နန်းဖြူဖြူလင်း။ ။
” တစ်နေ့တစ်နေ့ သတင်းတွေကို ဖတ်ရတာ စိတ်မချမ်းသာဘူး အစ်မရယ် ကြာတော့စိတ်ထောင်းကိုယ်ကြေဖြစ်လာပြီ”
” Facebook တောင်မဖွင့်ကြည့်ရဲတော့ဘူး။ မကြည့်ပဲလည်း မနေနိုင်ဘူး ဘာလုပ်ရမှန်းတောင်မသိတော့ဘူး ဆရာမရယ်” စတဲ့ စကားသံတွေဟာ ကျမဆီကို နည်းမျိုးစုံနဲ့ ရောက်လာပါတယ်။
အဲဒီအချိန်မှာ ကျမလုပ်နိုင်တဲ့အရာကတော့ သူတို့ပြောတာကို နှလုံးသားနဲ့နားထောင်ပေးခြင်းပါပဲ။
IASC (Inter-Agency Standing Committee) က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ “Addressing mental health and psychosocial aspects of COVID-19 Outbreak- Version 1.5” ကို ထုတ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဖော်ပြထားတာက ဘယ်လို ကူးစက်ရောဂါမျိုး ကပ်ရောဂါမျိုးမဆို ဖြစ်ပွားတဲ့ကာလမျိုးမှာမဆို လူတွေဟာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာတတ်တာက သဘာဝပါပဲတဲ့။ သူတို့တွေဟာ အောက်ပါခံစားချက်တွေဖြစ်ပေါ်တတ်ပါတယ်။
● နေမကောင်းဖြစ်ရမှာနဲ့ သေဆုံးရမှာကိုကြောက်ရွံ့ခြင်း။
● ကျန်းမာရေးစောင့်ရှောက်မှုခံယူရင်းနဲ့ ကူးစက်ခံရမှာကိုကြောက်လို့ ဆေးရုံဆေးပေးခန်းတွေကို အဝေးကရှောင်ခြင်း။
● အသက်မွေးဝမ်းကျောင်းအတွက် ပူပန်သောကရောက်ခြင်း။
● ကူရာကယ်ရာမဲ့လိုခံစားရခြင်း၊ ပျင်းရိခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အထီးကျန်ခြင်း။
ဒီလိုခံစားရတာတွေဟာ ပုံမှန်ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ကိုယ်တိုင်လည်း ဒီလိုခံစားနေရရင် ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပဲမို့ အရမ်းကြီးစိတ်ပူပန်တာတွေ ဖြစ်ဖို့ မလိုပါဘူး။
ဒါပေမဲ့ ဒီထက်ပိုအစိုးရိမ်လွန်နေတာမျိုး အရမ်းစိုးရွံ့နေတာမျိုး ဖြစ်နေပြီလားဆိုတာ သေချာဆန်းစစ် ဖို့ လိုပါတယ်။ တကယ်လို့ စိတ်ဖိစီးမှုတွေ ရေရှည်ခံစားလာရရင်တော့ စိတ်၊ လူမှုပံ့ပိုးမှု အကူညီရယူဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် မိတ်ဆွေအချင်းချင်း ဆက်သွယ်မှုတွေ ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်သလို မိမိရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရေတိုရေရှည် စီမံကိန်းတွေ ရေးဆွဲတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို သေချာထည့်သွင်းဖို့ လိုအပ်ပါတယ်လို့ IASC ဂိုက်လိုင်း (လမ်းညွှန်ချက်) မှာ သေချာဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့. WHO ကလည်း ၂၀၂၀ ခုနှစ် မတ်လ (၁၂) ရက်နေ့မှာ ကိုဗစ်(၁၉) ကို ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ စိတ်ကျန်းမာရေးနဲ့လူမှုပံ့ပိုးမှုဆိုင်ရာ ထည့်သွင်းစဉ်းစားနိုင်ဖို့ အချက်တွေ (Mental Health and Psychosocial Considering During COVID-19 Outbreak ) ကို ထုတ်ပြန်ထားပေးပါတယ်။ အဲဒီအချက်တွေကို အနှစ်ချုပ်တင်ပြရရင် . . .
