Home အယ်ဒီတာ့အာဘော် ခွဲခြားဆက်ဆံသောလူ့အဖွဲ့အစည်း

ခွဲခြားဆက်ဆံသောလူ့အဖွဲ့အစည်း

ကျမတို့လူ့အဖွဲ့အစည်းမှာ လိင်အခြေပြုခွဲခြားဆက်ဆံမှုတွေ ကြီးစိုးနေပါတယ်။ ခေတ်အခြေအနေအရ Gender ဆိုတဲ့ ကျားမရေးရာ စကားလုံးကို နေရာတော်တော်များများမှာ ပြောဆိုလာကြပေမယ့်လည်း ကျားမခွဲ ခြားမှု၊ လိင်အခြေပြုခွဲခြားဆက်ဆံမှုတွေဟာ လူတွေရဲ့မသိစိတ်ထဲမှာ အကြီးအကျယ်ကိန်းအောင်းနေတာကို တွေ့ရပါတယ်။

လိင်အခြေပြုခွဲခြားဆက်ဆံမှုတွေကို သေချာခွဲခြမ်းစိပ်ဖြာကြည့်မယ်ဆိုရင် “ငါဟဲ့ယောက်ျား” “ယောက်ျားဘ သား” ဆိုတဲ့မဟာဖိုဝါဒ အစွဲအလမ်း၊ ယောကျာ်းဖြစ်ခြင်းအပေါ် အလွန်အကျူး ဂုဏ်ယူမှုနဲ့ ယောကျ်ား မဖြစ်မှု အပေါ် အလွန်အမင်းနိမ့်ချရှုမြင်မှုတို့ကနေ ပေါက်ဖွားလာတယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။

အထူးသဖြင့် လက်ဝှေ့ပွဲကအစ စစ်ပွဲကြီးများအဆုံး တိုက်ခိုက်ရေးစွမ်းရည်ပြဖို့လိုအပ်တဲ့အချိန်မှာ “ငါဟဲ့ ယောကျ်ား” လို့ ကိုယ့်ကိုယ်ကိုအားပေးတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မျိုးကို တွေ့ရပြီး ဒီလိုမဟာဖိုဝါဒနဲ့ စစ်ဝါဒတို့ ဆက်စပ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအဖြစ် လိင်အခြေပြုခွဲခြားဆက်ဆံတဲ့ လူမှုစနစ်ကြီးကို တည် ဆောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ခွန်အားဗလအားကိုးသော အတွေးအခေါ်မှ ဆင့်ကဲဖြစ်ပေါ်လာတဲ့ လက်နက်အားကိုးအတွေးအခေါ်များ လွှမ်း မိုးလာပြီး ခွန်အားမဲ့တယ်လို့ယူဆခဲ့ကြတဲ့ မိန်းမဖြစ်မှုနဲ့အတူ “ယောက်ျားရင့်မကြီးဖြစ်ရက်နဲ့ မိန်းမအဖြစ် ရှင် သန်လိုသူများ”ဟုရှုမြင်ပြီး လက်မခံနိုင်မှု၊  “မိန်းမဖြစ်ပြီး ယောကျာ်းကဲ့သို့နေထိုင်လိုသူများကို မတန်မရာမှန်း သူများ”ဟုယူဆပြီး လက်မခံလိုမှု၊ စတဲ့ မလိုလားမှု၊ အသိအမှတ်မပြုနိုင်မှုများနဲ့အတူ လိင်အခြေပြု ခွဲခြား ဆက်ဆံမှုများ တစတစ ပျံ့နှံ့အမြစ်တွယ်လာခဲ့ပါတယ်။

