သွေး (စစ်ကိုင်း)။ ။
ပန်းချီလောကမှာ နာမည်တစ်ခုနဲ့ ရပ်တည်နိုင်ရုံသာမက ပန်းချီပြခန်းတစ်ခုကိုပါ စီမံခန့်ခွဲရတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အနုပညာကိုလည်း တစ်ဖက်က တန်ဖိုးထားသလို အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့ပါ ဘဝကို ဟန်ချက် ညီအောင် ဖြတ်သန်းနေရတာက ပိုခက်ခဲပါတယ်။ “မစုထွေး” ဟာ ပန်းချီပြခန်းကို စီမံခန့်ခွဲသူ၊ ပန်းချီပညာကို သင်ကြားပေး သူ၊ အိမ်ရှင်မ၊ မိခင်တစ်ဦးအဖြစ်နဲ့ ရှင်သန်နေသူပဲ ဖြစ်ပါတယ်။
ဆရာမအဖြစ် စာသင်တဲ့အလုပ်လည်း လုပ်ကိုင်နေတဲ့ မစုထွေးဟာ ကျောက်ပန်းတောင်းမြို့ ဇာတိသူပါ။ သူမက ကိုယ့် ကိုယ်ကို ပန်းချီဆရာမအဖြစ် မခံယူထားပေးမယ့် ပန်းချီကားတွေလည်း ဆွဲဖြစ်တယ်လို့ ဆိုပါတယ်။ ပန်းချီဆွဲဖြစ်တာ၊ ပန်း ချီလောကနဲ့ အကျွမ်းတဝင်ရှိခဲ့တာတွေက သူမဘဝအတွက် ဝါသနာပါရာကို လုပ်ဆောင်ဖို့ တွန်းအားတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။
ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ ကျောက်တံတားမြို့နယ် ၃၄ လမ်း၊ အလယ်ဘလောက်မှာ သူမဖွင့်လှစ်ထားတဲ့ ကလသာ (Kalasa) ပန်းချီပြခန်းကို တွေ့နိုင်ပါတယ်။ အပြုံးချိုချိုကို ပိုင်ဆိုင်ထားတဲ့ သူမဟာ (၃)နှစ်အရွယ် သားငယ်လေးကို ပြုစု စောင့်ရှောက်ရင်း မမောနိုင် မပန်းနိုင် အလုပ်လုပ်နိုင်သူလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း ပန်းချီလောကမှာ “ကိုပျူ” လို့ ချစ်စနိုးခေါ်တဲ့ ပန်းချီ “ထူးအောင်ကျော်” ဖြစ်ပြီး ခင်ပွန်းဖြစ်သူရဲ့ အားပေးမှုလည်း ရရှိသူပါ။
“ကျမအသက် ၂၀/ ၂၁ ဝန်းကျင်… ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာဘွဲ့လွန် တက်နေချိန်မှာ တစ်ဖက်က အင်္ဂလိပ်စာသင် တဲ့ ဆရာမလုပ်တယ်။ အဲဒီတော့ အလုပ်ရယ်၊ ကျောင်းစာတွေရယ်နဲ့ စိတ်ပင်ပန်းတဲ့အခါတွေလည်း ရှိတယ်။ အဲဒီလို ပင် ပန်းလာပြီဆိုရင် တရားစခန်းသွား၊ တရားထိုင်လေ့ရှိတယ်။ ဘာသာရေးဆိုတာထက် စိတ်ရဲ့ထွက်ပေါက်အဖြစ် လုပ်ဖြစ် တာပါ” လို့ သူမ ပန်းချီဆွဲဖြစ်ခဲ့တဲ့အကြောင်းကို စပြောပါတယ်။
“ကျမစဉ်းစားတယ်လေ…၊ တခြားစိတ်ထွက်ပေါက်တစ်ခု ထပ်လုပ်ချင်တဲ့အခါ Color Theory (အရောင်အယူအဆ) နဲ့ပတ် သက်ပြီး လေ့လာရတာလည်းရှိတော့ အရောင်တွေနဲ့ လုပ်လို့ရတာက ပန်းချီဆွဲတာပဲ။ ဒါနဲ့ ပန်းချီဆွဲတာကို သင်ဖြစ်သွား တယ်။ ကျမရေးချင်တဲ့အတိုင်း ကာလာတွေနဲ့ လွတ်လွတ်လပ်လပ် Abstract Works တွေရေးဖြစ်သွားတယ်။ ဒါပေမယ့် ကျမကိုယ်ကျမ ပန်းချီ ဆရာလို့တော့ မခံယူပါဘူး” လို့ ဆက်ပြောတယ်။
