Home ဆောင်းပါး မကုစားနိုင်သည့်ဒါဏ်ရာများနှင့် ပန်လုံကျေးရွာ

မကုစားနိုင်သည့်ဒါဏ်ရာများနှင့် ပန်လုံကျေးရွာ

ပတ်ပတ်လည်တွင် တောင်ကုန်းများဝန်းရံထားသည့် ရွာကလေးထဲမှ အုတ်ဖြင့် အခိုင်အမာဆောက်လုပ်ထားသည့် အိမ်များတွင် ကျည်ဆံထိမှန်ထားသည့် ပွန်းပဲ့ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။

အိမ်တိုင်းလိုလို တံခါးများပိတ်ထားပြီး တရွာလုံးလည်း တိတ်ဆိတ်ငြိမ်သက်နေသည့် ထိုနေရာသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ပန်လုံကျေးရွာ ဖြစ်သည်။


ပန်လုံကျေးရွာသည် သီပေါနှင့် နမ္မတူကားလမ်းပေါ်တွင် တည်ရှိသည့် မြို့မကျ၊  တောမကျ ကျေးရွာလေးတရွာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်ထိ  တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်နေရာလည်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုနေရာ၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အသက် (၁၈) နှစ်အရွယ် နန်းမွှေးအောင်တစ်ယောက် ကျည်ဆံသင့်ကာ သေဆုံးခဲ့ရသည်။

နန်းမွှေးအောင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်နေရာမှ ထိုအချိန်က အဘိုးဖြစ်သူ၏ ဈာပနရှိ သဖြင့် ရွာသို့ ခေတ္တပြန်လာခဲ့ခြင်းဖြစ်သည်။

“ သမီးက သူ့အဘိုးရဲ့နောက်ဆုံးခရီးကို လာနှုတ်ဆက်ချင်တယ်ဆိုပြီး ပြန်လာတာ။  ရက်လည်ပြီးရင် ဘန်ကောက် ကို ပြန်သွားရမှာ..” ဟု မိခင်ဖြစ်သူ ဒေါ်ခမ်းလီက မြေပဲများကို အခွံချွတ်နေရာက ပြန်ပြောပြနေသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ(၁၉)ရက်နေ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် ပလောင်(တအာင်း)လွတ်မြောက်ရေးတပ်မတော် (TNLA) တို့  ထိုရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့ဖြစ်သည်။

နန်းမွှေးအောင်တို့၏ အိမ်အနောက်ဖက်တွင် တောင်ကုန်းကြီးတခုရှိပြီး၊ ထိုတောင်ကုန်းကို  ထိန်းချုပ်ထားနိုင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းတိုက်ခိုက်မှုကြောင့် ဒေသခံ(၄)ဦး ကျည်ဆံထိမှန်ခဲ့ရပြီး ထို သူများထဲမှ နန်းမွှေးအောင်အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အိမ်ရှေ့တွင် လက်နက်ကိုင်တပ်ဖွဲ့များရှိနေပြီး သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြသဖြင့်  အိမ်နောက်ဖေး သို့ ထွက်သွားပါက လွှတ်မြောက်နိုင်မည်ဟု ယူဆပြီး မိခင်ဖြစ်သူ ဒေါ်ခမ်းလီနှင့် သမီးနန်းမွှေးအောင်တို့က လက် တွဲလျက် ဖခင်ဖြစ်သူက  နန်းမွှေးအောင်၏ ခြေထောက်မသန်သည့် ညီမငယ်ကို ကျောပိုးကာ အိမ်နောက်ဖေးမှ မိသားစုထွက်ပြေးခဲ့ကြသည်။

ဘေးပတ်ဝန်းကျင်မှ ရွာသားများကလည်း နေအိမ်များမှရှောင်ပြေးနေကြသဖြင့် မိခင်ဒေါ်ခမ်းလီနှင့် သမီးနန်းမွှေး အောင်တို့သည်  သေနတ်ကျည်ဆံများအကြား တဦးကိုတဦး လက်တွဲကာ ပြေးထွက်ခဲ့ကြစဉ် ကျည်ဆံထိမှန်ပြီး နန်းမွှေးအောင်က လဲကျသွားခဲ့ခြင်းဖြစ်သည်။

