Home ဆောင်းပါး ထိုင်းအမျိုးသမီးရေးဝါဒီလှုပ်ရှားမှုဆီသို့

ထိုင်းအမျိုးသမီးရေးဝါဒီလှုပ်ရှားမှုဆီသို့

အိမ်တွင်းအကြမ်းဖက်မှုက လွတ်မြောက်လာသူတစ်ဦးရဲ့စိတ်ဒဏ်ရာတွေ၊ ကျား၊မတန်းတူရေးနှင့် ကျား၊မ ဆိုင်ရာ လက္ခဏာတို့အပေါ် အလေးထားပြီး ထိုင်းလှု့အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှုကို ရှာဖွေခြင်း

ဇော်မိုးလူ ဘာသာပြန်သည်။

“လူအဖွဲ့အစည်းက ဖယ်ကြဉ်ခံထားသူတွေနဲ့ အမျိုးသမီးတွေကို အားပေးမြှင့်တင်ဖို့အတွက် ဗုဒ္ဓဘာသာ အမျိုး သမီးရေးဝါဒီပညာရှင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုအတွက် တရားပြမယ့် ဆရာ၊ ဆရာမတွေကို ကျမတို့အလွန် အမင်းလိုအပ်နေပါတယ်”လို့ ဝေဖွန်ခွန်းကရောက်က ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းဒေါင်းမြို့မှာအခြေစိုက်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဆိုင်ရာ နိုင်ငံတကာအမျိုးသမီးမိတ်ဖက် အဖွဲ့ IWP ကို တည်ထောင်သူနဲ့ သင်တန်းဆရာမတစ်ဦးလည်းဖြစ်တဲ့ ဖိဝေဖွန်ဟာ ဗုဒ္ဓဘာသာ၊ ထိုင်းယဉ် ကျေးမှုနဲ့ အမျိုးသမီးရေးဝါဒဆက်စပ်မှုကို အလေးအနက်စဉ်းစားဖူးပါတယ်။ သူကိုယ်တိုင်ဟာ အိမ်တွင်း အကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာရသူတစ်ဦးလည်း ဖြစ်တာကြောင့် သူ့ရဲ့ သင်ကြားပြသမှုတွေဟာ ထိုင်းလူမှုအဖွဲ့အစည်းက ခွင့်ပြုမထားတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု၊ ကျား/မတန်းတူရေး (gender)နဲ့ ကျား၊မဆိုင်ရာလက္ခဏာ စတဲ့ ခေါင်းစဉ်တွေအပေါ် အလေးထားခဲ့ပါတယ်။ အရင်က နိုင်ငံတကာ ဗုဒ္ဓဘာသာ ကွန်ရက်အဖွဲ့  International Network of Engaged Buddhists ရဲ့ အမျိုးသမီးနဲ့ ကျားမတန်းတူရေးအစီ အစဉ်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ ဖိဝေဖွန်ဟာ အခုအခါ စိတ်ဖိစီးမှုများတဲ့ တက်ကြွလှုပ်ရှားသူအဖြစ်က ထွက်ခွာပြီး ဖိနှိပ်မှုဆန့်ကျင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို ဦးဆောင်နေပါတယ်။ သူ့အတွက်ကတော့ ထိုင်းလူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်တာနဲ့ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးရတာဟာ စိတ်ပိုင်းဆိုင်ရာအလေ့အကျင့်တစ်ခုနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအလုပ်တွေ တွဲယှက်နေတဲ့အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Caitlin Dwyer – ဗုဒ္ဓဘာသာနဲ့ အမျိုးသမီးရေးဝါဒဟာ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ဘယ်လို ပတ်သက်ဆက် နွယ်နေတယ်လို့  မြင်ပါသလဲ။