များသောအားဖြင့် ပန်းချီရေးဆွဲသူတွေဟာ စိတ်ရဲ့လွတ်လပ်မှုကို အခြေခံရေးဆွဲကြတာပါ။ ဘာဝါဒနဲ့ဆွဲတယ်၊ ဘယ်လို နည်းစံနစ်ကို သုံးတယ်ဆိုတာက ကြည့်ရှုသူနဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့် Abstract (ဒြပ်မဲ့) ပန်းချီကားတွေ ရေးဆွဲတာက ရော စိတ်ရဲ့ လွတ်လပ်မှုကို ရှေးရှုနိုင်သလားလို့ ဆက်မေးကြည့်တဲ့အခါ…
“Abstract ရေးရတာကို ကြိုက်တယ်၊ ကြောက်လည်း ကြောက်တယ်။ လွတ်လွတ်လပ်လပ်ရှိသလို တခါတလေ ကိုယ့်ရဲ့ အတွင်းစိတ်ခံစားမှုတွေလည်း ကင်းဗတ်ပေါ်မှာ ပေါ်လာတာမျိုးတွေ ဖြစ်လို့ပါပဲ” လို့ ဆိုပါတယ်။
ပန်းချီလောကမှာ အရည်အချင်းရှိသူတွေကို စင်တင်ပေးဖို့၊ တခြားသူတွေ သိရှိလာစေဖို့အတွက် Art Curator (အနုပညာ ပြပွဲစီစဉ်သူ) ရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေးအရေးကြီးပါတယ်။ တချို့သော curator တွေက ပြပွဲစီစဉ်ရာမှာ အရည်အချင်းရှိတဲ့ ပန်းချီဆရာတွေထက် နာမည်ကြီးတဲ့ ပန်းချီဆရာတွေကိုပဲ ဦးစားပေးကြပါတယ်။ Art Curator တစ်ဦး အနေနဲ့ မစုထွေးက OK Gallery မှာ ပန်းချီပြပွဲ အများအပြားစီစဉ်ပေးခဲ့သလို လက်ရှိ “ကလသာ” ပြခန်းမှာလည်း အရည် အချင်းရှိတဲ့ ပန်းချီဆရာတွေကို ရွေးချယ်စီစဉ်ပေးနေတာ တွေ့ရပါတယ်။
“ပန်းချီရေးပြီး ဘဝကို မရပ်တည်ခဲ့ပါဘူး။ ကျမက Professional Artist လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အနုပညာရှင် တွေကို အထောက်အပံ့ပေးနေတဲ့ Art Curator (အနုပညာပြပွဲစီစဉ်သူ) အဖြစ်ပဲ ရပ်တည်လုပ်ကိုင်နေပါတယ်” လို့ ပြောပါ တယ်။
သားတစ်ယောက်ရဲ့ မိခင်တစ်ယောက်အနေနဲ့ အလုပ်တွေများပြားတဲ့ကြားက Curator ဘဝနဲ့ မိခင်ဘဝကို ဘယ်လိုဟန် ချက်ညီအောင် နေထိုင်သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
“လုပ်ငန်းကို ဦးစားပေးလေ့လာတော့ သားအတွက် အချိန်ပေးရတာ နည်းသွားတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် သူ့ အတွက်အချိန်ကို သီးသန့်ပေးရတာပေါ့။ အသေးစိတ်ကအစ ဝေယျာဝစ္စလုပ်မပေးနိုင်ပေမယ့် လုပ်ပေးနိုင်သူကို ကျမက စီမံခန့်ခွဲပေးရတာ ရှိတယ်။ အဖွားအိမ်ကို တစ်ပတ်မှာ နှစ်ရက်ပို့ပေးတယ်။ Family Time အတွက် မနက်နဲ့ ညနေပိုင်း တွေမှာ သူ့ကို စကားပြောပေးရတာမျိုးပေါ့”
၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်ခဲ့တဲ့ ကချင်စစ်ဘေးရှောင်ကလေးတွေရဲ့ ပန်းချီပြပွဲအတွက် မစုထွေးဘက်က ကူညီခဲ့တာ၊ ဗဟုသုတ မျှဝေခဲ့တာလည်း မှတ်မှတ်ရရပါ။ ဘာကြောင့် အခုလို ကူညီဖြစ်ခဲ့သလဲဆိုတာကိုပါ မေးကြည့်ခဲ့ပါတယ်။
