Home ဆောင်းပါး လူမှုဖွံ့ဖြိုးရေးလုပ်ပေးရန်လိုအပ်နေသော ရိုးရာဓလေ့ထိန်းသိမ်းသည့် ရွာကလေး

လူမှုဖွံ့ဖြိုးရေးလုပ်ပေးရန်လိုအပ်နေသော ရိုးရာဓလေ့ထိန်းသိမ်းသည့် ရွာကလေး

ကောကော်

မကွေးမြို့မှ မင်းဘူး၊ ထိုမှတဆင့် စကုမြို့၊ စကုမှ ပွင့်ဖြူမြို့နယ်သို့ သွားလျှင် ကြာချိန်(၁)နာရီခွဲလောက်ရှိကာ ပွင့်ဖြူမြို့မှ အတွင်းလမ်းသို့ မိနစ်(၂၀)ခန့်ဝင်သွားရပါသည်။ ပွင့်ဖြူမြို့နယ်အတွင်းလမ်းမှကျောင်းကုန်းမြို့သို့ ရောက်ရှိလာခဲ့ရာ ထိုမှတဆင့် လမ်းခွဲသွားလျှင် ဖုန်ထူထပ်လှသော လမ်းကလေးထဲရောက်လာမည်ဖြစ်ပြီး ထနောင်းပင်များပေါများကာ နွားကျောင်းသားများ နွားကျောင်းနေကြသည်ကို တွေ့ရမည်။ ရှေ့သို့ဆက်သွား ရာတွင် လူနေအိမ်များရှိ နေသည့် အရိပ်အရောင်မတွေ့ရသော်လည်း (၁၂)မိုင်ခရီးအထိ ဆက်သွားလျှင်တော့ ရွာအဝင် ဘုန်းကြီးကျောင်းတစ်ခုကို တွေ့ရမည်ဖြစ်ပြီး ရွာလယ်လမ်းမကြီးဘေးတဖက်တချက်တွင်တော့ မန်ကျည်းပင်ကြီးများ အုပ်မိုးနေသည်။

ရွာထဲသို့ ဧည့်သည်သူစိမ်း‌ရောက်လာသည်ကို မြင်တွေ့ဟန်တူသည့် ဆံရစ်ဝိုင်းနှင့် မြန်မာဝတ်စုံကို ဝတ်ဆင် ထားသည့် မိန်းကလေးငယ်များသည် ဘုန်းကြီးကျောင်းပေါ်သို့ ပြေးတက်သွားကြသည်။ ရွာလယ်သို့ရောက် လာသည့်အခါတွင် အသက်ငယ်ရွယ်သူ ကလေး၊ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးငယ်များသည် သူတို့ ခေါင်းပေါ်မှ ဆံပင်အရှည်ကို အမျိုးမျိုးဆင်ယင်ထုံးဖွဲ့ထားကြသည်ကို တွေ့မြင်ရသည်မှာ မြင်ရသူအဖို့ တမျိုး ဆန်းသလိုဖြစ်နေသည်။ ရွာထဲတွင်တော့ ဖုန်တထောင်းထောင်းနှင့် နွားလှည်းများသွားလာနေသည်ကို မြင် တွေ့ရသည်။

ထိုနေရာသည် မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာဖြစ်ပြီး မြန်မာ့ဓလေ့ဆံရစ်ဝိုင်းကို တရွာလုံးထိန်းသိမ်းလာခဲ့ကြသည်မှာ ယခုချိန်အထိပင်ဖြစ်သည်။

῝ကျမတို့ကျောင်းတက်တုန်းက တခြားရွာမှာ စာသင်သွားရတယ်။ သွားရတဲ့လမ်းက လမ်းပန်းဆက်သွယ်ရေး မကောင်း၊ မိဘတွေက အလုပ်အကိုင်အဆင်မပြေကြတော့ ကျောင်းထွက်ရတာပဲ῎

ရေပုတ်ကြီးကျေးရွာသူ မအေးအေးမာသည် ပညာရေးတွင် နှစ်တန်းနှင့် ‌ကျောင်းထွက်ခဲ့ရပြီး စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် ဆုံးခန်းတိုင်အထိ ပညာမသင်ကြားရပဲ သူမ၏နုပျိုသောအရွယ်ကို ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာသော ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းလုပ်ငန်းတွင် နစ်မြှုပ်ခဲ့သည်။