OuypornKhuankaew – အမျိုးသမီးရေးဝါဒီတွေရဲ့ အမြင်နဲ့ ကျင့်ကြံမှုတွေအတွက် ထိုင်းဗုဒ္ဓဘာသာကို ပြုပြင် ပြောင်းလဲဖို့ အများကြီးလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံရဲ့ ထေရဝါဒဗုဒ္ဓဘာသာကို အမျိုးသားတွေ လွှမ်းမိုးထားတာကြောင့် ဗုဒ္ဓရဲ့ ဟောကြားချက်တွေဟာ ဖိုဝါဒကြီးစိုးရေးသင်ကြားမှုတွေအဖြစ် အစားထိုးပြောင်း လဲခံနေရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ဒီဒေသမှာ ကျမအနေနဲ့  ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ပထမဆုံးအ ကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့တုန်းကဆိုရင် ကျမတို့ရင်းနှီးနေတဲ့ ဘုန်းတော်ကြီးတွေရဲ့ သင်ကြားမှုတွေဟာ အမျိုးသမီးဆန့်ကျင်ရေးတွေ ဖြစ်နေတာကို တွေ့ခဲ့ကြရတယ်။ ဥပမာ အမျိုးသမီးတွေအနေနဲ့ ဘုရားမဖြစ်နိုင်ဘူး (ဗောဓိဉာဏ်အလင်းမရနိုင်ဘူး) ဆိုတာကို လေ့လာတွေ့ခဲ့ကြရတယ်။ အဲဒီလို ဖိုဝါဒကြီးစိုးတဲ့ ဗုဒ္ဓဘာသာအဖွဲ့ အစည်းနဲ့ ဟောကြားမှုတွေဟာ ဖိနှိပ်မှုတွေရဲ့ အရင်းအမြစ် ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ဒီဖိနှိပ်မှုတွေဟာ အမျိုးသမီးတွေ၊ လိင်အစားထိုးပြောင်းလဲထားသူတွေ၊ မသန်စွမ်းသူတွေနဲ့ အခြားလူ့ဘောင်က ဖယ်ကြဉ်ခံထား သူ တွေအပေါ်       သက်ရောက်ခဲ့ရတယ်။ လူအဖွဲ့အစည်းက ဖယ်ကြဉ်ခံထားသူတွေနဲ့ အမျိုးသမီးတွေကို အား ပေးမြှင့်တင်ဖို့အတွက် ဗုဒ္ဓဘာသာအမျိုးသမီးရေးဝါဒီပညာရှင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုအတွက် တရားပြ မယ့် ဆရာ၊ဆရာမတွေကို ကျမတို့အလွန်အမင်းလိုအပ်နေပါတယ်။

ဗုဒ္ဓဘာသာဝင်များ၏ ဖိုဝါဒကြီးစိုးမှုကို အဆုံးသတ်စေခြင်း

မေး – ရှင်နဲ့အတူတွဲပြီး အလုပ်လုပ်သူတွေအများအပြားဟာ အကြမ်းဖက်ခံရတဲ့ နောက်ခံအခြေအနေတွေ ရှိနိုင် ပါတယ်။ သူတို့ဟာ အိမ်တွင်းအကြမ်းဖက်ခံခဲ့ရသူ ဒါမှမဟုတ် ဒုက္ခသည်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုစိတ် ဒဏ်ရာရှိသူတွေနဲ့ အလုပ်လုပ်တဲ့အခါ အရေးကြီးဆုံးသိထားရမယ့် အချက်ကဘာပါလဲ။

