Home ဆောင်းပါး လယ်သမားတွေအတွက် တိုက်ပွဲဝင် ရဲရဲတောက် နှင်းဆီ “မစုစုနွေး”

လယ်သမားတွေအတွက် တိုက်ပွဲဝင် ရဲရဲတောက် နှင်းဆီ “မစုစုနွေး”

မစုစုနွေး

ကောကော်။                ။

῝ အမေက ကျမကို ယောကျ်ားမကျ၊ မိန်းမမကျနဲ့ဆိုပြီး တောဓလေ့ဆိုတော့ မိန်းကလေးဆိုတာ ဗိုင်း ကောင်းကျောက်ဖိနေပေါ့၊ ခုကတလွှားလွှားနဲ့ ဟိုသွားဒီသွား၊ နိုင်ငံရေး၊ တို့အရေးတွေ အော်နေတာ မိန်း ကလေးလုပ်ရမဲ့ အလုပ်မဟုတ်ဘူးပေါ့။ ပြောတယ်။ ကျမက ပြောင်းပြန်ဖြစ်နေတယ် ῎

မစုစုနွေးက သူ့အမေက မြည်တွန်တောက်တီးခဲ့တာတွေကို ပြန်ပြောပြတာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ် ကလေးဘဝကတည်းက အတင်းအဓမ္မ လုပ်အားခိုင်းစေမှုများ ပပျောက်ရေး၊ လူ့အခွင့်အရေးတွေအတွက် လှုပ်ရှားခဲ့သူဖြစ်လို့ အမေဖြစ်သူက အဖေကတဆင့် ဖိအားတွေပေးခဲ့တယ်လို့ ပြောပြပါတယ်။

ဒါပေမယ့်လည်း အဖေဖြစ်သူက သူမကို မဆူတဲ့အပြင် အားပေးမှုတွေ ပံ့ပိုးမှုတွေ ပိုလုပ်ခဲ့တယ်လို့ဆို ပါတယ်။

῝ ကျမကတိုက်ပွဲဝင်ချင်တယ်။ ဒါကြောင့် ကျမတို့မိသားစုက အစိုးရကို တာဝန်ကျေစပါးမသွင်းပဲ နေ လိုက်တော့ တာဝန်မကျေတဲ့လူတွေကို ဖမ်းတဲ့အခါမှာ ကျမသွားပါသွားတယ်။ လယ်သမားတွေကို ဖမ်း တော့ ကလေးဆို ကျမတယောက်ထဲပဲပါတယ်။ လယ်မားတွေက (၁၀၀)ကျော်ဆိုတော့ အချုပ်ခန်းမဆန့်လို့ (၇)ရက်ပြည့်တာနဲ့ပြန်လွှတ်ပေးလိုက်တယ်῎

သူမရဲ့ဦးဆောင်မှုကြောင့် တောင်သူများအမြဲတမ်းသွင်းရမယ့် (၇၀)ရာခိုင်နှုန်း တာဝန်ကျေစပါးကိစ္စဟာ ရပ်သွားခဲ့ပါတယ်။ ဒါဟာ ငယ်စဉ်ကတည်းက တောင်သူတွေအတွက် ပထမဆုံးတိုက်ပွဲဝင်ခဲ့တာပါ။

သူမကို ကော့မှူးမြို့နယ်နဲ့ (၄)မိုင်အကွာ ထမ်းမနိုင်ကျေးရွာအရှေ့ပိုင်းမှာ အဖဦးတင်စိန်၊ အမိဒေါ်ညွှန့်ရင် တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း(၅)ယောက်အနက် တတိယမြောက်သမီးဖြစ်ပါတယ်။

သူမအသက်(၁၆)နှစ်အရွယ်မှာ ရှစ်လေးလုံးအရေးအခင်းဖြစ်ပြီး သူများတွေ အိမ်ထဲကနေ အိမ်ပြင်မထွက် ရဲတဲ့အချိန်မှာ ခေါင်းစည်းစီးပြီး အပြင်ထွက်ရတာကို သဘောကျခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်က စုံ ထောက်ဝတ္ထုတွေကို ဖတ်လေ့ရှိပြီး မဟုတ်မခံ၊ အကြောက်အလန့်မရှိသူ အမျိုးသမီးငယ်တဦးဖြစ်ပါတယ်။

