ရှင်ငြိမ်း။ ။
အာရုဏ်ဦးရဲ့ ဝိုးတဝါးအလင်းရောင်အောက်မှာ အလေးချိန်ကီလို ၂၀ ကျော် (၁၂ ပိဿာ) ခန့်လေးတဲ့ ပလိုင်း ကြီးတွေ ကိုယ်စီလွယ်ထားကြတဲ့ အမျိုးသမီးငယ်တစ်စုဟာ မြွေလိမ်မြွေကောက် တောလမ်းလေးအတိုင်း ခပ် သုတ်သုတ်လျှောက်လှမ်းနေကြပါတယ်။
သူတို့ဟာ ပေထောင်ချီမြင့်တဲ့ မြင့်မားမတ်စောက်တဲ့ တောင်တန်းကြီးတွေ၊ ပေရာချီနက်တဲ့ ချောက်ကြီးတွေနဲ့ ရေစီးသန်တဲ့ချောင်းတွေကို ဖြတ်ကျော်ပြီး လေရှီးမြို့ကို နေ့စဉ်ဟင်းသီးဟင်းရွက်လာရောက်ရောင်းချကြတဲ့ ဒေသခံနာဂအမျိုးသမီးတွေပါ။
အရောင်လွှင့်နေတဲ့ အဝတ်အစားခပ်နွမ်းနွမ်းဝတ်ဆင်ထားသူ အသက်(၂၁)နှစ်အရွယ် နာဂအမျိုးသမီးမသီတာ ဝင်းက “ဆိုင်ကယ်ဌားမစီးနိုင်တော့ တောလမ်းကနေ ဒီကိုရောက်ဖို့ ငါးနာရီလောက် လမ်းလျှောက်ရတယ်။ လမ်းမှာနားရင်တော့ နည်းနည်းပိုကြာတယ်” လို့ အသံဝဲဝဲနဲ့ ပြောပြပါတယ်။
ရာသီဥတုအေးပေမယ့် အမြဲနေပူထဲလမ်းလျှောက်ဈေးရောင်းနေရတာကြောင့် နေလောင်ထားတဲ့ သူ့မျက်နှာက နီစပ်စပ်ဖြစ်နေပြီး ပင်ကိုယ်ဖြူတဲ့အသားအရေက တောခရီးလမ်းရှည်ကိုဖြတ်ကာ ဈေးလာရောင်းရသူမို့ သူရဲ့ လက်တွေ၊ ခြေထောက်တွေဟာ ညစ်ပေနေပါတယ်။
သူတို့ဟာ ပဲနွယ်ကုန်းရွာကနေ (၇)မိုင်ကျော်ဝေးတဲ့ လေရှီးမြို့ကို တအိမ်ဝင်တအိမ်ထွက် ဈေးလိုက်ရောင်းဖို့ ခြေလျင်ခရီးနဲ့လာကြတာပါ။ ပဲပုပ်နဲ့ ချဉ်ပေါင်၊ ခရမ်းသီးစတဲ့ ဟင်းရွက်ဟင်းသီးတွေကို (၅၀၀)ကျပ်တန် အထုတ်လေးတွေ လုပ်ရောင်းတာဖြစ်ပြီး တနေ့လုံးရောင်းရမှ အများဆုံးငွေ(၅)ထောင်၊ (၆)ထောင်ကျပ်ခန့်သာ ရကြပါတယ်။
အလေ့ကျပေါက်တဲ့ အသီးအနှံတွေနဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ဟင်းရွက်ဟင်းသီးတွေ လာရောင်းတာက သားသမီးတွေ ကျောင်းစရိတ်ရဖို့နဲ့ အပိုငွေသုံးဖို့အတွက်ပါလို့ မသီတာဝင်းက ဆိုပါတယ်။
မသီတာဝင်းလိုပဲ နာဂအမျိုးသမီးတွေ တော်တော်များများက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ပင်ပင်ပန်း ပန်းနဲ့ ရှာဖွေလုပ်ကိုင်စားသောက်နေကြရတာပါ။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုအလုပ်လုပ်ကြရ ပြီး နာဂဒေသမှာ မသီတာဝင်းလိုမျိုး အဝေးကနေ ဈေးလာရောင်းကြတဲ့အမျိုးသမီးတွေ အများကြီးရှိပါတယ်။