ဖြေ – ကျမတို့ လူမှုအဖွဲ့အစည်းမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်တွေနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ အား နည်းနေပါတယ်။ ကျမကိုယ်တိုင်နဲ့ ကျမမိခင်ကို ဒီလိုစိတ်ဒဏ်ရာတွေက စတင်ကုစားတဲ့အချိန်အထိတောင် ဒါ ကို ကျမသေချာသတိမထားမိခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေက ထိုင်းသူနာပြုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေကို စိတ်ဒဏ်ရာကုစားရေးနဲ့ ပတ်သက်ပြီး ကျမစတင်သင်ကြားတဲ့အခါမှာ သူတို့တွေမှာ စိတ်ဒဏ်ရာတွေ ကုစား တာနဲ့ပတ်သက်လို့ အသိအမြင်အနည်းအကျဉ်းသာ ရှိတယ်ဆိုတာကို သတိထားမိတယ်။ သူတို့ လေ့လာထား တဲ့စိတ်ဒဏ်ရာကုထုံးတွေဟာ အများအားဖြင့် သဘာဝဘေးနဲ့ မတော်တဆထိခိုက်တာတွေအတွက်ပဲ ဖြစ်တာ ကို တွေ့ရတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေ ပတ် သက်လို့ ကျန်းမာရေးဝန်ထမ်းတွေမှာ လူနာတွေကိုကုသဖို့ အသိအမြင်နဲ့ ကျွမ်းကျင်မှုတွေရှိမနေခဲ့ဘူး။ ဒါ့အပြင် ဆေးရုံအများစုကို အမျိုးသားဆရာဝန်တွေက ဦးဆောင်နေပြီး သူတို့မှာ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ပတ်သက်လို့ ဘာမှ လေ့လာထားတာ မရှိခဲ့ဘူး။ သူတို့တွေဟာ သူနာပြုတွေနဲ့ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေရဲ့ အမျိုးသမီးရေး ဆိုင်ရာပညာရပ်နဲ့ ကုစားမှုတွေအပေါ်  ဆန့်ကျင်တာ ဒါမှမဟုတ် အားမပေးတာတွေလည်း ရှိခဲ့ပါတယ်။  သူတို့ အလေးထားတာကတော့ လူနာတွေကို သောက်ဆေးပေးတာမျိုးတွေပဲ ရှိပါတယ်။ ကျမတို့အဖွဲ့အစည်းကတော့ လိင်ကွဲပြားမှုနဲ့ ပတ်သက်တဲ့ ဖိနှိပ်မှုှုအပြင် အခြားဖိနှိပ်မှုပုံစံအမျိုးမျိုးကို ကြုံတွေ့ရသူတွေကို စိတ်ဓါတ်ရေးရာ အပေါ် အခြေခံပြီး အမျိုးသမီးရေးဆိုင်ရာပညာရပ်နဲ့ (၇)ရက်တာ ကုစားမှုပေးနေတဲ့ ထိုင်းနိုင်ငံက တခုတည်း သောအဖွဲ့ ဖြစ်ပါတယ်။

တရားထိုင်ခြင်းနှင့် စိတ်ဒဏ်ရာများကိုကုစားခြင်း

မေး – စာတမ်းတစ်စောင်မှာ တခါတရံလူတွေဟာ သူတို့ရဲ့ဖြစ်တည်မှုအတွက် သက်သေခံတစ်ဦး လိုအပ်တယ် လို့  ရှင်ရေးခဲ့ဖူးတယ်။ အဲဒါကို နည်းနည်းရှင်းပြပေးပါလား။

ဖြေ – ဘယ်လိုအကြမ်းဖက်ခံခဲ့ရသူပဲဖြစ်ဖြစ် သူတို့ရဲ့အဖြစ်အပျက်တွေကို စူးစူးစိုက်စိုက်နားထောင်ပေးခြင်းဟာ အံသြစရာကောင်းတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ကျူး လွန်ခံရတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ၊ လိင်ပြောင်းလဲထားသူတွေနဲ့ HIV နဲ့ရှင်သန်နေထိုင်သူတွေအပေါ်မှာ လူမှုရေးဆိုင်ရာ အပြစ်တင်မှုတွေ အများကြီးရှိနေတတ်ပါတယ်။ ဒီလိုစိတ်ဒဏ်ရာနဲ့ ရှင်သန်နေသူတွေကို ဒါဟာ သူတို့ရဲ့ အမှားကြောင့် (ဒါမှမဟုတ် အရင်ဘဝက အကျိုးပေးတွေကြောင့်) လို့ ပြောဆိုခံရတာတွေ ရှိတတ်ပြီး သူတို့ကို အပြစ်တင်တာ၊ အရှက်ရစေတာ၊ ဖိနှိပ်ထားတာနဲ့ ဖယ်ကြဉ်ထားတာတွေဟာ သူတို့ရဲ့ စိတ်ခံစားမှု တွေကို ပိုမိုဆိုးဝါးစေပါတယ်။ သူတို့တွေဟာ သူတို့ကြုံတွေခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို သူတို့အနီးအနားက သူတို့ အပေါ်ဂရုဏာသက်သူတွေကို ပြောခွင့်ရမယ်ဆိုရင် မျိုသိပ်ထားရတာတွေဟာ ပွင့်အံလာပြီး ဒါဟာ ကုသမှုရဲ့ အစဖြစ်လာပါတယ်။