စုစုနွေးဟာ ငယ်စဉ်ကလေးမှာပင် ကျန်းမာရေးချူချာသူဖြစ်ပြီး ဆေးသွင်းရင်း၊ ဆေးသောက်ရင်း၊ လူ့အခွင့် အရေးအတွက် ဆက်တိုက်ပွဲဝင်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ကလေးစစ်သား၊ လုပ်အားပေးအဓမ္မစေခိုင်းမှုများကို ILO (International Labour Organization) နဲ့အတူ လက်တွဲဆောင်ရွက်ပေးရာကနေ စုစုနွေးဆိုတာကို လူတွေသိလာကြပါတယ်။

သူမဟာ စစ်အစိုးရလက်ထက်မှာ အဓမ္မလုပ်အားပေးစေခိုင်းမှု၊ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေကို တရားစွဲခဲ့တာကစပြီး တရားရုံးအထိ အမှုတွေလိုက်ရင်ဆိုင်ပေးရင်းနဲ့ သူမရဲ့ကျေးရွာဥက္ကဌမှ စွဲခဲ့တဲ့အမှုမှာ ထောင်ဒဏ်(၁၈)လနဲ့ အင်းစိန်ထောင်မှာ အကျဉ်းချခံခဲ့ရရပါတယ်။

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်းရေးမှာ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့အတွက်လည်း ဒုတိယအကြိမ် ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံခဲ့ရပြန်ပါတယ်။ သူမဟာ ထောင်ထဲမှာလည်း ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့ပြီး ထောင်မှ ပြန်လွှတ်လာတဲ့အခါမှာတော့ သူမကို တိုက်ပွဲဝင်နှင်းဆီရယ်လို့ တင်စားဖို့ အစပြုလာပါတယ်။

῝ ကျမကြည့်လိုက်တော့ မြန်မာနိုင်ငံမှာ အဖွဲ့အစည်းကွန်ယက်တွေက များပြီး စုံနေတယ်။ လယ်သမားအဖွဲ့ ဆိုတာပဲ မရှိတာ။ လယ်သမားထုက (၇၀)ရာခိုင်နှုန်းရှိနေတာ။ ဘာဖြစ်လို့ တောင်သူလယ်သမားဆိုတဲ့ အဖွဲ့အစည်းဆိုင်းဘုတ် မမြင်ရတာလဲပေါ့၊ စဉ်းစားပြီး တောင်သူလယ်သမားအဖွဲ့တွေ၊ အချက်အလက်တွေ စုစည်းပြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်῎

တောင်သူလယ်သမားမိသားစုမှ ဆင်းသက်လာပြီး လယ်ယာအလုပ်မလုပ်ခဲ့ဖူးပေမဲ့ လယ်သမားအဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသူတယောက်အနေနဲ့ လိုအပ်နေတဲ့ ဒီမိုကရေစီရေးအတွက် တောင်သူများရဲ့ အခက်အခဲ ကို ဖြေရှင်းဦးဆောင်နိုင်တဲ့ကဏ္ဍတခုရအောင်၊ သူတို့ဖာသာသူတို့ စုပေါင်းအင်အားတွေနဲ့ မိမိတို့ အခက် အခဲကို တောင်းဆိုနိုင်အောင် တည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့ မစုစုနွေးက သူမရဲ့ရည်ရွယ်ချက်ကို ပြောပြပါ တယ်။