နာဂအမျိုးသမီးများအဖွဲ့ (NWA) ဥက္ကဋ္ဌ ဒေါ်နုကြည်က “တချို့အဖေတွေကျတော့ ဝန်ထမ်းလုပ်တာရှိသလို စီးပွားရေးလုပ်တဲ့သူလည်းရှိတယ်။ တချို့ကျတော့ အိမ်ထောင်ဦးစီးတာဝန်မကျေပဲ မူးနေတဲ့အတွက် ဒုက္ခ ရောက်နေတဲ့ အမေတွေလည်း အများကြီးရှိတယ်။ ခက်ခက်ခဲခဲနဲ့ သားသမီးတွေအတွက် ရှာဖွေပြုစုကြတဲ့ အမေတွေဟာ တာဝန်အရမ်းကျေပါတယ်”လို့ သူ့အမြင်ကို ပြောပြပါတယ်။
ဒီဒေသက အသက်(၃၅)နှစ်နဲ့ (၅၀)နှစ်အကြား အိမ်ထောင်ရှင်အမျိုးသမီး(၁၀)ဦးမှာ (၇)ဦးဟာ ဒေါ်နုကြည် ပြောတဲ့အတိုင်း တပုံစံတည်း ပြောဆိုနေကြတာပါ။
အလုပ်မလုပ်တဲ့ယောကျာ်းကို သူတို့ရဲ့ဇနီးမယားတွေက ငြူစူခွင့်မရှိတဲ့အတွက် သားသမီးမျက်နှာ ထောက်ထား ပြီး ခေါင်းငုံ့သည်းခံနေကြတယ်လို့ အသက်(၄၀)အရွယ် အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ မနှင်းဆီကလည်း ပြော ပါတယ်။
“ယောကျ်ားနဲ့ မိန်းမအလုပ်လုပ်ရတာချင်းအတူတူ မိန်းမတွေ တောင်ယာက ပြန်လာတာနဲ့ မိသားစုစားဖို့ ချက် ပြုတ်၊ လျှော်ဖွတ်ရတယ်။ ဝယ်စရာလိုလို့ ငွေမရှိရင် ဈေးရောင်းရတယ်။ အကုန်လုပ်ရတယ်။ ဒါပေမယ့် ရပိုင်ခွင့် ကျရင်တော့ မိန်းမတွေက ဘာမှ မရတော့ အရမ်းနစ်နာတယ်”လို့ သူက မကျေမနပ်နဲ့ ပြောပါတယ်။
နာဂလူမျိုးတွေရဲ့ ဓလေ့အရ အိမ်ထောင်ရှင်မတွေက ခင်ပွန်းသည် ပြောတာကို နာခံရသလို ခင်ပွန်းသည် ခိုင်း တဲ့လုပ်ငန်းအဝဝကိုလည်း လုပ်ကြရပါတယ်။ ခင်ပွန်းသည်ရဲ့ခွင့်ပြုချက်မပါရင် မိဘအိမ်တောင် ပြန်ခွင့်မရှိပါ ဘူး။ မိဘတွေကလည်း ယောကျ်ားမပါပဲ အိမ်ပြန်လာတဲ့ သမီးကို လက်ခံလေ့မရှိဘူးလို့ဆိုပါတယ်။
ခင်ပွန်းသည်တွေရဲ့ ညှင်းပန်းနှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တော့သလို မိဘကလည်း ပြန်လည်လက်မခံတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာသွားတဲ့ အမျိုးသမီးတွေလည်း (၁၀)ဦးထက်မက ရှိတယ်လို့ ဒေသခံအမျိုးသမီး တွေက ပြောပြပါတယ်။
