Home ဆောင်းပါး တတိယအကြိမ်(၂၁)ပင်လုံမှအပြန် ခရီးဆက်ရမည့်ခြေလှမ်းများ

တတိယအကြိမ်(၂၁)ပင်လုံမှအပြန် ခရီးဆက်ရမည့်ခြေလှမ်းများ

၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး (ဓါတ်ပုံ – ခင်စုကြည်)

 

ခင်စုကြည်။           ။

“နိုင်ငံရေးမှာ အနည်းဆုံးအမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်ခွင့်ရရေး အားပေးရန်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရရင် တိတိကျကျ မူဝါဒချမှတ်ရန်ဆိုပြီး ပါစေချင်တယ်။ အခုက အားပေးရန်ဆိုတော့ ကျမတို့ အမျိုးသမီး တွေအတွက် အားလျော့စေပါတယ်”

တတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံရဲ့ နောက်ဆုံးနေ့မှာ သူ့ရဲ့ခံစားချက်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မိမြင့်မြင့်ဝေက အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီညီလာခံမှာ ကျားမတန်းတူရေးကိုသာ ဆွေးနွေးခဲ့ကြပေမယ့် အမျိုးသမီးတွေတောင်းဆိုနေတဲ့ အနည်းဆုံး အမျိုးသမီးများ (၃၀)ရာခိုင်နှုန်းပါဝင်ခွင့်ရဖို့ တိကျတဲ့ လမ်းညွှန်မူတခုကို မချမှတ်နိုင်ခဲ့တာဟာ အမျိုးသမီးအ ရေးကို တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့ အမျိုးသမီးထုအတွက်တော့ အားလျော့စရာဖြစ်ခဲ့ပါတယ်။

မိမြင့်မြင့်ေ၀ (ဓါတ်ပုံ – ခင်စုကြည်)

နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စား တက်ရောက်ဆွေးနွေးခဲ့တဲ့ ကရင်ပြည်သူ့ပါတီက နော်မာမာချိုကတော့ သူမ ရဲ့ခံစားချက်ကို အခုလိုပြောပါတယ်။

“အနည်းဆုံးအမျိုးသမီး (၃၀)ရာခိုင်နှုန်းပါဝင်ရေးကို အားပေးရန်ဆိုတာထက် မူဝါဒအဖြစ် ပါဝင်ဖို့ ကျမတို့တွေ က တောင်းဆိုနေရခြင်းဖြစ်တယ်။ ဒါကိုအဓိကထားပြီးဆွေးနွေးကြတယ်။ ဒါပေမယ့်လည်း အားလုံဘုံ သဘော တူညီမှုအရဆိုရင်တော့ အားပေးရန်နဲ့ပဲ ကျလာတယ်ပေါ့နော်။ ကျမတို့အားလုံး တွန်းတွန်းတိုက်တိုက် တောင်း ဆိုကြတယ်။ ဒါပေမယ့် ကျမတို့အဲဒီစကားလုံးကို မူဝါဒချမှတ်ပေးရန်ဆိုတာ မရရှိခဲ့ဘူး။ အဲဒီအတွက်လည်း ကျမတို့အမျိုးသမီးထုတခုလုံးအတွက် ဝမ်းနည်းရပါတယ်”

နိုင်ငံရေးကဏ္ဍမှာ ကျားမတန်းတူညီမျှရေးခါင်းစဉ်ကို ဆွေးနွေးခဲ့ကြပြီး အဲဒီခေါင်းစဉ်အောက်မှာတော့အချက် (၄) ချက်ကို ဆွေးနွေးခဲ့ကြတာပါ။

အဲဒီထဲက (၂)ချက်ကတော့ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများအနည်းဆုံး(၃၀)ရာခိုင်နှုန်းပါဝင်ရေးကို အား ပေးရန်နဲ့ ကျားမဆိုင်ရာတန်းတူညီမျှမှုကို အကောင်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့် တင်ပေးရန်ဆိုတဲ့အချက်တို့ပဲဖြစ်ပါတယ်။

နောက်နှစ်ချက်ကတော့ လိင်ကွဲပြားမှုပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှု မရှိစေရေးအတွက် မူဝါဒချမှတ်ရန်နဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေကို ကာကွယ်နိုင်တဲ့ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်ရန်ဖြစ်ပါ တယ်။

(၆)ရက်တာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အစပိုင်းမှာတော့ ကျားမတန်းတူရေးကို ဆွေးနွေး ဖို့ တက်ကြွနေတဲ့ အမျိုးသမီးတွေဟာ ဆွေးနွေးပွဲတွေ အဆင့်ဆင့်ပြုလုပ်ပြီးချိန်မှာတော့ မျှော်လင့်ထားသလို အောင်မြင်မှု အပြည့်အဝမရရှိခဲ့ကြပါဘူး။

