အိမ်ဦးခင် စီစဉ်သည်။
ဖက်ဒရယ်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြဿနာကို အမှန်တကယ်ဖြေရှင်းနိုင်ပါ့မလား၊ လက်ရှိ တိုင်းရင်း သားနယ်မြေတွေမှာ စစ်ပွဲ/တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပေါ် ဘယ်လိုမြင်သလဲ၊ စစ်ပွဲတွေနဲ့ မြန်မာ့ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ဟာ ဘယ်လောက်ထိရောက်မှုရှိနေသလဲဆိုသည့်အချက်များအပေါ် လူငယ်ခေါင်းဆောင် များမှ သုံးသပ်ဆွေးနွေးထားပါသည်။
ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအရေး တက်ကြွစွာပါဝင်လှုပ်ရှားနေသူလည်းဖြစ်သည့် နည်းပညာ ကောလိပ်ဆရာမတစ်ဦးဖြစ်သူ ဘီအက်စ်တာဇေနော်၊ ကယား(ကရင်နီ)ပြည်နယ်အရေးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရိုစီကျော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ) မိုးဆန်း စုကြည်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ သင်ဇာရွှန်းလဲ့ရည်တို့ ပါဝင်ဆွေးနွေးထား ကြပါသည်။
မြန်မာနိုင်ငံကို အနာဂတ်ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်းနေကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဘာကြောင့်လိုအပ်တာလဲ။
ဘီအက်စ်တာဇေနော – ဒေသန္တရသမိုင်းကြောင်းနောက်ခံ၊ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ၊ လူမှုဘ၀ နေထိုင်မှုပုံစံ စသဖြင့်မတူညီတဲ့ ပြည်ထောင်အများအနေနဲ့ အတူတကွစုပေါင်းနေထိုင်ဖို့ ကြိုးစားကြတဲ့အခါ၊ ဖက်ဒရယ်စနစ်လိုမျိုး အစိုးရအုပ်ချုပ်မှုအဆင့်အလိုက် နိုင်ငံရေးအာဏာကို ခွဲဝေယူကြတဲ့ပုံစံမျိုးက ပိုလက် တွေ့ကျတဲ့ ဒီမိုကရေစီအရွေ့ကို ဖော်နိုင်ချေများတဲ့အတွက်ကြောင့်လို့ သုံးသပ်ပါတယ်။
သင်ဇာရွန်းလဲ့ရည် – လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ရော ပြီးခဲ့သော နှစ်ပေါင်း(၆၀)ကျော် ကာလ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်ရပ်တွေရော၊ နောက်နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ ပညာရေးအရရော ဒီကိစ္စအားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် အဓိကမြင်ရတာကတော့ တန်းတူညီမျှရေး မရနေတဲ့ ပြသနာရှိနေတဲ့အတွက်ကြောင့်မို့ ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ သွားကို သွားရမယ့် အခြေအနေကို ရောက်နေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဆိုတာ နံပါတ်တစ်က ပင်လုံ ညီလာခံမှာ ပင်လုံစာချုပ်မှာ ပါဝင်နေတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ သဘောတူညီခဲ့တာတွေပေါ်မှာလည်း အခြေခံပြီး ကျမတို့က ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ လိုကိုလိုအပ်နေတယ်။ နောက်တခုက လူမျိုးရေး အရရော ကျမတို့ မတူကွဲပြားတဲ့အနေအထား၊ အသွင်သဏ္ဍာန်တွေရော ကျမတို့က ဖက်ဒရယ်ပြည် ထောင်စုကို သွားကိုသွားရမယ့် အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ သိပ်ကို လိုအပ်ပါတယ်။ နှစ်ပါတ်သုံးမေးခွန်းဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ အဓိက အရေးကြီးတဲ့ အချက် ပေါ့နော်။ ရွန်းလဲ့အမြင်ကတော့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဆိုရင် တစ်က နိုင်ငံရေးခံယူချက်နဲ့ နိုင်ငံရေး ဆန္ဒ ပြင်းပြဖို့ိလိုအပ်တယ်လို့ မြင်ပါတယ်။ လိုအပ်တယ်ဆိုတာ ပြောတာကတော့ လွယ်တယ်ပေါ့နော။ တကယ့်စိတ်ဆန္ဒရှိတယ်ဆိုရင် လက်ရှိပြည်ထောင်စုသားတွေရဲ့ အခက်အခဲတွေ ခံစားချက်တွေ နာကျင်မှု တွေ ကျမတို့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတွေ ဒါတွေကို လေးစားတန်ဖိုးထားတဲ့ ဆန္ဒပေါ်ပေါက်လာဖို့ လိုပါ လိမ့်မယ်။ တကယ်သာ နိုင်ငံရေးစိတ်ဆန္ဒစစ်မှန်တယ်ဆိုရင် စောစောကပြောတဲ့ အချင်းချင်း နားလည်မှု လေးစားမှုနဲ့ ညှိနှိုင်းပေးချင်တဲ့စိတ်ဆန္ဒ နောက်ဆက်တွဲလုပ်ရပ်တွေ ဒါတွေဟာ စိတ်ဆန္ဒကပဲ ဦးဆောင်တာပါ။ တကယ့်စိတ်ဆန္ဒရှိလာရင် ဘယ်အရာမှ စိတ်ကသာ ဦးဆောင်တာပါ၊ စိတ်ကဦးဆောင်ရင် မအောင်မြင်တာ မရှိပါဘူးဆိုတော့ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေဟာ တကယ်စစ်မှန်တဲ့ စိတ်ဆန္ဒနဲ့ ဦးဆောင်မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတင်မကဘူး။ ကျမတို့လိုလားတဲ့ တိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ အတွက်လည်း အခြေခံ ရေခံမြေခံတွေ ပေါ်ပေါက်ဖို့ အခွင့်အလမ်းတွေ ဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်
ရိုစီကျော် – လက်ရှိမြန်မာနိုင်ငံသည် ပဋိပက္ခမျိုးစုံဖြစ်ပွားနေတဲ့တိုင်းပြည်ဖြစ်တယ်။ ဖြစ်ပွားရသည့် အကြောင်းရင်းတွေက မတူညီသော လူမျိုးများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာစကား၊ ကိုးကွယ် သည့်ဘာသာ၊ နိုင်ငံရေး၊ လူမှုစီးပွားရေး၊ ကျား/မ(လိင်)၊ပထဝီအနေအထား၊ နောက်ခံသမိုင်းကြောင်း မြောက်မြားစွာနဲ့ စုစည်းနေထိုင်နေတဲ့ တိုင်းပြည်ဖြစ်တယ်။ မတူသည့်အချက်တွေကြောင့် ဒီလို ပဋိပက္ခ ဖြစ်ရတယ်လို့ပြောလို့မရပါဘူး။ အဲဒီမတူတာကို ဘယ်လိုစီမံခန့်ခွဲနေသလဲ၊ မတူကွဲပြားနေတဲ့ လူမှု အသိုင်း အဝန်းမျိုးစုံကို နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာတွေ၊ ဥပဒေပြုရေးတို့၊ မူဝါဒရေးဆွဲ ချမှတ်တဲ့နေရာတွေမှာ လူ နည်းစုနဲ့ မတူညီတဲ့ လူမှုအသိုင်းအဝန်း ဘယ်လောက်ခွဲဝေကျင့်သုံးမှုရှိနေသလဲ၊ ဘယ်လောက် လက်ခံ သလဲ၊ ဘယ်လောက်လေးစားသလဲ၊ ပါဝင်ခွင့်ဘယ်လောက်ပေးနေသလဲ ဆိုတဲ့အပေါ် အများကြီးမူတည် ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ ဖြစ်ပွားနေတဲ့ပဋိပက္ခကိုကြည့်မယ်ဆိုရင် အမျိုးသားတန်းတူညီမျှမှုမရှိခြင်း၊ နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာတွေကို ခွဲဝေကျင့်သုံးမှုမရှိတာတွေ၊ လူနည်းစုအခွင့်အရေးတွေကို ထည့်သွင်း စဉ်းစားမှုမရှိတာတွေ၊ လေးစားမှုမရှိတာ အသိအမှတ်ပြုမှုမရှိတာ ဒါတွေအပေါ် အများကြီးမူတည်နေတယ်။ ဖက်ဒရယ်က လူနည်းစုအခွင့်အရေးတွေအကာအကွယ်ပေးခြင်း ပဋိပက္ခတွေဖြေရှင်းတဲ့ နည်းလမ်းတခု ဖြစ်ခြင်း၊ ယုံကြည့်မှုကိုတည်ဆောက်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနဲ့ စုပေါင်းအုပ်ချုပ်ခြင်း( Self rules – Share Rules) စတာတွေကို အာမခံနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်စနစ်ကို သွားဖို့ လိုအပ်ပါတယ်။