မေး – နိုင်ငံတကာအမျိုးသမီးမိတ်ဖက်အဖွဲ့ IWP ထူထောင်ဖြစ်တဲ့အကြောင်း နည်းနည်းပြောပြပါလား။  ဒီအဖွဲ့ အစည်းဘယ်လိုပေါ်ပေါက်လာတာလဲ၊ ဘယ်လိုစတင်ခဲ့တာပါလဲ။

ဖြေ – ၁၉၉၈ ခုနှစ်၊ နိုင်ငံတကာဗုဒ္ဓဘာသာကွန်ရက်အဖွဲ့ INEB က နှုတ်ထွက်ပြီးတဲ့နောက် ကျမဟာ အာရှဒေ သက အမျိုးသမီးတွေနဲ့ အခြေခံလူမှုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ INEB မှာအလုပ်လုပ်ပြီး ဝမ်ဆာနစ် အာရှရမ် (ထိုင်းနိုင်ငံအလယ်ပိုင်းမှ ဗုဒ္ဓဘာသာလူ့မှုအသိုင်းအဝိုင်း) မှာ ၆ လလောက် နေထိုင်စဉ်မှာ ကျမဟာ ကျမရဲ့ဒေါသတွေနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ စိတ်ဖိစီးမှုတွေကို ထိန်းသိမ်းဖို့ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့် တွေ လိုအပ်နေတယ်ဆိုတာ သဘောပေါက်နားလည်လာခဲ့တယ်။  နောက် ကျမဟာ အမျိုးသားတွေ လွှမ်းမိုးတဲ့ အဖွဲ့အစည်း (သို့မဟုတ်) လူမှုအသိုင်းအဝိုင်းမှာ နေထိုင်လို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်ခဲ့တယ်။ အဖွဲ့အစည်း တစ်ခုရဲ့သြဇာကို ပြောင်းလဲနိုင်ဖို့ဆိုရင် အဖွဲ့တွင်းအာဏာခွဲဝေမှု၊ စိတ်ဓါတ်ရေးရာနဲ့ အသိအမှတ်ပြုမှုစတဲ့ ပုံ သဏ္ဍာန်အမျိုးမျိုးနဲ့ရှိနေတဲ့ ဖိနှိပ်မှုတွေကို စုစည်းပုံဖော်နိုင်မှ ဖြစ်မယ်ဆိုတာကို နားလည်စေခဲ့တယ်။ အဲဒီကာ လတုန်းက စိတ်ပိုင်းဆိုင်ရာအရဆောင်ရွက်တဲ့ ထိုင်းအမျိုးသမီးရေး အဖွဲ့အစည်းဆိုတာ မကြားဖူးခဲ့ဘူး။ ဒါ ကြောင့် ကျမအိမ်ပြန်လာခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ ကျမဟာ ဒီလိုစံတန်ဖိုးနဲ့ အမြင်တွေရှိတဲ့ ဂျင်ဂျာနော်ဝုဒ်နဲ့ တွေ့ဆုံခဲ့ပြီး ၂၀၀၂ မှာ IWP ကို ထူထောင်ခဲ့ပါတယ်။ ပထမပိုင်း ၂ နှစ်လောက်မှာ မြန်မာနိုင်ငံဒေသ အသီးသီး က အမျိုးသမီးတွေကို ဆောင်ရွက်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အဲဒီအချိန်က ထိခိုက်နာကျင်မှု တွေ အလွန်အမင်းခံစားနေခဲ့ကြရလို့ပါပဲ။ အဲဒီနောက် အိန္ဒိယက အမျိုးသမီးတွေ (တိဘက်အမျိုးသမီးတွေ အပါ အဝင်) သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ၂နှစ်အတွင်း ကျမတို့ရဲ့ စင်တာကို မတည်ဆောက်နိုင်ခင်က ချင်းမိုင်တောင်တန်းက ကက်သလစ်သီလရှင်တွေရဲ့ ရိပ်သာကိုငှားရမ်းခဲ့ ကြရတယ်။ ကက်သလစ် သီလရှင်တွေက ကျမတို့ဟာ တရားဝင်အထောက်အထားမရှိတဲ့ မြန်မာအမျိုးသမီး တွေနဲ့ အလုပ်လုပ်နေတာကိုသိတဲ့အခါ သူတို့ရဲ့နေရာကို ပေးမသုံးနိုင်တော့ကြောင်း ပြောလာတယ်။ ဒါကြောင့် ကျမမိသားစုပိုင် ခြံဝန်းအတွင်းက အိမ်ကျဉ်းကျဉ်းလေးမှာ သင်တန်းပေးခဲ့ကြရတယ်။ နောက်တစ်နှစ်ကြာတဲ့ အခါ အဲဒီအနီးက မြေနေရာတစ်ခုကို ကျမအစ်မဖြစ်သူက လှုဒါန်းခဲ့တာကြောင့် မီးဖိုချောင်တစ်ခုနဲ့ အဆောင် တစ်ခုကို ဆောက်လုပ်နိုင်ခဲ့တယ်။

