နန်းဆိုင်နွမ်။ သြဂုတ် ၁၉ ၊၂၀၁၉
ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ၊ လူအများအပြား သေပျောက်သည်အထိ ဖြစ်ပေါ်နေသည်။
သြဂုတ်လ (၉)ရက်နေ့ မနက်(၈)နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူ ကုန်းကျေးရွာတွင် မြေပြိုမှုဖြစ်ပြီး လူ(၆၉)ဦးအထိ သေဆုံးခဲ့ကာ ထိုအထဲတွင် အမျိုးသား(၃၈)ဦးနှင့် အမျိုးသမီး (၃၁)ဦး ပါဝင်သည်။
မြေပြိုမှုများသည် နေရာ(၈)ခုအထိ ဖြစ်ပွားကာ ထိုသို့မြေပြိုမှုကြောင့် လူအများအပြားသေဆုံးကြရခြင်းသည် မွန် ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသမီးများကို တုန်လှုပ်ခြောက်ခြားစေသည်။
မြေပြိုသည့် ပေါင်မြို့နယ်အတွင်း အလွန်အကျွံကျောက်မိုင်းခွဲခြင်း၊ သစ်ပင်များ မရှိတော့ခြင်းတို့ကြောင့် မိုးရွာသွန်း ချိန်တိုင်း ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။
ယခုမြေပြိုမှုများဖြစ်ပွားခဲ့ပြီးနောက် တောင်ဘေးတွင်နေထိုင်ကြသည့် အမျိုးသမီးများသည် ကောင်းမွန်စွာ မအိပ် စက်နိုင်သလို မည်သည့်အချိန်တွင် မြေထပ်ပြိုမည်ကို အချိန်ပြည့်တွေးတောပူပန်နေကြရသည်ဟု ပေါင်မြို့နယ်၊ တောင်ဘေးတနေရာတွင် နေထိုင်သည့် “ဒေါ်အုန်းခင်”က ဆိုသည်။
“ တောင်ဘေးမှာနေတဲ့သူတယောက်အနေနဲ့ မိုးတွေရွာရင် ဘယ်လို ပူတယ်ဆိုတာ ပြောမတတ်ဘူး။ ဘယ်အချိန် တောင်တွေပြိုဦးမလဲဆိုတာပဲတွေးပြီး အိပ်လို့မပျော်ဘူး” ဟု သြဂုတ်(၉)ရက်တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေး ရွာမှ တောင်ပြိုမှုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည့် “ဒေါ်အုန်းခင်”က ဆိုသည်။
ပေါင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဟု အမည်တပ်ကာ ကျောက်မိုင်းများ အလွန်အကျွံခွဲခြင်း၊ သစ်ပင်များခုတ်ခြင်း တို့ ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ကို ပြည်သူများရင်ဆိုင်နေရသည်ဟုလည်း “ဒေါ်အုန်း ခင်”က ဆက်ပြောသည်။
“တောင်တွေ ကျောက်မိုင်းတွေခွဲတာ ရှိတယ်။ ကျမကတော့ ဒါကို အဓိကပြောချင်တယ်။ တောင်တွေ မိုင်းခွဲတာ ကတော့ မလုပ်နဲ့လို့ ပြောရင်လည်း တဖက်က အမြင်စောင်းပြီး ပုဒ်မတွေတပ်မယ်။ လုပ်ပြန်တော့လည်း နေရထိုင်ရ ကြပ်တယ်။ အခုတော့ ကျမတို့မှာ နေမရထိုင်မရ ကျီးကန်းတောင်းမှောက်ဖြစ်နေရတယ်” ဟု “ဒေါ်အုန်းခင်”က ဆက်လက်ပြောသည်။