မိုးဆန်းစုကြည် – ကျမတို့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဘာကြောင့်လိုအပ်လိုဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းအရဆိုလို့ရှိရင် ကျမတို့နိုင်ငံက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီးတော့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တယ်ပေါ့။ ဒီပင်လုံစာချုပ်မှာ ကျမတို့တိုင်းရင်းသားတွေအားလုံး ပါဝင်ပြီးတော့ ဒီစာချုပ်ရဲ့သဘောတရားကိုက ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ကို ရည်ရွယ်တယ်။ တိုင်းရင်း သားတွေအနေနဲ့ ဖက်ဒရယ်ကို လိုလားတယ်ဆိုတာမျိုးနဲ့ ရှိခဲ့တာပေါ့နော်။ အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးတဲ့နောက်ပိုင်း ပါလီမန်ဒီမိုကရေစီ်စနစ်နဲ့ ဦးနုတို့က အုပ်ချုပ်ခဲ့တယ်၊ အုပ်ချုပ်ခဲ့ပေ မဲ့လို့လည်း ဒီဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်တာမျိုး မရှိခဲ့ဘူးပေါ့နော်။ အဲဒီ နောက်ပိုင်းမှာ ဦးနုပြီးသွားတော့ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်းတို့က အာဏာသိမ်းပြီးတော့ စစ်အာဏာရှင် စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ အဲဒီမှာ ဒီ(၂၆)နှစ်လုံးလုံး ဒီဖက်ဒရယ်ဆိုတဲ့အသံ မထွက်ခဲ့ရဘူးပေါ့နော်။ ဖက်ဒ ရယ်ဆိုတာ ခွဲထွက်ရေးတို့ဘာတို့ပေါ့၊ ဒီမိုကရေစီဆိုတာလည်း လုံးဝပျောက်သွားခဲ့တယ်ပေါ့။ အဲဒီမှာ ဗဟို ဦးစီးစနစ်နဲ့အုပ်ချုပ်လာတယ်။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတယ်။ အဲဒီနောက်မှာတော့ လူထုက ဆင်းရဲ မွဲတေ ပြီးငတ်ပြတ်လာတယ်ပေါ့။ စစ်အာဏာရှင်စနစ် ဖြစ်သွားတဲ့နောက်မှာ ဒီဖက်ဒရယ်ဆိုတဲ့ လမ်း ကြောင်းကနေ သွေဖယ်သွားခဲ့တယ်။ အဲဒီသွေဖယ်သွားတဲ့နောက်မှာ တိုင်းရင်းသားတွေ သူတို့ရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတွက် သူတို့ လက်နက်ကိုင်ပြီး တော်လှန်လာကြတယ်။ တိုင်းရင်းသား တွေက ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်ပြီး သူတို့ရဲ့ ရပိုင်ခွင့်အတွက် တော်လှန်လာကြတယ်။ ဒီဖက်ဒရယ်မရမချင်း သူတို့က လက်နက်စွန့်မှာ မဟုတ်ဘူးပေါ့။ အဲဒီတော့ ဒီစစ်ကြောင့် ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေကြားထဲက ပြည်သူတွေက မြေဇာပင်ဖြစ်လာရတာပေါ့နော်။ ဒီစစ်ကြောင့် ပြည်သူတွေ ခံရတယ် ဆိုတော့ ဒါက အောင်မြင်ရေးလမ်းကြောင်း ဟုတ်လားဆိုလည်း မဟုတ်ဘူးပြောရမှာပေါ့နော်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဒီပင်လုံညီလာခံပေါ့နော်။ ဖက်ဒရယ်ဖြစ်ဖို့အတွက် ဆွေးနွေးရမယ့်ကိစ္စတွေ ဖြစ်လာတယ်ပေ့ါ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အန်စီအေကို စပြီး အကောင်အထည်ဖော် ဆောင်ရွက် လာတယ်။ အခုဆိုရင် ၂၁ ရာစုပင်လုံညီလာခံသုံးကြိမ်ရှိသွားပြီပေါ့။ ဒီလိုမျိုး ဆွေးနွေးပွဲတွေကနေပြီး တော့မှတဆင့် တိုင်းရင်းသားတွေက ဒီဖက်ဒရယ်စနစ်ကို ရရှိလာအောင် အကောင်အထည်ဖော် ဆောင် ရွက်မယ်လို့ထင်တယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ ခွဲဝေမှုတွေရှိလာတယ်။ ဒါကြောင့်မို့လည်း ဖက်ဒရယ်ဆိုတာလိုအပ်တယ်။ ဒီဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ ဥပဒေတွေပြဋ္ဌာန်းမယ် ဘာသာ ရေးတွေ ကျန်းမာရေးတွေ စီးပွားရေးတွေကအစပေါ့။ တိုင်းရင်းသားတွေက သူတို့ဆီမှာ အုပ်ချုပ်ပိုင်ခွင့် ရလာမယ်လို့ထင်တယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ပြည်ထောင်စုစနစ်က ကျမတို့ မြန်မာနိုင်ငံမှာ ရှိဖို့လိုအပ် တယ် တကယ်လည်း တိုင်းရင်းသားတွေက ဒါကိုရည်ရွယ်ခဲ့တာလို့ ကျမအနေနဲ့ ထင်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်ဖို့အတွက် အဓိက အရေးကြီးတဲ့အချက်တွေက ဘာတွေဖြစ်မလဲ။ မြန်မာနိုင်ငံမှာ အဲဒီအချက်တွေ ဘယ်လောက်ပြည့်စုံနေပြီလဲ။
ဘီအက်စ်တာဇေနော – ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံကို တည်ဆောက်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပင်မကျောရိုးဖြစ်ပါတယ်။ ဒီလိုဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအတွက်အရေးကြီးတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ ဒေသအသီးသီးက လူမျိုးစု၊ လူတန်းစား၊ လူ့အလွှာအသီးသီးကြား အကြေအလည် သဘောတူတည်ဆောက်ထားတဲ့ ဘုံအမျိုးသားလက္ခဏာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံစံတန်ဖိုးတွေကို အများသဘောနဲ့အညီ အရင်သတ်မှတ်နိုင်ဖို့ အရေးကြီးလိုအပ်တဲ့အကြောင်းကို မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းအရလည်း သင်ခန်းစာယူနိုင်ပါတယ်။ အဲဒီနောက်မှာ ကဏ္ဍအရပ်ရပ်က ပြည် သူအားလုံး ပါဝင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဖြစ်စဉ်နဲ့ ဒီမိုကရက်တစ်နည်းကျ အထွေထွေ ဆန္ဒခံယူပွဲ တစ်ရပ်ကို မလွဲမသွေဖြတ်သန်းရပါမယ်။ ဒီလိုဘုံအမျိုးသားလက္ခဏာရပ်တွေနဲ့ ဘုံစံတန်ဖိုး တွေကို အခြေခံအုတ်မြစ်အနေနဲ့ အရင်းပြုပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ လုပ်ငန်းစဉ်တလျှောက် မှာလည်း သက်ဆိုင်ရာပြည်နယ်အသီးသီး၊ တိုင်းရင်းသားအသီးသီးက သဘောတူညီခန့်ထားတဲ့ တတ်သိ ပညာရှင်တွေနဲ့ ရေးဆွဲဖို့လိုအပ်ပါတယ်။ ဒီလိုရေးဆွဲတဲ့အခါမှာလည်း ဖက်ဒရယ်အုပ်ချုပ်ရေးပုံစံဟာ အစိုးရ အဆင့်အလိုက် အာဏာခွဲဝေမှုပုံစံဖြစ်တဲ့အတွက် ဘယ်လို နိုင်ငံရေးအာဏာမျိုးကို ဘယ်အစိုးရအဆင့်မှာ ထားမလဲဆိုတာ တိတိကျကျခွဲဝေမှုရှိဖို့၊ မျှတတဲ့ ဆုံးဖြတ်ချက်တွေဖြစ်ဖို့၊ လက်တွေ့သုတေသနရလာဒ် တွေပေါ်အခြေခံရေးသားကြဖို့ လိုအပ်ပါတယ်။
