Home ဆောင်းပါးသတင်းဆောင်းပါး ရေလုပ်ငန်းထဲက အမျိုးသမီးတွေ အမေ့လျော့ခံနေရသလား

ရေလုပ်ငန်းထဲက အမျိုးသမီးတွေ အမေ့လျော့ခံနေရသလား

သွေး (စစ်ကိုင်း)၊ အောက်တိုဘာ ၃၁၊ ၂၀၁၉

ကျွဲကူးကျောက်ဖျာတံတားပေါ်ကနေ လှမ်းမြင်နေရတဲ့ ဟိုးခပ်လှမ်းလှမ်းက “ကျောက်ဖျာ” ဆိုတဲ့ ရွာကလေးကို ကျမ ရောက်ရှိသွားချိန်က မွန်းလွဲပိုင်းတောင် ကျော်နေပါပြီ။ ကျွဲကူးကျောက်ဖျာတံတားကို ဖြတ်သန်းပြီးမှ မြိတ်မြို့နယ်က ကျောက်ဖျာရွာကလေးကို ရောက်ရှိတာပါ။ မွေးကတည်းက ရေပြင်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ရေ လုပ်ငန်းနဲ့ ရင်းနှီးဆက်နွယ်နေတဲ့ ဒီရွာလေးမှာ စုစုပေါင်းအိမ်ခြေ (၃၀၀) ကျော်ပဲရှိပါတယ်။

ရွာသူ/ ရွာသားတွေအတွက်တော့ ကျောက်ဖျာမြစ်ဟာ သူတို့ရဲ့အသက်သွေးကြောလို့ ပြောလို့ရပါတယ်။ မိသားစုတိုင်း လိုလို တနိုင်တပိုင်ငါးဖမ်းတာကို ပြုလုပ်ကြပြီး ငါးဖမ်းဖို့လှေကို မရရအောင် ဝယ်ယူရပါတယ်။ ငါးဖမ်းလှေအသေး ပေ(၄၀) ဝန်းကျင်အရွယ်ကို ပေးရတဲ့ဈေးနှုန်းကလည်း မနည်းလှပါဘူး။ ကာလတန်ဖိုးသိန်း(၁၀၀)အထိပေးရပြီး ဒီထက်ပိုကြီးတဲ့ ပေ(၅၀) ပေ(၆၀) လှေတွေဆိုရင် သိန်း(၁၈၀)၊(၂၀၀) အထိပေးရပါတယ်။

ကျမရောက်ရှိသွားတဲ့အိမ်လေးထဲမှာ မိသားစုတွေကိုယ်စီ အလုပ်လုပ်နေကြပြီး အလင်းရောင်က မှိန်ပျပျပါ။ ညနေ(၆) နာရီထိုးပြီးမှသာ လျှပ်စစ်မီးရတယ်လို့ ကျောက်ဖျာရွာသား ကိုအာယုက ရယ်ရယ်မောမော ပြောပြပါတယ်။ ည(၁၁) နာရီထိုးရင်တော့ မီးမလာတော့ပါဘူးတဲ့။ အခုလို တစ်နေ့မှာ (၅)နာရီပဲ လျှပ်စစ်မီးရပေမယ့် တစ်ယူနစ်ကို ကျပ် (၇၀၀) အထိပေးပြီးသုံးစွဲနေရတာပါ။

အမျိုးသားတွေက ငါးဖမ်းထွက်ပြီး ရလာတဲ့ ငါးတွေကို ငါးခြောက်လှမ်း၊ ငါးတွေကိုခွဲပြီး နေ့စားလှမ်းတာတွေကိုတော့ အမျိုးသမီးတွေက လုပ်ဆောင်ကြရပါတယ်။ နောက်ဖေးဘက်က အဆောင်မှာ ထမင်းစားနေတဲ့ အဘွားတစ်ယောက်ရယ်၊ ကလေးတချို့ရယ်ကိုလည်း တွေ့ရပါတယ်။