သူမတစ်ယောက်တည်းသာမဟုတ်ပဲ သူမနှင့်ရွယ်တူ ဆယ်ကျော်သက်အမျိုးသမီးအများစုသည် မူလတန်း အထိသာ ပညာသင်ကြားကြရပြီး သူမတို့နည်းတူ ရေပုတ်ကြီးရွာမှ လူငယ်အများစုသည် ပညာရေးအတွက် တခြားသို့ ပြောင်းရွှေ့သင်ယူနိုင်ခြင်း မရှိကြပဲ မိမိတို့ရွာမှ မူလတန်းကျောင်းပြီးသည့်အထိသာ ပညာသင် ကြားကြရသည်။ မိုးလုံလေလုံစာသင်ကျောင်းမရှိသည့်အတွက် သစ်ပင်အောက်တွင်သာ စာသင်ကြားကြရပြီး မိုးရွာသည့်နေ့များတွင် စာမသင်ရပါဟု ‌မအေးအေးမာက သူမစာသင်ကြားခဲ့ရသည့် အ‌ခြေအနေကို ပြောပြ သည်။

အသက်(၂၄)နှစ်အရွယ်ရှိ မမိုးမိုးဆန်းသည် (၄)တန်းအထိသာ ပညာသင်ကြားခဲ့ရပြီး အလယ်တန်းပညာအ တွက် တခြားတမြို့သို့ သွားရောက်သင်ယူရမည်ဖြစ်သဖြင့် စားဝတ်နေရေးနှင့် ခရီးသွားလာရေး အဆင်မပြေ သောကြောင့် ပညာရေးလမ်းဆုံးခဲ့ရသည်။

῝ကျမလေ ပွင့်ဖြူမြို့အထိပဲ ရောက်ဖူးတာ။ သွားတာက ရွာမှာ ဆေးခန်းမရှိလို့ ဆေးခန်းသွားပြတာ။ အဲမှာ လူတွေက ကျမကိုကြည့်ပြီး ဟော.. ရေပုတ်ကြီးသူလာပြီဆိုပြီး အထူးတဆန်းကြည့်ကြတယ်။ ပညာမသင်ရ တော့ အခွင့်အလမ်းတွေ သိပ်မရှိဘူး။ ကျမက ရန်ကုန်မြို့က ရွှေတိဂုံဘုရားကို အရမ်းဖူးချင်တာ῎

ယခုနှစ်မှသာလျှင် ရေပုတ်ကြီးရွာတွင် အလယ်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့သော်လည်း ဆရာဦးရေ မလုံ လောက်သဖြင့် အပြင်မှ ကိုယ်ထူကိုယ်ထ ငှားရမ်းခဲ့ရပြီး ယခုနှစ်မှသာ နိုင်ငံတော်မှ စေလွှတ်သော ဆရာမ များရှိလာသည်ဟုဆိုသည်။ ရှေ့နှစ်တွင် နမဝတန်းအထိဆက်ဖွင့်ရန် ရည်ရွယ်ထားပြီး ကျောင်းဆရာ မလုံ လောက်သေးသဖြင့် ဆရာမများ ငှားနိုင်ရန်အတွက် ဆံရစ်ဝိုင်းပျိုမေအဖွဲ့မှ ရှင်လောင်းအလှူခံလျက်ရှိသည် ဟု သူမတို့အဖွဲ့၏လှုပ်ရှားမှုကို ပြောသည်။

῝တချိုဆိုရင် ပွင့်ဖြူမြို့မှာ ကျောင်းထားတာ တနှစ်ကို (၇)သိန်းလောက်ရှိတယ်။ မိဘတွေက မတတ်နိုင်ကြ ဘူးလေ၊ ဒါကြောင့် ရွာမှာပဲ နေစေချင်ကြတယ်။ ကိုယ့်တုန်းက ပညာမတတ်ခဲ့တော့ မျိုးဆက်သစ်တွေကို ပညာတတ်ကြီးတွေဖြစ်စေချင်တယ်῎

ပညာရေးတွင် အားပေးတိုက်တွန်းသူ မရှိသည့်အပြင် စားဝတ်နေရေး ခက်ခဲမှုကြောင့် မူလတန်းအထိသာ ကျောင်းနေကြရပြီး ယခုနှစ်ပိုင်းတွင်တော့ တက္ကသိုလ်ဝင်တန်း အောင်မြင်သူဦးရေ တစ်ယောက်စ၊ နှစ် ယောက်စ ရှိလာပြီဟု ရေပုတ်ကြီးရွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဦးစိန်ဌေးက ဆိုသည်။