ဒါ့အပြင် မိခင်တွေ၊ ဇနီးသည်တွေဟာ သူတို့မလုပ်သင့်တဲ့ တောင်ယာအလုပ်တွေ၊ အပိုဝင်ငွေရှာတာတွေ လုပ် ရင်း ကိုယ်ဝန်ပျက်ကျပြီး သေဆုံးရတာ၊ အလုပ်မလုပ်နိုင်တော့ပဲ နာတာရှည်ဖြစ်သွားတာတွေ အများကြီးရှိ တယ်လို့ မနှင်းဆီက သူရဲ့ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြောပြပါတယ်။
လေရှီးမှာ အမှုထမ်းရပ်ကွက်နဲ့ မြို့မရပ်ကွက်(၂)ခုအပါအဝင် ကျေးရွာအုပ်စု(၂၄)ရွာရှိပြီး လူဦးရေ (၂၈၅၆၉) ဦးမှာ အသက်(၁၈)နှစ်အထက်ရှိတဲ့ အလုပ်လုပ်နိုင်သူ ဦးရေ ကျား (၁၃၉၀) ယောက်၊ မ(၁၄၉၀)ယောက် ရှိ တယ်လို့ လေရှီးဒေသ၊ အုပ်ချုပ်ရေးမှူးရုံးရဲ့ စာရင်းဇယားအရ သိရတယ်။
စားဝတ်နေရေးအတွက် ရတက်မအေး
မသီတာဝင်းတို့ဟာ ဒီလိုဈေးရောင်းရမယ့်နေ့တွေဆို မနက်လင်းအာရုဏ်ရောက်မယ့်အချိန်နဲ့မှန်းပြီး မနက်စော စော(၅)နာရီလောက်ကနေ ရွာထဲက ဈေးရောင်းသွားကြမယ့် အမျိုးသမီးတွေစုပြီး ထွက်ခွာလာကြတာဖြစ်ပါ တယ်။
ဒီလိုမျိုး ပလိုင်းလွယ်ကာ ဈေးလာရောင်းကြတဲ့ ရွာပေါင်း(၂၀)ကျော်လောက်ရှိပြီး ဈေးမရှိတဲ့ လေရှီးမြို့အတွက် တော့ သူတို့လို ဈေးသည်တွေဆီကသာ စောင့်ဝယ်ကြပါတယ်။
လေရှီးကိုအရောက် မနက်(၁၀)နာရီလောက်ကစပြီး ဈေးရောင်းရတာကြောင့် နေ့လယ်ထမင်းစားချိန်တွေက နောက်ကျတတ်ပါတယ်။ တချို့က အိမ်ကထုတ်ယူလာတဲ့ထမင်းကို စားကြတာရှိသလို တချို့က အသိမိတ် ဆွေတွေရဲ့ အိမ်တွေမှာ သွားချက်စားကြပါတယ်။
သူတို့တနေကုန်ဈေးရောင်းပြီးလို့ အိမ်ပြန်ချိန်ဟာ အစောဆုံး ညနေ(၄)နာရီရှိပြီဖြစ်ပြီး နောက်အကျဆုံးက ည(၇)နာရီဖြစ်ပါတယ်။ ဒါပေမယ့် ညနေ(၄)နာရီကျော်ရင် ရွာပြန်ဖို့ သိပ်အဆင်မပြေတဲ့အတွက် လေရှီးမှာ ညအိပ်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ညနေပိုင်းဆို ရာသီဥတုက အေးခဲလွန်းတာနဲ့ နှင်းပိတ်တာကြောင့် လမ်းကြောင်းကို ကောင်းကောင်းမမြင်ရ သလို တောတောင်အနေအထားအရလည်း စိုးရိမ်စရာရှိတာကြောင့် အချိန်ကိုတွက်ဆပြီးမှ ပြန်လေ့ရှိကြတယ် လို့ မသီတာဝင်းက ဆိုပါတယ်။
အတန်းပညာ (၉)တန်းအထိတက်ခဲ့ရတဲ့ မသီတာဝင်းရဲ့ ခင်ပွန်းကတော့ တောင်ယာစိုက်ပျိုးပြီး မသီတာဝင်း ကတော့ ခင်ပွန်းသည် စိုက်ပျိုးထားတဲ့ ဟင်းရွက်ဟင်းသီးတွေကို လာရောက်ရောင်းချနေတာပါ။