သင်ဇာရွန်းလဲ့ရည် – အခြားသော နည်းပညာပိုင်းဆိုင်ရာ ဖက်ဒရယ်နိုင်ငံဖြစ်ဖို့နဲ့ မူဘောင်တွေ နိုင်ငံတကာ သင်ခန်းစာယူစရာတွေ လေ့လာစရာတွေ မြောက်မြားစွာ ပညာရှင်တွေရော အဖွဲ့အစည်းအသီးသီးက ပံ့ပိုးပေးဖို့ အဆင်သင့်ရှိပါတယ်။ ဆိုတော့ဒါတွေက အခက်အခဲမဟုတ်နေပြန်ဘူးဆိုတော့ ဘယ်လို ဖက် ဒရယ် frame နဲ့သွားမလဲဆိုတဲ့ဟာက ပြဿနာမဟုတ်နေပဲနဲ့ ဖက်ဒရယ်ကို သွားမယ်ဆိုတဲ့လိုင်းကို မကျ နေတာက ပြသနာဖြစ်နေတယ်ဆိုတော့ အဓိကအရေးကြီးတာကတော့ စောစောက ပြောတဲ့ စစ်မှန်တဲ့ နိုင်ငံရေးစိတ်ဆန္ဒပြင်းပြဖို့ လိုပါတယ်။ ဒီလိုနိုင်ငံရေးစိတ်ဆန္ဒပြင်းပြမှှုက အခုချိန်မှာ ကျမတို့ အပြောနဲ့ပဲ မြင်နေရတယ်။ လက်တွေ့မမြင်နေရဘူး။ ဒါက ကျမတို့ဝေဖန်ရမယ့်အချက်ဖြစ်ပါတယ်။ အဖွဲ့ အစည်း အသီးသီးကလည်း ဆန္ဒရှိတယ်လို့ ပြောပေမဲ့အပြောနဲ့ပဲ မြင်နေရတယ်။ လက်တွေ့ အကောင် အထည်ပေါ်လာတဲ့ လုပ်ရပ်တွေမမြင်ရတဲ့ အခါမှာ စောစောကပြောတဲ့ စိတ်ဆန္ဒပြင်းပြမှုအပိုင်းမှာ အားနည်းချက်တွေ အများကြီးဖြစ်နေတယ်လို့မြင်တယ်။ အဲဒီအတွက်ကြောင့်မို့ ဒီအချက်ကို အရင်ဆုံး ပြည့်စုံအောင် ကိုယ်တိုင်ကိုယ်ကျ စစ်မှန်တဲ့ခေါင်းဆောင်တွေကို တင်မြှောက်ပြီးတော့ ကျမတို့ ကိုယ်စားပြု နိုင်တဲ့၊ အဖြေကို ရှာပေးနိုင်တဲ့ခေါင်းဆောင်တွေ လူမှန်နေရာမှန်ဖြစ်လာဖို့ လိုနေတယ်။ အဲဒါက အရင်ဆုံး လိုအပ်နေတဲ့ မပြည့်စုံနေတဲ့အချက်လို့ ပြောလို့ရပါတယ်
ရိုစီကျော် – ဖက်ဒရယ်တည်ဆောက်နိုင်ရေးအတွက်ဆိုရင် အရင်ဆုံးပဋိပက္ခတွေကို ချုပ်ငြိမ်းပြီးတော့ အမျိုးသားတန်းတူမှု အပြည့်အဝရရှိတာ၊ မတူကွဲပြားနေတဲ့ လူမှုအသိုင်းအဝန်း၊ လူမျိုး၊ ဘာသာ၊ ဘာသာ စကား၊ ကျား/မ(လိင်)၊ နယ်မြေဒေသအကြား အရင်းအမြစ်များ မျှဝေသုံးစွဲတာ၊ လက်ခံလေးစားတာ၊ အသိအမှတ်ပြုတာ၊ ကာကွယ်ပေးတာ၊ ကျဉ်းမြောင်းတဲ့ လူမျိုးကြီးဝါဒကို ရှောင်ဖို့၊ နိုင်ငံရေးအရ မတူကွဲ ပြားတာတွေကို လက်ခံလေးစားတာ၊ အုပ်ချုပ်ရေးစနစ်များ။ နိုင်ငံရဲ့ အင်စတီကျူးရှင်းတိုင်းမှာ အမျိုးသား တိုင်းရဲ့အမျိုးသားရေးလက္ခဏာတွေ၊ လူနည်းစုအခွင့်အရေး၊ မတူကွဲပြားတာတွေ ထည့်သွင်းကျင့်သုံးဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ ဖက်ဒရယ်က အဝေးကြီးလိုနေပါသေးတယ်။ တနိုင်ငံ လုံးအပစ်ရပ်မယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်သွားမယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှတဆင့် အားလုံးပါဝင်ပြီး အားလုံးလက်ခံနိုင်မဲ့ မူဘောင်ချမှတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံတွေအပါအဝင် အခြား သော အရာတွေအများကြီးလုပ်ဖို့ လိုအပ်နေပါသေးတယ်၊
မိုးဆန်းစုကြည် – ဖက်ဒရယ်နိုင်ငံဖြစ်ဖို့အတွက်ဆိုလို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပြဋ္ဌာန်းခွင့်တွေ ဒါ တွေက အရေးကြီးပါတယ် တိုင်းရင်းသားတွေကလည်း ဒီအနှစ်သာရကို သူတို့လိုချင်တယ်။ ဒါကိုမရဘူး ဆိုရင် သူတို့ရဲ့လက်နက်တွေကိုလည်း သူတို့စွန့်မှာမဟုတ်ဘူး။ အဲဒီတော့ ဖက်ဒရယ်က ဘယ်လောက် အရေးကြီးလဲဆိုလို့ရှိရင် ကျမအနေနဲ့ ပြောရရင် အဓိကအရေးကြီးဆုံးအချက်က ဘာလဲဆိုရင် ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်နိုင်မှပေါ့နော်၊ ပြင်နိုင်ဖို့လိုတယ်။ အဲဒီမှာ ငြိမ်းချမ်းရေးအတွက် တကယ်လိုအပ်တယ်၊ ဖက် ဒရယ်ရှိမှ ငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းဖို့အတွက်ဆို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ဖို့လိုတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မှ ဖက်ဒရယ်ရမယ်၊ လွှတ်တော်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့မှ ပြင်ဆင်ဖို့ ဆောင် ရွက်နေတာတွေ ရှိတယ်။ ဆက်ပြီးတော့ ကြိုးစားနေရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦး ဆောင်ပြီးတော့ ဆောင်ရွက်နေတာပေါ့။ လိုအပ်ချက်တွေတော့ ရှိနေတုန်းပါပဲ။ အခုဆိုလို့ရှိရင် ၂၀၁၃ လောက်ထဲကလည်း ဒီပင်လုံညီလာခံကို ကျင်းပလာခဲ့တာ အခုဆိုရင် (၃) ကြိမ်ရှိပြီ အဲဒီ(၃)ကြိမ်မှာ ပထမ တစ်ကြိမ်မှာတော့ ဘာမှရလာဒ် မထွက်လာခဲ့သေးဘူးပေါ့နော်။ ဒုတိယအကြိမ်မှာတော့ (၃၇) ချက်ဆိုတဲ့ သဘောတူညီချက်တွေ ရလာတယ် နောက်တကြိမ်မှာတော့ (၁၄)ချက်ပေါ့နော်။ စုစုပေါင်း (၅၁)ချက်ပေါ့ အဲဒီလိုမျိုး သဘောတူညီချက်တွေနဲ့ ရလာခဲ့တယ်ဆိုတော့ တဖြည်းဖြည်းတော့ကြိုးစားနေရဦးမှာပါပဲ။
တိုက်ပွဲတွေက အခုဆိုရင် တောကနေ မြို့ပေါ်အထိ ဖြစ်လာပြီ။ နယ်စပ်သာမက မြို့ပေါ်မှာလည်း သေနတ်ကျည်ဆံတွေ မလွတ်တော့တဲ့အခြေအနေမှာရှိတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ လက်ရှိ တိုက်ပွဲတွေအပေါ် ဘယ်လိုမြင်လဲ။
ဘီအက်စ်တာဇေနော – ပထမဆုံးအနေနဲ့ မြို့မှာဖြစ်စေ၊ တောမှာဖြစ်စေ၊ နယ်စပ်မှာဖြစ်စေ၊ မြို့ပြကြီးမှာ ဖြစ်စေ၊ နိုင်ငံရဲ့လက်ရှိ သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းမှာ ပြည်တွင်းက လက်နက်ကိုင်ဆောင်သူ အဖွဲ့တွေအချင်းချင်း တိုက်ခိုက်ကြတဲ့ စစ်ပွဲမှန်သမျှဟာ ပြည်တွင်းစစ်ပါပဲ။ စစ်ကစစ်ပါပဲ။ မြို့ပေါ်ရောက် လာလို့လည်း ပိုမထူးခြားသွားပါဘူး။ တိုင်းပြည်ရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် လျစ်လျူရှုထားလို့မရပါဘူး။ လက်ရှိတိုက်ပွဲတွေဟာ တစ်နိုင်ငံလုံးတစ်ပြိုင်နက်တည်းအပစ်ရပ်မှ ငြိမ်းချမ်းနိုင်မယ်ဆိုတဲ့စဉ်းစားချက်နဲ့ ခေတ်အဆက်ဆက်မအောင်မြင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေကို သင်ခန်း စာယူပြီး၊ အကောင်အထည်ဖော်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ရဲ့ မူလရည် ရွယ်ချက်ကို တင်းပြည့်ကျပ်ပြည့်အကောင်အထည်မဖော်နိုင်တဲ့အတွက် ထပ်ဆင့်ပိုဆိုးဝါးလာတဲ့ အခြေအ နေလို့မြင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းကသာ ဟိုအဖွဲ့ဒီအဖွဲ့ရယ်လို့ သင်းကွဲခွဲခြားမှု မရှိပဲ NCA မှာ ပါဝင်လိုတဲ့အဖွဲ့တိုင်းကို အဟန့်အတားမရှိ လက်ခံပေးခဲ့ရင်၊ NCA ဆွေးနွေးပွဲကျင်းပနေချိန်တွေမှာ စစ် ရေးအရ ထိုးစစ်ဆင်ဖိအားပေးတာတွေမရှိခဲ့ရင် NCA ရည်ရွယ်ချက် အကောင်အထည်ဖော်ခြင်းက အခု ထက်ပိုအားကောင်းနိုင်မယ်လို့ ယူဆပါတယ်။ လက်ရှိတိုက်ပွဲတွေက အခုမှရုတ်ချည်းပေါ်လာတဲ့ အရာတွေ မဟုတ်ပါဘူး။ ဒီမီးခဲရဲရဲတွေ ပြာအောက်တောက်လောင်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့်ပြဿနာတွေဟာ လျစ်လျူရူလိုက်လို့ (ဒါမှမဟုတ်) အင်အားသုံးတိုက်ခိုက်လို့ ပြေငြိမ်းနိုင်မယ့်အရာတွေမဟုတ်ပါဘူး။
