Home ဆောင်းပါး ရုန်းထွက်စရာ ရှေးအစဉ်အလာတွေအောက်မှာ

ရုန်းထွက်စရာ ရှေးအစဉ်အလာတွေအောက်မှာ

ဉာဏ်လင်းထက်

”မောင်နှမကိုးယောက်ထဲမှာ ကျမက အကြီးဆုံးဆိုတော့ အမေဆုံးသွားတဲ့အချိန်မှာ ရှစ်တန်းနဲ့ ကျောင်းထွက် ခဲ့ရတယ်” ဟု အသက် (၃၂)နှစ်အရွယ် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင် မမူနန်းက ဝမ်းနည်းဆွေးမြေ့ဟန် အပြည့်ဖြင့် အတိတ်ဇာတ်ကြောင်းကို ပြောပြသည်။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ဂနက်ကျေးရွာ အ လယ်ပိုင်းရှိ နှစ်ပေါင်းတစ်ရာ့သုံးဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်သော ဟိန္ဒူဘုရားကျောင်းရှေ့ရှိ ဟိန္ဒူ ဘုန်းတော်ကြီးတစ်ပါး၏ နေအိမ်တွင် ထိုအကြောင်းကို ပြောပြနေခြင်းဖြစ်သည်။

”စာလိုက်နိုင်ပေမယ့် ကျောင်းထွက်ခဲ့ရတယ်။ မောင်နှမတွေအတွက် ထမင်းချက်၊ အဝတ်လျှော်လုပ်ပေးရတယ်။ မိသားစုများလို့ မောင်နှမတွေအားလုံး ကျောင်းထွက်ခဲ့ရတယ်။ အဖေက ဖဒိုမြို့မှာ ရုံးဝန်ထမ်းပေါ့ ”ဟု မမူနန်း က ဆက်ပြောသည်။ ကျောက်တံခါးမြို့နယ်ရှိ ကျေးလက်တောရွာများတွင် မမူနန်းကဲ့သို့သော ငယ်ငယ်ရွယ် ရွယ်နှင့် စာသင်ကျောင်းကို ကျောခိုင်းခဲ့ရသော ဟိန္ဒူအမျိုးသမီးများစွာရှိနေသည်။ အများစုမှာ အိမ်မှုကိစ္စများ တွင်သာဘဝကို မြှုပ်နှံထားပြီး အိမ်ရှင်မများမှာလည်း ခင်ပွန်းသည်များနှင့် ဒိုးတူဘောင်ဖက် လယ်ယာလုပ်ငန်း လုပ်ကိုင်လျက်ရှိနေကြသည်။ ရာသီပေါ် ကောက်ပဲသီးနှံစိုက်ပျိုးချိန်များတွင်သာမက တစ်နှစ်ပတ်လုံး ဟင်းသီး ဟင်းရွက်စိုက်ပျိုးကာ မြို့ပေါ်ဈေးသို့ သွားရောက်ရောင်းချခြင်းဖြင့်လည်း အသက်မွေးဝမ်းကျောင်းပြုကြလေသည်။

ကျောက်တံခါးသည် ကိုလိုနီခေတ်ဦးကာလတွင် စတင်ကာ စည်ပင်လာသောမြို့ဖြစ်သည်။ ဒေသခံများ၊ ရပ်မိ ရပ်ဖများ၏အဆိုအရ ၎င်းတို့၏ဘိုးဘေးများသည် ၁၈၈၅ ခုနှစ်ဝန်းကျင်ခန့်တွင် လယ်ယာလုပ်ငန်းနှင့် မီးရထား လမ်းဖောက်လုပ်ရေး လုပ်ကိုင်ရန်အတွက် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၈၈၅ ခုနှစ်တွင် အိန္ဒိယ အစိုးရက အိန္ဒိယမြေပိုင်ရှင်သူဌေး အိတ်ချ်အေမီးလင်း ပိုင်ဆိုင်သောမြေကိုယူ၍ ကျောက်တံခါးမြို့ အနောက် ဘက်ရှိ တောဖုံးလွှမ်းရာ မြေကွက် ၂၈၇၀၀ ကျော်ကို နှစ်(၆၀)ဂရမ်ဖြင့်ပေးခဲ့သည်။