မေး – IWP အနေနဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်ထားတာတွေကို ပြန်လည်စီစစ်ဖို့ အဓိက အလေးထားလုပ်ဆောင်နေတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ လူမှုရေးဆိုင်ရာ ပြဿနာကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့တချိန်တည်းမှာ တဦးချင်းစီရဲ့ ငြိမ်ချမ်းမှုကို ဘယ်လိုတည်ဆောက်နိုင်မလဲ?

ဖြေ – ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတယောက်အဖြစ်နဲ့ ကျမတို့ကိုယ်တိုင်က ငြိမ်းချမ်းရေးကို အမျက်ဒေါသ၊ ကြောက်ရွံမှု၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့ ဆောင်ရွက်လို့ မရပါဘူး။ ကျမတို့ရဲ့ နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့ ကျင့်ကြံနေထိုင်မှု၊ မိမိကိုယ်ကိုစောင့်ထိန်းမှု၊ မိမိရဲ့ပြောဆိုဆောင်ရွက်တာအပေါ် တန်ဖိုးထားမှု၊ မိမိစိတ်အတွင်းသဏ္ဍာန်ရဲ့ ငြိမ်းချမ်းမှု၊ မျှော်လင့်မှုနဲ့ ပျော်ရွှင်မှုတွေ ရှိနေရပါမယ်။ ဒီအချက်တွေဟာ တက်ကြွ လှုပ်ရှားသူတွေနဲ့ သူတို့ရဲ့ ဆောင်ရွက်မှုတွေရဲ့မဏ္ဍိုင်ဖြစ်သလို အခက်အခဲတွေနဲ့ ကျမတို့ရဲ့အတ္တတွေကို ပြုပြင် ပြောင်းလဲစေဖို့အတွက် အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ ကျမတို့ရဲ့ တချို့သောအလုပ်တွေက ကျားမခွဲခြားမှု တွေနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့် LGBTQ (လိင်တူဆက်ဆံမှုအမျိုးမျိုး) ဆိုင်ရာ လူမှုအသိုင်းအဝိုင်း တွေပါ။

