နန်းဆိုင်နွမ်။ ။
မြန်မာနိုင်ငံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီး(၃၀)ရာခိုင်နှုန်း ပါဝင်ရေးအ တွက် ကြိုးစားဆောင်ရွက်သွားမယ်လို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မှာ ထည့်သွင်းထားပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သင့်တင့်လျှောက်ပတ်တဲ့ အမျိုးသမီးကိုယ်စားလှယ် ပါဝင်နိုင်ရေးအတွက် ဆောင် ရွက်သွားမယ်ဆိုတဲ့အကြောင်း NCA စာချုပ်မှာ သဘောတူထားကြတာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့က ၂၀၁၅ ခုနှစ်မှာ NCA ကို လက်မှတ်ထိုးထားပြီး ယခုနှစ် ဖေ ဖော်ဝါရီ (၁၃)ရက်မှာတော့ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က ထပ်မံ လက်မှတ်ရေးထိုးခဲ့တဲ့အတွက် (၁၀)ဖွဲ့ဖြစ်သွားပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ တွန်းအားပေးပေမယ့် ထိရောက်တဲ့ လက်တွေ့လုပ်ဆောင်မှုတွေ မရှိသေးဘူးလို့လည်း EAOs လို့ ခေါ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြောဆို လိုက်ပါတယ်။
အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်လာဖို့ လှုပ်ရှားမှုတွေ လုပ်နေကြသလို ရေရှည်အတွက် အမျိုးသမီးတွေ ပိုပါဝင်လာဖို့လည်း ဆောင်ရွက်နေကြောင်း နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ကဏ္ဍအလိုက်မှာ အမျိုးသမီးတွေ ပါဝင်လာဖို့ လည်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားမှား ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိ ယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောဆိုပါတယ်။
“ အမျိုးသမီးတွေ ပါဝင်ရမယ်ဆိုတဲ့ မူကတော့ အဖွဲ့တိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့ ကျင့်သုံးတဲ့နေရာ မှာ တဖွဲ့နဲ့တဖွဲ့ မတူညီကြဘူး။ အဖွဲ့တွေရဲ့ရွေးချယ်မှုကလည်း ရှိသေးတယ်” လို့ သူက ဆက်လက်ပြောဆို ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ နိုင်ငံ ရေးဖြစ်စဉ်တွေမှာ အမျိုးသမီးပါဝင်မှုက ပိုပြီး အရေးကြီးကြောင်းလည်း သူက ဆက်လက်ပြောပြပါတယ်။
NCA သဘောတူညီစာချုပ် ချုပ်ဆိုပြီး (၃)နှစ်အတွင်းမှာတော့ အမျိုးသမီး ပါဝင်မှု (၃၀)ရာခိုင်နှုန်း မပြည့်မှီသေး ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ ဆောင် ရွက်နေကြကြောင်းလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြော ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်ဖို့အတွက် “အမျိုးသမီးတွေကို အရေအတွက်သာ ပြည့်ရုံမဟုတ် ဘဲနဲ့ အရည်အချင်းပါပြည့်မှီနိုင်အောင် ဆောင်ရွက်နေပါတယ်” လို့ ခွန်မြင့်ထွန်းက ဆိုပါတယ်။
“ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့က အမျိုးသမီးတွေကိုယ်တိုင်လည်း ကြိုးစား ဖို့လိုပါတယ်။ ကျန်တဲ့သူလည်းဝန်းရံအားပေးဖို့လိုပါတယ်” လို့ ခွန်မြင့်ထွန်းက ဆက်လက်ပြီးပြောဆိုပါတယ်။
