ခင်စုကြည်။ ။
မြန်မာ့ရုပ်သေးကို ကမ္ဘာကသိအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ မန္တလေးရုပ်သေးပညာရှင် ဒေါ်မမနိုင်ကို ယနေ့ခေတ် ရဲ့ “ရုပ်သေးသခင်မ”လို့တောင် အသိမှတ်ပြုတင်စားထားကြပါတယ်။ ဒေါ်မမနိုင်ဟာ မြန်မာနိုင်ငံရုပ်သေး သဘင်အသင်းရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။
ဒေါ်မမနိုင်တည်ထောင်ထားတဲ့ မန္တလေးမြန်မာရုပ်သေးစင် (Mandalay Marionettes Theatre) ကတော့ မန္တလေးကို ရောက်လာတဲ့ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ မဖြစ်မနေအချိန်ပေးပြီး မြတ်မြတ်နိုးနိုးနဲ့ သွား ရောက်ကြည့်ရှုကြတဲ့ အနုပညာယဉ်ကျေးမှုနေရာတခုဖြစ်သလို မန္တလေးမြို့မှာ ကမ္ဘာလှည့်ခရီးသွားတွေ အများ ဆုံးလာရောက်တဲ့နေရာလည်းဖြစ်ပါတယ်။
သူမဟာ တိမ်မြုပ်နေတဲ့ မြန်မာ့ကြိုးဆွဲရုပ်သေးအနုပညာကို ပြန်လည်ဖော်ထုတ်လိုတဲ့ရည်ရွယ်ချက်နဲ့ ၁၉၉၀ ခုနှစ်က စတင်ကာ လူအယောက်(၅၀)ကျော်လောက်သာ ကြည့်ရှုနိုင်တဲ့ ဝါးထရံအခန်းလေးထဲမှာ ရုပ်သေးစင် လေးကို ဖန်တီးခဲ့ပါတယ်။
နေ့လည်ပိုင်းမှာဆိုရင်တော့ သူမရဲ့ရုပ်သေးစင်အခန်းလေးဟာ အင်္ဂလိပ်စာသင်ကြားပေးတဲ့ အခန်းလေးဖြစ် သလို ညနေဘက်ဆိုရင်တော့ ခရီးသွားဧည့်သည်တွေနဲ့ပြည့်နေတဲ့ ရုပ်သေးစင်လေးပဲဖြစ်ပါတယ်။
ဒေါ်မမနိုင်ဟာ ရုပ်သေးအနုပညာရှင်တယောက်ဖြစ်သလို အင်္ဂလိပ်စာ သင်ကြားပေးတဲ့ဆရာမတယောက် လည်းဖြစ်ပါတယ်။
အသက်(၆၀)ကျော်အရွယ်ပြီဖြစ်တဲ့ ဒေါ်မမနိုင်ဟာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသူပီပီ မြန်မာအင်္ကျီနဲ့ ထဘီ ကိုသာ အမြဲဝတ်ဆင်လေ့ရှိသလို နိုင်ငံတကာပွဲတွေသွားရင်လည်း မြန်မာချိတ်လုံချည်ကိုသာ အမြတ်တနိုး ဝတ်ဆင်တတ်သူပါ။
သူမဟာ ဂုဏ်ထူးမြန်မာစာဦးသိန်းနိုင်ရဲ့သမီးကြီးဖြစ်ပြီး မန္တလေးတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရရှိ ခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာတော့ အိမ်ထောင်ကျပြီး ယောင်နောက်ဆံထုံးပါဆိုသလို ခင်ပွန်းသည်ရှိရာ ရန် ကုန်မြို့မှာ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။