လက်ရှိမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဖြစ်ပွားသည့် တောင်ပြိုမှုကြောင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးသေ ဆုံးပြီး (၂၈)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး “ဦးဝင်းမော်ထွန်း”ကလည်း ထုတ်ဖော် ပြောဆိုသည်။
ထိုသို့ တောင်ပြိုမှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ ကျောင်း(၇၀)ခန့် ယာယီပိတ်ထား ကြောင်းလည်း သိရသည်။
“ ကလေးတွေကို ကျောင်းမလွှတ်ရဲဘူး။ ကျောင်းပိတ်ထားတယ်။ ဘယ်မှလည်း မသွားရဲဘူး။ ကြောက်နေရတယ်” ဟု “ဒေါ်အုန်းခင်”က ဆက်ပြောသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းလုပ်ငန်းခွင်ဖောက်ခွဲမှုများပြုလုပ်ခဲ့သည်မှာ (၈)နှစ်ခန့်ကြာမြင့်နေ ပြီ ဖြစ်ပြီး ဒေသခံများက ကန့်ကွက်ခဲ့ကြသော်လည်း ယနေ့တိုင် ကျောက်မိုင်းခွဲမှုက လျော့ကျသွားခြင်း မရှိပေ။
ကျောက်မိုင်းဖောက်ခွဲမှု၊ မြေစာစွန့်ပစ်မှု၊ သစ်တောပြုန်းတီးမှုတို့ကြောင့် ယခုကဲ့သို့ တောင်ပြိုမှု ကြီးမားစွာ ခံစားနေ ရခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်လာလျှင် ဦးစွာဒုက္ခနှင့်ရင်ဆိုင်ကြုံတွေ့ရသူများမှာ အမျိုးသမီးများသာ ဖြစ်ကြောင်း ပေါင်မြို့နယ်မှ “ဒေါ်လှမြင့်”ကလည်း ပြောသည်။
“ ကျမတို့ တနှစ်ထက်တနှစ်ပိုပြီးတော့ အန္တရာယ်ကြားမှာ နေနေရတယ်။ ကျောက်မိုင်းတွေ အဆမတန်ခွဲကြတော့ ဘယ်နေ့ကျမတို့တောင်ပြိုတဲ့အထဲ ပါမလဲဆိုပြီး တွေးပူနေရတယ်။ ပြည်သူအဓိကဆိုပြီး အမျိုးသမီးတွေ ဒုက္ခ လှလှတွေ့နေရတာ ဘယ်အစိုးရမှ မမြင်ဘူး” ဟု ဒေါ်လှမြင့်က ဆိုသည်။
သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အမျိုးသမီးများနှင့် ကလေးသူငယ်များသည် အန္တရာယ်နှင့် ဦးဆုံး ရင်ဆိုင်ရပြီး၊ ဘေးအန္တရာယ်များမှ ရှောင်တိမ်းနေထိုင်ကြချိန်မှာလည်း စားဝတ်နေရေးအဆင်မပြေမှုများနှင့် ရင်ဆိုင် ရကြောင်း “ဒေါ်လှမြင့်”က ထပ်လောင်းပြောသည်။
“ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသူကတော့ ဖျက်တာပေါ့။ ဒေသခံပြည်သူ၊ အမျိုးသမီး၊ ကလေးတွေကတော့ အန္တရာယ်ကြားမှာ နေရတာပေါ့။ ကလေးရှိတဲ့ မိခင်တွေ၊ အမျိုးသမီးတွေဆိုရင် ရေကြီး၊ တောင်ပြို သူတို့ ကလေး တွေ အန္တရာယ်ကင်းဖို့ စိတ်ပူရတယ်။ နောက် ကျန်းမာရေးအတွက် စိတ်ပူရတယ်” ဟု ဒေါ်လှမြင့်က ပြောသည်။
နောက်ထပ်ရေကြီးရေလျှံဖြစ်နေသည့်ဒေသတခုကတော့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ဖြစ်သည်။ ယခုရက် ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှု၊ တောင်ပြိုမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ထားဝယ် မြို့နယ် ၊ တောင်သူလယ်သမားအရေးဆောင်ရွက်သူ “ဒေါ်ရီရီထွေး”က ပြောသည်။