ရေပုတ်ကြီးရွာသည် ယခင်နှစ်များတွင် ဆေးရုံဆေးပေးခန်းမရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်များ မီးဖွားရင်း သေဆုံးမှု အလွန်များသည်ဟု ဦးစိန်ဌေးက ဆိုသည်။

῝ရွာက အမျိုးသမီးတွေက ကလေးမမွေးနိုင်လို့ အသက်ပေးလိုက်ရတာတွေများတယ်။ ဗိုက်နာပြီဆိုရင် ပွင့်ဖြူ မြို့ဆေးရုံအထိ တက်မွေးရတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာရယ်၊ ကျန်းမာရေးဆရာမမရှိတာရယ်၊ ဗဟုဟုသုတ မရှိတာရယ်ကြောင့်ပေါ့῎

ယခုအချိန်တွင် ကျေးလက်ဆေးပေးခန်းရှိလာပြီဖြစ်သော်လည်း ရွာ၏ ဓလေ့ထုံးစံအတိုင်း သဘောကောင်း သည့် တစ်ဦးတည်းသောသားဖွားဆရာမကိုသာ အားကိုးနေရဆဲဖြစ်ပြီး ရွာ၏လက်ရှိလူဦးရေနှင့် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်မှာ ညီမျှမှု မရှိဟု ဒေသခံအမျိုးသမီးများက ဆိုသည်။

ရေပုတ်ကြီးရွာသည် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး စပါးကိုတော့ စလင်း မြို့နယ်ထဲသို့ သွားရောက်စိုက်ပျိုးလုပ်ကိုင်ကြရသည်။ စိုက်ပျိုးမြေများပိုင်ဆိုင်ကြသော်လည်း ဆည်၊ မြစ်‌ရေ တင်မရှိ ရာသီဥတုကိုသာ အားကိုးနေရသဖြင့် မိုးမရွာပါက လုပ်ကိုင်စားသောက်ရန် ခက်ခဲသည်။

ရေပုတ်ကြီးကျေးရွာသည် ဆံရစ်ဝိုင်းများထိန်းသိမ်းသောရွာအဖြစ် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ နေရာတစ်ခုဖြစ်လာသော်လည်း ယခုအချိန်ထိ လျှပ်စစ်မီးမရသေးသောရွာလည်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ‌ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ရေပုတ်ကြီးရွာသို့ ယခုနှစ်အတွင်း လာရောက်လေ့လာခဲ့ရာ ရွာ အတွက် လျှပ်စစ်မီးရရှိရန် မျှော်လင့်ချက်ရှိလာပြီဟု ဦးစိန်ဌေးကဆိုသည်။ သို့သော် ဘယ်အချိန်မှာ ဘယ်လိုစီ စဉ်မည်ဆိုသည်ကိုတော့ မသိရှိကြပေ။

ရိုးရာဓလေ့အရ ဆံရစ်ဝိုင်းထားခြင်းကို ရှေးယခင်ဘိုးဘွားအစဉ်အဆက် ရေပုတ်ကြီးရွာစဖြစ်တည်ကတည်း က လုပ်ဆောင်လာခဲ့ကြသည့်အတွက် ယခုမျိုးဆက်သစ်များသည်လည်း ထိုအစဉ်အလာကို ဆက်လက် ထိန်း သိမ်းကြခြင်းဖြစ်သည်ဟု ဆံရစ်ဝိုင်းပျိုမေအဖွဲ့ခေါင်းဆောင်ဖြစ်သူ မပြုံးပြုံးယဉ်ကဆိုသည်။

῝ဆံရစ်ဝိုင်းထားတာနဲ့ပါတ်သက်ပြီး တချို့တွေက ပြောကြတယ်။ ဘာဖြစ်လို့ ညည်းတို့တွေက ဆံပင်ကို ဒီလို ထားကြတာတုန်း၊ ဘာလို့ ခုခေတ်လိုမျိုး ဆံပင်ကေလှလှလေးတွေ မထားချင်ကြတာလဲလို့ ပြောကြတယ်။ ညီမတို့က ခုခေတ်လိုမျိုး ဆံပင်ပုံစံမထားချင်ပါဘူးလို့၊ ဘိုးဘွားခေတ်က ထိန်းသိမ်းလာတဲ့ အစဉ်အလာကို ညီမတို့က စောင့်ရှောက်ရမယ်လေ῎