အလားတူ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကလည်း အမျိုးသမီးတွေကို နေရာပေးချင်ပြီး၊ အမျိုး သားတွေနဲ့ အရည်အချင်းတူနေပါက အမျိုးသမီးတွေကို ဦးစားပေးသွားမယ်လို့ပြောပါတယ်။
“အမျိုးသမီးတွေကို နေရာပေးချင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေနဲ့ ကိုက်ညီတဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ အဓိကနေရာပေးတာများတယ်။ ရှေ့တန်းတွေထွက်ရင် အမျိုးသမီးတွေက နည်းနည်းခက်ခဲ တယ်” လို့ နိုင်ဟံသာက အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သုံးသပ်ပြောဆိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးတွေက များသောအားဖြင့် ယောကျ်ားတွေလို နှစ်ရှည်တာဝန်ထမ်း ဆောင်မှုနည်းပါးကြောင်း၊ အိမ်ထောင်ကျ ကလေးရလာပါက တော်လှန်ရေးလောကမှ ထွက်သွားကြကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးများရှားပါးရတဲ့အကြောင်းရင်းကို နိုင်ဟံသာက ဆက်လက်ရှင်းပြပါ တယ်။
“ အမျိုးသမီးတွေက ယောကျ်ားတွေလို ရေရှည်တာဝန်မယူနိုင်ကြဘူး” လို့လည်း သူက ထပ်လောင်းပြောပါ တယ်။
ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေ စစ်ပွဲတွေမှာ များသောအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက မြေစာပင် ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်လာရင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ အခက်အခဲတွေကို ပိုပြီးတင်ပြသွားနိုင်ခွင့်တွေ ရလာမယ်လို့ သူက ထောက်ပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်အများစုဟာ အမျိုးသမီးတွေကို လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ဦးစားပေးလုပ်ဆောင်စေချင်တာကို တွေ့မြင်ရပါတယ်။
“ တာဝန်ပေးချက်အရ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ နိုင်ငံ ရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်လာဖို့လည်း ကြိုးစားနေပါတယ်”လို့ RCSS/SSA မှ ဖွဲ့စည်းထားတဲ့ ရှမ်းအမျိုး သမီးအဖွဲ့အစည်းရဲ့အတွင်းရေးမှူး နန်းအွမ်ခမ်းက ပြောပါတယ်။
လက်ရှိမှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး မှာ ဆွေးနွေးနေတဲ့ ကဏ္ဍ(၅)ရပ်ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝသယံဇာတ စတဲ့ကဏ္ဍအချို့မှာ အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးနေပါတယ်လို့ နန်းအွမ်ခမ်းက ပြောပါတယ်။
ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (ပြည်နယ်အဆင့်) မှာတော့ ဆုံးဖြတ်ချနိုင်တဲ့ အမျိုးသမီးတွေ ပါဝင်ပေမယ့် JMC-U ( ပြည်ထောင်စုအဆင့်) မှာတော့ အမျိုးသမီး တွေ တဦးတယောက်မှ မပါဝင်ကြောင်းလည်း ABSDF မှ JMC တာဝန်ခံ ဆလိုင်းယောအောင် ကပြောပြ ပါတယ်။
အမျိုးသမီးတွေ ပါဝင်မှုကြောင့် ပြည်သူလူထုနဲ့ တွေ့ဆုံတဲ့အခါမှာ ပြည်သူတွေရဲ့ ယုံကြည်မှု ပိုရရှိလာပြီး၊ အရပ် သားတွေရဲ့ အခက်အခဲကို ပိုပြီးတော့ သိလာကြောင်းလည်း ဆလိုင်းယောအောင်က ဆက်လက်ပြောပြပါတယ်။