မစ္စတာမီးလင်းသည် ထိုစဉ် အိန္ဒိယမှ ဟိန္ဒူများကို လယ်လုပ်ခွင့်ပေးမည်၊ လယ်ပိုင်ဆိုင်ခွင့်ပေးမည် ဆိုကာ စရိတ်ထုတ်ပေးပြီး မြန်မာနိုင်ငံသို့ ဟိန္ဒူများကို ခေါ်ယူလာခဲ့သည်ဟု မြို့၏ သမိုင်းမှတ်တမ်းများတွင် ဖော်ပြ ထားသည်။ လက်ရှိအချိန်တွင် လူဦးရေ နှစ်သိန်းခွဲကျော်ရှိနေသော ကျောက်တံခါးမြို့နယ်၌ ကျေးရွာပေါင်း (၃၁၄) ရွာခန့်ရှိရာတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင်အများဆုံးနေထိုင်သော ကျေးရွာ (၁၁၄)ရွာခန့်ရှိနေ ပြီး ဟိန္ဒူဘာသာဝင် လူဦးရေမှာ ခြောက်သောင်းကျော်ခန့်ရှိနေကြောင်း မြို့နယ်ဟိန္ဒူကောင်စီ အတွင်းရေးမှူး ဦးဂျွာဟီးလာကပြောသည်။

ဟိန္ဒူဘာသာရေးကျင့်သုံးမှုများက ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင် လွတ်လပ်မှုကို ရရှိခံစားရသည်ဟုဆိုလျှင် မှား မည်မဟုတ်ပေ။ တိုက်ရိုက်ဘာသာရေး ခွဲခြားဆက်ဆံမှုများနှင့် ဖိနှိပ်ခြင်းများက မရှိသလောက်ပင်ဖြစ်သည်။

ကျောက်တံခါးနယ်ဘက်ရှိ ဟိန္ဒူအမျိုးသမီးအမျိုးသားများအတွက် ယင်းတို့၏ ဘိုးဘေးများထံမှ ဆင်း သက်လာသော ယဉ်ကျေးမှုစံနှုန်းများ၊ ဓလေ့ထုံးစံများကို လိုက်နာကျင့်သုံးမှုက ရှိနေဆဲဖြစ် သည်။ ကျားမရေးရာ ဆက်ဆံရေးများအပါအဝင် လူတို့၏စိတ်နေစိတ်ထားဆိုင်ရာ ယုံကြည်မှုများနှင့် အလေ့ အထများအပေါ်တွင် ဘာသာတရား၏ လွှမ်းမိုးမှုက ရှိနေလေသည်။ သို့ဖြစ်ရာ ကျေးလက်နေ အမျိုးသမီး များ၏ ပညာရေးကဏ္ဍမှာလည်း နိမ့်ကျနေဆဲဖြစ်သည်။ ဓလေ့ထုံးစံအရ အမွေဆက်ခံနိုင်ခွင့်မှာ လည်း သားယောကျ်ားလေးများသာ တရားဝင်ပိုင်ဆိုင်ခွင့်ကို ကျင့်သုံးနေဆဲဖြစ်၍ ဟိန္ဒူအမျိုးသမီးများအတွက် အမွေရရှိခွင့်ကတော့ မှေးမှိန်လျက် ရှိနေပါသေးသည်။ ”ဥပမာ ကျွန်တော့်သမီးက ကျွန်တော့ဆီက မရပေမယ့် သူ့ယောကျာ်းရဲ့မိဘတွေက သူတို့သားကိုပေးတာကို သူတို့နှစ်ယောက်ရမယ်လေ။ ကျွန်တော့်ချွေးမက သူ့အဖေအိမ်မှာ အမွေမရပေမယ့် ကျွန်တော့သားကို ကျွန်တော်က အမွေပေးတော့ အတူတူပဲလေ။ ဒါကြောင့် အမွေကိစ္စမှာတော့ ပြသနာမရှိပါဘူး။ သမီးတွေ အဆင်မပြေရင်တော့ သားတွေနဲ့တိုင်ပင်ပြီး ပေးပါတယ်။ ပစ်မထားပါဘူးဟုကျောက်တံခါးမြို့မှဟိန္ဒူရပ်မိရပ်ဖ ဦးဗေ့ကရှင်းပြသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှု ဘာသာစကား နှင့် ဘာသာရေးမတူကွဲပြားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် ယဉ်ကျေးမှုများပေါင်းဆုံရာ လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ ၅၁.၄၁ သန်းရှိပြီး ဟိန္ဒူဘာသာဝင် ဝ.၅% ခန့်ရှိ ကြောင်း၊ သို့ရာတွင် လူဦးရေ ၄.၈၆ သန်းရှိသော ပဲခူးတိုင်းတွင် ဟိန္ဒူဘာသာဝင် ၂.၁% ရှိသဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင် ဟိန္ဒူဘာသာဝင် အများဆုံးနေထိုင်သောတိုင်းဒေသကြီးအဖြစ်ဖော်ပြပါရှိသည်။