“ သမီးကို မူးမေ့လဲတယ်ထင်ပြီး ပွေ့ချီဖို့အတင်းနှိုးသေးတယ်။ မွှေးအောင်ရဲ့အဖေက ကျမခြေထောက်မှာ သွေးမြင် တော့ ကျမကို ကျည်ထိတယ်ထင်နေတာ။ ကျမ ဘာမှမဖြစ်ဘူးဆိုတော့မှ သမီးကို ကြည့်လိုက်တယ်။ သမီးရဲ့  ခေါင်းတည့်တည့်မှာ ကျည်ပေါက်ထွက်သွားတယ်လေ” ဟု မိခင်ဖြစ်သူ နန်းခမ်းလီက ဆိုသည်။

ကျည်ထိပြီးနောက် နန်းမွှေးအောင်တယောက် အသက်ပြင်းပြင်း(၃)ကြိမ်ရှူကာ အသက်ထွက်သွားသဖြင့် ထိုနေ ရာတွင်သာ ထားခဲ့ရသည်။

“ ကျည်ဆံတွေကလည်း ဆက်တိုက်၊ သမီးကိုလည်း ကျမ မသယ်နိုင်ဘူး။ အဲဒီနေရာမှာ ကျမထားခဲ့ရတယ်” ဟု မိခင်ဖြစ်သူက စိတ်ထိခိုက်သည့်အသံဖြင့် ပြန်ပြောပြသည်။

ဒေသခံများကို စစ်ရှောင်ရန် လာရောက်ခေါ်ဆောင်သည့်ကားပေါ်သို့ မည်သို့ရောက်သွားသည်ကို မသိတော့ဘဲ သမီးဖြစ်သူကို ပွေ့ချီပြီး မခေါ်လာနိုင်သည့်အတွက် ယနေ့တိုင် ဝမ်းနည်းစိတ်မကောင်းဖြစ်နေမိသည်ဟု မိခင် နန်းခမ်းလီက ပြောသည်။

“ကျမတော်တော်လန့်ပြီး ဘာလုပ်ရမှန်းမသိဘူး။ ကားပေါ်တက်တော့ သမီးကလည်း မပါလာတော့ ငူငူငိုင်ငိုင်ဖြစ်။ ကျမကို အဲဒီအချိန်မှာ တယောက်ယောက်လာတိုက်မိရင် တခါတည်းလဲကျသွားနိုင်တယ်။ ကျမစိတ်ထဲမှာ ဟာ တာတာနဲ့..” ဟု လွန်ခဲ့သည့်(၂)နှစ်ကျော် သမီးဖြစ်သူ ကျည်ထိမှန်ခဲ့ရချိန်က ခံစားမှုများကို ပြောပြနေသည်။

လိမ္မာပြီး မိသားစုကို တဖက်တလမ်းမှ ဝင်ငွေကူညီရှာဖွေပေးသူ၊ ငယ်ရွယ်လွန်းပြီး အချိန်မတန်မီ ကြွေသွားသူ နန်းမွှေးအောင်ကို ဆုံးရှုံးလိုက်ရခြင်းသည် သူတို့မိသားစုအတွက် မမျှော်လင့်ထားသည့်အဖြစ်ဆိုးကြီးဖြစ်သည်။

“ ကျမတို့မှာ သမီးမရှိတဲ့နောက်ပိုင်း ရောဂါတွေလည်း တမျိုးပြီး တမျိုးပါပဲ။ သွေးတိုးလည်း ရှိလာတယ်။ ဆေးတွေ သောက်နေရတယ်။ မသောက်ရင် ကျမနှလုံးက အောင့်အောင့်လာတယ်” ဟု နန်းမွှေးအောင်၏မိခင် နန်းခမ်းလီ က ပြောပြသည်။

နန်းခမ်းလီတယောက် ယနေ့တိုင် ဆူညံသံ၊  သေနတ်သံများ ကြားရပါက နှလုံးထဲမှ အောင့်တက်လာပြီး သမီး၏ ဓာတ်ပုံကိုမြင်လျှင်လည်း နှလုံးအောင့်ကာ အသက်ရှူကြပ်လာသဖြင့် နေအိမ်တွင် သမီးဓာတ်ပုံများကို လုံးဝ မချိတ် ထားတော့ပါဟုဆိုသည်။

“ အိမ်မှာသမီးပုံတွေကို ပလပ်စတစ်နဲ့ထည့်သိမ်းထားတယ်။ မြင်ရင်စိတ်မထိန်းနိုင်ဘူး” ဟု မှန်ဘောင်ထဲတွင် ထည့်ထားသည့် နန်းမွှေးအောင်၏ဓာတ်ပုံကို ပလတ်စတစ်အိတ်ထဲမှ ထုတ်ပြရင်း ပြောပြသည်။