မေး – ရှင်ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတွေအတွက် ကျား၊မသတ်မှတ်ချက်တွေက ဘယ်လောက် အရေးပါ ပါသလဲ။ ဒီလုပ်ငန်းတွေက ထိုင်းလူမှုအဖွဲ့အစည်းနဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်းမှာ အထောက်အကူ ဖြစ် စေတယ်လို့ မြင်ပါသလား။

ဖြေ – ဖို၊မလက္ခဏာသတ်မှတ်ချက်တွေကို ကြည့်တဲ့အခါ လိင်ပိုင်းဆိုင်ရာဆက်ဆံမှုကို ယောက်ျားနဲ့ မိန်းမ ဆက်ဆံရေးအဖြစ်သာ မြင်ကြတယ်။ ဒီအမြင်တွေက လိင်ကိစ္စမှာ ဖိုနဲ့မသာဆက်ဆံတဲ့ အမျိုးသမီးနဲ့ LGBTQ တွေအပေါ် ဖိနှိပ်မှုတွေ ဖြစ်စေတယ်။ ကျမကတော့ လိင်ဆက်ဆံမှုနယ်ပယ်မှာ ကျားနဲ့မ သာ ဆက်ဆံရမယ်ဆို တဲ့ အယူအဆဟာ ဒီအယူအဆကို လက်ခံထားတဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေအတွက် ဖိုဝါဒလွှမ်းမိုးမှုရဲ့ ကြီး မားမှုကို မြင်ပါတယ်။ ဒီဝါဒလွှမ်းမိုးမှုဟာ သူတို့အပေါ်မှာသာ သက်ရောက်စေတာမဟုတ်ဘူးဆိုတာလည်း သိ လာစေပါတယ်။ ဒီအခြေအနေက အမျိုးသမီးတွေနဲ့ LGBTQ တွေ မဟာမိတ်ဖြစ်စေဖို့ အထောက်အပံ့ ဖြစ်စေ ပါတယ်။ ကျမဟာ HIV ဖြစ်နေတဲ့ အမျိုးသမီးတွေနဲ့လည်း အလုပ်လုပ်ဖူးပါတယ်။ လိင်ဆက်ဆံမှုနယ်ပယ်မှာ ကျားနဲ့မသာ ဆက်ဆံခြင်းဟာ အမျိုးသမီးတွေ HIV ဖြစ်စေတဲ့ အဓိကအချက် ဖြစ်ပါတယ်။ ဖိုနဲ့မကွဲပြားမှု အပေါ်အခြေခံတဲ့ အစဉ်အလာတွေဟာ ထိုင်းအမျိုးသမီးတွေ (ဒါမှမဟုတ် တခြားလူမျိုးတွေ) အတွက် လုံခြုံ မှုရှိတဲ့ လိင်ဆက်ဆံရေးကိုလေ့လာဖို့ ခွင့်မပြုသလို လုံခြုံမှုမရှိတဲ့ လိင်ဆက်ဆံမှုကို ငြင်းပယ်ဖို့အတွက်လည်း စွမ်းအားတွေ ပေးမထားပါဘူး။ တချိန်တည်းမှာပဲ အဲဒီအစဉ်အလာက အမျိုးသားတွေကို တာဝန်ယူမှုမရှိဘဲ တစုံတယောက်နဲ့ လွတ်လွတ်လပ်လပ် လိင်ဆက်ဆံခွင့်ကို အားပေးနေပါတယ်။ ကျမဟာ ထိုင်းနိုင်ငံက ပထမ ဆုံးအမျိုးသမီးရဟန်းဖြစ်တဲ့ ရှင်ဓမ္မနန္ဒ ဦးဆောင်တဲ့ ဘိက္ခူနီအဖွဲ့နဲ့လည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူက IWP ရဲ့ပတ်သက်တဲ့ အခြေခံတန်ဖိုးတွေကို မျှဝေပေးခဲ့ပါတယ်။ ဒီနှစ် နိုဝင်ဘာလမှာ ထိုင်းဘိက္ခူနီတွေ၊ အဖြူရောင် ဝတ်မယ်သီလတွေနဲ့ သာမန်အမျိုးသမီးအတွက် ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာအမျိုးသမီးရေးဝါဒီသင် တန်းကို(၅)ရက်ပေးဖို့ ရှိပါတယ်။ ဒီစီမံချက်က ဗုဒ္ဓဘာသာဝင်တွေကို ထိုင်းနိုင်ငံရဲ့ လူမှုတရားမျှတမှုနဲ့ ဆက်စပ် နိုင်ပြီး ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်နိုင်မယ်လို့ ကျမမျှော်လင့်ပါတယ်။