ကိုယ်ခန္ဓာဖွ့ဲစည်းပုံအရ အမျိုးသမီးနဲ့ အမျိုးသား မတူညီမှုတွေရှိပေမယ့် စဉ်းစားတွေးခေါ်တဲ့နေရာမှာတော့ အမျိုးသမီးတွေက ပိုပြီးစိတ်တည်ငြိမ်သလို စိတ်ရှည်တာတွေလည်းရှိတယ်လို့ အမျိုးသမီးများရဲ့အားသာချက်ကို ဆလိုင်းယောအောင်က အသိအမှတ်ပြုပြောဆိုပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ် တခြားဘယ်ပြဿနာတွေမှာဖြစ်ဖြစ် အမျိုးသားတွေ ဖြေရှင်းတာထက်စာရင် အမျိုးသမီးတွေဖြေရှင်းတဲ့အခါ အောင်မြင်မှုရတာတွေ ပိုမြင်ရတယ်လို့ ဆလိုင်းယောအောင်က ဆိုပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလက ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာတော့ အမျိုးသမီး (၇)ရာခိုင်နှုန်း သာ ပါဝင်ခဲ့ပေမယ့် သြဂုတ်လမှာ ကျင်းပတဲ့ညီလာခံမှာတော့ အမျိုးသမီး (၁၃)ရာခိုင်နှုန်းပါဝင်လာခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ မေလမှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာတော့ အမျိုးသမီး ပါဝင်မှုက (၁၇) ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်လာမှာကို မကြောက်ကြောင်း၊ အမျိုးသမီးတွေ ပိုပါလာအောင် လည်း ကြိုးစားနေသလို ဆုံးဖြတ်ချက်နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့က အမျိုးသမီးကိုယ်တိုင်လည်း ကြိုးစားကြပါလို့ EAOs ခေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ထောက်ပြလိုက်ပါတယ်။
ဒါပေမယ့်လည်း အမျိုးသမီးတွေ နယ်ပယ်တိုင်းမှာ ပါဝင်ဖို့၊ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ဆိုရင် ရာထူးတွေ၊ ကန့်သတ်ချက်တွေကို ဖြေလျော့ဖို့ လိုအပ်ကြောင်းလည်း ကျားမရေးရာ တန်းတူညီမျှမှု ကွန်ယက် GEN က နန်းဖြူဖြူလင်းက ဆိုလိုက်ပါတယ်။
“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က ဘာအခက်အခဲရှိနေတယ်ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးတဲ့ အခါ တပ်ပိုင်းဆိုင်ရာတွေပါလာတဲ့အတွက် လက်နက်ကိုင်တဲ့အမျိုးသမီးပဲ ဖြစ်ရမယ်ဆိုတဲ့အချက်က အခက် အခဲဖြစ်နေတယ်။ ဒါ့အပြင်အစိုးရဘက်ကတော့ တခါတခါ အစိုးရက ရာထူးနဲ့ဆုံးဖြတ်ကြတာပဲ။ အဲဒီရာထူးတွေ ကြောင့် အမျိုးသမီးပါဝင်မှုကို အဟန့်အတားဖြစ်စေပါတယ်” လို့လည်း နန်းဖြူဖြူလင်းက ဆက်လက် ထောက် ပြလိုက်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှ ပိုအဆင်ပြေနိုင်ကြောင်း၊ အမျိုးသမီးတွေနဲ့တိုက်ရိုက် သက်ဆိုင်တဲ့ ဆွေးနွေးမှုတွေ အများကြီးရှိနေကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေး ကော်မတီ – ကရင်ပြည်နယ် (JMC-S) ဒုဥက္ကဋ္ဌ ဒေါ်နန်းစေးဝါးက ဆိုပါတယ်။
ဒေါ်နန်းစေးဝါး က “ အမျိုးသမီးတွေ ပါဝင်ရင် အမျိုးသမီးတွေ ကြုံတွေရတဲ့ အခက်အခဲတွေ ပြောဆိုရတာ ပို အဆင်ပြေပါမယ်” လို့ ဆိုပါတယ်။
အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေကို ထည့်ဖို့ လည်း အမျိုးသမီးအရေး တက်ကြွဆောင်ရွက်သူတွေက တိုက်တွန်းကြပါတယ်။