“အဲဒီပွဲ မတိုင်ခင်ကတည်းက ပွဲသေးသေးလေးတွေလုပ်ခဲ့တာ ရှိပါတယ်။ ပရဟိတပေါ့။ ပန်းဆိုးတန်းက D Max မှာ လုပ်ခဲ့ တာ။ ရလာတဲ့ ပန်းချီကားရောင်းရငွေကို ကချင်စစ်ဘေးရှောင်ကလေးတွေအတွက် ရန်ပုံငွေရအောင် လုပ်ခဲ့ပါတယ်။ ကချင် စစ်ဘေးရှောင် ကလေးတွေကလည်း သူတို့စိတ်ထဲက trauma (စိတ်မှတ်ဒဏ်ရာ) ကို Art (အနုပညာ)နဲ့ ကုစားနေသူတွေ လည်း ပါတယ်လေ။ Art က သူတို့စိတ်ထဲက ဒဏ်ရာတွေကို ကုစားပေးနိုင်မယ်လို့ ယုံကြည်တဲ့အခါမှာ ကလေးတွေအ တွက် ရန်ပုံငွေရအောင် ပန်းချီပြပွဲတွေ စီစဉ်ပေးခဲ့ပါတယ်။ ‘ဒီလိုအပြာရောင်တွေ’ ဆိုတဲ့ ပန်းချီပြပွဲကျင်းပတဲ့အခါ တချို့ ကလေးတွေက ရန်ကုန်ကို ရောက်လာတယ်၊ သူတို့ကို ပန်းချီဆရာကြီးတွေရဲ့ လက်ရာကိုပြပြီး ရှင်းပြတာပေါ့။ နောက်ပိုင်း သူတို့ဝါသနာပါရင် ပန်းချီနဲ့ရပ်တည်လို့ ရအောင်လို့ပါ” လို့ ပြောပြတယ်။
ဖွင့်လှစ်ခဲ့တဲ့ကာလ ၅ လကျော်ပဲ ရှိသေးပေမယ့် (Kalasa) ကလသာ ပန်းချီပြခန်းလေးကို ပန်းချီချစ်သူတွေရဲ့ အားပေး အသိအမှတ်ပြုမှု အထိုက်အလျောက် ရရှိနေပါပြီ။ ပြခန်းဘာကြောင့် ဖွင့်ဖြစ်ခဲ့တာလဲလို့ဆိုတော့…
“ဒီပြခန်းလေးက ကျမရဲ့ဆန္ဒအတိုင်း ဖွင့်ခဲ့တာပါ။ ပန်းချီပြခန်းဆိုတာ အရင်းအနှီးကြီးပေမယ့် အမြတ်ရဖို့ ခဲယဉ်းတယ်လေ။ ဒါပေမယ့် ကျမက ဒီလောကထဲမှာနေတော့ ဒီလောကရဲ့ အခက်အခဲတွေကို သိတယ်။ သိသိကြီးနဲ့ဖွင့်ဖြစ်ခဲ့တာက ကိုယ် ချစ်တဲ့အသိုင်းအဝိုင်းအပေါ် ကိုယ့်လုပ်ရပ်က အထောက်အကူပြုဖို့ပါပဲ။ စီးပွားရေးအရ ပါပေမဲ့ အနုပညာချစ်စိတ်ရှိတဲ့၊ ဖန် တီးနိုင်စွမ်း ရှိတဲ့သူတွေအတွက် ပန်းချီပြပွဲတွေ စီစဉ်ဖြစ်သွားတာပေါ့”
မစုထွေးဆက်လက်ပြီး ပြောပြတာက – “ကလသာဟာ ပန်းချီဆရာတွေအတွက် အားကိုးရတဲ့နေရာလေးဖြစ်သလို ကိုယ် ကလည်း ပန်းချီဆရာတွေအတွက် တစ်ခုခုလုပ်ပေးနိုင်တယ်၊ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ရတာလည်း ရှိပါ တယ်။ ပန်းချီဆရာတွေနဲ့ ပြခန်းဆိုတာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပါပဲ”
ပန်းချီလောကမှာ ရပ်တည်ရှင်သန်နေကြတဲ့ သူတွေထဲမှာ အမျိုးသားပန်းချီဆရာရှိသလို အမျိုးသမီးပန်းချီဆရာတွေလည်း ရှိပါတယ်။ အမျိုးသမီးပန်းချီဆရာတွေထဲမှာ အရည်အချင်းရှိသူတွေ အများကြီးရှိပေမဲ့ အိမ်မှုကိစ္စတွေ၊ အိမ်ထောင့်တာဝန် တွေကြောင့် ဖြစ်သင့်သလောက် ဖြစ်မလာရတာကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါ။
မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်စိတ်တိုင်းကျ Creative (ဖန်တီးမှု) လုပ်နိုင်တဲ့ အမျိုးသမီးအနုပညာ ရှင်တွေ ပေါ်ထွက်လာဖို့ လိုအပ်ချက်က ဘာတွေဖြစ်မလဲ။ မစုထွေးရဲ့အမြင်ကတော့…