ရိုးရာအစဉ်အလာအရ ထိန်းသိမ်းလာခဲ့သော ဆံထုံးဆင်ယင်မှုသည် တချို့လူများ၏ ကျီစယ်စရာဖြစ်နေသည့် အတွက် များစွာစိတ်မကောင်းဖြစ်ကြရပြီး လူအများရှေ့တွင်ပင် ‌ ဆံရစ်ဝိုင်းနဲ့ ဆံကောက်ကေရှိတဲ့ အပျိုမတွေ ကို လူပျိုများ ပိုးလို့ပန်းလို့ရပါပြီဟု ပြောဆိုခြင်းခံရသဖြင့် စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု မပြုံးပြုံးယဉ်က ဝမ်းနည်းစွာဖြင့်ဆိုသည်။

῝ညီမလေးတို့ရဲ့အရွယ် ဆံရစ်ဝိုင်းပုံစံ ဆံတောက်က ညီမတို့အပျိုဖြစ်နေပါပြီဆိုတဲ့အဓိပ္ပါယ်ပါ။ ဒါကြောင့် ဒီမှာ ရှိတဲ့လူတွေက ညီမတို့ကို ပိုးလို့ပန်းလို့ ရပါပြီဆိုပြီး ပြော်ချော်ချော်နဲ့ပြောခဲ့တာတွေ အများကြီးရှိတယ်။ အဲဒါ က ပြီးခဲ့တဲ့ပွဲက ရန်ကုန်ဆီဒေါနားက လူတွေအများကြီးရှေ့မှာ အပြောခံခဲ့ရတာပါ῎

῝အမှန်အတိုင်းပြောရရင် ညီမတို့ကို အဲလိုပြောတာ မကြိုက်ဘူး။ ကိုယ့်ကိုယ်ကို အပျိုဖြစ်ပြီး ပိုးပန်းလို့ရပြီဆို ပြီး ကြော်ငြာတဲ့သဘောလည်း မဟုတ်ဘူး။ ကိုယ့်ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့သဘောဖြစ်တယ်လို့ ရိုးရိုး လေးပဲ ပြောပြတာ῎
သို့သော် လူအများစုသည် သူတို့၏ ရိုးရာဓလေ့ကို ကျီစယ်လိုကြပြီး ကဲ့ရဲ့နှိမ့်ချသောသဘောဖြင့် ပြောဆိုနေ သကဲ့သို့ ခံစားရသည်ဟု မပြုံးပြုံးယဉ်ကဆိုသည်။

῝ပြောဆိုကဲ့ရဲ့တဲ့သူတွေက သူတို့ကိုယ်တိုင် ရိုးရာဓလေ့ကို မထိန်းသိမ်းနိုင်ပါဘူး။ သူတပါးထိန်းသိမ်းတာကို တော့ အားပေးစေချင်တယ်။ ညီမတို့အပျိုဖြစ်တဲ့ကိစ္စကို တကမ္ဘာလုံးသိအောင် ကြေညာခြင်းမဟုတ်ပါဘူး။ ညီမတို့ဓ‌လေ့မှာ ဆံရစ်ထားတဲ့အနေအထား အသက်အရွယ်အလိုက် ပြောပြတာပါ။ ဒါကို အားလုံးသိစေချင်ပါ တယ်῎

ရေပုတ်ကြီးရွာမှ ဆံရစ်ဝိုင်းသူလေးတို့သည် ရန်ကုန်မြို့မဆိုထားနှင့် မကွေးမြို့ပင် မ‌ရောက်ဖူးကြဟု သူမတို့ ကိုယ်တိုင်ကဆိုသည်။

῝ရန်ကုန်မြို့ကြီးရောက်တော့ အကုန်လုံး အသစ်အဆန်းတွေပဲ။ အမျိုးသမီးတွေဆို အတိုလေးတွေနဲ့၊ အမျိုး သားတွေက ရှပ်လက်ရှည်နဲ့ဆိုတော့။ ညီမကမေးလိုက်သေးတယ်၊ သူတို့တွေက နိုင်ငံခြားသူတွေလားလို့၊ မဟုတ်ဘူးတဲ့῎

အစဉ်အလာကို ထိန်းသိမ်းလာသလို ကမ္ဘာကပင် သိလာသည့်အတွက် ရေပုတ်ကြီးရွာသို့ နိုင်ငံခြားသား ဧည့် သည်များ မကြာခဏဆိုသလို ရောက်ရှိလာကာ အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ နိုင်ငံခြားဧည့်သည် များအပြင် မြန်မာပြည်တွင်းမှ ပြည်သူများပင် ဆံရစ်ဝိုင်းနှင့်မိန်းမပျိုလေးများအပေါ် စိတ်ဝင်စားမှုရှိလာခြင်း ကြောင့် ရေပုတ်ကြီးရွာတွင် ဆံရစ်ဝိုင်းပျိုမေအမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