ကျောက်တံခါးမြို့နယ်ရှိ အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများမှာ ယင်းတို့ရိုးရာအစဉ်အလာအတိုင်း ဆာရီကို သာ အမြဲဝတ်စားဆင်ယင်ကြသည်။ အမျိုးသားများမှာမူ ဘာသာရေးအခမ်းအနားနှင့် နေ့ထူးနေ့မြတ်များတွင် သာ ရိုးရာအဝတ်အစားကို ဝတ်ဆင်ကြသည်ဟုသိရသည်။ ”သူတို့ဟိန္ဒူလူမျိုးချင်း သူတို့ဘာသာနဲ့ စကား ပြောကြတယ်။ အရပ်ဘက်ဝင်ဆံ့တာနည်းတယ်။ သီးခြားနေသလို ဖြစ်နေတယ်။ ပိုနေမြဲ ကျားနေမြဲပုံစံမျိုးနဲ့ သူတို့ရဲ့မိသားစုတွေနဲ့ အလုပ်လုပ်မယ်။ အမျိုးသားတွေရဲ့ နယ်ပယ်က ဘာသာရေးခေါင်းဆောင်တွေကို အခြေခံထားတဲ့အတွက် အစစအရာရာ ဘာပဲဖြစ်ဖြစ် ဘာသာရေးခေါင်းဆောင်တွေကပဲ လိုက်လံဖြေရှင်း ပေးတယ်။ သူတို့ဆီမှာ မိသားစုပေါက်ဖွားနှုန်းကများတယ်။ ပိုက်ဆံမရှိတဲ့သူတွေမှာ သားသမီးများတဲ့အတွက် စားဝတ်နေရေးကြပ်တယ်။ ဒီပညာရေးကို စားဝတ်နေရေးကြပ်တဲ့အတွက် အခိုက်အတန့်လောက်သာ သင်ပေး မယ်။ ဘာသာစကားမပေါက်တာရှိတယ်။ မိဘကိုယ်တိုင်က ဘာသာစကားကို အလေးထားပြီး သင်ပြတာ မရှိ ဘူး။ ဗဟုသုတနည်းပါးတယ်။ မြို့ပေါ်နေတဲ့ ၂၀% လောက်သာနားလည်မယ်။ ကျန်တဲ့ ၈၀% ကနားမလည် ဘူး။ သူတို့မှာ သတင်းမကြည့်ဘူး။ ရေဒီယိုနားမထောင်ဘူး။ အိန္ဒိယဇာတ်ကားကလွဲလို့ မကြည့်ဘူး။ တီဗွီ ကြည့်တာ မဟုတ်ဘူး။ အောက်စက်နဲ့ကြည့်တာ။ သူတို့နေတဲ့ ၇၀%လောက်က မီးမရှိသေးဘူး။ မဲပေး တုန်းကတော့ အိမ်ထောင်စုပုံစံ (၆၆/၆) ကိုင်ထားတယ်ဟု ပဲနွယ်ကုန်းမြို့အခြေစိုက် စစ်မှန်တဲ့ဆန္ဒအဖွဲ့ကို ဦးဆောင်သူ ဦးဇော်မြင့်ဦးက ကျေးလက်နေအိန္ဒိယနွယ်ဖွားများအကြောင်းကိုပြောဆိုသည်။