῝ လယ်သမားဆိုတာ အများအားဖြင့် အမျိုးသားတွေပဲလေ။ လယ်သမားခေါင်းဆောင်နေရာမှာ အမျိုး သမီးဆိုရင် သိပ်မထားချင်ကြဘူး၊ အဖွဲ့ဥက္ကဌဆိုရင် အမျိုးသမီးက သိပ်ရှားတယ်။ အဲဒါကြောင့် ကျမတို့ စည်းရုံးရေးမှာ ထည့်ပြောတယ်။ အမျိုးသမီးတွေကို တဝန်ပေးလို့ရတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှာ ဆိုလည်း အမျိုးသမီးတွေကို ထားလို့ရတယ်ဆိုတဲ့အကြောင်း၊ အမျိုးသမီးတွေမှာ ဦးဆောင်မှုတွေ၊ အစွမ်း အစတွေလဲ ရှိကြပါတယ်ဆိုတာမျိုးပေါ့။ ခေါင်းဆောင်ပိုင်းမှ အမျိုးသမီးတွေ ပါဝင်ရဖို့အတွက် ကျမတို့ စည်းရုံးခဲ့တယ် ῎

လယ်သမားသမဂ္ဂဖွဲ့ရင်းနဲ့ပဲ သူမဟာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို စည်းရုံးရင်း လုပ်ဆောင်သွားခဲ့ပါ တယ်။

လယ်ယာပိုင်ဆိုင်မှုမှာလည်း အမျိုးသားနဲ့ အမျိုးသမီးတန်းတူညီမျှ ပိုင်ဆိုင်ခွင့်တွေ ရလာအောင် မစုစုနွေး ဟာ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဓါတ်ပုံ – မစုစုနွေး

သူမဘဝရဲ့ ရည်မှန်းချက်ဟာ ပြည်သူတွေအတွက်ပဲ ဖြစ်စေရမယ်လို့ ပြောပါတယ်။

῝ ကျမဘဝမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူတွေကို လူ့အခွင့်အရေးနဲ့အညီ ဥပဒေနဲ့ အကာ အကွယ်ရတဲ့အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်စေချင်တယ်။ အဲဒီအတိုင်းအတာအထိ ရောက်အောင် ကျမက ဆက်ကြိုးစားသွားမယ် ῎

သူမရဲ့ရဲစွမ်းသတ္တိနဲ့အတူ အသိမ်းဆည်းခံ လယ်ယာမြေများအတွက် အသက်ကို ပဓာနမထားပဲ လယ်သမား တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပါတယ်။

῝ အင်းတကော်မှာ စစ်တပ်ကနေ မတရားလယ်မြေ ဧက(၃)ထောင်ကျော် သိမ်းခဲ့ရာမှာ လူနေအိမ်များ ပါ သွားခဲ့ပါတယ်။ တာဝန်ရှိသူနဲ့တွေ့ဆုံဖို့ ခွင့်တောင်းခဲ့ပေမဲ့ တွေ့ခွင့်မရတဲ့အပြင် လာရင်သတ်ပစ်ပြီး တွင်းထဲ မြေမြှပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကျမက ရန်ကုန်ကို ပြန်မသွားခဲ့ပါဘူး၊ စစ်တပ်က မနက်ကျရင် ရွာသားတွေကို ပစ်ကြတော့မှာ၊ ပြီးတော့ ကိုက်(၅၀)ပစ်ကွင်း အတွင်းမနေရဆိုပေမယ့် ကျမ အဲဒီည အဲဒီမှာ ပဲ အိပ်ခဲ့တယ်။ လူတွေက ကျမကို အပြင်ထွက်ခိုင်းပေမဲ့ မထွက်ဘူး၊ ပစ်ချင်ရင်ပစ်လို့၊ ဘာလို့လဲဆိုတော့ ပစ်ရင် အထဲက လူတွေသေမှာ ၊ သေချင်းသေ ကျမလည်း အတူတူသေမှာ῎

သူမဟာ အမြင့်ကို ကြောက်တတ်သူဖြစ်ပြီး အပေါ်ကနေအောက်ကို ငုံ့ကြည့်လို့မရတဲ့ရောဂါလည်း ရှိပါ တယ်။ ထူးထူးခြားခြား သူမဘဝရဲ့ ကြုံတွေ့ရတဲ့ အတွေ့အကြုံတခုကိုလည်း သူမက ပြောပြပါတယ်။