မိဘအရိပ်အောက်မှာ အေးအေးချမ်းချမ်း ပြည့်ပြည့်စုံစုံနဲ့ကြီးပြင်းလာခဲ့တဲ့ သူမအတွက် ဘဝမှာ အခက်အခဲ မရှိခဲ့သလို ငယ်ရွယ်သူပီပီ အိမ်ထောင်ဖက်ကိုလည်း စိတ်ကူးယဉ်ဆန်ဆန်ရွေးချယ်ခဲ့မိပါတယ်။
“အဖေနဲ့အမေက မျက်ရည်စက်လက်နဲ့တားလည်းမရဘူး။ ယူမှာပဲဆိုပြီးလိုက်သွားခဲ့တာ။ အဖေကတော့ သူ့ အကြောင်းကို စုံစမ်းထားတော့သိတယ်။ အဖေနဲ့အမေမျက်ရည်ကျအောင်လုပ်တော့ ကိုယ်လည်း ဒူးနဲ့မျက် ရည်သုတ်ရပြီပေါ့။ ဟိုရောက်တော့ ယောက္ခမမီးဖိုချောင်ထဲမှာ ထမင်းချက်၊ လျှော်ဖွတ်၊ ကလေးမွေး၊ အဲဒီလို နေခဲ့ရာကနေ ပထမကလေးမွေးလာတော့ စသိလာပြီ။ မှားမှန်းသိပြီ။ ကိုယ့်အိမ်ထောင်ရေးကံကလည်း ညံ့ တော့ ပိုပိုဆိုးလာရင်းနဲ့ သူကလည်း အရက်သောက် ရပ်ကွက်ထဲမှာ အော့ကျောလန်ပဲ။ အဲဒီခေတ်က စကားနဲ့ပြောရင် လမ်းသရဲပေါ့” လို့ သူမအတိတ်အကြောင်းတွေကို ပြန်လည်ပြောပြပါတယ်။
ဒုတိယကလေးကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အရက်ရဲ့ကျေးကျွန်ဖြစ်နေတဲ့ ခင်ပွန်းသည်ရဲ့ဆိုးသွမ်းသောင်း ကျန်းမှုတွေကို ဆက်လက်မခံစားနိုင်တော့တာကြောင့် ကွာရှင်းဖို့ကြိုးစားခဲ့ပါတယ်။ မန္တလေးမှာ ဒုတိယကလေး ကိုမွေးပြီးချိန် တံတားဦးဘက်က တောင်တလုံးရွာမှာ မူလတန်းပြဆရာမအနေနဲ့ သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။
ရွာကလေးစားရတဲ့ ကျောင်းဆရာမတယောက်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေကြောင့် အရှက်ရခဲ့ရပြန်ပါတယ်။ ခင်ပွန်းဖြစ်သူက ရွာကိုလိုက်လာပြီး အရက်မူး၊ ဆဲဆိုသောင်းကျန်းတာကြောင့် ရွာသား တွေက ခဲနဲ့ဝိုင်းထုဖို့ ပြင်ဆင်ကြတဲ့အချိန်မှာ ဒေါ်မမနိုင်ဟာ စိတ်ညစ်ညစ်နဲ့ ဓာရဏပရိတ်ကို အသံကျယ် ကျယ်ရွတ်ဆိုနေလိုက်ပါတယ်။ ခင်ပွန်းသည်ရဲ့ဆဲဆိုသံတွေကို သူမရဲ့ပရိတ်ရွတ်ဖတ်သံတွေက ဖုံးလွှမ်းသွားတဲ့ အတွက် ရွာသားတွေကလည်း စိတ်ပြောင်းသွားပြီး အကြမ်းဖက်တာတွေ မလုပ်ခဲ့ကြပါဘူး။
ဘဝဇာတ်ခုံမှာ ကံကြမ္မာရဲ့ ကြိုးဆွဲရာကို အလိုက်သင့်ကပြခဲ့ရတဲ့ ဒေါ်မမနိုင်ရဲ့ဘဝကတော့ ကြမ်းတမ်းခဲ့တယ် လို့ ဆိုရမှာပါ။ ကျောင်းဆရာမအဖြစ်နဲ့ လစာမဲ့ခွင့် (၃) လယူခဲ့ပြီး ရွာကနေ အိမ်ကို ပြန်လာခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ခင်ပွန်းသည်အရက်သမားဟာ နှုတ်နဲ့ဆဲဆိုရုံသာမကတော့ပဲ ရိုက်နှက်တာတွေပါ ရှိလာ တာကြောင့် အိမ်ထောင်ရေးနွံထဲကနေ ရုန်းထွက်ဖို့သူမဆုံးဖြတ်ခဲ့ပါတော့တယ်။