ဦးဇော်မြင့်ဦးနှင့်အဖွဲ့သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်က iPACE နှင့်တွဲ၍ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာအုပ်စု ပေါင်း (၆၄)စု အတွင်းရှိ ကျေးရွာများတွင် လှည့်လည်၍ ပြည်သူတို့၏ နိုင်ငံရေးအမြင် သဘောထား စစ် တမ်းကို ကောက်ယူခဲ့ဖူးပြီး ယခုအချိန်တွင်လည်း အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အလားတူ စစ်တမ်းများကို ကျေးရွာများသို့ကွင်းဆင်းကောက်ယူနေဆဲဖြစ်သည်။

ဘာသာစကားအခက်အခဲပေါ့။ မိဘတွေ သူတို့ရဲ့လူနေမှုပုံစံကိုပဲပြောရမှာပဲ။ မိန်းကလေးတွေက အိမ်မှာပဲနေ ကြတာများတယ်။ အတင်းသွားခေါ်ပြီး ကျောင်းထားတော့လည်း KG ကို အတန်းကြီးက ဘာသာပြန်ပေးရ တယ်။ အခြေခံမှာကိုက အားနည်းနေတယ်။ အလယ်တန်းအဆင့်လောက်မှာ ကျောင်းပြီးသွားတာများတယ် ” ဟု ကျောက်တံခါးမြို့နယ်တွင် လက်ထောက်ပညာရေးမှူးက ရှင်းပြသည်။

” ကျွန်တော်တို့ဟိန္ဒူက မိဘက ပေးစားတာအများစု။ ကိုယ်ကြိုက်ကိုယ်ယူတာကနည်းတယ်။ ၇၅ – ၈၀% က မိဘပေးစားတာ။ အိုးနဲ့အိမ်နဲ့ကို ပေးစားကြတာ။ ကိုယ်ကြိုက်ကိုယ်ယူကတော့ အိမ်တို့ရွှေတို့ငွေတို့ မမြင်ဘူး။ လူတွေပဲဆောင်ကြတာ။ အခု ဗမာကျောင်းတွေတက်ပြီဆိုတော့ ဆယ်တန်းတွေ၊ တက္ကသိုလ်တွေတက်ပြီဆိုတော့ သူတို့က ကိုယ့်ရဲ့အခွင့် အရေးကို နည်းနည်းပါးပါးနားလည်တဲ့လူကျတော့ ရည်းစားထားကြ၊ ယူကြတယ်။ ဒါပေမယ့် နည်းတာပေါ့ ”ဟု ဂနက်ရွာမှ ကျေးရွာကိုယ်စားလှယ် ဦးကီစူးကူးမားက ဟိန္ဒူတို့၏ လက်ထပ်ထိမ်းမြားမှုပုံစံကိုလည်း ရှင်းပြသည်။