နော်မာမာချို(ဓါတ်ပုံ – ခင်စုကြည်)

“ကျမတို့အမျိုးသမီးတွေကလည်း အနည်းဆုံး အမျိုးသမီး (၃၀)ရာခိုင်နှုန်းပါဝင်ရေးကို သူတို့(အမျိုးသားတွေ) ဆွေးနွေးတဲ့အပေါ်မှာ ဝမ်းသာတယ်။ ဒါပေမယ့်“အားပေးရန်” ဆိုတဲ့စကားလုံးကိုတော့ ကျမတို့က မကြိုက်ဘူး။ တိကျခိုင်မာတဲ့ တစုံတရာသော အာမခံချက်ပေးတဲ့စကားလုံးမျိုး လိုချင်တယ်။ ညှိုနှိုင်းဆွေးနွေးမှုတွေ အမျိုးမျိုး လုပ်ပြီး ရလုခါနီးအခြေအနေမှာ နိုင်ငံရေးအတွက် ပူးပေါင်းမှု ကြိုးစားအားထုတ်မှုအတွက် အမျိုးသမီးတွေ အင် မတန်လိုချင်တာလေးတွေ နည်းနည်းစတေးခံလိုက်ရတယ်လို့ ခံစားရတယ်” လို့ နန်းဖြူဖြူလင်းက ပြောပါ တယ်။

နန်းဖြူဖြူလင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ရဲ့ နည်းပညာအထောက်အကူပြုအဖြစ် ညီလာခံ ကို တက်ရောက်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူညီမျှရေးမဟာမိတ်အဖွဲ့ရဲ့ နည်းပညာအကြံ ပေးတယောက်လည်းဖြစ်ပါတယ်။

အစုအဖွဲ့(၅)ခုဆွေးနွေးခဲ့ကြရာမှာ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအ ဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ရဲ့ သဘောတူညီမှုကိုရရှိခဲ့ပြီး တပ်မတော်အစုအဖွဲ့တခုတည်းရဲ့ သဘောတူညီ မှုကို မရရှိခဲ့တာကြောင့် “အားပေးရန်” ဆိုတဲ့ စကားလုံးနဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်တယ်လို့ ကိုယ်စားလှယ် တွေက ပြောဆိုကြပါတယ်။

အမျိုးသမီးတွေပါဝင်လာဖို့ကို အမျိုးသားတွေက လိုလိုလားလားရှိကြပေမယ့် အရည်အချင်းရှိရင် (၃၀)ရာခိုင် နှုန်းထက်မက ပါဝင်နိုင်တယ်ဆိုတဲ့ ပြောဆိုသံတွေကိုတော့ ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြတာပါ။ ယာယီအထူးလုပ်ဆောင်ချက်ဖြစ်တဲ့ ကိုတာစနစ်ကို မနှစ်သက်ကြတဲ့ အမျိုးသားတွေသာမက အမျိုးသမီးတွေ လည်းရှိကြပါတယ်။

“အမျိုးသမီးပါဝင်ခွင့်(၃၀)ရာခိုင်နှုန်းမှာ ဒါကအမျိုးသားတိုင်းပေးချင်တဲ့ အခွင့်အရေးတရပ်ပါ။ အမျိုးသားတွေက (၃၀)ရာခိုင်နှုန်းအပြင် ဒီထက်ပိုတဲ့ရာခိုင်နှုန်းလည်း ပေးနိုင်တယ်။ ဒါပေမယ့် ဘယ်လောက်ပါလာနိုင်မလဲ၊ ဘယ် လောက်ထိနေရာရလာမလဲဆိုတဲ့ တဖက်က အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်တွေကိုလည်း မြှင့်တင်ပေးဖို့လို တယ်။ (၃၀)ရာခိုင်နှုန်းဆိုတာက သဘောမတူစရာမရှိပါဘူး။ အားလုံးသဘောတူခဲ့တဲ့အချက်ပါ”လို့ မွန်အမျိုး သားပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်လယိတမားကလည်း ပြောပါတယ်။

နိုင်လယိတမား (ဓါတ်ပုံ – ခင်စုကြည်)

တကယ်တော့ အနည်းဆုံး အမျိုးသမီး (၃၀)ရာခိုင်နှုန်းပါဝင်ရေးဆိုတာဟာ အမျိုးသားခေါင်းဆောင်တွေ လွှမ်းမိုး ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ အခန်း ကဏ္ဍတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာဖို့အတွက် တွန်းအားပေးတဲ့ ယာယီအထူးလုပ်ဆောင်ချက်တခုပဲဖြစ် ပါတယ်။