“တရက်မှာ သူမူးပြီး အိပ်ပျော်နေတုန်း သားအငယ်ကောင်နဲ့ ထွက်သွားလိုက်တာ။ သာစည်ဘက်မှာ သွားပုန်း နေတာ။ သူပြန်သွားတော့မှ ကွဲဖို့အတွက်လုပ်ရတော့တာ။ သူကလည်း မကွဲပေးဘူး။ သေမှပဲကွဲပေးမယ်ပေါ့။ သူက ဘယ်ကွဲပေးမလဲ၊ မိန်းမကောင်းရထားတာကိုး။ သူကမေးတယ်။ သူချမ်းသာရင် ပြန်ပေါင်းမှာလားပေါ့။ ချမ်းသာရင် ပြန်ပေါင်းမှာလားမမေးနဲ့ အရက်ဖြတ်ရင် ပြန်ပေါင်းမယ်လို့ ဒါတောင် ကလေးနှစ်ယောက်မျက်နှာ ကြောင့်လို့ ပြောလိုက်တယ်။ နောက်တော့ သူလည်းအရက်ရဲ့ကျေးကျွန်ဖြစ်ပြီး ဆုံးသွားတာပါပဲ” လို့ ခင်ပွန်း ဖြစ်သူကွယ်လွန်သွားမှ သူမဘဝရဲ့ ကံကြမ္မာဆိုးကနေ လွတ်မြောက်ခဲ့ရတဲ့အကြောင်းကို ပြောပြပါတယ်။
သားနှစ်ယောက်နဲ့ သူမဘဝကို ရွာမှာ မူလတန်းပြဆရာမအနေနဲ့ ဆက်လက်ဖြတ်သန်းလာခဲ့ပါတယ်။ ငယ် ငယ်ရွယ်ရွယ်ကျောင်းဆရာမတယောက်ဖြစ်တဲ့ ဒေါ်မမနိုင်ဟာ အိမ်ထောင်သည်ဘဝဆိုးကနေ လွတ်မြောက်ခဲ့ ပေမယ့်လည်း တခုလပ်မိန်းမမို့ ပတ်ဝန်းကျင်က အမျိုးသားတချို့ရဲ့ ထိကပါးရိကပါး ပြောဆိုတာတွေကို ကြုံ တွေ့ရပါသေးတယ်။
ဒါကြောင့် မြို့ပေါ်ပြောင်းနေဖို့ကြိုးစားနေချိန်မှာ သူမဘဝကို တဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ အခွင့်အလမ်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။ ရွာကကျောင်းဆရာ၊ ဆရာမတွေကို ရန်ကုန်မှာ အင်္ဂလိပ်စာ သင်ကြားဖို့ ပို့ဆောင်တဲ့ အထဲမှာ ဒေါ်မမနိုင်လည်း ပါဝင်ခဲ့ပါတယ်။
ငယ်စဉ်ကတည်းက အင်္ဂလိပ်စာဘာသာရပ်ကို စိတ်ဝင်စားသူမို့ ရန်ကုန်အထိ သွားရောက်ကြိုးစားလေ့လာ သင်ယူခဲ့ပြီး မန္တလေးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ အင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့အတွက် အခက်အခဲ ရှိလာပြန်ပါတယ်။