မသီတာဝင်းလိုပဲ နာဂအမျိုးသမီးတွေဟာ ကလေးတွေအတွက် ကျောင်းစရိတ်ရဖို့နဲ့ အသေးသုံးငွေရဖို့ ဒီလို ဈေးရောင်းတာတွေအပြင် ပန်းရံလုပ်တာ၊ ပြောင်းဖူးချွေတာတွေနဲ့ အမျိုးသားတွေနဲ့ တန်းတူလုပ်ရတဲ့ အခြား အလုပ်တွေလည်း လုပ်ကြရပါသေးတယ်။
ခက်ခဲတဲ့ တောင်ယာအလုပ်တွေ
နာဂဒေသဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် တောင်ယာလုပ်ငန်းမှအပ အခြားကုန်သွယ်စီးပွားလုပ်ဖို့ သီးနှံ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေဟာ သိပ်အဆင်မပြေပါဘူး။ ဒါကြောင့် တောင်ယာအလုပ်ကတော့ သူတို့ စားဝတ်နေရေးအတွက် မရှိမဖြစ်အလုပ်ဖြစ်ပါတယ်။
မသီတာဝင်းက ဈေးရောင်းတာနဲ့ တောင်ယာလုပ်တာဆိုရင် တောင်ယာလုပ်တာက ပိုပင်ပန်းတာကြောင့် သူ့ အနေနဲ့ ဈေးရောင်းတာကို မလုပ်ချင်ပဲ လုပ်နေရတယ်လို့ သွားလေးများပေါ်တဲ့အထိ ရှက်ရယ်ရယ်ရင်း ပြော ပါတယ်။
တောင်ယာအလုပ်ဆိုတာက မြေပြန့်ကတောင်ယာလို မဟုတ်ပဲ ပေရာချီနက်တဲ့ ကျောက်တောင်ကြီးတွေကို ဖြတ်ပြီး မြေသားများများရှိတဲ့ တောင်စောင်းတွေမှာ စိုက်ပျိုးရေးလုပ်ကြရတာဖြစ်ပါတယ်။
ကျောက်တောင် (၃)တောင်လောက်ဖြတ်ပြီးမှ မသီတာဝင်းတို့ရဲ့တောင်ယာခင်းကို ရောက်ပါတယ်။ ကျောက် တောင်(၃)တောင်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ကို လမ်းလျှောက်တက်ရသလို ပင်ပန်းပြီး လမ်းတွေကလည်း နှင်းမိုးတွေကြောင့် ချောနေတဲ့အတွက် ခက်ခက်ခဲခဲသွားရပါတယ်။
တောင်ယာတွေကို သတ်မှတ်တဲ့အခါ ဘိုးဘွားအစဉ်အဆက် လုပ်ခဲ့တဲ့အခင်းတွေကို သတ်မှတ်တာဖြစ်ပြီး တောင်ယာရှင်းတဲ့အခါမှာ ယောကျ်ားတွေက အပင်တွေခုတ်ရပြီး မိန်းမတွေက နေပူထဲမှာ ချွေးတလုံးလုံးနဲ့ ပေါင်းရှင်း၊ ပေါင်းလိုက်တာတွေကို ပင်ပင်ပန်းပန်းနဲ့ လုပ်ကြရတယ်။
တောင်ယာစပါးတွေအကြား ကြားညှပ်သီးနှံတွေအနေနဲ့ ဝဥလည်း စိုက်သလို ဖရုံ၊ သခွား၊ ပြောင်း၊ ပဲသီး၊ ငရုပ် စတာတွေကို စိုက်ပျိုးထားတာကြောင့် ဟင်းစားရပြီး သူ့မှာရှိတဲ့ ကြက်တစ်အုပ်ကိုတော့ အရေးကြီးမှ ရောင်းမယ် လို့ မသီတာဝင်းက ပြောပါတယ်။
မသီတာဝင်းက မနှစ်က ဝက်မွေးခဲ့ပေမယ့် သားမတင်တဲ့အပြင် ရောဂါကြောင့် သေသွားတဲ့အတွက် ဝက်ထပ် မွေးဖို့ လက်တွန့်နေပါတယ်။ သူတို့ဟာ အကြောင်းကြောင်းကြောင့် စပါးခင်းတွေ ပျက်စီးသွားတဲ့အခါ ဝဥတွေ ကိုပဲ နေ့တိုင်းစားရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။