သင်ဇာရွန်းလဲ့ရည် – တိုက်ပွဲတွေက ကျမတို့နေရာအစုံမှာ တစ်နိုင်ငံလုံးနီးပါးမှာ ဖြစ်လာတယ်လို့ ပြောလို့ရ တယ်။ ကျမတို့မျက်စိရှေ့မှာတင် ရခိုင်မှာ စစ်မီးတောက်တဲ့ကိစ္စ ဒါကကျမတို့ မျိုးဆက်အတွက်ရော လက်ရှိ တာဝန်ယူနေတဲ့သူတွေအတွက်ရော ရှက်စရာဖြစ်ပါတယ်။ အရမ်းကို ဝမ်းနည်းစိတ်ပျက်ဖို့ ကောင်းတဲ့ဖြစ် ရပ်ကို ကျမတို့မျက်စိရှေ့မှာ ကြုံတွေ့ခံစားနေရတဲ့ ဘာမှမတတ်နိုင်တဲ့ ဒီခံစားချက်က ကျမတို့မျိုးဆက်တွေ တွက် သိပ်ကိုနာကျင်ရပါတယ်။ ကျမတို့လူငယ်တွေအနေနဲ့ဆိုလည်း ကိုယ့်မိသားစုဖြစ်စေ ကိုယ့်ရဲ့ သူငယ် ချင်းမိတ်ဆွေတွေ စစ်ရှောင်နေရတဲ့ ဖြစ်ရပ်တွေကို ကျမတို့ကိုယ်တိုင် မြင်တွေ့နေရတယ် ဆိုတာကြီးက ကျမတို့ ၂၀၁၉ ခုနစ် ဒီ၂၁ ရာစုကြီးမှာ တော်တော်လေးကို ရှက်ဖို့ကောင်းတဲ့ဖြစ်ရပ်လို့ပဲ ကျမတို့ ခံယူတယ်။ ကျမက မြန်မာလူငယ်၊ ဗမာလူမျိုးတယောက်အနေနဲ့ ဒီနယ်စပ်တွေမှာဖြစ်စေ ပြည်နယ်တွေမှာဖြစ်စေ ဖြစ်နေတဲ့ တိုက်ပွဲတွေ အသီးသီးဟာ ကျမတို့နေ့စဉ်အိမ်တံခါးဝမှာ လာခေါက်နေတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ် တယ်လို့ အရင်ကတည်းက ခံယူတယ်။ ဒီအတွက်ကြောင့်မို့လို့လည်း စစ်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ အ ကြောင်းအရာကို စသိကတည်းက ၂၀၁၁ – ၁၂ လောက်ကတည်းက ကျမတို့က စစ်ပွဲဆန့်ကျင်ရေး လှုပ် ရှားမှုကြီးကို အစဉ်တစိုက် ပါဝင်လာခဲ့တယ်ပေါ့နော်။ ဒီလိုမျိုး ချိတ်ဆက်မှုကို ကျမတို့က မြင်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပြည်နယ်သားတွေ ခံစားမှုတွေဟာ ပြည်ပမှာရှိနေတဲ့ ဗမာတွေအတွက်လည်း တူညီတဲ့ ခံစားချက်ကို ဖြစ်စေတယ်ဆိုတဲ့ အမြင်မျိုး ကျမတို့မှာ ရှိခဲ့ပါတယ်။ ရှိတဲ့ပြည်သူတွေက အများကြီးပါပေါ့ နော်။ ကိုယ်အိမ်မှာ ပြဿနာမဖြစ်ဘူးဆိုရင် ဒါကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့တွေးတဲ့ အတွေးတွေကတော့ နိုင်ငံရေး ရေချိန်အတော်လေး ကျနေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုအတွေးတွေ ဖြစ်နေတာလို့ မြင်ပါတယ်။ ဒီတိုက်ပွဲ တွေ ဖြစ်လာရတဲ့ အရင်းအမြစ်ကို အမြဲတမ်းဆန်းစစ်ကြည့်တဲ့အခါမှာလည်း တွေ့ရတာဘာလဲဆိုတော့ ထွက်ပေါက်ပိတ်တဲ့အခါမှာ နောက်ဆုံးလက်နက်ကိုင်မှသာလျှင် အဖြေဖြစ်မယ်ဆိုတဲ့ အမြင်ကို တွန်းပို့နေ တဲ့ ဒီအတွေးအခေါ်ကို အားပေးနေတဲ့ ကျမတို့ နိုင်ငံရဲ့လူ့အသိုင်းအဝိုင်းက အဲဒီလိုမျိုး အားပေးနေတယ်လို့ မြင်တယ်။ ဒီတွက်ကြောင့်မို့လို့ ဒီအာရခမ်အာမီလိုမျိုး အေအေတို့ဘာတို့ဆိုရင်လည်း သိပ်မကြာသေး ခင်ကမှ လက်နယ်ကိုင်တဲ့ လူငယ်တွေဦးဆောင်တဲ့ အဖွဲ့ဖြစ်တယ်။ ဒီလူငယ်တွေဟာ နောက်ပိုင်းတိုး တက်ခေတ်မီလာတဲ့ ခေတ်ကြီးမှာ ဒီလိုမျိုးလက်နက်ကိုင်ရမယ်ဆိုတဲ့အမြင်ကို ဖြစ်သွားစေတဲ့ ဒီလှုံ့ဆော် မှုက ဘာလဲဆိုတာ ကျမအမြဲ စဉ်းစားကြည့်ပါတယ် လက်နက်ရှိမှသာလျှင် လူရာသွင်းပြီးတော့ လက်နက်ရှိ မှသာလျှင် အဖက်လုပ် စကားပြောတဲ့ ယဉ်ကျေးမှုကြီးက ကျမတို့ လူ့အသိုင်းအဝိုင်းမှာ ရှိနေတယ် အဖက် လုပ်ခံချင်တယ် စကားပြောခံချင်တယ် အသိအမှတ်ပြုခံလိုတဲ့ လူတွေမှာ ရွေးချယ်စရာက ဘာလဲဆိုရင် လက်နက်ဖြစ်နေတယ်။ လက်နက်ရှိမှ ဒီလက်နက်နဲ့ တိုက်ပွဲဝင်ပြီးတော့ အင်အားပြမှသာလျှင် အဖက် လုပ်ခံ၇တဲ့ အသိအမှတ်ပြုခံရတယ်ဆိုတဲ့ သတင်းစကားကို ကျမတို့ အရှေ့ရှေ့သော မျိုးဆက်တွေက ပေးခဲ့သလားပေါ့နော်။ ဒီလိုပေးခဲ့လို့ ဒီလိုလူငယ်တွေက နောက်ဆုံးမှာ လက်နက်ကိုင်ရတဲ့ အဆင့်ကို ရောက်သွားသလားဆိုတာ ကျမတို့ အားလုံးပြန်သုံးသပ်ရမယ့် အချိန်ရောက်နေပါပြီ။ စစ်ပွဲတွေကို ကျမ တို့က မလိုလားဘူး၊ ဟုတ်တယ်၊ စစ်ပွဲတွေနောက်ဆက်တွဲ ပြည်သူတွေ ခံစားချက်တွေအပေါ်မှာ အခြေခံ ပြီးတော့ ကျမတို့စစ်ပွဲကို မလိုလားဘူးလို့ ပြောတာဖြစ်ပါတယ်။ စစ်ပွဲလို့ပြောရင်လည်း နှစ်မျိုးနှစ်စားရှိ တယ်ပေါ့။ တခုကကျတော့ ခုခံစစ်နဲ့ နောက်တခုက ဆင်နွှဲတဲ့တိုက်ပွဲတွေပေါ့နော်။ ထိုးစစ်ပေါ့၊ ခုခံစစ် ဆိုတဲ့အပိုင်းမှာလည်း ကျမတို့က ဒီအပိုင်းကို ဘာမှပြောစရာမရှိပါဘူး။ ကိုယ့်ကိုလာပြီး ထိခိုက်မှုတွေ နောက်ဆက်တွဲမှာ ခုခံရတဲ့ကိစ္စရပ်တွေသည် ဒါလူ့သဘာဝအရရော တရားမျှတမှုအရရော ဒါသည် ဖြစ် သင့်ဖြစ်ထိုက်ပါတယ်။ ဒါပေမဲ့ အဲဒါထက်ပိုလာသော အခြားသော အကြောင်းအရာတွေ ပါဝင်ပတ်သက်လာ တယ်ဆိုရင်တော့ ဒါကို တနိုင်ငံလုံးနီးပါး ပြည်သူတွေ အသိပညာပိုမြှင့်တင်ပြီးတော့ စစ်ပွဲနဲ့ တရားမျှတမှု ဆိုတဲ့ အကြောင်းအရာတွေကို ပိုပြီးလေ့လာဖို့ အချိန်ရောက်လာပါပြီ။
ရိုစီကျော် – တိုက်ပွဲကတော့ ခုမှမဟုတ်ပါဘူး။ အရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ အမြဲလို လိုဖြစ်နေခဲ့တာပါဘဲ၊ ကျမတို့ တိုင်းရင်းသားတွေက အမြဲတမ်းခံစစ်လိုဘဲ ဖြစ်နေရတာ။ တခါတလေတော့ တိုက်စစ်ဆင်ဖို့လိုအပ်ပါတယ်၊ ဘယ်တိုင်းရင်းသားလက်နက်ကိုင်မှ ကိုယ့်ရဲ့ လူထုကို ထိခိုက်စေချင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မဖြစ်မနေလို့သာ တိုက်ရတယ်လို့ ထင်ပါတယ်၊ လက်နက်ကိုင်ပြီး အမျိုးသားတန်း တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးကို ကြိုးပမ်းခဲ့ကြတယ်။ ငြိမ်းချမ်းရေးကို မျှော်ကိုးပြီး နောက်ဆုံးစားပွဲပေါ်မှာ ဆွေးနွေးရေးတွေ လုပ်ကြတယ်။ သို့သော် အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှု၊ ကတိကဝတ်စောင့်ထိန်းမှုမရှိတာ၊ ကိုယ်ကျိုးစီးပွားကာကွယ်တာ၊ အမျိုးသားတန်းတူရေး မရရှိခြင်းအတွက် ပြန်လည်တိုက်ယူခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ ဒါကလဲ NCA လမ်းကြောင်းနဲ့လည်း ဆိုင်တယ်လို့မြင်ပါတယ်။ အားလုံးပါဝင်ရေးမူကို မဖေါ်ဆောင်နိုင်တာ မြောက်ပိုင်းကို မူတစ်မျိုးနဲ့ ကိုင်တယ်၊ ဝကို မူတစ်မျိုးနဲ့ကိုင်တယ်။ အဲဒီလိုတွေ ခွဲခြားထားတာတွေကြောင့် ယုံကြည်မှုတွေမရှိတော့တာကြောင့် လည်းပါတယ်။ တပ်မတော်က စစ်ပွဲတွေကိုရပ်ဖို့ ရည်ရွယ်ချက်မရှိလောက်ဘူး ထင်ပါတယ်။ ငြိမ်းချမ်းရေး က ပိုဝေးဝေးလာတယ်ဆိုတာကိုလည်း ဒီစစ်ပွဲတွေအပါ်ကြည့်ပြီးသုံးသပ်နိုင်ပါတယ်။