ထိုနည်းတူ ထိုတိုက်ပွဲအတွင်း ခြေထောက်ကို ကျည်ထိမှန်ခဲ့သည့် အသက်(၅၆)နှစ်အရွယ် ပါ့ဆေးတယောက် လည်း (၂)နှစ်ကြာခဲ့ပြီဖြစ်သည့် လက်ရှိအချိန်အထိ ကောင်းမွန်စွာ လမ်းပြန်မလျှောက်နိုင်သေးသည်ကို တွေ့မြင် ရသည်။

ပါ့ဆေးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ(၁၉)ရက်နေ့ မနက်(၆)နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးရန် အတွက် အိမ်အပေါ်ထပ်တွင် စောင်သွားယူချိန်တွင် လက်နက်ကြီးအပိုင်းအစက  ရုတ်တရက်ကျလာပြီး ပါ့ဆေး၏ ခြေထောက်ကို ထိမှန်ခဲ့သည်။

ထိခိုက်ဒဏ်ရာရခဲ့သည့် ပါ့မြ

“ အိမ်ပေါ်ရောက်တော့ သေတ္တာဖွင့်လိုက်တဲ့အချိန်မှာပဲ လက်နက်ကြီးက အိမ်ပေါ်ကျလာတယ်။ ကျမကို ရှပ်ပြီး ထိသွားတာ။ ခြေထောက်ကို ထိသွားတယ်” ဟု သူ၏ခြေထောက်ကိုပြပြီး အဖြစ်အပျက်ကို ပြန်ပြောပြသည်။

တိုက်ပွဲပြင်းထန်မှုကြောင့် အိမ်နီးချင်းများက နီးစပ်ရာသို့ ပြေးလွှားရှောင်ရှားနေကြပြီး၊ ရွာထဲတွင် အသက်ကြီး သည့် ပါ့ဆေးတို့ လင်မယားနှစ်ယောက်သာ ကျန်ခဲ့သည်။

“ အိမ်နီးနားချင်းတွေကတော့ ဆိုင်ကယ်ကိုယ်စီနဲ့ ထွက်ပြေးကြပြီ။ ခြေထောက်က ခြေ(၂)ချောင်းထိသွားတယ်။ လင်မယား(၂)ယောက်ထဲ ဘာဆေးမှလည်း မရှိဘူး။  ဟင်းခတ်အချိုမှုန့်ပဲ ထည့်ရတယ်။ စက္ကူလိပ်နဲ့ အုပ်တယ်” ဟု ပါ့ဆေးက မျက်ရည်များဝဲကာ ပြောပြနေသည်။

သူမ၏ခြေထောက် ကျည်ထိမှန်ဒဏ်ရာကို ဆေးကုသရန် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လာရောက် ကူညီထောက်ပံ့မှု မရှိသကဲ့သို့ လာရောက်တောင်းပန်ခြင်းလည်း တစုံတရာမျှ မရှိကြောင်း ပါ့ဆေးက ရင်ဖွင့်ပြ သည်။

“ နောက်ဆုံးတော့  ပြည်သူတွေက ငွေလည်းကုန်၊ ဒဏ်ရာတွေလည်းရ” ဟု သူမ၏ခြေထောက်ကိုကိုင်ကာ ဝမ်း နည်းစွာဖြင့် ပြောသည်။

ပါ့ဆေး၏ ခြေချောင်းတချောင်းကို ဖြတ်လိုက်ရပြီး ဒါဏ်ရာကြောင့် လက်ရှိမှာ လမ်းဝေးဝေးလျှောက်ရန် ခက်ခဲ နေဆဲဖြစ်ကာ ရာသီဥတု အေးလျှင်လည်း အလွန်ကိုက်ခဲသည်ဟု ဆိုပါသည်။

သီပေါနှင့် နမ္မတူလမ်းမပေါ်ရှိ ပန်လုံကျေးရွာတွင် အချိန်မရွေး လက်နက်ကိုင်တပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမှု ဖြစ် လာနိုင်သဖြင့် ဒေသခံများသည် ကျောက်မဲ၊ လားရှိုးနှင့် နောင်ချိုဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး၊ တချို့ ငွေကြေးမဆင်မပြေသူများမှာ ပန်လုံကျေးရွာရှိ မိမိနေအိမ်အနီးတွင် ဗုံးခိုကျင်းများတူးကာ နေထိုင်ကြရသည်။