လိင်ပိုင်းဆိုင်ရာအမှတ်လက္ခဏာအပေါ် ပြင်းထန်သောခံစားမှုနှင့် အလုပ်လုပ်ခြင်း

မေး – ထိုင်းမျိုးဆက်သစ်အမျိုးသမီးတွေအတွက် ရှင် ဘာကို မျှော်လင့်ထားပါသလဲ။

ဖြေ – ထိုင်းမိန်းကလေးတွေဟာ LGBTQ အရေးနဲ့ ဆက်စပ်တဲ့ အနောက်နိုင်ငံက တိုးတက်တဲ့ အမျိုးသမီးရေး ဝါဒီ လှုပ်ရှားမှုတွေနဲ့ ထိတွေ့မှုရှိနေပြီး အမျိုးသမီးရေးကိစ္စဟာ တက်တက်ကြွကြွရှိနေတယ်လို့ ကျမမြင်ပါ တယ်။ ဒါပေမဲ့ ဒါဟာ ဘန်ကောက်မှာ အခြေစိုက်တဲ့ လူလတ်တန်းလွှာက အမျိုးသမီးအဖွဲ့ငယ်လေးပဲဖြစ်ပါ တယ်။ ကျမဝန်ခံရမယ်ဆိုရင် ကျား၊ မဆိုင်ရာသင်ခန်းစာတွေ၊ အမျိုးသမီးရေးဝါဒတွေကို အထက်တန်းကျောင်း နဲ့ တက္ကသိုလ်တွေမှာ သင်ခန်းစာတစ်ရပ်အဖြစ် မပြဌာန်းနိုင်သရွေ့ ကျမတို့အများကြီးမျှော်လင့်လို့ မရနိုင်ပါဘူး။ IWP အပါအဝင် ထိုင်းနိုင်ငံက အမျိုးသမီးရေးလှုပ်ရှားတဲ့အဖွဲ့တွေဟာ အရေအတွက်အနည်းငယ်သာ ရှိပါတယ်။ အခြေခံလူတန်းစားတွေက အမျိုးသမီးတွေကို စည်းရုံးဖို့အတွက် မလုံလောက်ပါဘူး။ မြန်မာနိုင်ငံက အမျိုးသမီး ရေးဝါဒီလှုပ်ရှားမှုနဲ့ နှိုင်းယှဉ်ရင် ကျမတို့အနေနဲ့ အများကြီးလေ့လာစရာတွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ အမျိုး သမီးရေးဝါဒီလှုပ်ရှားမှုတွေ မရှိပါဘူး။ အမျိုးသမီးရေးဝါဒီ အစုအဖွဲ့လေးတွေသာ ရှိပါတယ်။ မြန်မာပြည်မှာက တော့ ခိုင်မာတဲ့ အမျိုးသမီးရေးဝါဒီ လှုပ်ရှားမှုတွေ ရှိနေပါပြီ။

Tricycle.org စာမျက်နှာမှ  Caitlin Dwyer မေးမြန်းရေးသားသော “Toward a Thai Feminist Movement” ဆက်သွယ်မေးမြန်းမှုအား ဘာသာပြန်ဖော်ပြပါသည်။

Author:

Related Articles