အရင်တုန်းက နိုင်ငံခြားခရီးသွားဧည့်သည်တွေ လာရောက်မှု နည်းပါးတာကြောင့် အင်္ဂလိပ်စကားပြောခွင့်ရဖို့ ဆိုရင် ဧည့်လမ်းညွှန်တွေလို နိုင်ငံခြားသားတွေ သွားရာနောက်တကောက်ကောက်လိုက်ပြီး ပြောမှရပါလိမ့်မယ်။ သူမအနေနဲ့ကလည်း ကလေးနှစ်ယောက်နဲ့ အိမ်မှုကိစ္စတာဝန်တွေကြောင့် အပြင်ထွက်ပြီး သွားလာနေရတာ မျိုး အဆင်မပြေပါ။
အဲဒီအချိန် သူမစဉ်စားလိုက်တာကတော့ နိုင်ငံခြားသားတွေသွားရာနောက် မလိုက်နိုင်ရင် နိုင်ငံခြားသားတွေ သူမဆီ ရောက်လာအောင် ဖန်တီးရမယ်ဆိုတာပါပဲ။
“မန္တလေးကိုလာလည်တဲ့ နိုင်ငံခြားသားတွေ သူတို့ရှိရာကို ငါမသွားနိုင်ရင် ငါရှိရာကို သူတို့လာရမယ်ဆိုတဲ့ စိတ်ကိုထားလိုက်တယ်။ သူတို့ကိုဘယ်လိုခေါ်ရမလဲလို့ စဉ်းစားတော့ နိုင်ငံတနိုင်ငံကို လာလည်ရင် အဲဒီနိုင်ငံ ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကြိုက်ကြတယ်၊ စိတ်ဝင်စားကြတယ်လေ။ သူတို့က စောင်းတီးသံနားထောင် ချင်တယ်။ ပတ္တလားတီးသံ နားထောင်ချင်တယ်။ မြန်မာအကကြည့်ချင်တယ်။ ရုပ်သေးပွဲဆိုတာ ရှိတောင် မရှိ ဘူးလေ။ အဲဒီတော့ သူတို့ကြိုက်တဲ့ ယဉ်ကျေးမှုပွဲလေး လုပ်လိုက်ရင် သူတို့လာမှာပဲဆိုပြီး ဒီစင်ကို စထောင် ဖို့ကြိုးစားတယ်”
မန္တလေးရုပ်သေးစင် စတင်မတည်ထောင်နိုင်သေးတဲ့ ကာလမှာတော့ အိမ်ရှေ့က တဲငယ်လေးမှာ လက်မှုပစ္စည်း အရောင်းဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရုပ်သေးစင်တည်ဆောက်ဖို့ သူမကို အဓိက ပံ့ပိုး ခဲ့သူတွေထဲမှာ သူမရဲ့ လက်ရှိအိမ်ထောင်ဖက်ဖြစ်သူ ဦးသန်းညွှန့်လည်း ပါဝင်ပါတယ်။
သူမတယောက်တည်း ကလေးနှစ်ယောက်နဲ့ ဖြတ်သန်းလာရာကနေ ဦးသန်းညွှန့်နဲ့ တွေ့ဆုံရင်းနှီးလာခဲ့ပြီး ထပ်မံအိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရွေးချယ်မှုအပေါ် ဒုတိယအကြိမ် မှားမှာလည်း စိုးရိမ်ပူပန်ခဲ့ရပါသေး တယ်။
“ကိုယ်တယောက်တည်း ဘဝကိုလျှောက်လာခဲ့ရတာ မောလာပြီပေါ့။ သားနှစ်ယောက်ကလည်း ကလေးဆို တော့ သူ့ကိုခင်တာပေါ့နော်။ ကလေးတွေကလည်း သူ့ကိုချစ်တယ်။ ကလေးတွေရဲ့အနွံတာကိုလည်း ခံတယ် ဆိုတော့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်တယ်။ သူကဘာမှတော့မဟုတ်ဘူး။ စီးပွားရေးသမားလည်း မဟုတ်ဘူး။ ကိုယ့်ကိုနားလည်နိုင်တဲ့သူဆိုပြီး ရွေးချယ်ခဲ့တယ်။ ဒါတောင် ဒုတိယအကြိမ်မှားမှာလည်း ကြောက် တယ်။ ဒါပေမယ့် သူနဲ့အကြောင်းပါပြီးတော့မှ ဒါတွေက စဖြစ်လာတာ” လို့ ရုပ်သေးအနုပညာရှင်တယောက် ဖြစ်လာစေခဲ့တဲ့ ဘဝတစိတ်တပိုင်းကို ပြောပြပါတယ်။
