းခိုနေစဉ် စစ်စရာ ရှိသည် ဆိုကာ အဓမ္မခေါ်၍ မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောသည်။

ကာယကံရှင်အမျိုးသမီး။ ဓာတ်ပုံ – RWN

ကာယကံရှင် အမျိုးသမီး၏ အမှုကိစ္စအပါအဝင် ၎င်းတို့မိသားစု၏ လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အမျိုးသမီး အဖွဲ့အစည်းများမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း ဒေါ်ညိုအေးက ဆိုသည်။

သို့သော်လည်း ကာယကံရှင် အမျိုးသမီးမှာ လက်ရှိအချိန်တွင် စိတ်ပိုင်းဆိုင်ရာ များစွာ ထိခိုက်မှု ရနေပြီး သူ၏ အမျိုး သားမှာ ဆက်သွယ်မှု တစ်စုံတစ်ရာ မပြုလုပ်ခြင်းကိုလည်း စိတ်ဒဏ်ရာ ခံစားနေရကြောင်း ဒေါ်ညိုအေးက ပြောသည်။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့်နေရာများတွင် အမျိုးသမီးများမှာ အမြဲတမ်း ဓားစာခံ ဖြစ်နေရသလို၊ မြန်မာနိုင်ငံ အခြေအနေအရ ဥပဒေကို ရင်ဆိုင်ရန်အတွက် ခွန်အားနည်းသူများဟာ အမြဲတမ်း ကြောက်ရွံ့သည့် အခြေအနေ ရှိနေကြောင်းနှင့် ယခုအမှုမှာလည်း အမှန်တရား တခုအတွက် မှန်မှန် ကန်ကန် မဖြစ်မည်ကို စိုးရိမ်ကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။

“သာမန်ကိစ္စတွေမှာတောင်မှ လုပ်ရ ကိုင်ရတာ အင်မတန် ခက်ပါတယ်။ တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် တော် တော်များက ပြည်သူတွေ စိတ်ဝင်စားသလောက် တကယ်တမ်းလက်တွေ့မှာ အပြစ်ကျူးလွန်တဲ့ သူတွေဟာ ပြစ်ဒဏ် ခံရသလား။ ခံရတယ်ဆိုတောင် ပေါ့ပေါ့တန်တန် ဖြစ်သွားတာ ရှိတယ်။ ပွင့်လင်း မြင်သာမှု အားနည်းသွားတာ ရှိတယ်” ဟု ဒေါ်ထုမေက ဆက်ပြောသည်။

ဥပဒေထက်မှာ မည်သူမှ မရှိရဆိုတဲ့ တရားဥပဒေ စိုးမိုးဖို့ အတွက်ဆိုရင် အမှန်တရားကို ဖော်ထုတ်ရမည်ဖြစ်ပြီး အပြစ်ရှိသူကို အပြစ်ပေးရမည်ဖြစ်သလို၊ အားလုံးသည် ဥပဒေ ဘောင်ထဲတွင် တရားဥပဒေ စိုးမိုးမှုက အရေးကြီးကြောင်း ဒေါ်ထုမေက ပြောသည်။

ကာယကံအမျိုးသမီးက တရားမျှတမှု ရရှိရန်အတွက် စစ်တွေမြို့မ အမှတ် ၁ ရဲစခန်းတွင် ပြစ်မှု ကျုးလွန်သူ ဆိုသည့် တပ်မတော်သား ၃ ဦးကို ပုဒ်မ ၁၁၄(ပူးပေါင်းပါဝင်မှု) ၊ ပုဒ်မ ၃၃၆ (မတရားသဖြင့် ကာမ ယှက်စပ်မှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ အမှုဖွင့် တိုင်ကြားထားပြီး ရဲစခန်းက ရဲဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့ ဧရာဝတီသတင်းအင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

Author: Moe Moe

Related Articles