“အမျိုးသားတစ်ယောက်မှာတောင် ကိုယ့်ရဲ့ Professional (အသက်မွေးဝမ်းကြောင်း) နယ်ပယ်မှာရပ်တည်ဖို့ စိန်ခေါ်မှုတွေ အများကြီးကြုံရတယ်။ အမျိုးသမီးတစ်ယောက်က မွေးကတည်းက ပါလာတဲ့တာဝန်လည်း ယူရတယ်၊ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေရင် အိမ်ထောင့်တာဝန်လည်း ကျေရမယ်ဆိုတာက ကိုယ့် responsibility (တာဝန်) ဖြစ်နေတယ်။ နောက်တစ်ခုက ကိုယ်က ဒီလောက်နဲ့ မကျေနပ်ချင်ဘူး၊ ထက်မြက်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်… ကိုယ့်နယ် ပယ်နဲ့ကိုယ် ရပ်တည်ချင်တယ်ဆိုရင် ခွန်အားရော Will Power (စိတ်စွမ်းအား) ရော ပိုပြီးတိုးတက်ဖို့ လိုအပ်လာတယ်။ ”
“ အဓိကလိုအပ်ချက်က သတ္တိပဲ။ တခါတလေ လုပ်ချင်စိတ်ရှိပေမဲ့ မြန်မာအမျိုးသမီးတော်တော်များများမှာ အကြောက်တရား ရှိတယ်။ Society (လူ့အဖွဲ့အစည်း) က ပြောလာတဲ့ဒဏ်၊ Culture (ယဉ်ကျေးမှု)ရဲ့ လွှမ်းမိုးမှုတွေရှိနေတယ်။ တစ်ခုခု လုပ်လို့ မှားသွားရင်… ‘မိန်းမဖြစ်ပြီးတော့…’ ဆိုပြီး ဝေဖန်ခံရမှာကို ကြောက်ကြတာပေါ့။ အရည်အချင်းလည်းရှိ၊ လုပ်လည်း လုပ်နိုင်ပါလျက်နဲ့ အဲဒီကြောက်စိတ်ကို မတွန်းလှန်နိုင်ရင် ရှေ့မရောက်နိုင်ဘူးလို့ထင်ပါတယ်။ ကိုယ်ယုံကြည်ရာဘဝတစ်ခု ကို ပုံဖော်နိုင်ဖို့ သတ္တိရှိဖို့ လိုပါတယ်”
အမျိုးသမီးဖြစ်လို့ဆိုတာနဲ့ပဲ နယ်ပယ်အများအပြားမှာ ခွဲခြားဆက်ဆံခံရမှုတွေက ရှိနေဆဲပါ။ အရည်အချင်းရှိပေမယ့် မိန်းမ ဖြစ်နေလို့ အသိအမှတ်မပြုချင်တာလည်း ရှိတဲ့အခါ အဲဒီလို ခွဲခြားဆက်ဆံခံရမှုတွေ ပပျောက်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။
မစုထွေးက သူမသဘောထားကို အခုလို ပြောပြပါတယ် “ ခွဲခြားဆက်ဆံမှုက အမျိုးသမီးတော်တော်များများ ခံနေရတယ်။ အဲဒါကိုကြောက်လို့ ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အသိအမှတ်မပြုဖြစ်နေပါစေ… လုပ်စရာ ရှိတာ ဆက်လုပ်ရမှာက ကိုယ့်တာဝန်ပါပဲ။ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာက ကိုယ့်တာဝန်ပါပဲ။ နောက်တစ်ခုက ကိုယ့် လက်ထက်မှာ ခွဲခြားဆက်ဆံခံခဲ့တဲ့အခါ ကိုယ့်သားသမီးတွေရဲ့မျိုးဆက်မှာ မိခင်ကဲ့သို့ တန်ဖိုးထားဖို့၊ နှမကဲ့သို့ တန်ဖိုး ထားဖို့၊ လူကို လူလို့ပဲ မြင်ဖို့ စတဲ့ အရာတွေကို educate (ပညာပေး) လုပ်ပေးဖို့ ပြောချင်ပါတယ်”
သူမကတော့ ယုံကြည်ရာအတိုင်း အနုပညာအတွက် ရှင်သန်ရင်း၊ ပန်းချီပြပွဲတွေ စီစဉ်ပေးရင်း အမျိုးသမီးတစ်ယောက် အနေနဲ့ ဘဝကို ဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။