῝ညီမတို့ရိုးရာကို ဒီလိုတဖြည်းဖြည်းနဲ့ ထိန်းသိမ်းသွားနိုင်ရင် ကျန်တဲ့ရွာတွေလည်း မြန်မာ့ဓလေ့ဆံရစ်ဝိုင်းကို အလေးထားပြီး ပြန်ထားကြစေချင်လို့ အဖွဲ့တခုတည်ထောင်လိုက်ခြင်းဖြစ်တယ်῎

ဘယ်နေရာသွားသွား အကဲ့ရဲ့ခံနေရသည့်အခြေအနေကို “ကြည့်ပါအုံး‌ယောသူတွေလာပြီ၊ သနားခါးပါးကွက် ကြားနဲ့၊ ခေါင်းပေါ်မှာလည်း ဆံရစ်ဝိုင်းတွေနဲ့ ကျွဲချီးပုံ၊ နွားချီးပုံတွေ တင်ထားတာ”ဆိုပြီး နောက်ပြောင်ကြ သည်ဟုဆိုသည်။
ထို့အပြင် ῝ဆံရစ်ဝိုင်းပျိုမေများကို ဆံပင်ရောင်းစားမလို့ အရှည်ထားနေတာလား῎ ဆိုပြီး မေးမြန်းလှောင်ရယ် သည်များလည်း ရှိသည်ဟု ဆိုသည်၊

အသက်ကြီးပိုင်းအမျိုးသမီးများသည် အိမ်တွင်းလက်ရက်ကန်းဝါကို တနိုင်တပိုင်ရက်လုပ်ကြပြီး မျိုးဆက် သစ်အမျိုးသမီးငယ်များကိုလည်း လက်ဆင့်ကမ်းပြန်လည်သင်ကြားပေးကြသော်လည်း ကုန်ကြမ်းဖြစ်သော ဝါမှာ ရှားပါးသည့်အတွက် စီးပွားဖြစ်ရပ်တည်ရန် ခက်ခဲနေဆဲဖြစ်သည်။

တခြားမြို့နယ်တွင် ယာလုပ်ငန်းကို သွားရောက်လုပ်ကိုင်ရသည့်အတွက် မနက် (၃)နာရီ အိပ်ရာမှ ထကာ သနပ်ခါးလိမ်း၊ ခေါင်းဖီး၊ ထမင်းထုပ်ပြင်၍ စလင်းမြို့နယ်အရောက်မှ မိုးလင်းကောက်စိုက်ရပြီး ညမှောင်မှ အိမ်သို့ ပြန်လာရသည်။ ထို့ကြောင့် ညအိမ်ပြန်ရောက်မှသာလျှင် ခေါင်းလျှော်ကာ အ‌ခြောက်ခံပြီး အုန်းဆီလူး ရသည်ဟု ဆိုသည်။

ဆံရစ်ဝိုင်းထားရသည့် ပုံစံအမျိုးမျိုးရှိရာတွင် မွေးကင်းစမှ (၆)လအရွယ်အထိ ကလေးကို ကွက်ကြားဦးဇင်း မုတ်လေးထားပေးရပြီး (၆)လသားမှ (၂)နှစ်သားအရွယ်အထိ ရှည်လာသောဆံပင်ကို ကြက်တောင်စီးထားပေး ရပြန်သည်။
(၅)နှစ်သားရှိသွားသည့်အရွယ် ကြက်တောင်စီးကို ဆံထုံးပြန်ထုံးကာ ဆံရစ်ဝိုင်းဆံပင်ဖြစ်သွား တော့သည်။ (၁၃)နှစ်ရှိသွားသည့်အသက်အရွယ်တွင် ရှည်လာသော ဆံရစ်ဝိုင်းမှာ ဂျပန်ဆံတောက်ပုံစံဖြစ်ပြီး နားရွက်ကို ဖုံးထားကြကာ (၁၈)နှစ်အရွယ်ရောက်သည့်အချိန်တွင် နောက်ကောက်ပုံစံအဖြစ် အိမ်ထောင်မပြု ခင်အချိန်အထိ ထားကြရသည်။
ရေပုတ်ကြီးရွာ၏ ရိုးရာဓလေ့ထိန်းသိမ်းလာသည့်အနေအထားကို အတုယူကာ ဘေးရွာမှလည်း တစ်ယောက်စ နှစ်ယောက်စ ဆံရစ်ဝိုင်းကို ထားလာကြပြီဟု ဒေသခံများက ဆိုသည်။ ဆံရစ်ဝိုင်းထိန်းသိမ်းသည့်ဓလေ့မှာ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီးမှ စက်စက်ယိုရွာနှင့် မကွေးတိုင်း‌‌ဒေသကြီးမှ ‌ရေပုတ်ကြီးရွာ (၂)နေ ရာသာရှိသည်။