လက်မှုပစ္စည်းအရောင်းဆိုင်ကနေ ရတဲ့ဝင်ငွေနဲ့ ခင်ပွန်းသည်ရဲ့လစာငွေလေးတွေကို စုဆောင်းကာ ရုပ်သေး စင်ကို စတင်တည်ထောင်ခဲ့ကြပါတယ်။ ရုပ်သေးစင်စဖွင့်တဲ့ ၁၉၉၀ ခုနှစ်မှာပဲ အင်္ဂလိပ်စာကို သင်ကြားရင်း တဖက်တလမ်းကနေ ဝင်ငွေစုဆောင်းခဲ့ရပါတယ်။
အဲဒီအချိန်ကစလို့ ရုပ်သေးစင်လေးဟာ စတင်လူသိများလာခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း (၃၀)နီးပါး ရပ်တည်လာ နိုင်ခဲ့ပါပြီ။ ပျောက်ကွယ်နေတဲ့ မြန်မာရုပ်သေးအနုပညာကလည်း မန္တလေးရုပ်သေးအဖွဲ့ကနေ ပြန်လည်စတင် လို့ ဦးမော့လာနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ဖခင်ရဲ့လမ်းပြမှုကြောင့် စောင်း၊ ပတ္တလားတို့ကို သင်ကြားတတ်မြောက်ခဲ့ပြီး ရုပ်သေးကြိုး ဆွဲပညာကိုတော့ ရုပ်သေးပညာရှင်ကြီးဦးပန်းအေးဆီမှာ သွားရောက်သင်ကြားခဲ့တာဖြစ်ပါတယ်။
၁၉၉၄ – ၁၉၉၅ ခုနှစ်တွေမှာတော့ နိုင်ငံတော် ဆိုကရေးတီး ပြိုင်ပွဲတွေမှာ ရုပ်သေးကြိုးဆွဲပညာရှင်ဆုတွေကို တဦးချင်းအနေနဲ့ရော အဖွဲ့လိုက်ဇာတ်တော်ကြီး ပြိုင်ပွဲတွေမှာပါ မန္တလေးတိုင်း ကိုယ်စားပြုအနေနဲ့ ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်လောက်ထိ မိုးလင်းပေါက် ရုပ်သေးကပြပွဲတွေ ရှိခဲ့ပေမယ့် ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာတော့ ခေတ္တ ပြတ်တောက်သွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မန္တလေးကောင်းမှုတော်ဘုရားပွဲမှာ မိုးလင်းပေါက် ရုပ်သေးပွဲကို ပြန် လည်အသက်သွင်းလာခဲ့ပြီး အခုဆိုရင် တခြားနယ်တွေမှာပါ မိုးလင်းပေါက်ပွဲတွေ ပြန်လည်ကျင်းပဖို့ ပြင်ဆင် နေကြပါပြီ။
၁၉၉၈ ခုနှစ်လောက်တည်းက စတင်ကာ ပြည်ပအနုပညာအဖွဲ့တွေရဲ့ ဖိတ်ကြားမှုတွေကို ခံခဲ့ရပြီး သွားရောက် ခဲ့ရာကနေ မြန်မာရုပ်သေးဟာ ကမ္ဘာအနှံ့အပြားကို တဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံပေါင်း (၁၅)နိုင်ငံ ကျော်မှာ ကျင်းပတဲ့ ကမ္ဘာ့ရုပ်သေးပွဲတော်ကြီးမှာလည်း နိုင်ငံတကာကိုယ်စားပြုအနေနဲ့ ဖိတ်ကြားခံရပြီး ကပြ ပါဝင်ခဲ့ရပါတယ်။