“ဒေါ်စန်းဝင်း” ဟာ ငါးတွေကိုခွဲပြီး နေလှန်းနေတဲ့ အလုပ်လုပ်သူတစ်ယောက်ဖြစ်ပြီး ငါးတစ်ခြင်းပြီးအောင် နေလှန်းရင် လုပ်အားခအနေနဲ့ (၅)ထောင်ကျပ်ရရှိတယ်လို့ ရှင်းပြပါတယ်။ ဒါပေမယ့် တစ်နေ့ကို အလွန်ဆုံး နေလှန်းနိုင်မှ(၂)ခြင်းပါပဲ တဲ့။
အများဆုံးဖမ်းမိတဲ့ငါးတွေက ငါးဘောက်၊ ငါးဘောင်ကျေး၊ ဂေါရငါးတို့ဖြစ်ပြီး ဒီငါးတွေကို ငံပြာရည် ပြုလုပ်ရာမှာ အ သုံးပြုလို့ရသလို ငါးစီဘူးပြုလုပ်လို့လည်း ရပါတယ်။ ကျောက်ချောရွာက ဒေသခံတွေဟာ ကမ်းနီးငါးဖမ်းတာကိုပဲ ပြု လုပ်နိုင်တာဖြစ်ပြီး ငါးဖမ်းဖို့ ပိုက်တစ်တွဲရဲ့ တန်ဖိုးကကျပ်နှစ်သိန်းဝန်းကျင်ရှိပါတယ်။ အနည်းဆုံးပိုက်တွဲ(၁၀)ခုလောက် ကိုဆက်ပြီး ငါးဖမ်းမှပဲ အဆင်ပြေတာပါ။ အခုလို ပင်ပင်ပန်းပန်းလုပ်ကိုင်ဖို့ ငါးဖမ်းတစ်ခါထွက်ရင် အနည်းဆုံး(၅)ရက် လောက်ကြာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် – ရွာက မိသားစုတွေရဲ့ဘဝမှာတော့ လိုအပ်ချက်တွေအများကြီးရှိနေဆဲပါပဲ။

သောက်ရေ၊ သုံးရေအတွက် ရေကို ဝယ်သုံးနေရတယ်လို့ ဒေါ်စန်းစန်းဝင်းက ပြောပြပါတယ်။ အဝီစိရေကို ရေကားနဲ့ တင်လာပြီး တစ်ပေပါကို (၃၀၀)ကျပ်နဲ့ ဝယ်ယူသုံးစွဲရတာပါ။ မိသားစုများရင် တစ်ရက်ကို ရေ(၃)ပေပါလောက် ကုန်တာမို့ ရေဖိုးကလည်း မနည်းလှပါဘူး။ ပညာရေးဘက်မှာ ဆိုရင်လည်း ကျောက်ဖျာရွာလေးမှာ အထက်တန်းစာမေးပွဲ အောင် မြင်တဲ့အထိ ကျောင်းတက်နိုင်သူ သိပ်မရှိဘူးလို့လည်း သိရပါတယ်။ ရွာမှာ အလယ်တန်းကျောင်းပဲရှိပြီး အထက် တန်းကျောင်းကို ကျွဲကူးရွာကို သွားတက်ရတာပါ။