῝ အဲဒီတုန်းက အပြင်ကနေ အထဲကိုရောက်ဖို့ အုတ်တံတိုင်းအမြင့်ကို ကျော်ရတယ်။ အထဲမှာ ရုန်းရင်း ဆန်ခတ်ဖြစ်နေပြီ။  ကျမရဲ့ရောဂါက အမြင့်ကနေ အောက်ကို ကြည့်လို့မရဘူး၊ ဒါပေမယ့် အဲဒီအချိန်မှာ အထဲကို ဘယ်လိုရောက်သွားမှန်း မသိဘူး၊ လယ်သမားတွေရဲ့ဇောနဲ့ ရောက်သွားတာ။ စစ်သားဖက်က အင်အား(၃၀၀)လောက်ရှိပြီး လယ်သမားဖက်က(၇၀)လောက်ပဲရှိတာ။ လယ်သမားတွေပဲခံရမှာ၊ အဲဒီအချိန် ကျမက လယ်သမားတွေ ရှေ့ကနေရပ်နေလိုက်တယ် ῎

အခြေအနေတွေက ရုပ်ရှင်ထဲက ဂျပန်ခေတ်မှာ ပစ်ခတ်နေတဲ့အတိုင်းပဲလို့ စိတ်ဝင်စားစွာ ဆက်ပြောပြ ပါတယ်။

῝ အဲဒီအချိန်မှာ တဖက်က တရားလိုဗိုလ်ကြီးတယောက်က ကျမကို လှည့်လိုက်ပြီး သူ့ရှေ့ကနေ ခံထား လိုက်တာ၊ တန်ဆာခံလုပ်တာပေါ့၊ လယ်သမားတွေဖက်က တခုခုလုပ်ရင် ကျမကို ကြားမှာခံထားတာ၊ လယ်သမားတွေက တုန်နေပြီ၊ ကျမကို “ဖယ်၊ ဖယ်” ဆိုပြီး ပြောပါတယ်။ ကျမက လယ်သမားတွေအတွက် ဥပဒေလမ်းကြောင်းအရ ဖြေရှင်းတော့ ဗိုလ်မှူးက မေးပါတယ်။ ခင်ဗျားဒီအထဲဘယ်လိုလုပ် ရောက်လာတာ လဲပေါ့၊ ကျမလည်း ဘယ်လိုရောက်လာသလဲမသိဘူး၊ ပြန်ထွက်တော့ တုန်ချိတုန်ချိနဲ့ သူများတွေ ဝိုင်းဆွဲ ပေးရတယ် ῎ လို့ပြောပြီး ရီ(ရယ်)နေပါတယ်။

သူမရဲ့ အမြင့်ကြောက်ရောဂါတောင် ပြည်သူတွေ၊ လယ်သမားတွေရဲ့ဇောနဲ့ ကျော်သွားခဲ့တယ်လို့ မှတ်မှတ် ရရ ပြန်ပြောပါတယ်။

ပြီးတော့ မိသားစုဘဝဟာ ဒုတိယနေရာမှာရှိပြီး ပထမသည် ပြည်သူတွေဖြစ်ကြောင်း သူမရဲ့ ဦးစားပေးမှုကို ပြောခဲ့ပါတယ်။

῝ ကျမအတွက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်သူတွေက ပထမပါ၊ မိဘညီအစ်ကိုမောင်နှမတွေက နောက်မှပါ၊ ပြည်သူတွေ လူ့အခွင့်အရေးနဲ့ အညီ နေထိုင်ရရှိဖို့၊ တက်လာတဲ့အစိုးရကို ဥပဒေရဲ့ အကာအ ကွယ် အပြည့်အဝပေးဖို့  ကျမဘဝရဲ့ ဦးစားပေးပဲ ῎

လက်ရှိအစိုးရအနေနဲ့ တာဝန်ယူတာဝန်ခံမှုရှိဖို့နဲ့ တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေရဲ့အကာအကွယ်ကို တိတိကျကျပေးနိုင်ဖို့ဆိုတာ မစုစုနွေးရဲ့ မျှော်မှန်းချက်ပဲ ဖြစ်ပါတယ်။