မိုးဆန်းစုကြည ် – တိုက်ပွဲဆိုတာက ဘယ်နိုင်ငံမှာမဆို ပြည်သူတွေက မလိုလားဘူး။ လူထုတွေအကုန်လုံး က ငြိမ်းချမ်းချင်တယ်၊ ငြိမ်းချမ်းဖို့လိုတယ်၊ ငြိမ်းချမ်းဖို့ဆိုတာက လက်နက်ရှိတဲ့သူတွေ လက်နက်စွန့်မှ ငြိမ်း ချမ်းမှာ ဖြစ်တယ်။ ကျမအမြင်ပေါ့နော။ တချို့တွေက တိုင်းပြည်ကို တမင်ဆူပူအောင် လုပ်နေတယ်လို့ လည်း မြင်မိတယ်။ ဒါကတော့ အကျိုးစီးပွားတွေပေါ်မှာလည်း မူတည်တယ်လို့ထင်တယ်။ နောက်တခု ကကျတော့ တိုက်ပွဲတွေက လက်ရှိပေါ့နော်၊ အခုဆိုလို့ရှိရင် မြို့ပေါ်အထိပေါ့၊ မေမြို့မှာ ဖြစ်သွားတဲ့ကိစ္စ လိုမျိုးတွေ မြို့ပေါ်မှာ ဖြစ်လာတဲ့အကြောင်းက အဓိက တာဝန်ရှိတာက ကျမမြင်တာက လုံခြုံရေးကို တာ ဝန်ယူတဲ့သူတွေအပေါ် မူတည်တယ်လို့ထင်တယ်။ ဒီမြို့ပေါ်အထိ တိုက်ပွဲတွေ ဖြစ်ရတယ်ဆိုတာ လုံခြုံရေး အားနည်းလို့လို့ပဲ မြင်ပါတယ် နယ်မြေတွေလုံခြုံရေးပေါ့လျော့လို့ လုံခြုံရေးကို သေချာမလုပ်နိုင်လို့ပေါ့နော်။ ဒါကြောင့်မို့လို့ မြို့ပေါ်ထိ ပဋိပက္ခတွေ တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ထင်မြင်မိပါတယ်
မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတယ်။ လက်ရှိ အစိုးရက အရပ်သားအစိုးရလို့ ပြောလို့ရတယ်။ ဒီနေရာမှာ တိုက်ပွဲကြောင့်၊ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ကျည်/အမြှောက်မှန်လို့ သေဆုံးတဲ့အရပ်သားပြည်သူတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဘီအက်စ်တာဇေနော – နိုင်ငံတစ်နိုင်ငံမှာ သက်ဆိုင်ရာနိုင်ငံရေးအခင်းအကျင်းအရ အာဏာလက်ဝယ်ရှိတဲ့ အစုအဖွဲ့ဘယ်နှစ်ဖွဲ့ပဲ သင်းကွဲနေပါစေ၊ တရားဝင်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်အာဏာခွဲဝေထား တဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်က သူတို့သက်ဆိုင်ရာကဏ္ဍကို အပြည့်အဝ တာဝန်ယူတာဝန်ခံကြရပါမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကိုပြသနိုင်တဲ့အဆင့်တွေလည်း အမျိုးမျိုးရှိပါတယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်း ကြောင့် ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်၊ အစိုးရတစ်ရပ်အနေနဲ့ နှုတ်ဆိတ်နေခြင်းထက်ပိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးရှိရပါမယ်။ အနည်းဆုံး လက်ရှိအခင်းအကျင်းမှာ စစ်ရေးအရဖြစ်လာတဲ့ နယ်မြေမတည်ငြိမ်မှုနဲ့ အခြားသောမလုံခြုံမှုတွေအတွက် တပ်မတော်မှာ အပြည့်အဝတာဝန်ရှိသလို၊ ဒီလိုပြည်တွင်းစစ်ပဋိပက္ခ ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်၊ သေကြေပျက်စီးကြရတဲ့ ပြည်သူတွေအတွက် လက် ရှိ အာဏာရအစိုးရမှာ တာဝန်အပြည့်အဝရှိပါတယ်။
သင်ဇာရွန်းလဲ့ရည် – လက်ရှိတိုက်ပွဲတွေ ကျမကတော့ ခုခံစစ်ဆိုတဲ့အပိုင်းပေါ်မှာ ဘာမှမှတ်ချက်မပေး လိုပါဘူး။ စစ်ပွဲတွေ နောက်ဆက်တွဲဖြစ်လာတဲ့ ထိခိုက်နစ်နာခံစားရမှုတွေက မျိုးဆက်နဲ့ချီပြီး ရှိနေပါတယ်။ ဒီမျိုးဆက်နဲ့ချီပြီး နာကျင်ရမှုတွေ ထိခိုက်မှုတွေက ကျမတို့အတော်လေးကို ကုစားရမှာပါ။ ဒီကုစားမှုက ကျမတို့ မျိုးဆက်သစ်တွေရဲ့ ပုခုံးပေါ်ရောက်လာမှာ ဖြစ်ပါတယ်။ အခုကတည်းက ကျမက စိုးရိမ်ပူပန်မိ ပါတယ်။ ကျမတို့မျိုးဆက်တွေရော ကျမတို့သားသမီးမြေးမြစ်တွေ နောက်ဆက်တွဲမှာ ဒီလက်ရှိဖြစ်ပေါ် နေတဲ့ အကြောင်းအရာသွားသက်ရောက်တဲ့အတွက်ကြောင့်မို့လို့ ခုချိန်မှာ ကျမကပူပန်မှုတွေနဲ့ နေ့စဉ်အ သက်ရှင်နေရတယ်လို့ ပြောလို့ရပါတယ်။ ဒီအမြောက်ဆန်ထိလို့သေဆုံးတဲ့ အရပ်သားတွေက လူသားတွေ ဖြစ်တယ် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည် ဖြစ်စေ ဘာသာမတူသည်ဖြစ်စေ တူသည်ဖြစ်စေ အခြားသော နယ်စပ်မှာ နေသည်ဖြစ်စေ မနေသည်ဖြစ်စေ၊ လူသားတယောက်ဟာ မွေးဖွားလာတဲ့အခါမှာ သူ့မှာ တန်ဖိုး ရှိပါတယ်။ ဒီတန်ဖိုးကို ကျမတို့က ဒီတန်ဖိုးနဲ့ သူ့ရဲ့အခွင့်အရေးတွေကို ကျမတို့က လူသားဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်မှုကို ကာကွယ်ရပ်တည်ပေးဖို့ ကျမတို့က ရွေးကောက်ပွဲတွေ ရှိခဲ့ကြတာဖြစ်တယ်။ လူသား တယောက်ချင်းစီရဲ့ ဖြစ်တည်မှုနဲ့ တန်ဖိုးကို ကာကွယ်ပေးဖို့ အရပ်သားအစိုးရဆိုတာ ပေါ်ပေါက်လာတာ ဖြစ်တယ်။ အကယ်၍ ဒီအစိုးရသည် လူသားတယောက်ချင်းစီရဲ့ တန်ဖိုးနဲ့ ဖြစ်တည်မှုကို အခွင့်အရေး တွေကို မကာကွယ်ပေးဘူးဆိုရင် အစိုးရမဖြစ်ထိုက်ပါဘူး။ အရပ်သားအစိုးရလို့ မခေါ်ထိုက်ဘူး။ အဲဒါနဲ့ ကျမတို့က တိုင်းတာရတယ်ပေါ့နော်။ ဒီမိုကရေစီရွေးကောက်ပွဲတွေက ပေါ်လာတဲ့အရပ်သားအစိုးရသည် အရပ်သားတွေကို ခုခံကာကွယ်ပေးဖို့ အရပ်သားတွေဘက်ကနေ ရပ်တည်ပေးဖို့ အပြည့်အဝ တာဝန်ရှိ ပါတယ်။ ဒီဟာမျိုးကို မရပ်တည်နိုင်ဘူး။ မကာကွယ်ပေးနိင်ဘူး။ ထုတ်ဖော်ပြောဆိုမှုတောင် မလုပ်နိုင်ဘူး ဆိုရင် ဒါသည် ဒီအစိုးရတရပ်ရဲ့အင်္ဂါရပ်တွေချို့ယွင်းသွားတယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် ကျမတို့ ပြည်သူတွေ ကိုယ်တိုင်က ဒီအစိုးရအပေါ်မှာ အယုံအကြည်မရှိတော့ဘူး။ ထပ်မံအားပေး ထောက်ခံမှုလည်း မဖြစ်လာနိုင်တော့ဘူးပေါ့နော်။
ရိုစီကျော် – အားလုံးမှာတာဝန်ရှိပါ။ အစိုးရကနေပြီးတော့လည်း စစ်တပ်ကို ထိန်းကျောင်းကြပ်မတ်ဖို့ လိုပါတယ်။ ကြားဝင်ဖြန်ဖြေပေးရုံနဲ့တော့ စစ်ပွဲတွေ ရပ်သွားမှာ မဟုတ်ပါဘူး၊ အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မကြေငြာနိုင်ခဲ့သလို စစ်တပ်ကိုလဲ အစိုးရအောက်မှာ မထားနိုင်တာက အဓိက ပြသနာဖြစ်ပါတယ်။ နှစ်ဖက်သော လက်နက်ကိုင်တွေကလဲ စစ်ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု မရှိတော့ဘဲ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် လူထုတွေက ပစ်မှတ်တွေလို ဖြစ်လာရပါတယ်။ ဒါ ကြောင့် အစိုးရအပါအဝင် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးမှာ တာဝန်ရှိပါတယ်။ အစိုးရ ကနေပြီးတော့လဲ ပြည်သူလူထု ကိုဘယ်လိုကာကွယ်ရမလဲ ဆိုတာကို လုပ်ဆောင်ဖို့ အရေးကြီးနေပါတယ်။