မိဘကထိမ်းမြားပေးခြင်းကို လိုက်နာသော အိမ်ထောင်စုများတွင် ကွာရှင်းမှုမှာ အလွန်နည်းပါး ပြီး အိမ်ထောင်ကွာရှင်းရေး ကိစ္စများတွင်လည်း ရပ်ရွာရှိဘာသာရေးခေါင်းဆောင် ရပ်မိရပ်ဖများ ၏ အဆုံးအမနှင့် ဆုံးဖြတ်မှုများကို လိုက်နာလေ့ရှိကာ တရားရုံးသို့ ရောက်ရှိလာခြင်း နည်းပါးသည်ဟု ဟိန္ဒူ အသိုင်းအဝိုင်းကဆိုသည်။

”ပညာရေးမှာတော့ ကျမတို့ အိန္ဒိယနွယ်ဖွား ဟိန္ဒူစတန်နီရှိမယ်။ နိုင်ဒူးရှိမယ်။ တမီလ်ရှိမယ်။ သေလေဂူ ရှိမယ်။ အဲဒီမှာက ဘာရှိလဲဆိုတော့ ကျမတို့ စောင့်လေမျိုးနွယ်ဆိုတဲ့ အဲဒီအိန္ဒိယနွယ်ဖွားလူမျိုးတွေတော် တော်များများဟာ မျိုးစောင့်တယ်။ လူမျိုးတူအချင်းချင်းပဲ ပေးစားတယ်။ အဲဒီအခါမှာ မိန်းကလေးတွေကို ကျောင်းထားပေးချင်သော်ငြားလည်း မိန်းကလေးတွေ အရွယ်ရောက်လာပြီဆိုရင် မအေတွေ ရှေးရိုးစွဲရဲ့ အယူ ဝါဒတွေကြောင့် ကျောင်းကို မပို့ချင်ကြတော့ဘူး။ သူတို့ကို အိမ်တွင်းပုန်းခိုင်းလိုက်ပြီ။ သူတို့ထိုက်သလောက် ပညာမတတ်တော့ဘူး။ အဲဒီလို အားနည်းချက်တွေလည်း ကျမတို့အိန္ဒိယနွယ်ဖွားတွေမှာ တွေ့ရတတ်ပါ တယ်။ သူတို့ကလေးတွေကို ဒီအပြင် ဘာသာ(ဘာသာခြား)နဲ့ ယူသွားမှာကို စိုးရိမ်နေစိတ်တွေ ကြောင့်လည်း မိန်းကလေးတွေကို အဲဒီလို အပြင်မှာ ထားသင့်သလောက်မထားတဲ့အခါမှာ မိန်းကလေးတွေက ပညာတတ် သင့်သလောက်မတတ်ဘဲနဲ့ ဟိန္ဒူရိုးရာအစဉ်အလာအရ မိဘတွေ ပေးစားတဲ့သူနဲ့ အိမ်ထောင်ကျသွားတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ အိမ်တွင်းရေးကို နစ်မြှုပ်လိုက်တဲ့အခါမှာ သူတို့ရဲ့ဘဝဟာ သေသလိုဖြစ်သွားတယ်။ အရမ်း မရှင်သန်တော့ဘူး။ အမျိုးသားတွေကို ပြုစု၊ သားသမီးတွေကိုပြုစုနဲ့ ဒီလိုပဲနေသွားတယ်”ဟု ပြောပြသူက အိန္ဒိယနွယ်ဝင် ဒေါ်မူမူသန်းဖြစ်သည်။

ဒေါ်မူမူသန်းသည် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဟိန္ဒူကောင်စီ ဘဏ္ဍာရေးမှူးဖြစ်ပြီး ဘာသာပေါင်းစုံဖြင့် ဖွဲ့စည်း ထားသော Bago Women Development အဖွဲ့တွင်ပါဝင်ပြီး ဒေသတွင်းရှိ ဟိန္ဒူအမျိုးသမီးများ၏ အရေး ကိစ္စကို ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်သည်။ အကယ်၍ ခင်ပွန်းသည် ကွယ်လွန်သွားပါက ကျန်ရစ် သည့် အမျိုးသမီးများမှာ ပညာရေးနိမ့်ပါးမှုကြောင့် လယ်ယာမြေ ပိုင်ဆိုင်မှုဆုံးရှုံးခြင်းနှင့် အမွေကိစ္စများ ခွဲဝေ ရေးအတွက် တရားရင်ဆိုင်ပါက ရှုံးနိမ့်ရသော သာဓကများရှိကြောင်း။ ပညာမတတ်မှုနှင့် နိုင်ငံသားဖြစ်မှုကို ကန့်သတ်ခံရခြင်းများက အများစုသော ဟိန္ဒူမိန်းကလေးများကို အနောက်သို့ပြန်ရောက်သွားစေသည်ဟု ဒေါ် မူမူသန်းကပြောသည်။