မဟာဖိုဝါဒနဲ့ စစ်ဝါဒဆိုတာ ယောကျ်ားတွေမှာသာ ဆုပ်ကိုင်တည်ရှိနေတဲ့ အတွေးအခေါ်၊ အယူအဆ မဟုတ်ပါ ဘူး။ ယောကျ်ားမိန်းမတွေအားလုံးနဲ့ လောကီရေးရာတွေကို စွန့်လွှတ်ပြီး လောကုတ္တရာတရားတွေ အား ထုတ်ကျင့်ကြံလို့ အများပြည်သူကို တရားပြနေပါတယ်ဆိုတဲ့ သာသာရေးခေါင်းဆောင်များအထိ ရှိနေနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ခွဲခြားဆက်ဆံခံရတဲ့ LGBT (L – Lesbian – အမျိုးသမီးချင်းစုံမက်သူ၊ G – Gay – အမျိုးသား ချင်းစုံမက်သူ၊ B – Bisexual – ကျားမနှစ်မျိုးစလုံးကို စုံမက်သူ၊ T-Transgender – ဆန့်ကျင်ဘက်လိင်လို ဝတ် စားဆင်ယင်နေထိုင်သူ) တဦး ခွဲခြားဆက်ဆံခံရမှုကြောင့် မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့တဲ့အချိန်မှာ ဘာ သာတရားက သတ်မှတ်ထားသော ဝိနည်းသီလများ နေ့စဉ်စောင့်ထိန်းရတဲ့၊ သူတပါးအသက်ဆိုရင် ခြင်တွေ၊ ပုရွက်ဆိတ်တွေကိုတောင် သတ်ခွင့်မရှိတဲ့ ဘာသာရေးကိုယ်စားပြုဘုန်းကြီးတပါးက “သူသာ သမတဖြစ်ရင် အခြောက်တွေ အကုန်သတ်ပစ်မယ်”ဆိုပြီး အလွန်ကြောက်စရာကောင်းတဲ့ အမုန်းတရားကို စင်မြင့်ထက်ကနေ ဟောကြားခဲ့တာဖြစ်ပါတယ်။ ဒါကိုထောက်ခံကြတဲ့ ယောက်ျားမိန်းမများစွာ ရှိနေတာကို ကြည့်ရင်လည်း မဟာ ဖိုဝါဒနဲ့ စစ်ဝါဒဟာ ယောကျ်ားတွေမှာသာရှိတဲ့ အတွေးအခေါ်တခု မဟုတ်တာ သက်သေပြနေပါတယ်။

လက်ရှိကမ္ဘာမှာတော့ စိတ်ယဉ်ကျေးမှုတွေ မြင့်တက်လာပြီး အပြန်အလှန်လေးစားအသိအမှတ်ပြုတဲ့ လူ့အဖွဲ့ အစည်းတွေသာ တိုးတက်ဖွံ့ဖြိုးမှုရှိနေတာတွေ့ရသလို ခွန်အားဗလနဲ့လက်နက်အားကိုးတဲ့ဝါဒက ခွဲခြားဆက် ဆံမှုတွေကို အားပေးအားမြှောက်ပြုတဲ့အတွက် ဒီလိုလူ့အဖွဲ့အစည်းတွေ ကျဆုံးနေတာကို တွေ့မြင်နိုင်ပါ တယ်။

ငြိမ်းချမ်းတဲ့လူမှုအဖွဲ့အစည်းတခု တည်ဆောက်ဖို့အတွက် ခွဲခြားဆက်ဆံမှုမရှိခြင်းက အဓိကကျပါတယ်။ ဒါကြောင့် အသားအရောင်ခွဲခြားခြင်း၊ ဘာသာလူမျိုးခွဲခြားခြင်း၊ လိင်အခြေပြုခွဲခြားဆက်ဆံခြင်း၊ မသန်စွမ်းသူ များကို ခွဲခြားခြင်းစတဲ့ ခွဲခြားဆက်ဆံခြင်းတွေကို ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအဖြစ် သိမြင်လက်ခံပြီး လူ့အဖွဲ့အစည်းတည်ဆောက်ရေးအတွက် ကောင်းကျိုးမပြုသော ခွဲခြားဆက်ဆံမှုများ အဆုံး သတ်နိုင်ရေး ကျင့်ကြံအားထုတ်ကြဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Related Articles