ကျောက်ဖျာရွာလေးကနေ ပြန်လာပြီးတဲ့နောက် မြိတ်က ငါးလေလံဈေးဘက်ကိုလည်း ကျမရောက်ခဲ့ပါတယ်။ ငါးလေလံ ဈေးဆိုတာက မြိတ်မြို့မှာ ငါးတွေကို ရောင်းဝယ်ဖောက်ကားတဲ့ အကြီးဆုံးဈေး ဖြစ်လာနိုင်တဲ့ အလားအလာရှိပါတယ်။ ဟို အရင်က ငါးရောင်းချသူတွေဟာ လမ်းဘေးက အဆင်ပြေတဲ့နေရာတွေမှာသာ ညပိုင်း(၁၂)မနက်(၂)နာရီအထိ ရောင်း ချခဲ့ရတာပါ။ အဲဒီလို ရောင်းချရတဲ့အတွက် ပတ်ဝန်းကျင်က ဆူညံတယ်ဆိုပြီး တိုင်ကြားတာတွေလည်း ရှိခဲ့ပါတယ်။ အ ခုအခါ ငါးလေလံဈေးမှာ ရောင်းချခွင့်ပေးမယ်ဆိုတော့ ညပိုင်း(၇)နာရီလောက်ကတည်းက ရောင်းချမှုစတင်နေတာ တွေ့ရပါတယ်။ ရောင်းသူတွေ ရှိသလို၊ ဝယ်သူတွေလည်း တဖွဲဖွဲရောက်လာကြပါတယ်။ ငါးတွေကလည်း လတ်ဆတ်ပြီး အမျိုးအစား အတော်စုံလင်ပါတယ်။ ကျင်မွေးဒေါင်းငါး၊ ငါးမုတ်၊ ပလာတူး၊ ကင်းမွန်၊ ဟင်းချိုမငါး … စသဖြင့်ပါ။

“ဒေါ်ယုစွမ်” ကတော့ ငါးလေလံဈေး စတင်ရောင်းချခွင့်ပေးတဲ့နေ့မှာ ရွှင်လန်းတက်ကြွနေပါတယ်။ ဒီငါးတွေကို ကျွန်းစု မြို့နယ်ထဲက လှေရှင်တွေဆီကနေ သူမက ယူရောင်းတာဖြစ်ပြီး ကျပ်(၁)သိန်းဖိုးရောင်းရရင်(၅)ထောင်ကျပ် (၅)ရာခိုင်နှုန်း ပြန်ရတယ်လို့ ရှင်းပြပါတယ်။ ဒေါ်ယုစွမ်လို ရောင်းချသူတွေဆီကနေ လက်လီပြန်ရောင်းမယ့်သူတွေက ဝယ်ယူကြတာပါ။ ငါးကို ခြင်းလိုက်ရောင်းချတာကလည်း တခြားမြို့တွေမှာ မတွေ့ဖူးတဲ့ထူးခြားချက်ပါပဲ။ ကျမက ငါးတစ်ခြင်းမှာ ဘယ်နှစ် ပိဿာဆန့်သလဲလို့ စပ်စုကြည့်တော့ (၁၅)ပိဿာဆန့်တယ်လို့ ပြောပြပါတယ်။

ငါးလေလံဈေးက မြိတ်တောင်အုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်အတွင်းမှာ တည်ရှိပြီး လမ်းမီးတွေသာ လင်းမယ်ဆိုရင် ရောင်း ဝယ်ရတာ ပိုအဆင်ပြေမယ်လို့ အမျိုးသမီးတွေက ပြောပြတယ်။

နောက်ထပ်ငါးခြောက်ပြုလုပ်ဖို့ နေလှန်းတာကို ပြုလုပ်နေတဲ့ ရပ်ကွက်ကတော့ “ထားဝယ်ကမ်း” ရပ်ကွက်ပါ။ နေပူပူထဲမှာ အမျိုးသမီးတွေဟာ မမောမပန်းနိုင် အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။ ငါးကို ရေဆေးသူဆေး၊ ငါးခြောက်လှန်းသူက လှန်းနဲ့ အလုပ်များနေကြပြီး သူတို့အများဆုံးလှန်းတဲ့ ငါးက ငါးလိပ်ကျောက်ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို တနိုင်တပိုင်အနေနဲ့ လုပ်ကိုင်လာတာ(၁၅)နှစ်ရှိပြီလို့ လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးရွှေထွန်းက ပြောပါတယ်။ ငါးတစ်ခြင်းကို နေလှန်းရင် (၃) ဗန်းစာရပြီး ရလာတဲ့ ငါးခြောက်တွေကို မြိတ်ဈေးကို ပို့ရတာပါ။