“ တိုက်ပွဲက အမျိုးသမီးတွေသာမက ပြည်သူတွေအားလုံး အရှုံးပါပဲ။ သေတဲ့သူသေရပြီ။ ကျည်ထိတဲ့သူကထိ။ ဒါ တွေ ဘယ်သူက လာကူညီလို့လဲ။ ကိုယ့်ဖာသာကိုယ်ပဲ ဖြေရှင်းရတယ်လေ။ အလုပ်လည်းရှုံးတယ်” ဟု ပါ့ဆေးက တုန်ရီနေသည့်အသံဖြင့်  ပြောသည်။

သီပေါနှင့် နမ္မတူကားလမ်းတလျောက်ပေါ်ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် အမျိုးသမီးများသည် လက်နက် ကိုင်တပ်ဖွဲ့များကို ကြောက်နေရသဖြင့် နေ့တဓူ၀ စိုးရိမ်စိတ်များဖြင့် နေထိုင်နေရသည်ဟု ဒေသအတွင်းနေထိုင် သည့် အမျိုးသမီး များက ပြောသည်။

တချို့အမျိုးသမီးများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးရချိန်တွင် ထိခိုက်ဒဏ်ရာများရခဲ့ကြသည်။

“ တိုက်ပွဲဖြစ်တော့ထွက်ပြေးတယ်။ အရေးထဲထော်လာဂျီမှောက်လို့ ကျမတို့ အမျိုးသမီး(၄)ယောက် ဒဏ်ရာတွေရ တယ်။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ကျမဆိုရင် မျက်နှာတွေ ယောင်ပြီး လက်ကျိုးတယ်” ဟု အသက် (၆၀) အရွယ်ရှိသည့် မိုင်းမုကျေးရွာမှ ပါ့မြက ပြောသည်။

ယခုအချိန်တွင် တိုက်ပွဲတွေငြိမ်နေသော်လည်း မည်သည့်အချိန်ပြန်ဖြစ်မည်ကို မသိရှိသဖြင့် ဘာမှမလုပ်နိုင် ကြောင်းလည်း ပါ့မြက ပြောပြသည်။

“ အခုဘာမှမစိုက်ရဲဘူး။ ကျွဲ၊ နွား၊ ကြက်တွေလည်း မမွေးရဲဘူး။ တိုက်ပွဲဖြစ်ရင် လူက ကိုယ်လွှတ်ရုန်းလို့ ရပေမယ့် တိရိစ္ဆာန်တွေက ခေါ်သွားရခက်တယ်လေ” ဟု ပါ့မြကဆိုသည်။

တိုင်းရင်းသားအချင်းချင်း နယ်မြေလုသည့် တိုက်ပွဲများသည် အဓိပ္ပါယ်မရှိကြောင်း၊ ပြည်သူလူထုသာ အထိနာပြီး သေဆုံးနေရကြောင်း တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် နေထိုင်သည့် အမျိုးသမီးများက ပြောသည်။

နန်းမွှေးအောင်တို့မိသားစု၏ နေအိမ်နောက်ဖေးတောင်ကုန်းတခုကို ပိုင်ဆိုင်ဖို့ စစ်ရေးဖြင့် အပြင်းအထန် တိုက်ခိုက် ရယူရန် ကြိုးစားရင်း နန်းမွှေးအောင်တယောက် အသက်ဆုံးရှုံးခဲ့ရသော်လည်း ထိုတောင်ကုန်းကို မည်သည့် အတွက် ပိုင်ဆိုင်လိုကြသည်ကို နန်းမွေးအောင်၏မိသားစုက သိနားလည်ခွင့် မရှိခဲ့ပေ။

“  ဘယ်အဖွဲ့မဆို ကျမတို့အိမ်နောက်ဘက်က ကုန်းကို လိုချင်ကြတယ်။ အဲဒီတောင်ကုန်းကို လုလို့ ကျမရဲ့သမီး အသက်လည်း ပေးဆပ်လိုက်ရပြီ။ ကျမလည်း ဘာမှ နားမလည်တော့ဘူး” ဟု နန်းခမ်းလီက ဆိုသည်။

ပန်လုံကျေးရွာ၏ ပတ်ပတ်လည်ရှိ စိမ်းစိုနေသည့်တောင်ကုန်းများပေါ်တွင်  လက်နက်ကိုင်တပ်ဖွဲ့များ အပြိုင်အဆိုင် တပ်စွဲထားသဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် ဒေသခံများက နေ့စဉ်ဆုတောင်းနေကြရသည်။

နန်းဆိုင်နွမ်

Author:

Related Articles