” အဲဒါမျိုးကို တကယ်လို့ ပညာသင်ဖို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ မိဘ တွေကို ပညာပေးပြီးတော့ ဒီဟာ မြန်မာနိုင်ငံမှာနေမယ် ရုံးသုံးဘာသာစကားကို တတ်ရမယ်။ ရုံးသုံးစာကို တတ်ရမယ်ဆိုပြီးတော့ မိဘတွေကို အသိဉာဏ်ပေးခဲ့ရင်လည်း ဒီထက်ပိုကောင်းတဲ့ ဖက်ဒရယ်နိုင်ငံကြီးကို သွားနိုင်မယ်လို့ ကျမယူဆတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးတွေနေကြတယ်။ စာသင်ကြ တယ်။ အဲဒီမှာ အိန္ဒိယအစိုးရကနေ ကြည့်ထားတယ်။ အဲဒါဖက်ဒရယ်နိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် ချင်းလူမျိုး အမျိုးသမီးတွေဟာ အရမ်းကို တော်တတ်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု ပိုကောင်းလာတယ်။ တကယ်လို့ မြန်မာနိုင်ငံကြီးဟာ ဖက်ဒရယ်နိုင်ငံကြီးဖြစ်လာမယ်ဆိုရင် လူမျိုးတစ်ဦးချင်းစီ လူသားတစ်ဦးချင်းစီကို မြန်မာ မြေကြီးပေါ်မှာ မွေးထားတဲ့သူတွေကို အဖြူအမဲ မခွဲပဲနဲ့သာ ဆက်ဆံခဲ့မယ်ဆိုရင် မြန်မာပြည်က အိန္ဒိယနွယ် ဖွားတွေလည်း ပညာသင်ချင်စိတ် ဒီထက်ပိုပြီး ပေါ်ပေါက်လာမယ်ဟု ဒေါ်မူမူသန်းက သူ့မျှော်လင့်ချက်ကိုပြော သည်။
လက်ရှိအချိန်တွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင်များအနေဖြင့် ခေတ်အခြေအနေအရ ကျားမ မခွဲခြားဘဲ ပညာရေးကို အားပေးမှုများရှိနေပြီဟု မြို့ပေါ်နေသူများနှင့် မြို့ပြဧရိယာနှင့်နီးစပ်သော ကျေးရွာတွင် နေထိုင်သူ များက ဆိုကြသည်။

‘ကျမက ဟင်ဒီစာလေးတန်းပဲတတ်တယ်။ သားနှစ်ယောက် သမီးနှစ်ယောက်ရှိတယ်။ အား လုံးအတူတူပဲချစ်တယ်။ အကုန်လုံးကို အားကိုးတယ်။ ဆယ်တန်းကလေးတစ်ယောက်ရှိတယ်။ စာတတ်စေချင် တယ်။ သူတို့က လယ်သမားအလုပ်မလုပ်နိုင်ဘူးလေ။ နေပူလဲမခံနိုင်ဘူး။ ကျမတော့နေပူခံနိုင်တယ်”ဟု ဂနက် ကျေးရွာမှ အသက် (၅၁) နှစ်အရွယ် အမျိုးသမီး ဆူဆပ်သီးရားက ပြောလိုက်လေသည်။

Author:

Related Articles