“မသဒ္ဓါ” ဟာ သူလုပ်နေရတဲ့အလုပ်ကြောင့် အသားဖြူပေမယ့် အသားအရေ ကြမ်းတမ်းသယောင်ထင်ရပါတယ်။ သူမရဲ့ နေ့စဉ်အလုပ်က မနက်(၆)နာရီမှာ စတင်ပြီး ညပိုင်း(၇)နာရီကျမှ လက်စသတ်ရပါတယ်။ လှေတွေကနေ ဝယ်ယူလာတဲ့ ငါး တွေကိုခုတ်ဖြတ်တာ၊ ရေဆေးတာကနေ ငါးခြောက်ပြုလုပ်ဖို့ နေလှန်းတာအဆုံး တနေကုန် (၁၃)နာရီလောက် အလုပ် လုပ်မှ လုပ်အားခ (၇၀၀၀)ကျပ်ပဲရတယ်လို့ ခပ်တိုးတိုး ပြောပြတယ်။

“ကျမမှာ သားသမီး (၄)ယောက်ရှိတယ်။ သူတို့က ကျောင်းနေတဲ့ အရွယ်တွေလေ။ လုပ်ရတာ ပင်ပန်းပေမယ့် စားဝတ်နေ ရေးက ရှိသေးတော့ လုပ်ရတာပါပဲ။ တစ်နေ့ကို လုပ်အားခ(၁)သောင်းလောက် ရရင်တော့ ပိုအဆင်ပြေမှာပါ” လို့လည်း ပြောပြပါတယ်။
ငြိမ်းချမ်းသာယာရပ်ကွက်မှာ နေထိုင်တဲ့ “ဒေါ်စန်းဝေ” ကတော့ ငါးခြောက်လှန်းတဲ့ အလုပ်ကို လုပ်ကိုင်လာတာ နှစ်ပေါင်း (၄၀)ရှိပါပြီ။ ကုန်ကြမ်းဖြစ်တဲ့ ငါးတွေကို ငါးဖောက်သည်ကြီးတွေဆီကနေ ဝယ်ယူရတာပါ။ ဆိုလိုတာက ငါးလေလံဈေးမှာ ရောင်းချတဲ့ ငါးလှေတွေဆီကနေ တိုက်ရိုက်ယူပြီးရောင်းချတဲ့သူတွေဆီကနေ တဆင့်ပြန်ဝယ်ယူရတာဖြစ်ပါတယ်။ သူတို့ဆီ ကနေ ငါးတွေယူပြီး နောက်မှ ငါးဖိုးငွေကို ချေလို့ရပြီး တချို့ကို ငါး(၁)ပိဿာကို ကျပ်(၂၀၀)နှုန်းနဲ့ ရာခိုင်နှုန်းပေးရတယ်လို့ ဆိုပါတယ်။
မိုးရာသီမှာတော့ ငါးအရ ပိုများတဲ့ အတွက် အလုပ်ပိုလုပ်ရပါသတဲ့။ နေကောင်းကောင်းပွင့်ရင် ငါးအသေးဆို (၁)ရက်၊ ငါး အကြီးဆိုရင်(၃)ရက်နေလှန်းရပြီး ရလာတဲ့ငါးခြောက်တွေကို ထားဝယ်၊ ရန်ကုန်၊ မော်လမြိုင် စတဲ့ မြို့တွေဆီ ပို့ပေးရပါ တယ်။ အဲဒီလို ပို့ရာမှာလည်း ငါးလုပ်ငန်းဦးစီးဌာနကို ငါးခြောက်ပိဿာ(၅၀)ပါတဲ့ တစ်အိတ်မှာ မျှောစာဖိုး (၂၀၀၀)ကျပ် ပေးဆောင်ပြီး ပို့ရတာ ဖြစ်ပါတယ်။ ဒါအပြင် လုပ်ငန်းလိုင်စင်ကြေးအနေနဲ့ ငါးလုပ်ငန်းဦးစီးဌာနကို တစ်နှစ်အတွက်(၂) သောင်းကျပ်ပေးဆောင်ရပါတယ်။ ကားတန်ဆာခအနေနဲ့ ငါးခြောက်တစ်ပိဿာ (၂၀၀)ကျပ်နဲ့ လမ်းကြေးတွေပါ ထပ်မံ ပေးဆောင်ရတယ်လို့လည်း သိရပါတယ်။