မသီတာဝင်းအနေနဲ့ မွေးကတည်းက မိဘနဲ့တောင်ယာလုပ်လာတာ ယနေ့အထိ ခင်ပွန်းသည်နဲ့အတူ တောင် ယာလုပ်နေရဆဲဖြစ်ပေမယ့် စားဝတ်နေရေးက ပြေလည်တယ်လို့မရှိပဲ ဒုံရင်းအတိုင်း ရုန်းကန်နေရဆဲပါလို့ သူ က ပြောပြနေပါသေးတယ်။
“ဈေးရောင်းတာက အလွန်ဆုံးရမှ တစ်သောင်းပေါ့။ ဒါအမြဲလည်း မဟုတ်ဘူး။ ဆပ်ပြာ၊ အချိုမှုန့်ဝယ်ဖို့လိုတယ်။ ကျောင်းစရိတ်လည်းလိုတယ်။ မလောက်ဘူးပေါ့။ အဆင်တော့ပြေချင်တယ်”လို့ မသီတာဝင်းက ညည်းညည်း ငြူငြူပြောရှာပါတယ်။
အစိုးရရဲ့အခမဲ့ပညာရေးစနစ်မှာ ကျောင်းနေအရွယ် ကလေးတိုင်းအတွက် ကျောင်းဝတ်စုံတစ်စုံနဲ့ ဗလာစာအုပ်၊ ခဲတံတွေ ပေးပေမယ့် မလောက်တဲ့အတွက် သူအခုလို ခက်ခက်ခဲခဲ ဈေးလာရောင်းရင်း ငွေရှာရတာပါလို့ သူက ထောက်ပြပါတယ်။
သူငွေရှာမပေးနိုင်လို့ ကလေးတွေ ပညာမသင်ရမှာကို သူအစိုးရိမ်ဆုံးပဲလို့ မသီတာဝင်းက ပလိုင်းလေးချကာ အမောဖြေရင်း ပြောပါတယ်။
မသီတာဝင်းဟာ အတန်းပညာ(၃)တန်းအထိသာ သင်ခဲ့ပေမယ့် သူ့သားသမီးတွေကိုတော့ ပညာတတ်တွေ ဖြစ်စေချင်ပြီး ပုံမှန်ဝင်ငွေရတဲ့ အစိုးရဝန်ထမ်းအလုပ်သာ လုပ်စေချင်တာ သူ့ရဲ့ဆန္ဒပါ။
မပြေလည်နိုင်သေးတဲ့ အလုပ်အကိုင်ရှားပါးမှု
နာဂဒေသဟာ ဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးမှုနောက်ကျနေသေးတာကြောင့် ဝင်ငွေရတဲ့အလုပ်အကိုင်လည်း ရှားပါးတဲ့အပြင် ဒေသထွက်ကုန်လည်းမရှိလို့ ရွာသားတွေရဲ့ စားဝတ်နေရေးက များစွာအခက်အခဲရှိကြပါတယ်။
လေရှီးမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာရှိပြီး ချင်းတွင်းမြစ်အနောက် (၄၂)မိုင်အကွာ ပင်လယ်ရေမျက်နာပြင်အထက် အမြင့်ပေ(၄၄၄၃)မှာ ရှိနေတဲ့အတွက် စိုက်ပျိုးဖို့ မလွယ်ကူတဲ့ နေရာဖြစ်ပါတယ်။
တောင်ပေါ်ဒေသဖြစ်တဲ့အတွက်ကြောင့် သား၊ ငါးရှားတဲ့အတွက် ဟင်းသီးဟင်းရွက်ကို ကိုယ်တိုင်စိုက်ပျိုးကာ စားသုံးကြခြင်းဖြစ်ပါတယ်။