“ ထားဝယ်မှာ တောင်ပြိုမှု၊ မြေပြိုမှုက နှစ်တိုင်းဖြစ်ပေမယ့် ဒီနှစ်က ပိုဖြစ်လာတယ်။ ဒီနှစ် ထားဝယ်က တောင်ပြို တာတွေပါလာတယ်” ဟု ဒေါ်ရီရီထွေးကပြောသည်။
ထားဝယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ကျောက်မိုင်းများခွဲခြင်း၊ လမ်းများဖောက်ခြင်းတို့ကြောင့် တောင် များ တဖြည်းဖြည်းကွဲအက်လာကာ တောင်ပြိုမှုများ ဖြစ်ပွားရသည့်အပြင် လက်ရှိ အစိုးရမှ ချမှတ်လိုက်သည့် မြေ လွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကြောင့် သစ်ပင်များ အလွန်အကျွံခုတ်ပြီး စိုက်ပျိုးမြေဖော်ဆောင်မှုများမှ ရေကြီး ခြင်းနှင့် တောင်ပြိုခြင်းဖြစ်ပေါ်လာရပြီး၊ ထိုဘေးအန္တရာယ်များကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ ရေ ဘေးကယ်ဆယ်ရေးစခန်းသို့ လာရောက်ခိုလှုံနေကြရသည်။
“ တခုဖြစ်လာရင်တော့ အမျိုးသမီးနဲ့ ကလေးတွေက ပိုထိခိုက်တယ်။ ကျမတို့ဘက်မှာက အမျိုးသမီးတွေက ပိုများ တယ်။ အမျိုးသားတွေက တဖက်နိုင်ငံမှာ အလုပ်သွားလုပ်ကြတယ်။ ဒါကြောင့် ကျန်ခဲ့တဲ့အမျိုးသမီးတွေနဲ့ ကလေး ငယ်တွေက သဘာဝ ဘေးအန္တရာယ်ကို ပိုရင်ဆိုင်နေရတယ်” ဟု သူမက ပြောသည်။
“ ထားဝယ်မြို့ထဲမှာ မိုင်းသံတွေ နေ့တိုင်းကြားတယ်။ ကျမတို့ကတော့ အော်တယ်၊ ဘာမိုင်းလဲဆိုတာ။ ဒါပေမယ့် အစိုးရက ထုတ်ပြန်ချက်မပေးဘူး။ ဘာလုပ်တယ်ဆိုတာ မပြောဘူး။ ကျမတို့ဒေသခံ အမျိုးသမီးတွေ၊ ကလေးငယ် တွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ဒေါ်ရီရီထွေးက ပြောပြသည်။
ထို့နည်းတူ နောက်ထပ်မြေပြိုမှုများနှင့် ရင်ဆိုင်နေရသည့် နယ်မြေဒေသတခုမှာ ကယား(ကရင်နီ)ပြည်နယ်၊ မော် ချီးဒေသဖြစ်ပြီး ကျောက်မိုင်းများခွဲပြီး ခဲထုတ်လုပ်မှုများ အဆမတန်များပြားလာသဖြင့် လူနေအိမ်တလုံး ယခုလအ တွင်း ပြိုကျခဲ့သည်။
“ တောင်ဘေးက အိမ်ပြိုကျတော့ ကျမတို့အရမ်းစိုးရိမ်ကြောက်လန့်နေရတာပေါ့။ မိုးရွာရင် ဘယ်အိမ်ထပ်ပြိုဦး မလဲဆိုတဲ့အတွေးနဲ့ ညညအိပ်မပျော်ဘူး” ဟု မော်ချီးမှ ဒေါ်နာနားက သူမ၏ ခံစားချက်ကို ပြောပြသည်။
မော်ချီးဒေသတွင် နေထိုင်ကြသည့် အမျိုးသမီးအများစုသည် ဘေးအန္တရာယ်များကိုပင် စိုးရိမ်ကြောက်လန့်စိတ် မရှိတော့သည်အထိ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူများဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