ဓါတ်ပုံ – မစုစုနွေး

῝ ဥပဒေစိုးမိုးရေးက ဘယ်နေရာမှ လုံခြုံစိတ်ချမှု မရှိဘူး၊ ကိုယ့်လုံခြုံရေးကို ကိုယ်ယူနေရတဲ့ဘဝမျိုး ရောက် နေတယ်။ တရားဥပေဒေ စိုးမိုးရေး၊ တရားရေးဆိုင်ရာတွေမှာ တော်တော်လေး ယိမ်းယိုင်နေတယ်။ ဘယ် သူ့မှ မထိန်းနိုင်ဘူး῎

တောင်သူလယ်သမားများဟာ တရားရုံးသွားရမယ့် လူတန်းစားမဟုတ်ဘူးလို့လည်း ပြောပါတယ်။ နိုင်ငံ တနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ လယ်သမားများကို လယ်ယာထဲမှာ ပျော်ရွှင်နေတာမမြင်ရဘဲ တရားခွင်တွေမှာ ရာဇဝတ်မှု ပုဒ်မများနဲ့ ဆွဲချက်တင်ခံရပြီး  မစည်ကားအပ်တဲ့နေရာတွေမှာ လယ်သမားများ တရုန်း ရုန်းနဲ့စည်ကားနေတာကို တွေ့မြင်နေရတယ်လို့ မစုစုနွေးက လက်ရှိအခြေအနေကို ပြောပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသအသီးသီးမှာ လယ်သမားတော်တော်များများဟာ တရားရုံးတွေကို ရောက်နေကြပြီး မတရားအကျဉ်းချခံနေကြရတယ်။ တောင်သူများ တရားရုံးတွေ၊ အကျဉ်းထောင်တွေထဲမှာ ရှိနေသရွေ့ ကျမတို့ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး စတာတွေကို ဘယ်လိုတည်ဆောက်ကြမှာလဲ

မစုစုနွေးဟာ သက်ငယ်မုဒိန်းမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ကြုံတွေ့ရသောသူများအတွက် လည်း တရားရုံးသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်တွင် ပြည်ပရောက် နိုင်ငံ့အရေးလုပ်ဆောင်နေသော အမျိုးသမီးများအဖြစ် တိုင်းရင်းသူ မြန်မာ အမျိုးသမီး(၉)ဦးနဲ့ မြန်မာပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် မစုစုနွေးအပါအဝင်(၁၀)ဦးကို ῝ အာရှ သူရဲကောင်းဆု῎ အမေရိကန်နိုင်ငံမှ ချီးမြှင့်ခြင်းကို ခံရပါတယ်။

၂၀၀၆ ခုနှစ်မှာလည်း နိုင်ငံရေးအကျဉ်းသူအဖြစ် ဆွီဒင်နိုင်ငံမှ ချီးမြှင့်တဲ့ (John Humphrey freedom Award) ῝လူ့အခွင့်အရေးလွတ်လပ်ဆု ῎ ဆိုတဲ့ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ခံရကာ၂၀၀၇ ခုနှစ်မှာတော့ အီတလီနိုင်ငံ၊ အာဂရက်တီမြို့ကပေးတဲ့ “ဂုဏ်ထူးဆောင်မြို့တော်သူဆု” ကိုလည်း ရခဲ့ပြန်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ῝စုစုနွေး῎ အမည်ရှိကျောင်းကို အလှူရှင်များက ဖွင့်လှစ်ထားပေးပြီး ဒီကျောင်းမှာ ပြည်ပ ရောက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကျောင်းကော်မတီဖွဲ့စည်းထားကာ ကျောင်းကို ဦးစီးပေးနေ တယ်လို့ သူမက ပြောပါတယ်။

ကော့မှူးမြို့နယ်၊ ထမ်းမနိုင်ကျေးရွာမှာ ထောင်ထားတဲ့ ῝တိုက်ပွဲဝင်နှင်းဆီခြံ῎ ဆိုတဲ့ဆိုင်းဘုတ်လိုပဲ သူမဟာ ဆက်လက်ပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်နေအုံးမယ့် ရဲရဲတောက်နှင်းဆီပင် ဖြစ်ပါတော့တယ်။

Related Articles