နာဂဒေသမှာ ပုံမှန်ဝင်ငွေရတဲ့ လုပ်ငန်းရယ်လို့ မယ်မယ်ရရမရှိတာကြောင့် တချို့အမျိုးသားတွေက တောလိုက် လေ့ရှိပြီး အမျိုးသမီးတွေက တောင်ယာလုပ်ကြရတယ်။ နာဂလူမျိုးတွေက အများအားဖြင့် ပညာတတ်ရင် ဝန် ထမ်းလုပ်ကြတာများပြီး တချို့ကတော့ နေ့စားအလုပ်တွေ လုပ်ကြပါတယ်။
တောင်ယာထဲမှာ ပီလောပီနံဥ၊ မျောက်ဥ၊ သခွားသီး၊ မုန့်ညှင်း၊ ဂေါ်ရခါးသီးစတာတွေ အလေ့ကျပေါက်သလို စိုက်ပျိုးထားတဲ့အပင်တွေလည်း ရှိပါတယ်။ ဒါ့အပြင် သစ်တော်သီး၊ ထောပတ်သီး၊ လိမ္မော်သီးတွေကိုလည်း တပိုင်တနိုင် စိုက်ပျိုးကြပါတယ်။
ဒါတွေက ရောင်းဖို့မဟုတ်ပဲ မိသားစုစားဖို့နဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်ပေးဖို့ စိုက်တာပါလို့ နာဂလူကြီးတဦးဖြစ်တဲ့ အသက်(၆၀)အရွယ် အထောင်းကပြောပြတယ်။ စပါးအနေနဲ့က တောင်ယာစပါးအပြင် လယ်စပါးလည်း စိုက်ပျိုးကြပြီး ဒါကလည်း စီးပွားဖြစ်မဟုတ်ပဲ မိသားစုတစ်နှစ်တာ ဖူလုံဖို့ စိုက်ပျိုးကြတာလို့ သိရပါတယ်။
သူတို့မှာ အပိုဝင်ငွေမရှိပေမယ့် တောင်ယာရှိတဲ့အတွက် ပုံမှန်စားသောက်ဖို့ ပူပန်စရာတော့မရှိပါဘူး။ မသီတာ ဝင်းတို့ မိသားစုဆိုရင်လည်း ပုံမှန်ဝင်ငွေမရှိပေမယ့် သူတို့နေ့စဉ်စားဖို့သောက်ဖို့ကိုတော့ သူတို့တောင်ယာက နေ ရရှိနေပါသေးတယ်။
ဒါပေမယ့် သူတို့ဟာ ပုံမှန်ဝင်ငွေရတဲ့အလုပ်အကိုင် မရှိကြပဲ တောင်ယာလုပ်ငန်းကလည်း ဝမ်းရေးဖူလုံရုံသာ ရတာကြောင့် ကလေးတွေ ပညာရေးစရိတ်နဲ့ အသေးသုံးငွေ နည်းနည်းပါးပါးရဖို့အတွက် ပင်ပန်းကြီးစွာ ရှာဖွေ နေကြရတာဖြစ်ပါတယ်။
နာဂလူမျိုးတွေက အလိုရမ္မက်လည်း နည်းကြပြီး စားစရာမရှိရင် တောထဲသွားပြီး သားကောင်ရှာမယ်၊ တော လိုက်မယ်၊ သားကောင်မရရင် ဟင်းသီးဟင်းရွက်တွေခူးလာပြီး တစ်မိသားစုလုံး ချက်ပြုတ်စားတတ်ကြပါ တယ်။ ဒီအတွက်လည်း စိတ်ပျက်ညည်းငြူတာမျိုး မရှိကြပဲ ဟင်းရည်ပူပူ၊ ထမင်းပူပူနဲ့ ရှိတာကို အားရပါးရစား သောက်လေ့ရှိကြပါတယ်။
နာဂလူမျိုးတွေရဲ့ စားသောက်မှုပုံစံကလည်း ငွေကုန်ကြေးကျမရှိတဲ့ ဟင်းသီးဟင်းရွက်တမျိုးမျိုးကို ရေလုံပြုတ် ထားတဲ့ တောင်ယာဟင်းနဲ့ ပဲပုတ်ထောင်းကတော့ နာဂလူမျိုးတွေအတွက် မရှိမဖြစ် ဟင်းတစ်မယ်ဖြစ်တယ်။