(၁) COVID-19 က တိုင်းပြည်အသီးသီးက လူတွေကို ကူးစက်နေပါပြီ။ အဲဒါကြောင့် ကျေးဇူးပြုပြီး လူမျိုးနဲ့တိုင်းပြည်နာမည်ကို တပ်ပြီး အပြစ်မပြောကြပါနဲ့။ ကူးစက်ခံထိတဲ့သူတိုင်းကို စာနာစိတ်ထားဖို့လိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးခံထိတဲ့သူဟာ အမှားလုပ်ထားတဲ့သူ မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်ုပ်တို့ရဲ့ ပံ့ပိုးမှု၊ စာနာမှုနဲ့ ကြင်နာမှုတွေကို ထိုက်တန်ပါတယ်။
(၂) COVDI-19 ကူးစက်ခံရသူများနဲ့ မိသားစုဝင်တွေကို COVID Family, Victim ကူးစက်ရောဂါသည်တွေလို့ အမည်တပ်တာမျိုး မလုပ်ရပါဘူး။ သူတို့ကို ကိုရိုနာပိုးရှိသူများလို့ပဲ (People Living with COVID-19) လို့ပဲ ညွှန်းသင့်ပါတယ်။ ပိုးကူးစက်ခံရတာကနေ လွန်မြောက်သွားတဲ့အခါမှာ သူတို့ဟာ ခါတိုင်းပုံမှန်အချိန်တွေလိုပဲ မိသားစုဝင်၊ လုပ်ငန်းခွင်တွေကို ပုံမှန်ပြန်သွားကြမှာပါ။ သူတို့ကို ခွဲခြားဆက်ဆံခြင်း လျော့နည်းအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။
(၃) ကိုယ့်စိတ်တွေဟာ အရမ်းကိုရှုပ်ထွေးလာပြီး စိုးရိမ်ပူပန်မှုတွေ လွန်ကဲလာပြီဆိုရင်တော့ စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ်က အချက်အလက်တွေကိုပဲ ရယူပြီး ကျန်တဲ့ မီဒီယာတွေ သတင်းတွေကို ကြည့်ရှုခြင်း၊ နားထောင်ခြင်းကနေ ကိုယ့်ကိုယ်ကို ကန့်သတ်လိုက်ဖို့ လိုပါတယ်။ တိကျတဲ့ သတင်းအချက်အလက်ဟာ စိုးရိမ်ကြောက်ရွံ့ခြင်းကို လျော့နည်းစေနိုင်ပါတယ်။
(၄) မိမိကိုယ်မိမိကာကွယ်ပါ။ သူများကိုလည်း အားပေးပါ။ တကယ်လိုအပ်တဲ့အချိန်မှာ အားပေးခြင်းခံတဲ့အခါ အားပေးတဲ့သူရော အားပေးခံရတဲ့သူရော နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ ဥပမာ – ဖုန်းလေးဆက်ပြီး အားပေးတာမျိုး၊ တကယ့်ကို အကူညီလိုအပ်နေသူတွေကို ဖော်ထုတ်ပြီး လူမှုဝန်းကျင်က စုပေါင်းကူညီခြင်းဖြင့် တလုံးတဝတည်း စုစည်းညီညွှတ်ခြင်း ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။
(၅) ကိုရိုနာပိုးနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့သူတွေဆီကနေ သတင်းကောင်းတွေ မျှော်လင့်စရာ အခြေအနေတွေကို များများဝေငှနိုင်မယ့် အခွင့်အရေးမျိုးရှာဖွေပါ။ ဥပမာ – ပြန်နေကောင်းလာတဲ့သူတွေကိုယ်တိုင်က သူတို့အတွေ့အကြုံကို ဝေငှဖို့ဆန္ဒရှိရင် သူတို့ကို ချစ်တဲ့သူတွေက ဘယ်လိုပံ့ပိုးပေးခဲ့တယ် ဘယ်လိုနေကောင်းလာတယ်ဆိုတာမျိုးကို များများ မျှဝေပါ။
(၆) သင့်ရဲ့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ ကျန်းမာရေးလုပ်သားတွေ ပြုစုစောင့်ရှောက်နေသူတွေကို ဂုဏ်ပြု ချီးကျူးစကားပြောပေးပါ။ သူတစ်ပါးရဲ့ အသက်နဲ့ သင့်ချစ်ရတဲ့သူတွေရဲ့ အသက်ကို ကယ်တင်ရတဲ့ ကဏ္ဍမှာ တာဝန်ထမ်းဆောင်နေကြသူများကို အသိအမှတ်ပြုပေးပါ။
အထက်ပါအချက် (၆) ချက်ကို လူတိုင်းလိုက်နာဆောင်ရွက်ပေးကြမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ပံ့ပိုးပေးတတ်တဲ့ လူမှုအသိုင်းအဝိုင်းလေးကို တည်ဆောက်လာနိုင်ကြမှာပါ။