ရေပုတ်ကြီးရွာတွင် အိမ်ခြေ(၆၇၄)အိမ်ရှိပြီး လူဦးရေ(၃၁၈၀)ဦးရှိကာ စက်စက်ယိုရွာထက် လူဦးရေပိုများ သည်ဟု ရေပုတ်ကြီးရွာ ကော်မတီဝင်ဖြစ်သူ ဦးစိန်ဌေးက ဆိုသည်။ ဆံရစ်ဝိုင်းကိုထားရှိသူဦးရေမှာ (၆၀၀) ခန့်ရှိပြီး ထိုဆံရစ်ဝိုင်းဓလေ့ကြောင့် မြန်မာနိုင်ငံခရီးသွားအဖွဲ့နှင့် နိုင်ငံတကာခရီးသွားအဖွဲ့တို့ ပူးပေါင်းပြီး ရေပုတ်ကြီးရွာတွင် နိုင်ငံခြား ခရီးသွားဧည့်သည်လာရောက်နိုင်သည့် ခရီးစဉ်တစ်ခုဖြစ်ရန် ကြိုးစားနေသည်ဟု ရှင်းပြသည်။

ကလေး(၅)ဦး၏မိခင်ဖြစ်သူ ‌ဒေါ်စန်းစန်းထွေးသည် သူမကိုယ်တိုင် ငယ်စဉ်က ဆံရစ်ဝိုင်းကို အသက်အရွယ် အလိုက် အမျိုးမျိုးပြောင်းထားရသူဖြစ်သဖြင့် သားသမီးများအားလုံး၏ ဆံရစ်ဝိုင်းကို သူ့အရွယ်နှင့်သူ ဆင်ယင် ထုံးဖွဲ့ပေးရသည်မှာ သူမအနေဖြင့် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဟု ပေါ့ပေါ့ပါပါးပြောဆိုသည်။

῝ထုံးစံဓလေ့ဆိုတော့လေ၊ ပင်ပန်းတယ်လို့ မအောက်မေ့တော့ဘူး။ သူတို့ရှည်နေတဲ့ဆံပင်ကို ဖီးပေးပြီး ထုံးပေး လိုက်ရုံပဲ။ ကျမက မနက် (၃)နာရီဆို အိမ်ကထွက်ရပြီ၊ ဒါကြောင့် အစောကြီး ကလေးတွေကို နိုးပြီး ခေါင်းကို အုန်းဆီပွတ်ပေး၊ ဖီးပေး၊ ထုံးပေးခဲ့တယ်῎

ဆံရစ်ဝိုင်းထားသူ မိန်းမပျိုများသည် အိမ်ထောင်ကျပြီဆိုလျှင်တော့ ဆံပင်ကို ရိုးရိုးသာထားကြတော့ကာ ထိုသို့ ဆံရစ်ဝိုင်းထားခြင်းကို အပိုအလုပ်ဟု ယူဆလိုက်ကြသည်ဟု ဒေါ်စန်းစန်းထွေးက ဆိုသည်။

῝အိမ်ထောင်သည်ဆိုတော့ မိမိကိုယ်ကို အလှအပအတွက် မမက်မောတော့ဘူး။ အိမ်မှုကိစ္စတွေလုပ်ရပြီဆို တော့ ဆံပင်တွေ စုစုစည်းဖြစ်ဖို့လိုတယ်။ အုပ်ထိန်းသူရှိသွားပြီဆိုတဲ့သဘောပဲ῎

အမျိုးသားများမှာမူ အများအားဖြင့် ဆံပင်အရှည်ထားကြသော်လည်း ရှင်ပြုပြီဆိုတာနှင့် ဆံထုံးကို ဖြေလိုက် ကြတော့သည်ဟုဆိုပါသည်။

Author:

Related Articles