မိုးဆန်းစုကြည် – စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်သူတွေမှာ တာဝန်ရှိလဲလို့ပြောရင် တကယ့်ပြည်သူတွေက ငြိမ်းချမ်းမှုကို လိုချင်တယ်၊ ငြိမ်းချမ်းချင်တယ်၊ စစ်ပွဲတွေကို မလိုလားဘူး၊ စစ်ပြေး ဒုက္ခသည်တွေအနေနဲ့ နေနေရတာကို ပြသနာတွေဖြစ်တယ်၊ ဒါပေမဲ့ တကယ်လို့ ဒီဟာတွေကို ပြောင်းလဲဖို့ နည်းလမ်း ဒီတိုက်ပွဲတွေ မဖြစ်ဖို့ စစ်ပြေးဒုက္ခသည်တွေမရှိလာဖို့ဆိုရင် လက်နက်ကိုင်ထားတဲ့ လက်နက် ရှိတဲ့သူတွေက လက်နက်ကို စွန့်မှပေါ့နော်။ လက်နက်ကိုစွန့်မှ ဒါတွေက ပြောင်းလဲပေးလို့ရမှာပေါ့။ ဒါ တွေမရှိမှ စစ်ပြေးဒုက္ခသည်တွေ နေရပ်စွန့်ခွါရတဲ့သူတွေ မရှိလာမှာ ဖြစ်တယ်ပေါ့။ တချို့ဟာတွေဆိုလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီးတော့ လက် မှတ်ထိုးထားပြီးသားအဖွဲ့တွေ ရှိတယ်ပေါ့ ဒီလက်မှတ်ထိုးထားပြီးသားအဖွဲ့တွေနဲ့လည်း ပြန်ပြီးတော့ တိုက် ကြတာ ဒါမျိုးတွေလည်း တွေ့ပါတယ်။ ပြောချင်တာက ဒီအောက်ခြေအဖွဲ့အစည်းတွေအပေါ်မှာတော့ ဟုတ်ပြီ ကျမသိသလောက် လှမ်းမှီသလောက်က နယ်မြေသတ်မှတ်ထားတာတွေ ရှိတယ်ပေါ့။ လက်နက် ကိုင်အဖွဲ့အစည်းတွေမှာဆို ဘယ်ကနေဘယ်မြေကို မကျူးကျော်ရ ဒါမျိုးတွေပေါ့နော်။ သူ့နယ်မြေ ကိုယ့် နယ်မြေပေါ့နော် အဲလိုသတ်မှတ်ထားတာတွေ ရှိတယ်ပေါ့။ တကယ်လို့ အပေါ်ကနေပြီး တာဝန်ရှိတဲ့ သူတွေကနေပြီးတော့ ဒါတွေသဘောတူထားတဲ့အပေါ်မှာပေါ့နော်၊ ဘယ်လိုတွေ ဆွေးနွေးထားတယ်ဆို တာတွေကိုလည်း အောက်ခြေကို အောက်ခြေမှာရှိတဲ့ အဆင့်ဆင့်အဖွဲ့အစည်းတွေကို သေချာရှင်းပြဖို့လို တယ်။ ပြီးရင် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း တိတိကျကျလိုက်နာဖို့ လိုတယ်ပေါ့။ တချို့ကျ တော့လည်း ရှင်းရှင်းလင်းလင်း မသိထားတဲ့အခါကျတော့ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်တာတွေ ဒါမျိုးတွေလည်း ရှိတာပေါ့။ တချို့ကျတော့လည်း သိပြီးတော့လည်း မလိုက်နာတာမျိုးတွေ တချို့ကျတော့ လည်း လုံးဝမသိလို့ ဖြစ်သွားတာမျိုး ဒါတွေက ပြည်သူလူထုက မြေဇာပင်ဖြစ်နေရတယ်လို့ မြင်မိပါတယ်။
ပဋိပက္ခ အမျိုးသမီးနဲ့လုံခြုံရေးအတွက် အစိုးရအနေနဲ့ UNSC 1325 ဆုံးဖြတ်ချက်အပေါ် ဘယ်လောက်ထိ အာရုံစိုက် တုံ့ပြန်လုပ်ဆောင်နေပြီလဲ။
ဘီအက်စ်တာဇေနော – UNSCR 1325 ရဲ့ အဓိကအချက်တွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်း၊ ညှိနှိုင်း၊ စောင့်ကြည့်ခြင်းကဏ္ဍတွေမှာ အမျိုးသမီးများရဲ့ပါဝင်မှုတိုးမြှင့်ဖို့ (participation), ပဋိပက္ခဖြစ်ပွားနေတဲ့ ကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အခြားအရေးပေါ်လိုအပ်ချက်တွေမှာ အကာအကွယ်ပေးဖို့ (Protection), ပဋိပက္ခဖြစ်ပွားနေတဲ့ ကာလအတွင်း အမျိုးသမီးဖြစ်ခြင်းကြောင့်ကြုံရတဲ့ ပြဿနာတွေကို တားဆီးဖို့ (Prevention)နဲ့ စစ်ဘေးတိမ်းရှောင်လာကြတဲ့အမျိုးသမီးတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေ မှာ နေထိုင်ကြရတဲ့အခါ သီးခြားကာကွယ်ပေးဖို့လိုအပ်တဲ့၊ ပြန်လည်ထူထောင်ပေးဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ (Relief and recovery) စတဲ့ အကြောင်းအချက်တွေကို၊ အရပ်ဘက်လူ့အဖွဲ့အစည်း တွေအနေနဲ့ တတ်အားသမျှ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရပေမယ့်၊ အစိုးရအနေနဲ့အာရုံစိုက်တုံ့ပြန်မှု အင်မတန်အားနည်းသေးတယ်လို့မြင်ပါတယ်။
သင်ဇာရွန်းလဲ့ရည်– ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ၂၀၁၅ ခုနှစ်မှာ ချမှတ်ခဲ့တဲ့အမှတ် ၂၂၅၀ ရှိပါတယ်။ လူငယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ဆုံးဖြတ်ချက်အမှတ် ရှိပါတယ်။ ဒီအထဲမှာဆိုရင် ကျမတို့ လူငယ်တွေဟာ အမြဲတမ်းစစ်ပွဲတွေ ပဋိပက္ခတွေဖြစ်ရင် ဘယ်တော့မဆို သူတို့ကို ဒီတိုက်ပွဲမှာ တိုက်ဖို့အ တွက် စစ်သားတွေအဖြစ် လူငယ်တွေကို များသောအားဖြင့် သူတို့ကို အသုံးချတယ် အသုံးပြုကြတယ်။ လူငယ်တွေဟာ စစ်ပွဲတခုခုဖြစ်ပြီး ပဋိပက္ခဖြစ်ပြီးဆိုရင် အဓိကသားကောင်တွေ ဖြစ်နေရပါတယ်။ မြန်မာ နိုင်ငံမှာလည်း ဒီလိုသာဓကတွေ အများကြီးပါ စစ်ပွဲဖြစ်ပြီဆိုရင် သူတို့သည် စစ်သားဖြစ်ရင်ဖြစ် မဖြစ်ရင် ရပါ့မလားဆိုတဲ့ သံသယတွေနဲ့ ဖမ်းဆီးထိန်းချုပ်တာတွေ နှိပ်စက်တာတွေ ဒါ့အပြင် ပေါ်တာဆွဲပြီး သူတို့မှာ ရှိတဲ့ ခွန်အားတွေကို မှားယွင်းစွာ အသုံးပြုနေကြတယ်။
ရိုစီကျော်– အစိုးရအနေနဲ့ UNSCR 1325ကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်နေတာတွေကို တွေ့ရတာမရှိသေးပါဘူး။ အချို့ အချက်တွေက အနည်းငယ် ဆွေးနွေးမှုတွေရှိနေပြီလို့ ထင်ရသော်လည်း လက်တွေ့အကောင်အထည်ဖေါ်ဆောင်မှုမရှိသေးပါဘူး။ UNSCR 1325 ကို အစိုးရအနေနဲ့ အမှန်တကယ် နားလည်သလား ဆိုတာကိုတောင် မသေချာပါဘူး။
မိုးဆန်းစုကြည်– အမျိုးသမီးတွေအနေနဲ့ အခုဆိုလို့ရှိရင်ပေါ့နော် ကျမတို့နိုင်ငံမှာ အမျိုးသမီးအဖွဲ့အစည်း တွေအများကြီးရှိတယ်ပေါ့နော်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေ မဆုံးရှုံးရအောင် မနစ်နာ ရအောင် ဒါမျိုးတွေ လုပ်ပေးနေတာမျိုးလည်း အများကြီးရှိတာပေါ့။ ဒီဂျန်ဒါနဲ့ပတ်သက်လို့ရှိရင်တော့ ကျမ တို့နိုင်ငံမှာ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာအရ အဆင်မပြေတာတွေလည်း ရှိတယ်ပေါ့။ ဒါပေမဲ့ အစိုးရ အနေနဲ့ကတော့ အမျိုးသမီးတွေအတွက် သူတို့ရဲ့ ပါဝင်ခွင့်တွေ ဒါတွေကို ရအောင်လုပ်ပေးနေတာ မျိုးတွေ ရှိတာပေါ့။ အနောက်နိုင်ငံတွေရဲ့ အမျိုးသမီးအခွင့်အရေးတွေ ဘာတွေကိုတော့ တန်းတူတော့ မရဘူးပေါ့ နော်။ တချို့အကြောင်းအရာတွေက ကျမတို့နိုင်ငံမှာဆိုရင် လက်ရှိရှိထားပြီးသားတွေလည်း ဖြစ်တယ်ပေါ့။ အချို့အမျိုးသမီးတွေဆိုလည်း