နာဂလူမျိုးတွေဟာ ဝင်ငွေရတဲ့စီးပွားရေးအလုပ် မရှိသလောက်ရှားတာကြောင့် အပြင်အစားအစာဝယ်စားတာ မျိုး မရှိသလောက်နည်းပေမယ့် အမျိုးသားတွေကတော့ အရက်သောက်ကြတာများပါတယ်။ နာဂအမျိုးသား တွေထဲမှာ (၈၀)ရာခိုင်နှုန်းလောက်က အရက်သောက်ကြပြီး (၃၀)ရာခိုင်နှုန်းလောက်က အလုပ်မလုပ်ပဲ သောက်စားမူး ယစ်နေကြတယ်လို့ လေရှီးမြို့၊ စာပေနဲ့ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မဖူလုံသေးတဲ့ ဝမ်းစာအရေး
ခင်ပွန်းဖြစ်သူ သေဆုံးသွားတာကြောင့် ကလေး(၃)ယောက်နဲ့ မိသားစုကို ခက်ခက်ခဲခဲရှာကျွေးနေရတဲ့ နာဂ အမျိုးသမီး ရောင်ရယ်ကတော့ “တခါတခါ ဈေးတောင်မရောင်းချင်တော့ဘူး။ ဒီဒဏ်တွေကြောင့် ညဆို ကိုယ် လက်တွေ ကိုက်ခဲလွန်းလို့ မအိပ်နိုင်ဘူး”လို့ စိတ်ပျက်စွာနဲ့ ပြောပါတယ်။
သားသမီးပညာရေးကို ဦးစားပေးတဲ့ရောင်ရယ်ဟာ သားသမီး(၃)ယောက်ရှိပေမယ့် အခုချိန်မှာတော့ အားလုံးက မုံရွာမှာ ကျောင်းသွားတက်နေကြတဲ့အတွက် သူ့အနားမှာ သားသမီးတစ်ယောက်မှမရှိပါဘူး။
ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရမယ့် သမီးဖြစ်သူရဲ့ ပညာသင်စရိတ်အပြင်၊ အဆောင်ဖိုး၊ ကျူရှင်ခ၊ ထမင်းဖိုး၊ ဟင်းဖိုး စတာတွေ ကုန်ကျဖို့ တနိုင်တပိုင်စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ ဝက်တွေကိုရောင်းပြီး ပေး ချေနေရတာပါ။
နာဂအမျိုးသမီးတွေဟာ များသောအားဖြင့် အလုပ်နဲ့ လက်နဲ့ မပြတ်ပဲ ပြောင်းဖူးချွေတာ၊ ယက္ကန်းခတ်တာတွေ ကိုလည်း အချိန်ရရင် ရသလို လုပ်ကြသလို တချို့အမျိုးသမီးတွေဆို အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ကျောက်သယ်တဲ့အလုပ်နဲ့ ပန်းရံအလုပ်တွေပါ လုပ်နေကြတာတွေ့ရပါတယ်။
ဒါပေမယ့်လည်း နာဂအမျိုးသမီးတွေဟာ သူတို့သားသမီးတွေရဲ့အနာဂတ်လှပဖို့ ပညာရေးစရိတ်အတွက် တော့ အားမသန်ပေမယ့် မာန်မလျော့ကြသူတွေဖြစ်နေကြပါတယ်။
- ချင်းအမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတာက တော်တော်လေးဝမ်း နည်းစရာကောင်းတယ်ဆိုတဲ့ ဒေါက်တာ ဗျက်ကျုံးလျန်နှင့် တွေ့ဆုံမေးမြန်းခြင်း - 11/03/2020
- နာဂတောင်တန်းပေါ်က ဘဝခရီးကြမ်းနဲ့ အားမာန်မလျှော့သူများ - 27/02/2020
- ဂုဏ်ယူနေရုံနဲ့ မလုံလောက်တဲ့ သားရှင်တွေရဲ့အခန်းကဏ္ဍ… - 07/02/2020