ထားဝယ်ဘက်က ငါးယောင်ခြောက်၊ မော်လမြိုင်ဘက်က ဘဲလိပ်ခြောက်နဲ့ ငါးဘတ်ခြောက်၊ ရန်ကုန်ဘက်က ငါးရွှေ ခြောက်၊ ငါးပူတင်းခြောက်တွေကို ကြိုက်ကြတယ်လို့ ဒေါ်စန်းဝေက ဆက်ပြောပါတယ်။ ငါးခြောက်ပြုလုပ်ရာမှာ အဓိက ကုန်ကြမ်းဖြစ်တဲ့ ဆားကို မဖြစ်မနေ အသုံးပြုရပြီး ဆားတစ်အိတ်ကို (၉၀၀၀)ကျပ်အထိ ပေးရပါတယ်။ မိုးရာသီမှာတော့ ငါး တွေကို ကြပ်တိုက်ရပြီး မီးသွေးဖိုတွေသုံးပြီး ကြပ်တိုက်ရတာပါ။ မီးသွေးကလည်း တပိဿာကို (၈၀၀)ကျပ်အထိ ပေးရ ပါသတဲ့။

ဒေါ်စန်းဝေရဲ့ အလုပ်အိမ်ဝိုင်းလေးထဲမှာတော့ အလုပ်သမ(၁၀)ယောက်ခန့်တွေ့ရပါတယ်။ ငါးခုတ်သူခုတ်၊ ငါးကြေးခွံကို ဘရပ်ရှ်နဲ့ ပွတ်တိုက်ဖယ်ရှားသူဖယ်၊ ဆားနယ်သူကနယ်၊ နေလှန်းသူကလှန်းနဲ့ပါ။ သူတို့ရဲ့ လုပ်အားခက ငါးအချိန်ပေါ်မှာ မူတည်ပြီး ရတာပါ။ ငါးများများရတဲ့နေ့ဆိုရင် တစ်နေ့ကို ကျပ် ၁ သောင်းခွဲထိ ရတယ်လို့လည်း သိရပါတယ်။

အလုပ်သမတွေကို ကျမမေးကြည့်တဲ့အခါ ပုံမှန်အလုပ်လုပ်နေရဖို့ပဲ မျှော်လင့်ကြောင်း တညီတညွတ်တည်း ဖြေပါတယ်။ “အလုပ်မရှိတဲ့နေ့ဆို ထမင်းငတ်မှာ စိုးလို့ ပိုက်ဆံချေးသုံးရတယ်” လို့လည်း ရင်ဖွင့်ကြပါတယ်။ ငွေချေးသူတွေဆီက ချေး ရင် အတိုးနှုန်းပိုများပြီး အသေးစားချေးငွေ ထုတ်ပေးတဲ့ကုမ္ပဏီက ချေးရင် အတိုးနှုန်းသက်သာတယ်ဆိုပေမယ့် ကုမ္ပဏီက အချိန်တိတိကျကျနဲ့ ပြန်ဆပ်ရလို့ သိပ်အဆင်မပြေဘူးလို့ ဆိုပါတယ်။ ချေးငွေကို (၄၂)ရက်အတွင်း ပြန်ဆပ်ရပြီး ငွေ(၁) သိန်းချေးရင် အတိုး(၅၀၀၀)ကျပ်ပေးရပါသတဲ့။

အဲဒီတော့… ရေလုပ်ငန်းက အမျိုးသမီးတွေရဲ့ဘ၀ မြင့်မားလာရေးအတွက် ဘာတွေလုပ်ပေးသင့်ပါသလဲ။ အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Green Network Mergui Archipelago (အစိမ်းရောင်ကွန်ရက် မြိတ်ကျွန်းစု) ရဲ့ ဒါရိုက်တာ ကိုပိုအင်က အခုလို အကြံပြု ပြောကြားပါတယ်။