၂၁ပင်လုံ ပထမအကြိမ်၊ ဒုတိယအစည်းအဝေးကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဟာ အမျိုးသမီး ကိုယ်စားလှယ်တွေကို ကြိုးစားထည့်သွင်းလာတာကို တွေ့ရကြောင်းလည်း အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ နန်းဖြူဖြူလင်းက ပြောလိုက်ပါတယ်။
“တကယ့်တကယ် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်မှုက အရေးကြီးတယ်။ သုတေသန စစ် တမ်းအရ အမျိုးသမီးတွေ များများပါဝင်ဆွေးနွေးတဲ့ဖြစ်စဉ်က ငြိမ်းချမ်းရေးသက်တမ်းကို ပိုပြီး တည်တံ့ကြာ ရှည်စေပါတယ်။ ရိုးရိုးလေး ပြောရမယ်ဆိုရင် လူတွေပြောနေကြတဲ့ လုံခြုံရေးဟာ အမျိုးသမီးတွေအတွက်ရော လူသားလုံခြုံရေးလို့ပြောနိုင်တဲ့အတွက် ငြိမ်းချမ်းစေချင်တဲ့ အမျိုးသမီးတွေက ပိုပြီးပြောနိုင်ပါတယ်။
“ လူသားရဲ့လုံခြုံရေးကို soft power သုံးပြီးတော့ လူသားလုံခြုံမှုတွေ အခြေခံ လိုအပ်တွေကို ထောက်ပြနိုင်တဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်လာဖို့က အရေးကြီးပါတယ်” လို့လည်း နန်းဖြူဖြူ လင်းက မှတ်ချက်ပြုလိုက်ပါတယ်။
“အမျိုးသမီးတွေအတွက် မူဝါဒထားဖို့ အရမ်းအရေးကြီးတယ်။ မူဝါဒရှိရင် အမျိုးသမီးတွေက ပိုပြီး စွန့်စားမှုရှိပြီး ပိုပြီးလုပ်တယ်။ မူဝါဒက လုံခြုံမှု၊ ပါဝင်လိုမှု၊ မျှဝေမှုတွေကို ပိုဖြစ်စေပါတယ်” လို့လည်း ပြောဆိုလိုက်ပါတယ်။
ကျမတို့က အဆင့်ဆင့်လုပ်မှ ရမယ်။ ငြိမ်းချမ်းရေးက ငါတို့နဲ့မဆိုင်ဘူးလို့ထင်တဲ့ ပြည်သူတွေကို ကျမတို့ အား လုံးနဲ့ဆိုင်တယ်ဆိုတဲ့ လှုံ့ဆော်မှုကို မြေပြင်မှာ လုပ်ရမယ်။ ကျမတို့နယ်တွေမှာ ဘယ်လို အခက်အခဲရှိနေလဲ ဆိုတာ ပြောထွက်လာအောင် အသံထွက်လာအောင် လုပ်သင့်ပါတယ်။
သို့ပေမယ့်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးများပါဝင်မှု အနည်းငယ်သာ တိုးတက် လာပြီး အမျိုးသမီး (၃၀)ရာခိုင်နှုန်းပါဝင်ဖို့ဆိုတာကတော့ စိန်းခေါ်မှုတွေ ရှိနေဆဲပါလို့ အမျိုးသမီးအရေး တက် ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ဖို့ပြောတယ်၊ တိုက်တွန်းတယ်၊ ပင်လုံညီလာခံမှာ အမျိုးသမီးတွေ မပါမနေရဆိုတာ ပြောမယ့်ဖိအားတွေအရ လုပ်သွားတာပါ။ KNU မှာဆို အမျိုးသမီးတွေကို လိုအပ်ချက်အရ ထည့်တာမျိုးရှိတယ်။ တကယ်ထက်မြက်တဲ့အမျိုးသမီးတွေ တကယ်လုပ် နိုင်တဲ့ အမျိုးသမီးတွေကို ချန်ထားတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံးက နော်ဆဲဆဲက သူ့အတွေ့အကြုံကို ပြောပြပါတယ်။
“သူတို့ထက်တော်ရင် သူတို့ထက်နေရာရမှာ စိုးရိမ်တဲ့လူတွေရှိတယ်။ ကျမတို့က တာဝန်ကို တောင်းဆိုတာ ဆိုပေမယ့် အမျိုးသားခေါင်းဆောင်တွေက ကျမတို့ကို နေရာယူချင်တယ်လို့ပြောကြတယ်။ အဲဒါတွေကလည်း ကျမတို့အတွက် စိန်ခေါ်မှုတခုပါပဲ” လို့ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် (WLB) အတွင်းရေးမှူး (၁)လည်း ဖြစ်သူ နော်ဆဲဆဲက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမျိုးသမီးတွေပါဝင်မှု တိုးမြှင့်ရေးနဲ့ ပတ် သက်လို့ သုံးသပ်ပြောဆိုပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021