ပူးပေါင်းဆောင်ရွက်ခွင့်ရတာမျိုးတွေ ဒါတွေက ပညာရေးရော ဘာသာရေး ရောစတဲ့ အစိုးရကတော့ တန်းတူဆောင်ရွက်ပေးတာမျိုး ရှိပါတယ်။ ကျမအနေနဲ့ ခြုံပြောချင်တာက ဒီပဋိ ပက္ခတွေဖြစ်နေတော့ အစိုးရအနေနဲ့ အမှန်တိုင်းပြောရရင် လက်ရှိအန်အယ်ဒီ အစိုးရအုပ်ချုပ်နေတယ် ပေါ့နော်။ ဒီစစ်ပွဲတွေ ဘာတွေဆိုတာ အစိုးရက ဖန်တီးနေတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာ ကာချုပ်ရဲ့အောက်မှာပဲရှိနေတာပေါ့။ အဓိကပြောချင်တာ ကတော့ သမ္မတက ပြောလို့လည်း မရဘူး၊ တပ်ကို ပြောလို့လည်း မရသလို အမိန့်ပေးလို့လည်းမရဘူးပေါ့။ ဒီတပ်ဟာဆိုလို့ရှိရင် အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာမရှိဘူးပေါ့နော်။ အစိုးရက ထိန်းချုပ်လို့မရဘူး။ ဒီ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရကိုက သမ္မတအောက်မှာ ရှိမနေတဲ့အတွက်ကြောင့် မို့လို့ တပ်မတော်နဲ့ အစိုးရဆိုတာ သက်သက်စီဖြစ်နေတာပေါ့နော်။ ပြည်သူတွေက ငြိမ်းချမ်းချင်တယ်။ အစိုးရကတော့ တတ် နိုင်သလောက်ဒုက္ခသည်တွေအတွက် ကူညီပေးနေတာပေါ့။ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ဘယ်လို ကူညီပေးမလဲဆိုရင် အခုမြန်မာနိုင်ငံမှာဆိုရင် လက်ရှိအမျိုးသမီးအဖွဲ့တွေပေါ့၊ အစိုးရကလည်း နိုင်ငံတကာ အမျိုးသမီးရေးရာကော်မတီတွေ ဒီလိုမျိုး မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတွေ၊ တခြား အန်ဂျီအိုတွေ အမျိုးသမီးအဖွဲ့တွေ အဲဒါတွေနဲ့လည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေတာတို့ ရှိပါတယ်ရှင့်။
တိုက်ပွဲသံမစဲတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက ဖက်ဒရယ်ပြည်ထောင်စုအတွက် ဘယ်လောက် အလားအလာရှိနိုင်မလဲ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုမြင်လဲ။
ဘီအက်စ်တာဇေနော – တည်ဆောက်ခြင်းမှာ အလျင်လိုလို့မရပါဘူး။ ရည်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ စိတ်သဘောနဲ့ မဖြစ်မနေဖြတ်သန်းဖို့ လိုအပ်တဲ့ တည်ဆောက်ခြင်းအဆင့်တွေကို မှန်မှန်လုပ် ဖြတ်သန်းဖို့ လိုပါတယ်။ လက်ရှိမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု တည်ဆောက် ရေးဟာ ပြည့်ပြည့်၀၀ အကောင်အထည် မဖော်နိုင်နေပါဘူး။ NCA ဟာလည်း ဆယ်စုနှစ်ပေါင်းများစွာ အတွင်း မအောင်မြင်ခဲ့တဲ့ အပစ်ရပ်စာချုပ်တွေကို သင်ခန်းစာယူပြီး ထွက်လာခဲ့တဲ့ အခင်းအကျင်း မျှော် လင့်ချက်တစ်ခုဖြစ်ပေမယ့် လက်ရှိမှာ တစ်ဆို့မှုဖြစ်နေသေးပြန်တယ်။ ရေရှည်သဘောဆောင်တဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရဲ့ ပထမဆုံးနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးအကြီးဆုံးအဆင့်ဖြစ်တဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး အထမမြောက်သေးတာကို မျက်ကွယ်ပြုပြီး၊ အမျိုးသားရင်ကြားစေ့ရေးကို ကျော်လွန် လုပ်ဆောင်နေတာက ထိရှလွယ်တဲ့ ပဏာမအဆင့်အောင်မြင်မှုအတွက် ပိုကြန့်ကြာစေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကြား မယုံကြည်မှုတွေ ပိုတိုးစေပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုကို ရှေးရှုပြီး၊ တိုက်ပွဲသံတွေ အရင်ငြိမ်းဖို့ ယုံကြည်မှုတည်ဆောက်ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းက အင်မတန် ထိရှလွယ်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တဲ့အတွက် လက်ရှိတစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နိုင်ငံ ရေးလမ်းပြမြေပုံကို အားလုံးစုံညီ ပြန်ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
သင်ဇာရွန်းလဲ့ရည် – လက်ရှိလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုပေါ်မှာ ထိခိုက်စေတဲ့ ဖမ်းဆီးမှုတွေ အမိန့်ချ မှုတွေ တရားစွဲဆိုမှုတွေ အားလုံးအားလုံးနဲ့ တိုင်းရင်းသားနယ်ပယ်တွေမှာ တိုင်းရင်းသားပြည်သူတွေရဲ့ ခံစားချက်တွေကို ပယ်ပြီး ဒီဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးသည် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့်လမ်းကြောင်းကို ထိခိုက်စေတဲ့ နစ်နာစေတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဒါတွေကို အမြန်ဆုံးရပ်ပြီး တော့ နားလည်မှု၊ စာနာမှု၊ သည်းခံမှုတွေနဲ့ သွားဖို့ လိုအပ်နေပါတယ် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ တကယ့်ကို လမ်းကြောင်းလွဲနေတဲ့ လမ်းကြောင်းကြီးထဲမှာ သွားနေတယ်ဆိုတော့ ဟန်ပြ ငြိမ်းချမ်းရေးလို့ပဲ ပြောပါရစေ။
မိုးဆန်းစုကြည် – ဖက်ဒရယ်အတွက် ဘယ်လောက်အလားအလာရှိလဲဆိုရင် လက်ရှိမှာ လက်မှတ်ထိုး ပြီးသား အဖွဲ့တွေလည်းရှိတယ်။ နောက်ထိုးမဲ့ အဖွဲ့တွေလည်းရှိတယ်ပေါ့။ အခုဆိုရင်လည်း ပြန်ဆွေးနွေး နေတာတွေလည်း ရှိတယ်ပေါ့။ အစိုးရဘက်ကလည်း ကြိုးစားနေတယ်။ ၃ပုံ ၂ပုံလောက်က လက်မှတ်ထိုး ပြီးပြီးလို့ ပြောလို့ရတယ်။ ကမ္ဘာ့အတွေ့အကြုံအရဆိုရင် နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ငြိမ်းချမ်းရေးဖြစ် စဉ်ဆိုတာက ဘယ်နိုင်ငံမှာမဆိုပေါ့နော်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အနည်းဆုံး အနှစ်(၅၀) လောက်ကိုရှိ တာပေါ့နော်။ ငြိမ်းချမ်းရေး ပြောင်းလဲမှုဖြစ်စဉ်တွေက အဲဒီတော့ အောင်မြင်တာနဲ့ မအောင်မြင်တာနဲ့ဆို မအောင်မြင်တဲ့နိုင်ငံက နည်းတယ်လို့ ပြောလို့ရတယ်။ ကျမတို့အစိုးရအနေနဲ့ကလည်း ငြိမ်းချမ်းရေး ဖြစ် စဉ်ကို ဆက်ပြီးတော့ ကြိုးစားရမယ်။ လက်ရှိမှာလည်း ကြိုးစားနေတယ်ပေါ့နော် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေလိုအပ်လဲဆိုရင် တရားဥပဒေ စိုးမိုးဖို့လည်း လိုအပ်တာပေါ့။ တဖက်မှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အ ကောင်အထည်ဖော်နေတဲ့အခါမှာ တဖက်မှာလည်း ဒီသတ်မှတ်ထားတဲ့ ဥပဒေတွေ ဒါတွေကိုလည်း တရား ဥပဒေစိုးမိုးဖို့လည်း လိုအပ်ပါတယ်။ ကျမတို့အခု လက်ရှိဆိုလို့ရှိရင် ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲဆိုရင် ကျမတို့ရဲ့ခေါင်းဆောင်ပေါ့နော် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီလမ်းကြောင်းကို