“အချိန်ပို အလုပ်လုပ်ခိုင်းတာပဲဖြစ်ဖြစ်၊ တခြားတစ်ခုခု ဖြစ်တာပဲ ဖြစ်ဖြစ်၊ ဖြစ်လာရင် အလုပ်သမားကဒ်လုပ်မထားတော့ အလုပ်သမားရေးရာဌာနက ရှောင်ဖယ်ချင်တယ်။ အလုပ်သမားကဒ်ကို အလုပ်ရှင်က လုပ်ပေးသင့်တယ်။ အလုပ်ရှင် အလုပ်သမားစာချုပ်နဲ့ အလုပ်သမား အခွင့်အရေးတွေကို နှစ်ဦးနှစ်ဖက် သိရှိနားလည်ထားသင့်တယ်။ နောက်ပြီး… ဟန်ပြ မဟုတ်တဲ့ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေ ဖွဲ့ခွင့်ပေးသင့်တယ်”

သူဆက်လက်ပြောပြတာက “ချေးငွေကိစ္စမှာလည်း SME ဆိုပြီး လုပ်နေပေမယ့် သူတို့ဆီကို မရောက်ဘူးလို့ သိရတယ်။ ရက်ပြန်တိုးချေးတဲ့သူတွေဆီကချေးပြီး နေ့စဉ်သတ်မှတ်နှုန်းနဲ့ ပြန်ဆပ်နေရတယ်။ အတိုးသက်သက်သာသာနဲ့ အမျိုးသမီး တွေကို ပိုက်ဆံချေးပေးသင့်တယ်”

တနင်္သာရီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၈)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းကလည်း သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“အမျိုးသမီးတွေကို ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နိုင်အောင် ကူညီပေးနိုင်ရင် ကောင်းတယ်ဗျ။ ဥပမာ ငါးပိလုပ်တာမျိုးပေါ့။ အိမ်တွင်းမှာပဲ တပိုင်တနိုင်လုပ်နိုင်မယ်၊ အစိုးရဘက်က နည်းပညာအကူအညီပေးတာမျိုး၊ ဈေးကွက်ရှာပေးတာမျိုးဆို သူတို့အတွက် အဆင်ပြေမယ်ဗျ။ SME တွေကို ငွေထုတ်ချေးသလိုမျိုး တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို အတိုးနှုန်းနည်း နည်းနဲ့ ငွေထုတ်ချေးပေးရင် ကောင်းပါတယ်”

မြိတ်မြို့နယ်ကထွက်တဲ့ ကင်းမွန်နဲ့ ကောင်းပေ့ဆိုတဲ့ငါးတွေကို ရေလုပ်ငန်းလုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေ စားသုံးရတာ မဟုတ်ပါဘူး။ နေရာအမျိုးမျိုးမှာ၊ အလုပ်အမျိုးမျိုးလုပ်ကိုင်နေကြပေမယ့် သူတို့ရဲ့ တူညီတဲ့အခြေအနေက သူတို့ရဲ့ဘဝရပ် တည်ရေး ထင်သလောက်အဆင်မပြေကြတာ သိခွင့်ရခဲ့ပါတယ်။ အထူးသဖြင့်တော့ အများစုဟာ ပင်ပင်ပန်းပန်းလုပ်နေ ကြရပေမယ့်လည်း သူတို့ရဲ့သားသမီးတွေပညာရေးစရိတ်အတွက် ရတက်မအေးနိုင်ကြရသူတွေ ဖြစ်ပါတယ်။

မြို့ကြီးပြကြီးဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ ဈေးကြီးပေးစားသောက်နေကြတဲ့ ရေထွက်အစားအစာတွေမှာ ဒီဒေသခံအမျိုးသမီးတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေ၊ ချွေးတွေနဲ့အတူ သူတို့ရဲ့မရဲတရဲမျှော်လင့်ခြင်းတွေလည်း ပါဝင်နေမှာအ သေအချာပါပဲလို့ ကျမတွေးနေမိပါတော့တယ်။

Author:

Related Articles