ဒေါ်မမနိုင်ကို ရုပ်စုံဇာတ်သဘင် အနုပညာရှင်တွေ စိုးရိမ်ပူပန်ခဲ့ရတဲ့ မြန်မာ့ရုပ်သေး တိမ်မြုပ်ပျောက်ကွယ် နေမှုကို ပြန်လည်အသက်သွင်းနိုးထစေခဲ့တဲ့ ရှားပါးပြီး ထူးချွန်သူ ရုပ်သေးအနုပညာရှင် အမျိုးသမီးတယောက် လို့တင်စားရမှာဖြစ်ပါတယ်။
ဖခင်ဖြစ်သူက မြန်မာ့ဇာတ်သဘင်သမိုင်းအကြောင်းကို မှတ်တမ်းတင်ရေးသားပြုစုခဲ့ပြီး အမျိုးသားစာပေဆု ရရှိခဲ့သလို သမီးဖြစ်သူ ဒေါ်မမနိုင်ကလည်း ဖခင်ဖြစ်သူရဲ့မှတ်တမ်းကို အသက်သွင်းပုံဖော်သူအဖြစ် မြန်မာ့ ရုပ်သေးကို မပျောက်ကွယ်သွားအောင် ထိမ်းသိမ်းခဲ့တဲ့အပြင် အခုဆိုရင် ကမ္ဘာက အသိမှတ်ပြု ချီးကျူး ဂုဏ်ပြု ရတဲ့အထိ မြန်မာ့ရုပ်သေးဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်နေခဲ့ပါပြီ။
တဖက်မှာလည်း အင်္ဂလိပ်စာကို သင်ကြားပေးနေတဲ့ ဒေါ်မမနိုင်ဟာ သူမဘဝဖြစ်တည်ရာ မန္တလေးရုပ်သေး စင်မှာ မြန်မာ့ရုပ်သေးကို နေ့စဉ်နဲ့အမျှ ကပြတင်ဆက်နေကာ ရုပ်သေးဝါသနာပါတဲ့ လူငယ်တွေကိုလည်း ရုပ်သေးအနုပညာကို လက်ဆင့်ကမ်းမျှဝေသင်ကြားပေးနေပါတယ်။
မြန်မာ့ရုပ်သေးရဲ့ဇာတိမြေဖြစ်တဲ့ ရတနာပုံမန္တလေးရဲ့ မန္တလေးရုပ်သေးစင်လေးမှာ ညစဉ်ညတိုင်း ကပြဖျော်ဖြေ နေတဲ့ ရုပ်သေးကပွဲတွေမှာ မြန်မာလူမျိုးတွေအနေနဲ့ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို ဒီနေရာလေး ဟာ ကမ္ဘာလှည့် ခရီးသွားတွေအနေနဲ့လည်း မသွားမဖြစ်သွားရောက်ရမယ့် ယဉ်ကျေးမှုအနုပညာဆိုင်ရာ အသိုက်အမြုံလေးအဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။
ဒေါ်မမနိုင်ကတော့ သူမရဲ့ဆုံးဖြတ်ချက်ကို အခုလိုပြောပြခဲ့ပါတယ်။
“ရုပ်သေးဟာ မြန်မာ့ယဉ်ကျေးမှု အနုပညာရဲ့အနှစ်၊ ကမ္ဘာက ချစ်မြတ်နိုးပြီး အလွန်တန်ဖိုးထားကြတာကို သိလိုက်ရတဲ့အချိန်ကစပြီး ရုပ်သေးရုပ်ကလေးတွေနဲ့ ဒီအနုပညာကို ကျမဘဝတလျှောက်လုံး ယုယပိုက်ထွေး သွားဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးပါပြီ”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021