ယာယီလုပ်ဆောင်ချက်ဆိုတဲ့အတိုင်း အမျိုးသမီးတွေ မျှော်မှန်းထားသလို (၃၀)ရာခိုင်နှုန်း ပါဝင်လာပြီး အခန်း ကဏ္ဍတိုင်းမှာ အမျိုးသမီးဦးဆောင်သူတွေ ရှိလာပြီဆိုရင်တော့ ဒီယာယီလုပ်ဆောင်ချက်ကို အမျိုးသမီးအရေး လုပ်ဆောင်နေသူတွေကိုယ်တိုင်က ပယ်ဖျက်ပေးမယ်လို့ အာမခံထားကြပါတယ်။

“မြန်မာစကားက ရှင်းရှင်းလေး။ အနည်းဆုံး ၃၀ ရာခိုင်နှုန်း။ ၃၀ရာခိုင်နှုန်းထက် ကြိုက်သလောက်ပါလို့ရတယ်။ ပြီးရင် ဒါသည် ယာယီအထူးလုပ်ဆောင်ချက်တခုပဲဖြစ်တယ်။ အမျိုးသားကြီးစိုးရေးနဲ့ အမျိုးသားခေါင်းဆောင် တွေရဲ့ လွှမ်းမိုးမှုထဲမှာ အမျိုးသမီးတွေပါဝင်လာဖို့ ယာယီအထူးလုပ်ဆောင်ချက်တခုသာဖြစ်တယ်။ အမျိုးသမီး တွေဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့တခြားကဏ္ဍတွေမှာ ပါဝင်ရလာပြီဆိုရင်တော့ အဲ့ဒီ စနစ်ကြီးကိုဖြုတ်လိုက်။ ကျမတို့ကအရင်စဖြုတ်ပေးမှာ” လို့ နန်းဖြူဖြူလင်းက သူမရဲ့ ရပ်တည်ချက်ကို အခိုင် အမာပြောဆိုပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ စီဒေါအပိုဒ် (၄)မှာလည်း အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ယာယီ အထူးလုပ်ဆောင်ချက်တွေကို နိုင်ငံတော်က လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ တောင်းဆိုလိုက်တာနဲ့ “အရည်အချင်း ရှိရင် တက်လာခဲ့” ဆိုတဲ့ စိန်ခေါ်မှုမျိုးကိုသာ ရင်ဆိုင်နေကြရပါတယ်။

အရည်အချင်းဆိုတဲ့နေရာမှာ ဒါဟာအမျိုးသမီးတွေကိုပဲ တိုင်းတာသလား၊ အမျိုးသားတွေကိုရော အရည်အချင်း ဆိုတဲ့ပေတံနဲ့တိုင်းတာပြီး ကဏ္ဍတိုင်းမှာ ပါဝင်ခွင့်ပေးခဲ့တာလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်လာပါ တယ်။

နန်းဖြူဖြူလင်းကတော့ အမျိုးသမီးတွေပါဝင်ဖို့ စွမ်းဆောင်ဖို့ဆိုတာထက် စွမ်းဆောင်နိုင်ခွင့်ဆိုတာက ပိုအရေး ကြီးတယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

“အမျိုးသမီးတွေပါဝင်ဖို့က စွမ်းဆောင်နိုင်ဖို့ဆိုတာထက် စွမ်းဆောင်နိုင်ခွင့်ဆိုတာက ပိုအရေးကြီးတယ်။ စွမ်း ဆောင်ရည်ရှိပြီးသား အမျိုးသမီးတွေ စွမ်းဆောင်နိုင်ခွင့်မရတာတွေ တပုံကြီး။ အမျိုးသမီးတွေ ပါဝင်နေပြီပဲ။ ပညာရေးကဏ္ဍတို့၊ ကျန်းမာရေးကဏ္ဍတို့ စီးပွားရေးစာရင်းကိုင်တို့မှာ မိန်းမတွေအများကြီးပဲ။ အဲဒါက ဝန် ဆောင်မှုပေးတဲ့နေရာတွေ။ မိန်းမဆိုတာ ပြုစုတတ်ရမယ်ဆိုတဲ့ Stereotyping(ပုံခံခွက်) အတွေးအခေါ်နဲ့ များနေတာ။ တကယ်တမ်းက အမျိုးသမီးတွေဟာလည်း လူသားဖြစ်တယ်။ သူသည်လည်း အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးစတဲ့ကဏ္ဍတွေမှာ စွမ်းစွမ်းတမံပါဝင်နိုင်တယ်။ အဲဒီလိုပါဝင်ဖို့ အခက်အခဲ၊ အတားအဆီး တွေကလည်း အများကြီးရှိသေးတယ်”

ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်အစိတ်အပိုင်း(၂)ကို ညီလာခံရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင်လ (၁၆)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး ဒီသဘောတူညီချက်တွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) က တင်သွင်းတဲ့ အခြေခံမူ အဆိုပြုချက်(၁၄)ချက်ကို ညီလာခံမှာ ပြန်လည် ဆွေးနွေးပြီး သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။

နန်းဖြူဖြူလင်း (ဓါတ်ပုံ – ခင်စုကြည်)

“ကဏ္ဍအသီးသီးမှာ အမျိုးသမီးများ အနည်းဆုံး(၃၀)ရာခိုင်နှုန်းပါဝင်ရေးကို အားပေးရန်”ဆိုတဲ့ အခြေခံမူရဲ့ ခိုင် မာတိကျမှု မရှိခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေးမဟာမိတ်အဖွဲ့ရဲ့ လေ့ လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

အခုကျင်းပတဲ့ ညီလာခံမှာ အမျိုးသမီးပါဝင်မှု (၂၂)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပေမယ့် ကဏ္ဍအလိုက် ဆွေး နွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အာမခံချက်ပေးနိုင်တဲ့ မူဝါဒရေးဆွဲရာမှာ ကျားမတန်းတူညီမျှမှုဆိုင် ရာ အသိပညာပေးမှုတွေ လိုအပ်နေသေးတယ်လို့ဖော်ပြထားပါတယ်။

အခုသဘောတူညီမှုရရှိခဲ့တဲ့ “အားပေးရန်” ဆိုတဲ့ စကားလုံးအပေါ်မှာ ဆွေးနွေးစဉ်က အစုအဖွဲ့(၅)ခု အကျိတ် အနယ်ဆွေးနွေးခဲ့ကြပေမယ့်  ငြိမ်းချမ်းရေးညီလာခံမှာ ကျားမတန်းတူရေးကို လုံးဝမဆွေးနွေးရတာနဲ့စာရင် အ ခုလို ဆွေးနွေးခဲ့ကြတာဟာ ကောင်းမွန်တဲ့ အခြေအနေတခုလို့ ဆိုရမှာပါ။

ဒါကြောင့် ရရှိလာတဲ့ရလာဒ်အပေါ် အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားကြဖို့ အမျိုးသမီးအဖွဲ့ တွေကတော့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။

“ဒါသည် နည်းပညာတိုက်ပွဲတခုတည်း မဟုတ်ပါဘူး။ တကယ်က စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးအခင်းအကျင်းနဲ့ အစုအဖွဲ့အလိုက် ကစားနေရတဲ့ တိုက်ပွဲတခုဖြစ်တဲ့အတွက် ပြည်ထောင်စုသဘောတူစာချုပ်ထဲကို အားလုံး သဘောတူညီပြီး ပါဝင်နိုင်ဖို့ဆိုရင် အတော့်ကို ပေးလိုက်ရတာတွေ ရင်းလိုက်ရတာတွေ ရှိပါတယ်။ နိုင်ငံရေး အရဆိုရင်တော့ စည်းလုံးညီညွှတ်မှုကို ပြသနိုင်လိုက်တယ်။ ဒါပေမယ့် ကျေနပ်သလားဆိုရင်တော့ ဘာမှမရ တာထက်စာရင်တော့ ရသွားတဲ့အချက်ပေါ်မှာ အကောင်းဆုံးဆက်ပြီးတော့ ကြိုးစားသွားရမှာပဲဖြစ်ပါတယ်” လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

ညီလာခံမစခင်က တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ရောက်လာခဲ့ကြသလို အပြန်ခရီးမှာလည်း အားမလျော့သွားပဲ ကျားမတန်းတူရေးအတွက် နောက်ထပ်လှေကားထစ်တွေ တက်လှမ်းနိုင်ဖို့ ကြိုးစားရင်း ဒီမိုကရေစီစနစ်ကို အားကောင်းအောင် လုပ်ဆောင်သွားကြရမှာက အမျိုးသမီးကိုယ်စားလှယ်တွေ၊ အမျိုးသမီးရေးဆောင်ရွက်နေ သူတွေရဲ့ အဓိကတာဝန်ပဲမဟုတ်ပါလား။

Related Articles