ကျမတို့ လူမှုအသိုင်းဝိုင်းရဲ့ အလေ့အထအရ လူကြီးတွေက ကလေးတွေကို “ကလေး ကလေးနေရာနေ”ဆိုပြီး လူရာမသွင်းပဲ ထားတတ်ကြပါတယ်။ အမှန်တကယ်က ကလေးတွေမှာလည်း သတင်းအချက်အလက်တွေကို ရယူပိုင်ခွင့်၊ မိသားစုအရေးမှာ ပါဝင်ခွင့်တွေ ရှိကြပါတယ်။ ဒီလိုကပ်ရောဂါကျရောက်နေတဲ့ အချိန်မှာတော့ သူတို့တွေကို ရောဂါပိုးအကြောင်းနဲ့ ဘယ်လိုကြိုတင်ကာကွယ်ရင် ရတယ်ဆိုတဲ့အကြောင်းကို ပြောပြထားသင့်ပါတယ်။
The British Psychological Society က ၂၀၂၀ ခုနှစ် မတ်လ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ Talking to children about Coronavirus ဆောင်းပါးမှာ ကလေးတွေကိုလည်း ရောဂါပိုးအကြောင်း ဆွေးနွေးဖို့ လိုအပ်ကြောင်း ဒီလိုဖော်ပြထားပါတယ်။
● ကလေးတွေကို ကူးစက်ရောဂါပိုးအကြောင်း ပြောပြသင့်ပါတယ်တဲ့။ ဒါမှ သတင်းအမှားတွေကို နားယောင်ခြင်းကနေ ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။
● ကလေးတွေနဲ့ စကားပြောတဲ့အခါမှာ သူတို့အသက်အရွယ်အလိုက် ထိန်းညှိပြီး စကားပြောပေးဖို့ လိုပါတယ်။ အရမ်းငယ်တဲ့ ကလေးတွေကိုဆိုရင် ပုံလေးတွေဆွဲပြပြီး ရှင်းပြတာပိုထိရောက်ပါတယ်။
● ကလေးတွေကို မေးခွန်းမေးဖို့ ခွင့်ပြုပေးပါတဲ့။ ကိုယ်မသိတဲ့အကြောင်းအရာ သူတို့မေးလာရင်လည်း ရမ်းမဖြေဘဲ မိမိမသိကြောင်းကို ရိုးသားစွာပဲ ပြောပြဖို့လိုပါတယ်။
● ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို စိုးရိမ်မှုတွေကို စီမံခန့်ခွဲနိုင်ဖို့ ကြိုးစားပါ။ စိတ်တည်ငြိမ်တဲ့အချိန်မှပဲ ကလေးတွေကို စကားပြောပါတဲ့။ မသိစိတ်က စိုးရိမ်မှုနဲ့ ကြောက်လန့်မှုတွေကြောင့် ကလေးတွေကို မလိုအပ်ပဲ အော်ဟစ်တာမျိုး ဖြစ်စေနိုင်လို့ပါ။
● ကလေးတွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့အကြံဉာဏ်ကို ပေးဖို့လိုပါတယ်။ ဥပမာ – လက်ကို သေချာစွာ ဆပ်ပြာနဲ့ဆေးဖို့ တိုက်တွန်းခြင်း၊ နှာချေချောင်းဆိုးရင် တံတောင်ဆစ်ကွေးထဲ ဆိုးစေခြင်း၊ ပညာပေးသီချင်းတွေအတူဆိုပြီး လက်ဆေးခြင်း စသဖြင့်။
ကလေးတွေကို နည်းလမ်းမှန်နဲ့ သင်ကြားထားပေးခြင်းဟာ ထိရောက်စွာ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းတစ်မျိုးဖြစ်ပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပေးနိုင်တာမို့ သူတို့ကို သတင်းမှန်နဲ့ အချက်အလက်မှန်သိရှိအောင် ကိုယ်တိုင်ကစပြီး ပံ့ပိုးကြဖို့ လိုအပ်ပါတယ်။
ဒီလိုအချိန်မှာ လူတိုင်းဟာ စိုးရိမ်မှုကိုယ်စီရှိနေကြမှာမို့ အချင်းချင်း ပံ့ပိုးကူညီကြခြင်းအားဖြင့် ကိုရိုနာကပ်ဘေးကိုကျော်လွှားကြရပါစို့
လူသားအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ။
- “အချင်းချင်းပံ့ပိုးခြင်းနဲ့ ကိုရိုနာကပ်ဘေးကို ကျော်လွှားကြမယ် ” - 22/04/2020
- ကိုရိုနာနဲ့ အဖြေမရှိတဲ့ပုစ္ဆာ - 22/03/2020