ရွေးခဲ့တာပေါ့နော်။ ဒီငြိမ်းချမ်းရေးဆိုတဲ့ဟာက အင်မ တန်မှကောင်းတဲ့ ယဉ်ကျေးမှုတခုလည်း ဖြစ်တယ်။ စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာမှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နစ်နာမှု မရှိပဲနဲ့ပေါ့နော်၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ကာကွယ်ပေးပြီးတော့ စားပွဲဝိုင်း ပေါ်မှာပဲ ဖြေရှင်းသင့်တယ်ပေါ့နော်။ ဒီလိုပဲထင်ပါတယ်။ ဒါတခုတည်းသော လမ်းကြောင်းပါပဲ နိုင်ငံရေးဖြစ်စဉ်ကို နိုင်ငံရေးလမ်းကြောင်းနဲ့ပဲ အဖြေရှာရမှာပေါ့နော်။ ဒီလမ်းကြောင်းအတိုင်းပဲပေါ့ ကျမတို့ က တကယ်လည်းလက်ခံတယ် မှန်ကန်တဲ့လမ်းကြောင်းလည်း ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း လက်ခံတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်ကတော့ စောစောကပြောသလိုပဲ ကျမတို့ အတတ်နိုင်ဆုံး ကြိုး စားနေတယ်၊အချိန်ကတော့ အနည်းနဲ့အများပေါ့လေ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် deadlock (တစ်ဆို့နေမှု) ဖြစ်နေတယ်လို့ အများစုက သုံးသပ်ကြတယ်။ အဲဒါကို လက်ခံလား။ ဘယ်သူ့ကြောင့်လို့ထင်လဲ။
ဘီအက်စ်တာဇေနော – ဒါကတော့ အားလုံးတွေ့မြင်နေတဲ့အတိုင်းပါပဲ၊ လက်ခံပါတယ်။ ဒီနေရာမှာ ငြိမ်း ချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ဖြစ်ပါစေ၊ တခြားနိုင်ငံရေးတည်ဆောက်မှုလုပ်ငန်းစဉ်ဖြစ်ပါစေ၊ လူတစ် ဦးတစ်ယောက်ချင်းထက် လည်ပတ်မှုယန္တရားအခြေခံတည်ဆောက်ထားတဲ့ ‘စနစ်’ က ပိုအရေးကြီးပါတယ်။ အပြီးအပြတ်မပြောင်းလဲနိုင်သေးတဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ဝါဒအခြေခံစဉ်းစားချက်တွေက ထိရှလွယ်တဲ့ ယုံကြည်မှုတည်ဆောက်ခြင်းကို အင်မတန်နှောက်အယှက်အဟန့်အတားဖြစ်စေပါတယ်။
သင်ဇာရွန်းလဲ့ရည် – ငြိမ်းချမ်းရေး လက်ရှိလုပ်ငန်းစဉ်က တစ်ဆို့မှုဖြစ်နေတယ်။ အဓိကကတော့ ဘောင် တခုထဲမှာ ပိတ်ထားပြီးတော့ အဲဒီဘောင်ထဲမှာ အားလုံးဝင်ရောက်ပြီး ဆွေးနွေးကြဖို့ ဖိတ်ခေါ်တဲ့ အန်စီအေ လမ်းကြောင်းတခုတည်းအနေနဲ့ သွားနေတဲ့ဟာသည် မှားယွင်းတဲ့မူဘောင်လို့ပဲ သုံးသပ်ပါရစေ။ ကျမတို့မြန် မာနိုင်ငံမှာ မတူကွဲပြားတဲ့ အမြင်တွေနဲ့ အခြေအနေတွေ အများကြီးရှိတယ်။ ဘောင်တခုအနေနဲ့ သွား သတ်မှတ်လို့မရတဲ့အခါမှာ အခြားသော ငြိမ်းချမ်းရေးဆိုင်ရာလမ်းကြောင်းတွေ အများကြီး ဖွင့်ပေးဖို့လို တယ်။ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အသံတွေ နောက်အန်စီအေ မထိုးထားသော အခြားသော လက်နက် ကိုင်အစုအဖွဲ့တွေရဲ့အသံတွေကို ဘယ်လိုနည်းနဲ့စုစည်းမလဲ၊ စုစည်းတဲ့အခါမှာလည်း အဖွဲ့အစည်းက ငယ် လို့ ဆိုတာမျိုးမဟုတ်ဘဲနဲ့ လူငယ်လို့ အဖွဲ့အစည်းငယ်လို့ လက်နက်ကိုင်အင်အားနည်းလို့ဆိုတာမျိုး မသတ်မှတ်ပဲနဲ့ တောင်းဆိုမှုရှိနေတဲ့ လူတိုင်းလူတိုင်းကို ကျမတို့ တကယ့်ကို လေးလေးစားစား လူသားချင်း ဆိုတဲ့ လေးစားမှုနဲ့ နေရာပေးဖို့လိုပါတယ်။ အဓိက ကျမတို့နိုင်ငံမှာလိုနေတာ အသိအမှတ်ပြုမှုဖြစ်ပါတယ်။ အသိအမှတ်ပြုမှုကို စနစ်တကျနဲ့ လူသားချင်း လေးစားမှုမပေးနိုင်တဲ့အခါမှာ ဒီပြဿနာတွေက ဆက်ပြီး ဖြစ်နေမယ်လို့ မြင်ပါတယ်။ ဒါဟာ ဘယ်သူ့ကြောင့်လဲလို့ပြောရင် လက်ရှိတာဝန်ယူနေတဲ့ တာဝန်ယူထား တဲ့ ပေါ်လစီချမှတ်မှုတွေ လွဲမှားမှုတွေလို့ အဓိက မြင်ပါတယ်။
ရိုစီကျော် – ငြိမ်းချမ်းရေးဖြစ်စဉ် Deadlock ဖြစ်နေရခြင်းကလဲ အားလုံးပါဝင်ရေးမူကို မဆွဲနိုင်ဘဲ ငြိမ်းချမ်းရေးစကားဝိုင်းတွေဖော်ဆောင်ရွက်နေတာတွေ၊ ပြီးတော့ တပ်မတော်ရဲ့ မူ(၆)ချက်ကလဲ ငြိမ်းချမ်း ရေးကို အဟန့်အတားဖြစ်စေသလို လမ်းပြမြေပုံ(၇)ချက်ကို အကောင်အထည်မဖော်နိုင်ဘူး။ အရေးကြီးတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ တပ်ရဲ့မူက သွားပြီးပိတ်ပိတ်နေတော့ ရှေ့ဆက်ဆွေးနွေးဖို့ ခက်ခဲသွားတယ်။ ဒါကြောင့် တကယ့်နိုင်ငံရေးအရဆွေးနွေးသင့်တဲ့ အကြောင်းအရာတွေ မပါလာတော့ဘဲ အဖြစ်သဘော ညှိနှိုင်းသဘောတူညီမှုတွေ ထွက်လာတယ်။ ခုဆိုရင် NCA လမ်းကြောင်းက အလုပ်မဖြစ်ဘူးဆိုတာကို အစိုးရအပါအဝင်အားလုံးလဲ သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒါကြောင့် NRPC ကတောင် ဒီ Deadlock ကနေ ပြန်ရုန်းဖို့အဆင့် (၄) ဆင့်ပါတဲ့ proposal တစ်ခုပြန်တင်သွင်းပြီး ဖြစ်နိုင်မဖြစ် နိုင်ဆိုတာကို ပြန်ချပြတာကိုလုပ်လာတာတွေ့ရတယ်။ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေအပါအဝင် လက်မှတ်မ ထိုးရသေးတဲ့ အဖွဲ့တွေပါ အားလုံးပါဝင်လာနိုင်မယ့် လမ်းကြောင်းဖြစ်လာနိုင်ဖို့ နည်းလမ်းစဉ်းစားနေ ကြတာဖြစ်နိုင်ပါတယ်။
မိုးဆန်းစုကြည် – ငြိမ်းချမ်းရေးဖြစ်စဉ်က တစ်ဆို့မှု ဖြစ်လားမဖြစ်လားဆိုတာ ကျမတို့ ငြိမ်းချမ်းရေး ဆွေး နွေးတဲ့အခါမှာ ကဏ္ဍတွေရှိတယ်။ ကဏ္ဍတခုတည်းမဟုတ်ဘူး။ အဓိကဆိုရင် ကဏ္ဍ(၅)ခုပေါ့။ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဒီလိုကဏ္ဍတွေ ကဏ္ဍတွေအလိုက်မှာ အစိုးရဘက်ကလည်း ပါမယ်။ တပ်မတော်လည်းပါမယ်။ ဒီလိုမျိုးတွေပေါ့နော် ပူးပေါင်း ဆောင်ရွက်ပြီးတော့ ဆွေးနွေးကြတယ်။ အဲဒီတော့ ကဏ္ဍတွေနဲ့ ဆွေးနွေးတဲ့အခါမှာ တချို့ကဏ္ဍတွေကျတော့ သဘောတူညီချက်တွေရတယ်။ တချို့ကဏ္ဍ တွေကျတော့ ဆက်ပြီးတော့ ဆွေးနွေးနေတယ်။ ဆွေးနွေးရင်းနဲ့လည်း ထပ်ပြီးတော့ သဘောတူညီမှု ရလာနိုင်တဲ့အချက်တွေ ရှိမယ်လို့မျှော်လင့်တယ်။ ဒီထဲမှာမှ စီးပွားရေးတို့၊ လူမှုရေးတို့၊ နိုင်ငံရေးတို့ ကဏ္ဍ တွေ ဒီလိုကဏ္ဍတွေမှာကျတော့ သဘောတူညီချက် တွေရတယ်။ ဆွေးနွေးနေတယ်။ အဲဒီတော့ အဲဒီအထဲ မှာမှ လုံးဝသဘောတူညီချက် မရနိုင်သေးတဲ့ကဏ္ဍက ဘာလဲဆိုရင် လုံခြုံရေးကဏ္ဍလို့ ကျမမြင်မိတယ်ပေါ့ ။ လုံခြုံရေးကဏ္ဍက မထွက်လာနိုင်သေးတာတွေ ရှိတာပေါ့ ဒီကဏ္ဍက တကယ့်အရေးကြီးဆုံး ကဏ္ဍလည်း ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ဒီကဏ္ဍမှာဆိုလို့ရှိရင် လက်နက်ကိုင်အဖွဲ့ အစည်းတွေက ဆွေးနွေးရတာပေါ့။