“ကျမတို့တောင်ပေါ်ဒေသအမျိုးသမီးတွေက ရုန်းကန်ရလွန်းလို့ ကြောက်ချိန်တောင် မရှိတော့ဘူး။ မြေပြိုမှာလည်း မကြောက်၊ တောင်ပြိုမှာလည်းမကြောက်၊ မကြောက်တတ်တော့ဘူးလို့ ထင်တယ်။ ဝမ်းရေးကပိုပြီး အရေးကြီးနေ ကြတယ်လေ” ဟု မော်ချီးဒေသခံ အမျိုးသမီးအရေးဆောင်ရွက်နေသူ နော်လုတာက ပြောပြသည်။
မော်ချီးဒေသတွင် ပုဂ္ဂလိကကုမ္ပဏီများက တောင်ကို ဒေသအခေါ် ကလောင်တူးခြင်း (တောင်အလယ်တွင် လိုဏ် ခေါင်းသဖွယ် မိုင်းခွဲဖောက်ထွင်းခြင်း)များပြုလုပ်သဖြင့် ဒေသခံများက တောင်များပြိုကျမည်ကို စိုးရိမ်ပူပန်နေကြ ခြင်းဖြစ်သည်။
“ မော်ချီးဒေသမှာက အမျိုးသားတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြတော့ မုဆိုးမတွေက ကလေးတွေနဲ့ ရုန်းကန် နေရတယ်။ မြေပြိုတယ်ပဲပြောပြော တောင်ပြိုတယ်ပဲပြောပြော ဒီအမျိုးသမီးတွေပဲ ပိုခံရတယ်။ အားလုံးကတော့ ဒုက္ခတွေ တခြားအမျိုးသမီးတွေထက်စာရင် ပိုခံရတယ်” ဟု နော်လုတာက ပြောဆိုသည်။
သယံဇာတများထုတ်လုပ်ကာ ဒေသဖွံ့ဖြိုးမှုအတွက် သက်ဆိုင်ရာအစိုးရက လုပ်ဆောင်နေသော်လည်း အကျိုးအ မြတ်များကိုတော့ အမျိုးသမီးများနှင့် ကလေးငယ်များ ခံစားနိုင်ခြင်းမရှိဘဲ ဘေးအန္တရာယ်များကိုသာ လက်ခံရရှိနေ သည်ဟုလည်း နော်လုတာက ပြောဆိုလိုက်သည်။
“ဒီကနေရတဲ့အကျိုးအမြတ်က ဒေသခံအမျိုးသမီးတွေ ဘာမှမရဘူး။ အမျိုးသမီးတွေရတဲ့ အကျိုးအမြတ်ကတော့ ဒုက္ခတွေနဲ့ အန္တရာယ်တွေပဲ ” ဟု သူမကဆိုသည်။
မိုးရွာသွန်းမှု ရက်ဆက်ဖြစ်နေသည့်အချိန်များတွင် တောင်ဘေးတွင်နေထိုင်သည့် အမျိုးသမီးများ၏ဘဝမှာ လူလုပ် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရသဖြင့် ဒေသဖွံ့ဖြိုးရေးဆိုသည့်စကားလုံးကိုပင် ကြောက်လန့်နေကြ သည်။
“ဖွံ့ဖြိုးရေးက အာဏာရှိတဲ့သူ ငွေရှိတဲ့သူတွေအတွက် ဖြစ်နေရင်တော့ ဒါဟာ သေနတ်သံမထွက်ဘဲ ကျမတို့တွေ သေနေရတဲ့ ဘဝပါ”ဟု ဒေါ်ရီရီထွေးက ပြောဆိုလိုက်သည်။
စက်ယန္တရားများသုံးစွဲပြီး ကျောက်မိုင်းများခွဲနေသည်ကို ချက်ချင်းရပ်တန့်ရန်၊ သယံဇာတများ ပျက်စီးစေရန် လုပ် ဆောင်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်တန်းများကို မှီတင်းနေထိုင်ရှင်သန်နေရသည့် အမျိုးသမီးများက မျှော် လင့်နေကြသည်။
- ရဲရင့်သောရခိုင်အမျိုးသမီး၏တရားမျှတမှုရှာပုံတော် - 18/09/2020
- သေနတ်သံကြား သားကိုပိုက်၍ ပြေးခဲ့သည် - 01/09/2020
- မူးယစ်တိုက်ဖျက်ရေးခေါင်းစဉ်အောက် အကြမ်းဖက်ခံ အမျိုးသမီးများ - 09/08/2020